ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၁၂/၁ စာ. ၂-၄
  • သဘာဝဘေးဒဏ်များ ခေတ်ကာလ၏ နိမိတ်လက္ခဏာလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေးဒဏ်များ ခေတ်ကာလ၏ နိမိတ်လက္ခဏာလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သဘာဝဘေးအန္တရာယ်အကြောင်း ကျမ်းစာ ဘာပြောသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • သဘာဝကပ်ဘေးတွေ ဘာကြောင့် ဒီလောက်များရတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • သဘာဝဘေးဒဏ်များ ဘုရားသခင်ကြောင့်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သဘာဝဘေးဒဏ်များ သင့်သည့်အခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၁၂/၁ စာ. ၂-၄

သဘာဝဘေးဒဏ်များ ခေတ်ကာလ၏ နိမိတ်လက္ခဏာလော

“လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။” ဤဘေးဒဏ်များနှင့်အတူ မတရားသောအမှုတိုးများလာခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းဟောပြောခြင်းက “အစီအစဉ်စနစ်၏အဆုံး” ကိုသတ်မှတ်မည့် စုပေါင်းနိမိတ်၏အစဖြစ်လိမ့်မည်ဟု လွန်ခဲ့သော ၁၉ ရာစုအချိန်တွင် အထက်ပါစကားများဖြင့် တပည့်တော်များအား ယေရှုခရစ်တော် ရှင်းပြခဲ့ပါသည်။—မဿဲ ၂၄:၃-၁၄။

ယင်းကြောင့် ကျွန်ုပ်တို့မေးမြန်းကြရမည်ကား၊ ကျွန်ုပ်တို့သည် လွန်လေပြီးခဲ့သော လူမျိုးဆက်များထက် ဘေးအန္တရာယ်ကြီးမားသည့် မြေငလျင်များ၊ လေမုန်တိုင်းများ၊ ရေကြီးခြင်းများ၊ မိုးခေါင်ခြင်းများနှင့် ငတ်မွတ်ဘေးများကို ပိုမိုကြုံတွေ့နေကြရပါသလော။ သိပ္ပံနှင့် စက်မှုလက်မှုဘက် တိုးတက်နေသော်ငြားလည်း နှိုင်းယှဉ်ကြည့်ရလျှင် ယင်းတို့ကြောင့် ဒုက္ခရောက်နေရသူ အရေအတွက် ပိုမိုများပြားနေပါသလော။

များစွာသောသူတို့က မှန်သည်ဟု ဖြေဆိုပေမည်။ ဥပမာ၊ သိပ္ပံပညာရှင်သစ် မဂ္ဂဇင်းက “၁၉၉၀ ပြည့်လွန်နှစ်များအတွင်းတွင် လွန်ခဲ့သော ဆယ်စုနှစ်များထက် ကမ္ဘာသည်ဘေးအန္တရာယ် ပိုမိုတွေ့ ကြုံရစရာအကြောင်းရှိနိုင်သည်” ဟုသတိပေးပါသည်။ ထိုနည်းတူစွာ ၁၉၉၁ ဇွန်လထုတ် ယူအဲန် ဖြစ်စဉ်မှတ်တမ်းတွင် ကမ္ဘာ့မိုးလေဝသပညာရပ်အဖွဲ့၏ ညွှန်ကြားရေးမှူးက– “ဖြစ်စဉ်မှာ ရှင်းနေပါသည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၈၀ ပြည့်လွန်နှစ်များအထိ . . . သဘာဝဘေးဒဏ်ကြီးများ ဖြစ်ပျက်ခဲ့သည့်အကြိမ်ပေါင်းသည် ငါးဆတိုးမြင့်လာ၍ စီးပွားရေးဆိုင်ရာနစ်နာဆုံးရှုံးမှုစုစုပေါင်းမူကား သုံးဆတိုးများလာပါသည်” ဟုဆိုသည်။ ယင်းကို အနည်းငယ်တိုး၍သဘောပေါက်စေရန် ယူအဲန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မဂ္ဂဇင်း ဖြစ်သည့် ကမ္ဘာ့ကျန်းမာရေးက– “သဘာဝဘေးဒဏ်များနှင့် ယင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုအကျိုးများကို သမိုင်းတစ်လျှောက် တွေ့ရှိနိုင်ပါသည်။ သို့ရာတွင် ၂၁ ရာစုနှစ်သို့ချဉ်းကပ်လာသည်နှင့်အမျှ မြောက်မြားစွာသောလူတို့သည် သဘာဝနှင့် လူ့လက်ဖြစ် ဘေးဒဏ်များ၏ ထိခိုက်ဆုံးရှုံးမှုကို အလွယ်တကူခံရစေသည့် ဖွားသေစာရင်း၊ ဂေဟဗေဒနှင့် နည်းပညာဆိုင်ရာအခြေအနေများ ရောပြွမ်းပြောင်းလဲမှုကို ရင်ဆိုင်နေကြရသည်။”

မျက်မှောက်ခေတ် အဖြစ်အပျက်များကို ဂရုပြုသူ မည်သူမဆိုသည် ဤအဆိုပြုချက်များကြောင့် အံ့အားသင့်လိမ့်မည်မဟုတ်။ ဖိလစ်ပိုင်နိုင်ငံမီးတောင်ပေါက်ကွဲမှု၊ ကာလီဖိုးနီးယားပြည်နယ်ငလျင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေကြီးခြင်း၊ ဆိုမားလီးယားနိုင်ငံအငတ်ဘေး၊ ဟာဝိုင်ယီကျွန်းမုန်တိုင်း သို့မဟုတ် နီကာရာဂွာနိုင်ငံဒီရေကြီးခြင်းတို့ပင်ဖြစ်ပါလေစေ လူထုဆက်သွယ်ရေးမှ တုန်လှုပ်ချောက်ချားဖွယ်သတင်းများ ကြားရစမြဲသာ။ ကမ္ဘာ့ဒေသ အရပ်တစ်ခုခုမှ ဘေးဒဏ်သတင်း မကြားရသည့်လ တစ်လမျှပင် မရှိချေ။

ယင်းကို အချို့သူများက အရေးမပါသကဲ့သို့ဖယ်ထုတ်ထားကြသည်။ ကျွန်ုပ်တို့ခေတ်တွင် ဘေးဒဏ်များတိုးများလာပုံရှိခြင်းကား သတင်းပေးချက် ပိုတိုးတက်လာခြင်း၊ သို့မဟုတ် မှတ်တမ်းစုစည်းချက် ပိုကောင်းမွန်လာခြင်းကြောင့်သာဖြစ်သည်ဟု အဆိုပြုကြသည်။ ဘေးဒဏ်ခံရသူ ပိုများလာနေခြင်းမှာလည်း ယနေ့လူဦးရေ တိုးများလာ၍သာဖြစ်သည်ဟု ဆိုကြ၏။ ယင်းသို့ပင်ယူမှတ်ရမည်လော။

အထက်တွင် ကိုးကားထားသည့် သိပ္ပံပညာရှင်သစ်ပါဆောင်းပါးမှ အချက်တစ်ချက်ကို သတိပြုပါ။ “၁၉၆၀ ပြည့်လွန်နှစ်များအတွင်း ဘေးဒဏ်ပေါင်း ၅၂၃ ခုနှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း ၇၆၇ ခုဖြစ်ပျက်ခဲ့ကြောင်း သတင်းရပါသည်။ ၁၉၈၀ ပြည့်လွန်နှစ်များတိုင်လေသော် ထိုအရေအတွက်သည် ၁၃၈၇ ခုအထိ တက်လာပါသည်။” ယင်းကဆက်လက်၍ “လွန်ခဲ့သောဆယ်စုနှစ်အတွင်း အရေအတွက် တိုးများလာပုံရှိခြင်းမှာ တရုတ်နှင့် ဆိုဗီယက်ပြည်ထောင်စုတို့တွင် ဖြစ်ပျက်ခဲ့သော ဘေးဒဏ်များအကြောင်း ပိုမိုပွင့်လင်းစွာ သတင်းရခြင်းကြောင့်ဖြစ်မည်” ဟု ရှင်းပြသည်။ ၎င်းနောက် “မည်သို့ဆိုစေကာမူ အကြိမ်ပေါင်း အမှန်တိုးများလာနေသည်” ဟု ထပ်လောင်းဖော်ပြသည်။ သတင်းရရန် လွယ်ကူလာခြင်း၊ သို့မဟုတ် မှတ်တမ်းတင်မှု တိုးတက်ကောင်းမွန်လာခြင်းတစ်ခုတည်းကြောင့်သာ ဘေးဒဏ်များဖြစ်ပျက်ကြိမ်၏အရေအတွက် အရှိန်အဟုန်တိုးမြင့်လာခြင်းဖြစ်သည်ဟု ရှင်းပြ၍မရပါ။

ထပ်ဆင့်၍ ၁၉၉၂၊ မတ်လထုတ် ယူအဲန် ဖြစ်စဉ်မှတ်တမ်းက “လွန်ခဲ့သော ဆယ်စုနှစ်ခုအတွင်း သဘာဝဘေးဒဏ်ကြောင့် လူသုံးသန်း အသက်စတေးခဲ့ရ၍ ယင်းကြောင့်ဖြစ်ပျက်ခဲ့သော ‘ပျက်စီးယိုယွင်းမှု အခက်အခဲဒုက္ခ’ များကို သန်း ၈၀၀ ကျော်ခံခဲ့ရပြီ” ဟု သတင်းပေးသည်။ ထိုကြောင့် ကမ္ဘာ့လူဦးရေ ၇ ယောက်လျှင် ၁ ယောက်သည် ဘေးဒဏ် သို့မဟုတ် ကြေကွဲဖွယ်အဖြစ်ဆိုးတစ်မျိုးမျိုးကို ကြုံကြိုက်ခဲ့ဖူးပြီဖြစ်သည်။ ယင်းကား အမှန်ထိတ်လန့်စရာဖြစ်၍ ကျွန်ုပ်တို့ခေတ်သည် အပြောင်းအလဲများပြီး အမှန်မတည်ငြိမ်သောကာလဖြစ်ကြောင်း ထင်ရှားစေပါသည်။

သမ္မာကျမ်းစာက ဤကြီးမားသောဘေးဒုက္ခကာလအကြောင်း ကြိုတင်ဟောထားရာ ဘေးဒဏ်များနှင့် ယင်းကြောင့် ဖြစ်ပျက်ရသည့် ဝေဒနာများကို ဘုရားသခင် ဖြစ်ပေါ်စေသည်ဟု သဘောပေါက်ရမည်လော။ များစွာသောသူတို့က ထိုသို့ယူမှတ်ကြသည်။ သို့သော် အဖြစ်အပျက်များက ဘာကိုတင်ပြသနည်း။ ထိုထက်အရေးကြီးသည်ကား သမ္မာကျမ်းစာ မည်သို့ဖော်ပြသနည်း။

[Picture Credit Line on page 2]

Cover: W. Faidley/​Weatherstock

[Picture Credit Lines on page 3]

Middle photo: Mark Peters/​Sipa Press

WHO/​League of Red Cross

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ