ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၃ ၁၀/၈ စာ. ၂၀-၂၁
  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
  • နိုးလော့!—၂၀၀၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အိပ်ပျော်စေရန် တစ်နှစ်သုံးလေး ရေတွက်မနေနှင့်
  • မိုးတိမ်များကို ဆွတ်ယူသော သစ်တောများ
  • မမျှတသော သုံးစွဲမှု
  • အကြံပိုင်သော ပိုးတောင်မာများ
  • အစာငတ်ခံစိတ်ရောဂါ၏ အစောပိုင်းလက္ခဏာများ
  • သာမိုမီတာများမှ အဆိပ်အတောက်
  • တော်သင့်ရုံ ကိုယ်လက်လှုပ်ရှားမှု
  • မှိုဥများ၊ သစ်ပင်များနှင့် ပိုတိုရိုးများ
  • ပင်လယ်တွင် အန္တရာယ်ပေးသော ဆူညံသံများ
  • လုံးပါးပါးလာသည့် မြေသယံဇာတများ
    နိုးလော့!—၂၀၀၅
  • သစ်တော
    နိုးလော့!—၂၀၂၃
  • နယူးဇီလန်တွင် လင်းပိုင်များကို ရှာပုံတော်ဖွင့်ခြင်း
    နိုးလော့!—၂၀၀၃
  • ‘ယေဟောဝါ၏သစ်ပင်တို့သည် ရောင့်ရဲလျက်ရှိကြ၏’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၃
န၀၃ ၁၀/၈ စာ. ၂၀-၂၁

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အိပ်ပျော်စေရန် တစ်နှစ်သုံးလေး ရေတွက်မနေနှင့်

နာတာရှည်အိပ်မပျော်သည့် ရောဂါသည် ကမ္ဘာချီ ပြဿနာတစ်ခုဖြစ်ပြီး လူ ၁၀ ဦးတွင် ၁ ဦး၌ဖြစ်နေသည်ဟု နယူးဆိုင်းယင်းတစ် မဂ္ဂဇင်း၌ ဖော်ပြ၏။ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင်ပင် အိပ်မပျော်သည့်ရောဂါကြောင့် အလုပ်မဆင်းနိုင်ခြင်းနှင့် မတော်တဆမှုများကြောင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံဆုံးရှုံးသည်ဟု သိပ္ပံပညာရှင်များ ခန့်မှန်းကြသည်။ အိပ်မပျော်သူများသည် မိမိတို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ရန် မည်သို့လုပ်ဆောင်နိုင်သနည်း။ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသနပြုသူများက အိပ်မပျော်သည့် ရောဂါခံစားနေသူ အုပ်စုတစ်စုအား ရေတံခွန် သို့မဟုတ် အနှစ်သက်ဆုံး အားလပ်ခွင့်ယူသည့်နေရာကဲ့သို့သော ကြည်နူးဖွယ်ကောင်းသည့် စိတ်ပြေလက်ပျောက် အဖြစ်အပျက်တစ်ခုကို စဉ်းစား၍အိပ်ရန် ဆိုခဲ့သည်။ နောက်အုပ်စုတစ်စုကို တစ်နှစ်သုံးလေးရေတွက်ခိုင်းပြီး တတိယအုပ်စုကို မိမိကြိုက်နှစ်သက်ရာကို လုပ်စေခဲ့သည်။ ဒုတိယနှင့် တတိယအုပ်စုသည် ပုံမှန်ထက် အနည်းငယ်ကြာမှ အိပ်ပျော်ကြသော်လည်း ပထမအုပ်စုသည် ပုံမှန်ထက် မိနစ် ၂၀ စော၍ အိပ်ပျော်ကြသည်။ သုတေသနအဖွဲ့ဝင်တစ်ဦးဖြစ်သော အဲလီဆင် ဟာဗေးက တစ်နှစ်သုံးလေးရေတွက်ခြင်းသည် အလုပ်မဖြစ်ကြောင်း၊ အကြောင်းမှာ ယင်းသည် “စိုးရိမ်သောကများကို မေ့သွားလောက်အောင် ဆွဲဆောင်နိုင်စွမ်းမရှိ” ဟုပြောခဲ့သည်။

မိုးတိမ်များကို ဆွတ်ယူသော သစ်တောများ

အမြင့်ပေ ၃,၀၀၀ ကျော်တွင် ရှင်သန်ပေါက်ရောက်သည့် ရေဝသော အပူပိုင်းမိုးသစ်တောများသည် “ရေကိုရွာချသော မိုးရေမှထက် မိုးတိမ်များမှ ၄၀ ရာခိုင်နှုန်းခန့်အထိပို၍” ရရှိခြင်းဖြစ်မည်ဟု ဩစတြေးလျသိပ္ပံပညာရှင် ဒေါက်တာ ပေါလ် ရက်ဒီးလ် နှင့် ဒေးဗစ် မက်ဂျနက်တို့က ဆို၏။ သိပ္ပံနှင့် စက်မှုလုပ်ငန်း သုတေသနအဖွဲ့အစည်း၏အဆိုအရ “သစ်တောတစ်လျှောက်တွင် တိမ်နိမ့်များ၊ မြူခိုး၊ မြူထူများ မပြတ်တိုက်ခတ်မှုကြောင့် သစ်ပင်များပေါ်တွင် ငွေ့ရည်ဖွဲ့ပြီး ရေများ မြေပေါ်သို့စီးကျ” ခြင်းဖြင့် ရေဂါလံသန်းပေါင်းများစွာသည် အပူပိုင်းဒေသမြစ်များအတွင်းသို့ စီးဝင်လေသည်။ သို့သော် “မိုးသစ်တောများကို ခုတ်လှဲလိုက်သည့်အခါ မြေဆီလွှာသို့စီးကျလာသည့် ရေငွေ့သည် သိသိသာသာနည်းသွားသည်။”

မမျှတသော သုံးစွဲမှု

ကမ္ဘာ့လူဦးရေ နှစ်ဆယ်ရာခိုင်နှုန်းသည် ယခုအခါ ကမ္ဘာ့ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ ၈၆ ရာခိုင်နှုန်းကို သုံးစွဲနေကြသည်ဟု ကမ္ဘာ့လူဦးရေအခြေပြ ၂၀၀၁ သတင်း၌ ဖော်ပြထားသည်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ကထုတ်ပြန်သော မှတ်တမ်း၌ စက်မှုလက်မှုထွန်းကားသော နိုင်ငံများတွင် နေထိုင်သူများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သော လူများအကြားရှိ “အလွန်ကြီးမားသော ‘သုံးစွဲမှု ကွာဟချက်’ ” နှင့်ပတ်သက်၍ သတိပေးလိုက်သည်။ ဥပမာ၊ “ယနေ့ စက်မှုလက်မှုထွန်းကားသော နိုင်ငံတစ်နိုင်ငံတွင် မွေးဖွားသော ကလေးတစ်ဦးသည် သူ၏အသက်တာတွင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မွေးဖွားသော ကလေး အယောက် ၃၀ မှ ၅၀ ကျော်စာမျှ ပိုမိုသုံးစွဲကာ ညစ်ညမ်းစေသည်။ ယခုလောလောဆယ် စက်မှုလက်မှုထွန်းကားသော နိုင်ငံများတွင် နေထိုင်သော ကမ္ဘာသူကမ္ဘာသား ငါးပုံတစ်ပုံသည် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ၅၀ ရာခိုင်နှုန်းကျော် ထုတ်လွှတ်ကြစဉ် အဆင်းရဲဆုံးနိုင်ငံသားများ၏ ငါးပုံတစ်ပုံသည် ၃ ရာခိုင်နှုန်းသာ ထုတ်လွှတ်သည်” ဟုမှတ်တမ်း၌ ဖော်ပြ၏။ ထို့ပြင် ချမ်းသာသောနိုင်ငံများရှိလူတစ်ဦး၏ ဘဝပုံစံကို ထောက်ပံ့ရန် ဖြစ်ထွန်းသော မြေ သို့မဟုတ် ရေပြင်လိုအပ်မှုသည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိသူတစ်ဦးကို ထောက်ပံ့ရန် လိုအပ်ချက်ထက် လေးဆနီးပါး ပိုမိုကျယ်ဝန်းသည်။

အကြံပိုင်သော ပိုးတောင်မာများ

အာဖရိကတိုက် အနောက်တောင်ဘက်ရှိ နမိဘ် သဲကန္တာရတွင်နေထိုင်သော စတန်နိုကာရာမျိုးစုဝင် ပိုးတောင်မာများ သောက်ရေမည်သို့ရရှိပုံကို မကြာသေးမီက သုတေသီများ ရှာဖွေတွေ့ရှိခဲ့ကြသည်။ ယေဘုယျအားဖြင့် တစ်နှစ်လျှင် မိုးရေချိန် လက်မဝက်ခန့်သာရွာသော သဲကန္တာရတွင် ဆက်အသက်ရှင်ရန် ပိုးတောင်မာများသည် အတ္တလန္တိတ်သမုဒ္ဒရာမှ ကုန်းတွင်းပိုင်းသို့ တိုက်ခတ်လာသော သိပ်သည်းသည့် မြူထူထဲမှရေကို သောက်ရေအဖြစ် စုစည်းကြသည်။ မည်သို့ ပြုလုပ်ကြသနည်း။ သဘာဝသမိုင်းမဂ္ဂဇင်း၏ အဆိုအရ “ပိုးတောင်မာများ၏ကျောတွင် အဖုလေးများရှိသည်၊” ယင်းကို အဏုကြည့်မှန်ပြောင်းဖြင့်ကြည့်လျှင် “တောင်ထွတ်များ လျှိုမြောင်များရှိသော မြေမျက်နှာသွင်ပြင်တစ်ခုနှင့် တူသည်။” အဖုအချွန်လေးများက ရေကိုဖမ်းယူထားပြီး ဖယောင်းပါသော လျှိုမြောင်များက ရေကပ်မနေစေရန် ဖယ်ထုတ်သည်။ “ပိုးတောင်မာများသည် လေတိုက်ရာဘက် မျက်နှာမူကာ သူတို့၏ကိုယ်ခန္ဓာများကို ထောင်ထားခြင်းကြောင့် မြူထူထဲမှ ရေမှုန်များသည် အဖုလေးများ၌ စုကြသည်။ ရေမှုန်စု၍ရရှိလာသော ရေစက်သည် အတော်အတန်လေးလာသည်နှင့် ပိုးကောင်၏ ပါးစပ်နေရာသို့ လျှောဆင်းသွားသည်” ဟုမဂ္ဂဇင်း၌ ဖော်ပြထား၏။

အစာငတ်ခံစိတ်ရောဂါ၏ အစောပိုင်းလက္ခဏာများ

“မိဘများသည် မိမိတို့ကလေးများ၏ အစာစားသည်အကျင့်တွင် အစာငတ်ခံစိတ်ရောဂါ (anorexia) သို့မဟုတ် ဆာလောင်စိတ်ရောဂါ (bulimia) ၏အစောပိုင်းအခြေအနေများကို တွေ့မြင်နိုင်သည်” ဟုလန်ဒန်မြို့ထုတ် သည်တိုင်းမ်တွင် ဖော်ပြထားသည်။ အစားအသောက်မူမမှန်မှုတိုက်ဖျက်ရေးအဖွဲ့ (အီးဒီအေ) က အစာစားရာတွင် ပြဿနာဖြစ်နေပြီး ဆိုးဆိုးရွားရွားအခြေအနေသို့ မရောက်မီ မိဘများနှင့် ကလေးထိန်းများ သတိထားမိစေရန် အထောက်အကူပြုမည့် လမ်းညွှန်စာအုပ် ထုတ်ဝေခဲ့သည်။ အစောပိုင်း သတိထားရမည့် လက္ခဏာများမှာ အစားအစာကို ချေမွှဖဲ့ပစ်ခြင်း၊ အစာတစ်လုပ်စားဖို့အရေး ငါးမိနစ်ခန့် ကြာတတ်ခြင်းတို့ ပါဝင်ပေမည်။ အစားအသောက်မူမမှန်သူအချို့သည် အဝတ်အစားပွပွဝတ်ကာ မစားသောအစာများကို အင်္ကျီအတွင်း ဝှက်ထားခြင်းစသည့် မလိမ့်တပတ်နည်းကို အသုံးပြုကြသည်။ ကျန်းကျန်းမာမာရှိပြီး ပုံမှန်ကိုယ်အလေးချိန်ရှိပုံထွက်သည့် သူတို့၏ဓာတ်ပုံများကို ဖယ်ရှားလိုက်ဖို့ တောင်းဆိုကြပေမည်။ အီးဒီအေ လမ်းညွှန်စာအုပ်က မိဘများသည် ထိုလက္ခဏာများကို လျစ်လျူမရှုဘဲ မိမိတို့သတိပြုမိသည့်အရာများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်းပြောရန် အကြံပေးထားသည်။

သာမိုမီတာများမှ အဆိပ်အတောက်

“သာမိုမီတာတစ်ခုတွင်ပါသော ပြဒါးသည် ၁၁ ဧကကျယ်သောရေကန်ကို ညစ်ညမ်းစေနိုင်ပြီး ပြဒါးတိုင်အကျိုးအပဲ့များက နှစ်စဉ် ပြဒါး ၁၇ တန်ခန့်ကို အမေရိကန်ပြည်ထောင်စု၏ စွန့်ပစ်ရာများတွင် ထပ်တိုးများစေသည်” ဟု နေရှင်နယ်လ် ဂျီအိုဂရပ်ဖစ်မဂ္ဂဇင်း၌ ဖော်ပြသည်။ ငါးများသည် ပြဒါးများကို စုပ်ယူကြပြီး ထိုငါးကို လူများစားခြင်းအားဖြင့် အာရုံကြောစနစ်ကို ပျက်စီးယိုယွင်းစေနိုင်သော ဤသတ္တုကို ဝမ်းအတွင်းသို့ ဝင်စေကြသည်။ ဘောစ်တွန်မြို့အပါအဝင် မြို့အများစုတွင် ပြဒါးဖြင့်ပြုလုပ်သော သာမိုမီတာကို အသုံးမပြုရန် တားမြစ်ခဲ့သည်၊ ပြဒါးပါဝင်သော သာမိုမီတာများအစား ဒီဂျစ်တယ်သာမိုမီတာများနှင့် အန္တရာယ်နည်းသော အခြားကိရိယာများဖြင့် လဲပေးကြမည်ဖြစ်သည်။

တော်သင့်ရုံ ကိုယ်လက်လှုပ်ရှားမှု

“ခံနိုင်ရည်ရှိရန် လေ့ကျင့်လှုပ်ရှားမှုတစ်ခု (ဖြည်းဖြည်းမှန်မှန်ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ သို့မဟုတ် ရေကူးခြင်း) ကို တစ်ပတ်လျှင်သုံးကြိမ်၊ မိနစ် ၃၀ သို့မဟုတ် တစ်နာရီကြာလုပ်ဆောင်ခြင်းသည် အကျိုးရှိသည်” ဟုပြင်သစ်နိုင်ငံထုတ် အယ်အိပ်စ်ပရက်စ် (L’Express) အပတ်စဉ်သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် သင်သည် ဆိုးရွားသောကျန်းမာရေးပြဿနာမဖြစ်အောင် ရှောင်လိုပါက အလွန်အကျွံ ကိုယ်လက်လှုပ်ရှားမှု မပြုသင့်ပါ။ တရားလွန် ကိုယ်လက်လှုပ်ရှားအားကစားပြုခြင်းက ရိုးဆစ်များပွန်းပဲ့ခြင်း၊ အရိုးနုများကျိုးကျေခြင်း၊ ကျောရိုးဆစ်ရိုးညွှန့်ချပ်ကျွံခြင်း၊ အရိုးအက်ခြင်း၊ သွေးတိုးခြင်း၊ အစာမကြေခြင်း၊ အရိုးပွခြင်းနှင့် နှလုံးရောဂါကိုပင် ဖြစ်စေနိုင်သည်။ “ပြင်သစ်နိုင်ငံတွင် အားစိုက်လှုပ်ရှားမှုကြောင့် နှစ်စဉ် ကျန်းမာရေးကောင်းသော အားကစားသမား ၁,၅၀၀ ရုတ်တရက်သေဆုံးမှုများ ဖြစ်ပေါ်သည်” ဟု အယ်အိပ်စ်ပရက်စ် တွင်ဖော်ပြထားသည်။ ပဲရစ်မြို့၊ ပစ်ရေး-စယ်လ်ပက်ထရီရာ ဆေးရုံမှ အားကစားသမားများကိုကုသသည့် အထူးကုဆရာဝန် စတက်ဖနီ ကက်စ်ကူအာ က “စနေ၊ တနင်္ဂနွေနေ့များတွင် အားကစားလုပ်သူများ” ဆေးရုံရောက်လာပြီး ပြန်လည်နာလန်ထူလာသည့်အခါ ဤသို့အကြံပေးခဲ့၏– လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ၊ သို့သော် နှလုံးနှင့် သွေးကြော အမြင့်ဆုံးခံနိုင်စွမ်း၏ ၇၅ ရာခိုင်နှုန်းခန့်သာ လုပ်ဆောင်ပါ။

မှိုဥများ၊ သစ်ပင်များနှင့် ပိုတိုရိုးများ

ပိုတိုရိုးများ—ရှားပါးပြီး ကြွက်နှင့်တူသော သားပိုက်ကောင်မျိုးဝင်များ—ကို ယခု ဩစတြေးလျနိုင်ငံ၏ စိတ်စွဲမှတ်ဖွယ်အကောင်းဆုံးဖြစ်သော ယူကလစ်သစ်တောအချို့ တည်ရှိနေမှုအတွက် သွယ်ဝိုက်သောနည်းဖြင့် အားထားနေရကြောင်း ဆစ်ဒနီမြို့ထုတ် သည်ဘူလ်လတင် သတင်းမဂ္ဂဇင်း၌ ဖော်ပြထားသည်။ ပိုတိုရိုးများသည် ဗစ်တိုးရီးယားပြည်နယ်၊ ဂစ်ပ်စ်လန်းဒ် ဒေသရှိ ကုန်းမြင့်သစ်တောများတွင် နေထိုင်ကျက်စားကြသည်။ သားပိုက်ကောင်မျိုးဝင်တို့၏အစာ အနည်းဆုံး ၉၀ ရာခိုင်နှုန်းမှာ မြေဆီလွှာအောက်တွင် ပေါက်ရောက်သည့် ဒေသရင်းထွက် မှိုဥများဖြစ်သည်။ မှိုဥများကိုဖြစ်စေသော ထိုမှိုပင်များသည် ပတ်ဝန်းကျင်ရှိ သစ်ပင်တို့၏အမြစ်များတွင် အမြှေးများဖြင့် ပတ်ဖုံးပေးခြင်း၊ ထူထဲယှက်ဖြာသော မှိုမျှင်များကို မြေဆီလွှာထဲတွင် ဆန့်ထုတ်ကာ မြေဆီလွှာထဲမှ ရေနှင့်အာဟာရတို့ကို ရယူခြင်းဖြင့် ဝန်းကျင်အပင်များနှင့် အတူတကွလုပ်ဆောင်ကြသည်။ အပြန်အလှန်အားဖြင့် အပင်များသည် အလင်းမှီစုဖွဲ့ခြင်းအားဖြင့်ရရှိသော သကြားဓာတ်ကို မှိုများအား ထောက်ပံ့ပေးသည်။ ပိုတိုရိုးများသည် မည်သည့်အခန်းကဏ္ဍမှ ပါဝင်ကြသနည်း။ တိရစ္ဆာန်များသည် အနံ့စူးသောမှိုဥများကို အလုအယက်စားကြပြီးနောက် ကြေညက်မသွားသည့် မှိုမျိုးစေ့များသည် မစင်နှင့်အတူပြန်ပါလာပြီး တစ်တောလုံး ပျံ့နှံ့သွားသည်။ သို့ဖြင့်၊ မှိုဥများ၊ သစ်ပင်များနှင့် ပိုတိုရိုးကောင်များ ဆက်လက်ရှင်သန်ပေါက်ပွားကြလေသည်။

ပင်လယ်တွင် အန္တရာယ်ပေးသော ဆူညံသံများ

“သမုဒ္ဒရာသည် ဝေလငါးများ၊ လင်းပိုင်များနှင့် အခြား ရေနေသတ္တဝါများအတွက် ဆိုနာထုတ်လွှင့်သံများ၊ သင်္ဘောခုတ်မောင်းသံများနှင့် ရှုပ်ထွေးဖွယ် နေရာတစ်ခုဖြစ်လာရာ စိုးရိမ်ဖွယ်ရာများ တိုးပွားနေသည်” ဟု လန်ဒန်မြို့ထုတ် သည်အင်ဒီပန်းဒန့် သတင်းစာ၌ ဖော်ပြထားသည်။ ဗဟားမားစ်ကမ်းခြေတွင် သောင်တင်နေသော ဝေလငါးအသေ ခြောက်ကောင်နှင့် လင်းပိုင်တစ်ကောင်ကို သုတေသနပြုသူများ စစ်ဆေးကြည့်ရာတွင် ပြင်းထန်သော ဦးနှောက်သွေးလျှံခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်၊ ယင်းသည် အနီးအနားရှိ ရေတပ်သင်္ဘောများမှ ဆိုနာလှိုင်းထုတ်လွှင့်မှုကြောင့်ဖြစ်နိုင်သည်ဟု ယူမှတ်ရသည်။ ကုန်တင်သင်္ဘောများ၊ ကမ်းလွန်ဆောက်လုပ်ရေးလုပ်ငန်း၊ မော်တော်ဘုတ်များနှင့် ရှပ်ပြေးယာဉ်များသည် ရေနေသတ္တဝါများကို အနှောင့်အယှက်ပေးသည့် အခြားအရာများဖြစ်သည်၊ ထိုသတ္တဝါများသည် လူများထက် ပို၍ဝေးဝေးမှအသံကို ကြားနိုင်သောကြောင့် ထိခိုက်ကြခြင်းဖြစ်သည်။ “ဝေလငါးများနှင့် လင်းပိုင်များ ရေကူးသည့်အခါ သူတို့အဆုတ်အတွင်းရှိလေသည် ခန္ဓာထဲရှိ ကလိုင်ပေါက်များထဲသို့ ဖိသိပ်ဝင်သွားသည်” ဟုဆောင်းပါး၌ ရှင်းပြသည်။ “ပိတ်မိနေသော ထိုလေဗလုံများသည် အသံလှိုင်းကို ၂၅ ဆအထိကျယ်အောင် ချဲ့ပေးနိုင်သောကြောင့် များစွာအသံနိမ့်ရာနှင့် ပင်လယ်ပြင်ကျယ်တွင် ထိုအကောင်များ၏ အသားတစ်ရှူးကို ထင်ခဲ့သည်ထက်ပို၍ အကြီးအကျယ် ထိခိုက်ပျက်စီးစေသည်။” သမုဒ္ဒရာထဲမှ ဆူညံသံများသည် “ဆက်သွယ်နိုင်သည့်နယ်အကွာအဝေးကို ကျဉ်းသွားစေသည့်အတွက် ဝေလငါးများနှင့် လင်းပိုင်များ အချင်းချင်းဆက်သွယ်ရာတွင် သာ၍အော်မြည်ဆက်သွယ်ရတော့မည်” ဟုသုတေသနပြုသူ ဒေါ့ဂ်ျ နောအာ့ချက်ခ် က ဆို၏။ “အသံကြားလျှင် သူတို့အချင်းချင်း တွေ့ဆုံနိုင်ပြီး မိတ်လိုက်နိုင်သည်၊ အသံမကြားရပါက အသံပြုရာဆီသို့ သွားနိုင်မည်မဟုတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ