“လူ့သမိုင်းတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့နေသော ရောဂါ”
တောင်အာဖရိကမှ နိုးလော့! စာရေးသူပေးပို့သည်
“ဤကမ္ဘာပေါ်တွင် အဘယ်စစ်ပွဲမျှ အေ့ဒ်စ်ရောဂါလောက် အဖျက်စွမ်းအား မကြီးမားပေ။”—အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကောလင်း ပါဝဲလ်။
အေ့ဒ်စ် (ကိုယ်ခံအားကျ ကူးစက်ရောဂါ) နှင့်ပတ်သက်သည့် ဦးဆုံးတရားဝင်သတင်းတစ်ပုဒ်ကို ၁၉၈၁ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည်။ “အေ့ဒ်စ်ကပ်ရောဂါစတင်ဖြစ်ပွားစဉ်က ဤမျှအထိ အကြီးအကျယ်ကူးစက်ပျံ့နှံ့သွားမည်ဟု ကျွန်ုပ်တို့ မည်သူမျှ မတွေးတောမိခဲ့ကြချေ” ဟု အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် (ယူအဲန်အေ့ဒ်စ်) တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ ပီတာ ပိုင်အော့ကဆိုသည်။ အနှစ် ၂၀ အတွင်း အကြီးကျယ်ဆုံး ကူးစက်ပျံ့နှံ့သည့်ကပ်ရောဂါဖြစ်ပြီး ဆက်၍တိုးပွားလာဦးမည့် လက္ခဏာများရှိနေသည်။
အိပ်ချ်အိုင်ဗွီ (ကိုယ်ခံစွမ်းအားကျ ဗိုင်းရပ်စ်) ကူးစက်ခံရသူ ၃၆ သန်းကျော်ရှိသည်ဟုခန့်မှန်းရပြီး အခြားလူပေါင်း ၂၂ သန်းမှာ အေ့ဒ်စ်ရောဂါ၏အကျိုးဆက်များကြောင့် သေဆုံးသွားခဲ့ကြပြီ။a ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လူပေါင်းသုံးသန်းသည် အေ့ဒ်စ်ရောဂါကြောင့် သေဆုံးသွားခဲ့ကြရာ အဆိုပါကူးစက်ရောဂါ အစပြုချိန်မှဆိုလျှင် အမြင့်ဆုံးနှစ်ချုပ်စာရင်းဖြစ်သည်။ အထူးသဖြင့် ပိုမိုချမ်းသာကြွယ်ဝသောနိုင်ငံများတွင် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးသုံးကုထုံးကို အသုံးပြုကြလင့်ကစား သေဆုံးမှုစာရင်းမှာ မြင့်မားနေဆဲပင်။
အေ့ဒ်စ်ရောဂါ အာဖရိကတစ်ခွင် ပျံ့နှံ့နေ
ခန့်မှန်းခြေအရ လူပေါင်း ၂၅.၃ သန်း ရောဂါကူးစက်ခံနေရသည့် အာဖရိက ဆာဟာရအောက်ပိုင်းဒေသသည် ကူးစက်ပျံ့နှံ့မှုဗဟိုချက်မ ဖြစ်လာနေလေပြီ။ အဆိုပါဒေသတစ်ခုတည်းတွင် ၂၀၀၀ ပြည့်နှစ်အတွင်း အေ့ဒ်စ်ရောဂါ၏အကျိုးဆက်များကြောင့် လူပေါင်း ၂.၄ သန်း သေဆုံးခဲ့ရာ ယင်းသည် တစ်ကမ္ဘာလုံး၏စုစုပေါင်း ၈၀ ရာခိုင်နှုန်းဖြစ်သည်။ အဆိုပါဒေသတွင် အေ့ဒ်စ်ရောဂါသည် အဓိကသေစေသောအကြောင်းရင်းဖြစ်၏။b
ကမ္ဘာပေါ်တွင် တောင်အာဖရိကနိုင်ငံသည် မည်သည့်နိုင်ငံထက်မဆို ကူးစက်ခံရသူအရေအတွက် အမြင့်မားဆုံးရှိနေရာ လူပေါင်း ၄.၇ သန်းရှိသည်ဟု ခန့်မှန်းရသည်။ ထိုနိုင်ငံတွင် လစဉ် ကလေးငယ် ၅,၀၀၀ မှာ အိပ်ချ်အိုင်ဗွီပိုးပါလျက် မွေးဖွားခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဒါဘန်မြို့တွင်ကျင်းပခဲ့သော ၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ် ညီလာခံသို့ မိန့်ခွန်းပြောကြားရာတွင် တောင်အာဖရိကသမ္မတဟောင်း နယ်လ်စင် မင်ဒဲလားက ဤသို့ထုတ်ဖော်ပြောဆိုခဲ့၏– “တောင်အာဖရိကနိုင်ငံအတွင်းရှိ ၂ ယောက်တွင် ၁ ယောက်ဖြစ်သော ကျွန်ုပ်တို့၏လူငယ်ထက်ဝက်မှာ အေ့ဒ်စ်ရောဂါဖြင့် သေဆုံးရတော့မည်ကို သိလိုက်ရသည့်အတွက် ကျွန်ုပ်တို့တုန်လှုပ်သွားခဲ့ကြသည်။ ထိတ်လန့်စိုးရိမ်ဖွယ်အကောင်းဆုံးမှာ စာရင်းဇယားများအရ အဆိုပါကူးစက်မှုမှန်သမျှ၊ ယင်းတို့နှင့်ဒွန်တွဲပါလာသည့် လူသားတို့ခံစားရသောဆင်းရဲဝေဒနာ . . . တို့ကို မဖြစ်မီ ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်၊ အမှန်လည်းကာကွယ်နိုင်သည်။”
အေ့ဒ်စ်ရောဂါ အခြားနိုင်ငံများသို့ ချဉ်းနင်းဝင်ရောက်
ကူးစက်ပျံ့နှံ့မှုနှုန်းများသည် အရှေ့ဥရောပ၊ အာရှနှင့် ကရစ်ဘီယံဒေသတို့၌လည်း တစ်ဟုန်ထိုးမြင့်တက်လာနေသည်။ ၁၉၉၉ ခုနှစ်အကုန်ပိုင်းတွင် အရှေ့ဥရောပ၌ ကူးစက်ခံနေရသူအရေအတွက်မှာ ၄၂၀,၀၀၀ ဖြစ်ခဲ့၏။ ၂၀၀၀ ပြည့်နှစ်အကုန်ပိုင်းသို့ရောက်သော် မယုတ်မလွန် ခန့်မှန်းချက်အရ အဆိုပါကိန်းဂဏန်းသည် ၇၀၀,၀၀၀ အထိ မြင့်တက်ခဲ့လေသည်။
အမေရိကန်မြို့ကြီးခြောက်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုက လိင်တူမေထုန်ပြုသော အမျိုးသားငယ်များတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှုနှုန်းမှာ ၁၂.၃ ရာခိုင်နှုန်းရှိ၏ဟု ဖော်ပြခဲ့သည်။ ထို့ပြင် အိပ်ချ်အိုင်ဗွီပိုးရှိနေသူများထဲမှ ၂၉ ရာခိုင်နှုန်းကသာ မိမိတို့တွင် ရောဂါကူးစက်နေကြောင်းကို သိရှိကြသည်။ အဆိုပါစစ်တမ်းကို ဦးစီးဦးဆောင်ပြုခဲ့သည့် ကူးစက်ရောဂါဗေဒပညာရှင်တစ်ဦးက ဤသို့ဆိုခဲ့၏– “အိပ်ချ်အိုင်ဗွီပိုးရှိသည့် အမျိုးသားအတော်များများသည် မိမိတို့ရောဂါကူးစက်နေသည်ကို မသိကြကြောင်း တွေ့ရှိရခြင်းမှာ ကျွန်ုပ်တို့အတွက် အလွန်စိတ်ပျက်စရာဖြစ်သည်။ ယင်းက ကူးစက်ခံရခါစသူတို့သည် မိမိတို့တွင် ရောဂါရှိနေကြောင်းမသိဘဲနှင့် ဗိုင်းရပ်စ်ပိုးကို ကူးစက်စေနေသည့်သဘောပင်ဖြစ်သည်။”
၂၀၀၁ ခုနှစ် မေလ၌ ဆွစ်ဇာလန်နိုင်ငံတွင်ကျင်းပသော အေ့ဒ်စ်ရောဂါပညာရှင်များ၏အစည်းအဝေးတစ်ခု၌ ဤကူးစက်ရောဂါကို “လူ့သမိုင်းတွင် အကြီးအကျယ်ကူးစက်ပျံ့နှံ့နေသောကပ်ရောဂါ” ဟုကြေညာခဲ့သည်။ ဖော်ပြခဲ့သည့်အတိုင်း အေ့ဒ်စ်ရောဂါသည် အထူးသဖြင့် အာဖရိက ဆာဟာရအောက်ပိုင်းဒေသတွင် သဲသဲမဲမဲ ချဉ်းနင်းဝင်ရောက်လျက်ရှိနေလေပြီ။ အဘယ်ကြောင့်ဤသို့ဖြစ်ရသည်ကို ကျွန်ုပ်တို့၏နောက်ဆောင်းပါးတွင် သုံးသပ်ထားပါသည်။
[အောက်ခြေမှတ်ချက်]
a ဤတွင်အသုံးပြုထားသောကိန်းဂဏန်းများမှာ ယူအဲန်အေ့ဒ်စ် ကထုတ်ပြန်သည့် ခန့်မှန်းခြေများဖြစ်ကြသည်။
b ၂၀၀၂၊ မတ်လ ၈ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၁၂-၁၃ ကိုရှု။
[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]
ထိတ်လန့်စိုးရိမ်ဖွယ်အကောင်းဆုံးမှာ အဆိုပါ ကူးစက်မှု မှန်သမျှ . . . နှင့် . . . လူသားတို့ခံစားရသောဆင်းရဲဝေဒနာ . . . တို့ကို မဖြစ်မီ ကြိုတင်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်၊ အမှန်လည်း ကာကွယ်နိုင်သည်။—နယ်လ်စင် မင်ဒဲလား
[စာမျက်နှာ ၂၊ ၃ ပါ ရုပ်ပုံ]
များစွာသောလူတို့သည် မသိဘဲနှင့် အိပ်ချ်အိုင်ဗွီ ကူးစက်ခံနေကြရ
[Picture Credit Line on page 3]
UN/DPI Photo 198594C/Greg Kinch