အေ့ဒ်စ် ရောဂါကုထုံး—အရေးတကြီးလိုအပ်!
ဂရေ့စ်သည် မာလာဝီနိုင်ငံ၊ လီလောင်ဝေးမြို့ ဗဟိုဈေးတွင် တန်ဖိုးကြီးရှူးဖိနပ်များရောင်းသည်။ သူသည် ကျန်းမာပျော်ရွှင်နေပုံရ၏။ သို့သော် သူ၏ကြည်လင်ရွှင်ပျသောအပြုံးက ကြေကွဲဖွယ်အဖြစ်ဆိုးတစ်ခုကို ဖုံးကွယ်ထားလေသည်။
၁၉၉၃ ခုနှစ်တွင် သမီးလေးတီယာဂျိန်း မွေးစဉ်က ဂရေ့စ်နှင့် သူ၏ခင်ပွန်းတို့ အလွန်ဝမ်းသာခဲ့ကြ၏။ အစပိုင်းတွင် တီယာဂျိန်းသည် ကျန်းမာရေးကောင်းနေပုံရှိခဲ့သည်။ သို့သော် မကြာမီ ကိုယ်အလေးချိန်မတက်တော့ဘဲ ရောဂါတစ်ခုပြီးတစ်ခု ဝင်လာတော့သည်။ တီယာဂျိန်းသည် သုံးနှစ်အရွယ်တွင် အေ့ဒ်စ်ရောဂါ (ကိုယ်ခံအားကျ ကူးစက်ရောဂါ) ဖြင့် သေဆုံးသွားခဲ့လေသည်။
နှစ်အနည်းငယ်ကြာပြီးနောက် ဂရေ့စ်၏ခင်ပွန်းသည်လည်း စ၍နာမကျန်းဖြစ်လာခဲ့သည်။ တစ်နေ့တွင် သူလဲကျသွားသဖြင့် ဆေးရုံတင်လိုက်ရ၏။ ဆရာဝန်များသည် သူ့အား မကယ်တင်နိုင်ခဲ့ကြပါ။ အိမ်ထောင်သက်ရှစ်နှစ်ရှိပြီဖြစ်သော ဂရေ့စ်၏ခင်ပွန်းသည် အေ့ဒ်စ်ရောဂါနှင့်ဆက်နွှယ်သည့် ဆင့်ပွားရောဂါများကြောင့် သေဆုံးသွားခဲ့သည်။
ယခု ဂရေ့စ်သည် လီလောင်ဝေးမြို့ ဆင်ခြေဖုံးတွင် အခန်းတစ်ခန်းတည်းရှိ အိမ်တစ်အိမ်၌ တစ်ကိုယ်တည်းနေထိုင်လျက်ရှိသည်။ အသက် ၃၀ အရွယ်သာရှိသေးသည့် သူ့အား ဘဝသစ်ထူထောင်ဖို့ တစ်ဦးတစ်ယောက်က မျှော်လင့်ပေမည်။ သို့ရာတွင် သူက ဤသို့ရှင်းပြ၏– “ကျွန်မမှာ အိပ်ချ်အိုင်ဗွီပိုးရှိနေလို့ အိမ်ထောင်ပြုတော့မှာမဟုတ်သလို ကလေးလည်းထပ်မမွေးတော့ပါဘူး။”a
ဝမ်းနည်းစရာမှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသည့် လူဦးရေ ၁၅ ရာခိုင်နှုန်းခန့်ရှိသော မာလာဝီနိုင်ငံတွင် ယင်းသို့သောအတွေ့အကြုံများက မထူးဆန်းလှပေ။ ဂလို့ဘ် အဲန် မေးလ်သတင်းစာအရ အေ့ဒ်စ်ရောဂါကြောင့် ကျေးလက်ဆေးရုံတစ်ရုံတွင် “လူနာများသည် ခုတင်ဝင်ဆံ့နိုင်မှုထက် ၅၀ ရာခိုင်နှုန်းပိုများနေပြီး” အေ့ဒ်စ်ရောဂါကြောင့် “ဆေးရုံအမှုထမ်း ၅၀ ရာခိုင်နှုန်းကျော်မှာ အလုပ်မလုပ်နိုင်ကြချေ။” ဆာဟာရတောင်ပိုင်း အာဖရိကဒေသရှိ အခြားနိုင်ငံများတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ရောဂါပျံ့နှံ့မှုမှာ ပို၍ပင်မြင့်မားနေ၏။ ၂၀၀၂ ခုနှစ် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကုလသမဂ္ဂအစီအစဉ် (ယူအဲန်အေ့ဒ်စ်) က ဤသို့ဖော်ပြခဲ့သည်– “လောလောဆယ်တွင် ဆာဟာရတောင်ပိုင်း အာဖရိကဒေသရှိ ပျမ်းမျှသက်တမ်းမှာ ၄၇ နှစ်ဖြစ်၏။ အေ့ဒ်စ်ရောဂါမရှိပါက ပျမ်းမျှသက်တမ်းမှာ ၆၂ နှစ်ရှိမည်။”
သို့ရာတွင် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါသည် အာဖရိကတိုက်ပြင်ပကိုကျော်လွန်၍ ကူးစက်ပြန့်ပွားနေပါသည်။ အိန္ဒိယနိုင်ငံတွင် အရွယ်ရောက်သူလေးသန်းခန့်မှာ အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံနေရသည်ဟု ယူအဲန်အေ့ဒ်စ်က ခန့်မှန်း၍ “ရောဂါပိုးကူးစက်ခံနေရသူ လက်ရှိအရေအတွက်ကိုထောက်သော် ဤဆယ်စုနှစ်တွင် အိပ်ချ်အိုင်ဗွီသည် အရွယ်ရောက်သူသေဆုံးမှု အများဆုံးဖြစ်စေသည့်အကြောင်းရင်း ဖြစ်လာလိမ့်မည်” ဟုထပ်လောင်းပြောဆိုသွားသည်။ ယခင်ဆိုဗီယက်ပြည်ထောင်စု၏ သမ္မတနိုင်ငံအများစုဖြင့် စုစည်းထားသည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများတွင် ကူးစက်ပျံ့နှံ့မှုမှာ အမြန်ဆုံးဖြစ်လာနေသည်။ ဥဇဘက်ကစ္စတန်နိုင်ငံတွင် “၂၀၀၂ ခုနှစ် တစ်နှစ်တည်း၌ အိပ်ချ်အိုင်ဗွီကူးစက်ရောဂါဖြစ်ပွားမှုသည် ယခင်ဆယ်စုနှစ်တစ်ခုလုံး၏ဖြစ်ပွားမှုထက် ပိုများနေသည်” ဟု သတင်းတစ်ပုဒ်ကဆိုသည်။ အမေရိကန်ပြည်ထောင်စုတွင် အိပ်ချ်အိုင်ဗွီပိုးကူးစက်ရောဂါမှာ အသက် ၂၅ နှစ်မှ ၄၄ နှစ်အရွယ်ရှိ အမေရိကန်လူမျိုးများသေဆုံးရသည့် အဓိကအကြောင်းရင်းတစ်ရပ် ဆက်၍ဖြစ်နေ၏။
နိုးလော့!သည် အေ့ဒ်စ်ရောဂါနှင့်ပတ်သက်၍ အခန်းဆက်ဆောင်းပါးများကို ၁၉၈၆ ခုနှစ်တွင် ဦးဆုံးအကြိမ်ထုတ်ဝေခဲ့သည်။ ထိုစဉ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာ အိပ်ချ်. မာလာက လူဆယ်သန်းခန့်သည် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရပြီဖြစ်ကြောင်း ယင်းနှစ်၌ သတိပေးခဲ့၏။ အနှစ်နှစ်ဆယ်နီးပါးကြာပြီးနောက် အိပ်ချ်အိုင်ဗွီပိုးကူးစက်ခံရသူဦးရေမှာ ကမ္ဘာတစ်ဝန်းတွင် ၄၂ သန်းခန့်အထိ တိုးများလာခဲ့ရာ လူဦးရေတိုးပွားမှုနှုန်းထက် ဆယ်ဆကျော်သည့်နှုန်းဖြင့် တိုးများလာနေခြင်းဖြစ်သည်! ကျွမ်းကျင်သူများက အနာဂတ်သည် စိုးရိမ်စရာဖြစ်နေသည်ဟု ဖော်ပြကြ၏။ “ကူးစက်မှုအများဆုံး နိုင်ငံ ၄၅ နိုင်ငံ၌ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြားတွင် လူ ၆၈ သန်းသည် အေ့ဒ်စ်ရောဂါကြောင့် အချိန်မတန် သေဆုံးကြမည်ဖြစ်ကြောင်း ခန့်မှန်းရသည်” ဟု ယူအဲန်အေ့ဒ်စ်က ဖော်ပြသည်။
ယင်းသို့သော ထိတ်လန့်ဖွယ်ကူးစက်မှုနှုန်းကြောင့် အေ့ဒ်စ်ရောဂါကုထုံးကို တစ်ခါနှင့်မျှမတူအောင် အရေးတကြီးလိုအပ်လာနေပြီဖြစ်သည်။ သို့နှင့် ဆေးဘက်သုတေသီများသည် အိပ်ချ်အိုင်ဗွီပိုးကို တိုက်ဖျက်ရန် မမောနိုင်မပန်းနိုင် ကြိုးပမ်းခဲ့ကြပြီ။ ဤသေစေသောကပ်ရောဂါကို တိုက်ဖျက်ရာတွင် အဘယ်အရာတိုးတက်အောင်မြင်ခဲ့ပြီနည်း။ အေ့ဒ်စ်ရောဂါကို အဆုံးတိုင်စေရန် မျှော်လင့်ခြင်းသည် လျော်ကန်ပါသလော။
[အောက်ခြေမှတ်ချက်]
a အိပ်ချ်အိုင်ဗွီ သို့မဟုတ် ကိုယ်ခံစွမ်းအားကျ ဗိုင်းရပ်စ်ပိုးသည် အေ့ဒ်စ်ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ကြောင်း နားလည်ထားကြသည်။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
ကမ္ဘာတစ်ဝန်းတွင် ခန့်မှန်းခြေ လူပေါင်း ၄၂ သန်းသည် အိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ရှိနေကြသည်; ၂.၅ သန်းမှာ ကလေးသူငယ်များဖြစ်ကြ၏
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အိန္ဒိယနိုင်ငံ—ကျန်းမာရေး စေတနာ့ဝန်ထမ်းများ အေ့ဒ်စ်ရောဂါပညာပေးခံယူနေကြ
[Credit Line]
© Peter Barker/Panos Pictures
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဘရာဇီးနိုင်ငံ—လူမှုဝန်ထမ်းတစ်ဦး အေ့ဒ်စ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို အားပေးနှစ်သိမ့်နေ
[Credit Line]
© Sean Sprague/Panos Pictures
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ထိုင်းနိုင်ငံ—စေတနာ့ဝန်ထမ်းတစ်ဦး အိပ်ချ်အိုင်ဗွီဖြင့် မွေးလာသည့် ကလေးငယ်တစ်ဦးအား ပြုစုပေးနေ
[Credit Line]
© Ian Teh/Panos Pictures