စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
သင့်နာရီ ပျက်သွားပြီ။ ဘယ်မှာ ပြင်မလဲ၊ စဉ်းစားရတော့မယ်။ နာရီပြင်တဲ့ ကြော်ငြာတွေ တစ်ပုံကြီး။ ကြော်ငြာတွေက ပြင်ပေးနိုင်တယ်လို့ အာမခံပေမဲ့ တစ်ယောက်တစ်မျိုး ပြောနေကြတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ဒီနာရီကို တီထွင်ခဲ့တဲ့ အိမ်နီးချင်းတစ်ယောက်က အခမဲ့ ပြင်ပေးမယ်လို့ သိလိုက်ရရင် ဘယ်လိုနေမလဲ။ သူ့ကိုပဲ ပြင်ခိုင်းမယ် မဟုတ်လား။
သင့်မျှော်လင့်ချက်ကို အဲဒီနာရီနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒုက္ခကာလမှာ လူအများနည်းတူ သင်လည်း မျှော်လင့်ချက် မဲ့နေတယ်ဆိုရင် ဘယ်ကနေ အကူအညီ ရနိုင်မလဲ။ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ လူအတော်များများ ပြောဆိုပြီး အကြံဉာဏ်တွေ ပေးနေကြတယ်။ ဒါပေမဲ့ အဲဒီအကြံဉာဏ်တွေက ရှုပ်ထွေးပြီး တစ်ယောက်တစ်ပေါက်စီ ဖြစ်နေတယ်။ ဒါဆိုရင် မျှော်လင့်ချက် ပေးနိုင်စွမ်းရှိတဲ့ အရှင်ဆီကနေ အကြံဉာဏ် မတောင်းသင့်ဘူးလား။ အဲဒီအရှင်ဟာ “ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေး” တဲ့အပြင် ကူညီပေးချင်စိတ်လည်း ရှိတယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။—တမန်တော် ၁၇:၂၇။ ၁ ပေတရု ၅:၇။
မျှော်လင့်ချက်အတွက် ပိုလေးနက်တဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်
ဒီနေ့ခေတ် ဆရာဝန်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ စိတ်ပညာရှင်တွေလည်း မျှော်လင့်ချက်အကြောင်း ပြောတတ်ကြတယ်။ ဒါပေမဲ့ ကျမ်းစာမှာ ပါတဲ့ မျှော်လင့်ချက်က အဓိပ္ပာယ် ကျယ်ပြန့်ပြီး ပိုလေးနက်တယ်။ မူရင်းဘာသာစကားမှာ “မျှော်လင့်ချက်” ကို မျှော်လင့်တကြီး စောင့်စားခြင်း၊ ကောင်းမွန်ရာကို စောင့်မျှော်နေခြင်းလို့ အဓိပ္ပာယ် ဖွင့်ထားတယ်။ မျှော်လင့်ချက်မှာ အပိုင်း နှစ်ပိုင်း ပါတယ်။ ကောင်းမွန်ရာကို လိုချင်တောင့်တခြင်းနဲ့ အဲဒီအတိုင်း ဖြစ်လာမယ်လို့ ယုံကြည်ရတဲ့ အကြောင်းရင်းတို့ ဖြစ်တယ်။ ကျမ်းစာမှာ ပါတဲ့ မျှော်လင့်ချက်ဟာ ဖြစ်စေချင်တဲ့ ဆန္ဒလောက်ပဲ မဟုတ်ဘူး။ တကယ် ဖြစ်လာမယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထား ရှိတယ်။
ယုံလွယ်တာမျိုး မဟုတ်ဘဲ အမှန်တကယ် တည်ရှိတယ်လို့ စိတ်ချစွာ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းဟာ တူနေသလိုပဲ။ (ဟီဘရူး ၁၁:၁) ဒါပေမဲ့ ကျမ်းစာမှာ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းကို ခွဲခြားဖော်ပြထားတယ်။—၁ ကောရိန္သု ၁၃:၁၃။
ဥပမာ၊ သူငယ်ချင်း တစ်ယောက်ကို သင် အကူအညီတောင်းတယ် ဆိုပါစို့။ ကူညီပေးမယ်လို့ သင် မျှော်လင့်ထားတယ်။ အဲဒီလိုမျှော်လင့်တာက သူ့ကို ယုံကြည်ပြီး ခင်မင်ရင်းနှီးလို့ပဲ မဟုတ်ဘူး။ သူ ကြင်နာသနားတယ်၊ ရက်ရောတယ်ဆိုတဲ့ အထောက်အထား ရှိလို့ ဖြစ်တယ်။ ဒီမှာ တွေ့ရတဲ့အတိုင်း ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းက အနီးကပ် ဆက်စပ်ပေမဲ့ ကွဲပြားတယ် မဟုတ်လား။ ဘုရားသခင်အပေါ် အဲဒီလိုမျှော်လင့်ခြင်း ရှိနိုင်သလား။
မျှော်လင့်ခြင်း ရှိနိုင်တဲ့ အကြောင်းရင်းများ
စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဘုရားသခင်ပဲ ပေးနိုင်တယ်။ ကျမ်းစာခေတ်မှာ ယေဟောဝါဘုရားကို “အစ္စရေးရဲ့ မျှော်လင့်ချက်” လို့ ခေါ်ထားတယ်။ (ယေရမိ ၁၄:၈) ဘုရားသခင်ဆီက စစ်မှန်တဲ့ မျှော်လင့်ခြင်းကို အစ္စရေးတွေ ရရှိတာကြောင့် ဘုရားသခင်က သူတို့ရဲ့ မျှော်လင့်ချက် ဖြစ်ခဲ့တယ်။ ဘုရားပေး မျှော်လင့်ချက်က ဖြစ်စေချင်တဲ့ ဆန္ဒလောက်ပဲ မဟုတ်ဘူး။ ခိုင်မာတဲ့ အထောက်အထား ရှိတယ်။ ရာစုနှစ်များစွာတစ်လျှောက် အစ္စရေးတွေကို ဘုရားသခင် ကတိတွေ ပေးခဲ့ပြီး အဲဒီအတိုင်း လုပ်ဆောင်ပေးခဲ့တဲ့ မှတ်တမ်း ရှိတယ်။ သူတို့ရဲ့ခေါင်းဆောင် ယောရှုက “ယေဟောဝါဘုရား ပေးခဲ့တဲ့ ကောင်းမွန်တဲ့ ကတိအားလုံး မပြည့်စုံဘဲ မနေဘူးဆိုတာ ခင်ဗျားတို့ သိတာပဲ” လို့ ပြောတယ်။—ယောရှု ၂၃:၁၄။
အဲဒီမှတ်တမ်းကို ထိန်းသိမ်းထားတာ နှစ်ပေါင်းထောင်နဲ့ချီ ရှိနေပြီ။ ကျမ်းစာမှာ ဘုရားပေးကတိတွေ အများကြီး ရှိတဲ့အပြင် ကတိတွေ ပြည့်စုံခဲ့တဲ့ သမိုင်းမှတ်တမ်းတွေကိုလည်း ဖော်ပြထားတယ်။ ကျမ်းစာမှာ ပါတဲ့ မပြည့်စုံသေးတဲ့ ကတိတွေကိုလည်း ယုံကြည်စိတ်ချနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကတိတွေ ပေးတဲ့အချိန်မှာ ပြည့်စုံပြီးသွားသလိုမျိုး မှတ်တမ်းတင်ထားလို့ ဖြစ်တယ်။
ဒါကြောင့် ကျမ်းစာကို မျှော်လင့်ချက် ပေးတဲ့ စာအုပ်လို့ ပြောရင်လည်း မမှားပါဘူး။ လူတွေနဲ့ ဘုရားသခင် ပြောဆိုဆက်သွယ်တဲ့ မှတ်တမ်းကို လေ့လာရင် ဘုရားအပေါ် ထားတဲ့ မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ “ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။—ရောမ ၁၅:၄။
ဘုရားပေး မျှော်လင့်ချက်က ဘာလဲ
ဘယ်အချိန်မှာ မျှော်လင့်ချက် အလိုအပ်ဆုံးလဲ။ သေခြင်းတရားကို ရင်ဆိုင်ရချိန်မှာ မဟုတ်လား။ ဥပမာ၊ လူအတော်များများက ချစ်ရသူတစ်ဦး သေဆုံးချိန် အခိုက်အတန့်မှာ မျှော်လင့်ချက်ဆိုတာ ဘာကို ဆိုလိုနေမှန်း မသိကြဘူး။ သေခြင်းတရားထက် မျှော်လင့်ချက်မဲ့တာ ဘာရှိဦးမှာလဲ။ သေခြင်းတရားကို ဘယ်သူမှ ရှောင်လို့ မရဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အားလုံး ကြုံတွေ့ရတယ်။ ဒါကြောင့် ကျမ်းစာမှာ သေခြင်းကို “နောက်ဆုံး ရန်သူ” လို့ ခေါ်ထားတယ်။—၁ ကောရိန္သု ၁၅:၂၆။
သေခြင်းတရားနဲ့ပတ်သက်ပြီး ဘာမျှော်လင့်ချက် ရှိသလဲ။ နောက်ဆုံးရန်သူ သေခြင်းဟာ “ဖျက်ဆီးခံရမယ်” လို့ အဲဒီကျမ်းချက်မှာပဲ ဖော်ပြထားတယ်။ ယေဟောဝါဘုရားမှာ သေခြင်းကို ဖယ်ရှားပေးနိုင်တဲ့ တန်ခိုး ရှိတယ်။ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် လုပ်ပေးပြီး သက်သေပြခဲ့တယ်။ သေလွန်သူ ၉ ယောက်ကို အသက်ပြန်ရှင်အောင် ဘုရားသခင် လုပ်ပေးခဲ့တဲ့ အထောက်အထားကို ကျမ်းစာမှာ ဖော်ပြထားတယ်။
သေဆုံးတာ လေးရက် ရှိပြီ ဖြစ်တဲ့ လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးဖို့ သားတော် ယေရှုကို ယေဟောဝါဘုရား တန်ခိုးပေးခဲ့တယ်။ ယေရှုက လူအများကြီးရှေ့မှာ လာဇရုကို အသက်ပြန်ရှင်အောင် လုပ်ပေးခဲ့တယ်။—ယောဟန် ၁၁:၃၈၊ ၄၈၊ ၅၃။ ၁၂:၉၊ ၁၀။
“သေလွန်သူတွေကို ဘာဖြစ်လို့ အသက်ပြန်ရှင်အောင် လုပ်ပေးတာလဲ။ သူတို့ အသက်ကြီးလာပြီး နောက်ဆုံး သေရတာပဲ မဟုတ်လား” လို့ စဉ်းစားမိမယ်။ ဟုတ်ပါတယ်၊ သူတို့ သေဆုံးသွားကြတယ်။ ဒါပေမဲ့ အထောက်အထားခိုင်လုံတဲ့ ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းကြောင့် ချစ်ရတဲ့ သေဆုံးသူတွေကို ပြန်အသက်ရှင်စေချင်တဲ့ ဆန္ဒအပြင် ယုံကြည်ရတဲ့ အကြောင်းရင်းပါ ရှိလာတယ်။ သူတို့ ပြန်အသက်ရှင်လာမယ်ဆိုတာ ယုံကြည်ဖို့ အထောက်အထား ရှိလာတယ်။ နောက်တစ်နည်း ပြောရရင် စစ်မှန်တဲ့ မျှော်လင့်ချက် ရှိလာကြတယ်။
“ကျွန်တော်ဟာ လူသေတွေကို ရှင်ပြန်ထမြောက်စေသူ၊ အသက်ရစေတဲ့သူပဲ” လို့ ယေရှု ပြောတယ်။ (ယောဟန် ၁၁:၂၅) တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ သေလွန်သူတွေကို အသက်ပြန်ရှင်အောင် ယေရှု လုပ်ပေးနိုင်ဖို့ ယေဟောဝါဘုရား တန်ခိုးပေးလိမ့်မယ်။ “သင်္ချိုင်းဂူတွေမှာ ရှိနေသူအားလုံး [ခရစ်တော်ရဲ့] အသံကို ကြားပြီး ထွက်လာမယ့်အချိန် ရောက်လာတော့မယ်” လို့ ယေရှု ပြောတယ်။ (ယောဟန် ၅:၂၈၊ ၂၉) သင်္ချိုင်းမှာ အိပ်ပျော်နေသူအားလုံး မြေကြီးပရဒိသုမှာ နေထိုင်ဖို့ အသက်ပြန်ရှင်လာမယ့် မျှော်လင့်ချက် ရှိပါတယ်။
ပရောဖက် ဟေရှာယက ရှင်ပြန်ထမြောက်ခြင်းကို မြင်သာအောင် ဒီလိုပုံဖော်တယ်– “လူသေတွေ ပြန်ရှင်လာမယ်။ ငါ့ရဲ့ လူမျိုးထဲက သေဆုံးသူတွေ ပြန်ထလာမယ်။ မြေမှုန့်ထဲမှာ နေထိုင်သူတို့၊ နိုးထပြီး ရွှင်လန်းစွာ သီချင်းဆိုကြ။ ပြည်မှာ ကျတဲ့ ဆီးနှင်းဟာ မနက်ခင်းမှာ ကျတဲ့ ဆီးနှင်းလို ဖြစ်လိမ့်မယ်။ မြေကြီးက အစွမ်းမရှိတော့တဲ့ လူသေတွေကို အသက်ရှင်စေမယ်။”—ဟေရှာယ ၂၆:၁၉။
နှစ်သိမ့်မှု ရစေတယ် မဟုတ်လား။ မိခင်ရဲ့ သားအိမ်မှာ လုံလုံခြုံခြုံ ရှိနေတဲ့ ကလေးတစ်ယောက်လိုမျိုး သေလွန်သူတွေလည်း အလုံခြုံဆုံး နေရာမှာ ရှိနေတာကို မြင်ယောင်ကြည့်နိုင်တယ်။ သင်္ချိုင်းမှာရှိတဲ့သူတွေက တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်ရဲ့ မှတ်ဉာဏ်မှာ ရှိနေကြတယ်။ (လုကာ ၂၀:၃၇၊ ၃၈) မွေးကင်းစကလေးကို မိသားစုက ကြိုဆိုသလို မကြာခင် သာယာလှပတဲ့ ကမ္ဘာပေါ် ပြန်အသက်ရှင်လာကြမယ့် သေလွန်သူတွေကိုလည်း ကြိုဆိုကြမှာ ဖြစ်တယ်။ ဒါကြောင့် သေခြင်းတရားကို ရင်ဆိုင်ရချိန်မှာတောင် မျှော်လင့်ချက် ရှိပါတယ်။
မျှော်လင့်ချက်က သင့်ကို ဘာလုပ်ပေးနိုင်
မျှော်လင့်ချက်ဟာ ဘယ်လောက် အရေးကြီးလဲဆိုတာ ပေါလု ပြောပြတယ်။ ဘုရားသခင် ပြင်ဆင်ပေးထားတဲ့ ရင်အုပ်တန်ဆာမှာ သံခမောက်ကို မျှော်လင့်ချက်နဲ့ ခိုင်းနှိုင်းထားတယ်။ (၁ သက်သာလောနိတ် ၅:၈) ကျမ်းစာခေတ်မှာ စစ်သားတွေက သားရေခေါင်းစွပ်ပေါ် သံခမောက်ကို ဆောင်းထားတယ်။ ခေါင်းကို ထိမှန်တဲ့ လက်နက်အများစု ချော်ထွက်သွားနိုင်တယ်။ သေလောက်တဲ့ ဒဏ်ရာ ရမှာ မဟုတ်ဘူး။ သံခမောက်က ခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ခြင်းကလည်း စဉ်းစားတွေးခေါ်ပုံတွေကို ကာကွယ်ပေးနိုင်တယ်လို့ ပေါလု ဆိုလိုနေတာပါ။ သင်က ဘုရားပေး မျှော်လင့်ချက်ကို ယုံကြည်မယ်ဆိုရင် အခက်အခဲတွေ ကြုံရတဲ့အခါ ကြောက်ရွံ့တုန်လှုပ်မှာ မဟုတ်ဘူး။ စိတ်ငြိမ်သက်နေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး သံခမောက်လိုမျိုး မျှော်လင့်ချက် လိုအပ်ကြတယ် မဟုတ်လား။
ဘုရားပေး မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ပေါလုက “အဲဒီမျှော်လင့်ချက်ဟာ ကျွန်တော်တို့အတွက် ကျောက်ဆူးလို ခိုင်ခံ့မြဲမြံနေတယ်” လို့ ရေးတယ်။ (ဟီဘရူး ၆:၁၉) သင်္ဘောပျက်ဘေးကနေ လွတ်မြောက်လာတဲ့ ပေါလုက ကျောက်ဆူးရဲ့ အရေးပါမှုကို ကောင်းကောင်း သိထားတယ်။ လေပြင်းမုန်တိုင်း ကျတဲ့အခါ သင်္ဘောသားတွေက ကျောက်ဆူးကို ပင်လယ်ထဲ ချလိုက်တယ်။ ပင်လယ်ကြမ်းပြင်ထဲ ကျောက်ဆူး စိုက်ဝင်သွားရင် မုန်တိုင်းကြားမှာ သင်္ဘောဟာ အန္တရာယ် မရှိဘဲ ပေါလောပေါ်နေလိမ့်မယ်။ အဲဒီလိုမလုပ်ရင် ကျောက်ဆောင်တွေနဲ့ တိုက်မိပြီး ပျက်စီးသွားနိုင်တယ်။
ဘုရားပေး ကတိတွေလည်း ကျွန်တော်တို့အတွက် ခိုင်ခံ့မြဲမြံတဲ့ မျှော်လင့်ချက် ဖြစ်မယ်ဆိုရင် မငြိမ်မသက် ဖြစ်နေတဲ့ ဒီလောကရဲ့ ဒဏ်ကို ခံရပ်နိုင်ဖို့ ထောက်ကူပေးပါလိမ့်မယ်။ စစ်၊ ရာဇဝတ်မှု၊ ဝမ်းနည်းမှု၊ သေခြင်း မရှိတော့မယ့်အချိန် မကြာခင် ရောက်လာတော့မယ်လို့ ယေဟောဝါဘုရား ကတိပေးထားတယ်။ (စာမျက်နှာ ၁၀ က လေးထောင့်ကွက်ကို ကြည့်ပါ။) အဲဒီမျှော်လင့်ချက် ရှိမယ်ဆိုရင် ဘေးအန္တရာယ်တွေကို ရှောင်နိုင်မယ်။ ဘုရားသခင့်စံနှုန်းနဲ့အညီ အသက်ရှင်နိုင်မယ်။ ဒီလောကရဲ့ အကျင့်ယိုယွင်းမှုကို ငြင်းပယ်နိုင်မယ်။
ယေဟောဝါဘုရားက သင့်ကို အဲဒီမျှော်လင့်ချက် ရစေချင်တယ်။ လူအမျိုးမျိုးကို ကယ်တင်ခြင်း ရဖို့ ဘုရားသခင် အလိုတော် ရှိတယ်။ ဘယ်လိုနည်းနဲ့ ကယ်တင်ခြင်း ရနိုင်သလဲ။ ဦးဆုံး၊ အမှန်တရားအကြောင်း တိကျမှန်ကန်စွာ သိရှိရမယ်။ (၁ တိမောသေ ၂:၄) ကျမ်းစာအမှန်တရားနဲ့ပတ်သက်တဲ့ အသိပညာကို လေ့လာလိုက်စားဖို့ အားပေးချင်ပါတယ်။ ဘုရားပေး မျှော်လင့်ချက်က ဘယ်မျှော်လင့်ချက်ထက်မဆို သာလွန်မြင့်မြတ်တယ်။
သင့်ဆီမှာ ဘုရားပေး မျှော်လင့်ချက် ရှိမယ်ဆိုရင် ခိုကိုးရာ မဲ့နေတယ်လို့ ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူး။ အကြောင်းကတော့ အလိုတော်နဲ့ ညီတဲ့ ပန်းတိုင်တွေအတိုင်း လုပ်ဆောင်နိုင်ဖို့ ဘုရား ခွန်အားပေးနိုင်လို့ပါပဲ။ (၂ ကောရိန္သု ၄:၇။ ဖိလိပ္ပိ ၄:၁၃) အဲဒီမျှော်လင့်ချက်ကို ပိုင်ဆိုင်ချင်လို့ ရှာဖွေနေတယ်ဆိုရင် သတ္တိရှိပါ။ ရှာတွေ့မှာ ကျိန်းသေပါတယ်။
[လေးထောင့်ကွက်]
မျှော်လင့်ချက် ရှိစေတဲ့ အကြောင်းရင်းများ
အောက်ပါ အချက်တွေကြောင့် ကိုယ့်မျှော်လင့်ချက် ရှင်သန်လာနိုင်တယ်–
◼ ပျော်ရွှင်ချမ်းမြေ့တဲ့ အနာဂတ်အကြောင်း ဘုရားသခင် ကတိပေးထားတယ်။
သာယာလှပတဲ့ ကမ္ဘာမြေကြီးမှာ ပျော်ရွှင်စည်းလုံးတဲ့ လူမိသားစုတွေ နေထိုင်ရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ဆာလံ ၃၇:၁၁၊ ၂၉။ ဟေရှာယ ၂၅:၈။ ဗျာဒိတ် ၂၁:၃၊ ၄။
◼ ဘုရားသခင်က မလိမ်တတ်ဘူး။
လိမ်ညာတာ မှန်သမျှကို ယေဟောဝါဘုရား ရွံရှာမုန်းတီးတယ်။ သန့်ရှင်းမြင့်မြတ်လွန်းတဲ့ ဘုရားသခင်က လိမ်ပြောဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။—ပညာအလိမ္မာ ၆:၁၆-၁၉။ ဟေရှာယ ၆:၂၊ ၃။ တိတု ၁:၂။ ဟီဘရူး ၆:၁၈။
◼ ဘုရားသခင်က တန်ခိုးအကြီးဆုံးအရှင် ဖြစ်တယ်။
ယေဟောဝါဘုရားတစ်ပါးတည်းပဲ အနန္တတန်ခိုးရှင် ဖြစ်တယ်။ စကြဝဠာမှာ ဘုရားရဲ့ ကတိ ပျက်သွားအောင် လုပ်နိုင်တဲ့သူ ဘယ်သူမှ မရှိဘူး။—ထွက်မြောက်ရာ ၁၅:၁၁။ ဟေရှာယ ၄၀:၂၅၊ ၂၆။
◼ ဘုရားသခင်က သင့်ကို ထာဝရအသက် ရစေချင်တယ်။
—ယောဟန် ၃:၁၆။ ၁ တိမောသေ ၂:၃၊ ၄။
◼ ဘုရားသခင်က ကျွန်တော်တို့ကို မျှော်လင့်ချက်ထားတယ်။
ဘုရားသခင်က ကျွန်တော်တို့ရဲ့ အပြစ်အနာအဆာတွေကို မကြည့်ဘဲ ကောင်းကွက်၊ ကြိုးစားအားထုတ်မှုတွေကို အာရုံစိုက်တယ်။ (ဆာလံ ၁၀၃:၁၂-၁၄။ ၁၃၀:၃။ ဟီဘရူး ၆:၁၀) ကျွန်တော်တို့ မှန်ရာ လုပ်ဆောင်မယ်လို့ မျှော်လင့်တယ်။ မှန်ရာ လုပ်ဆောင်တဲ့အခါ ဘုရား ပျော်ရွှင်တယ်။—ပညာအလိမ္မာ ၂၇:၁၁။
◼ အလိုတော်တဲ့ ညီတဲ့ ပန်းတိုင်တွေကို ပြည့်မီနိုင်အောင် ကူညီပေးမယ်လို့ ဘုရား ကတိပြုထားတယ်။
ယေဟောဝါဘုရားကို ဝတ်ပြုသူတွေဟာ ခိုးကိုးရာ မဲ့နေတယ်လို့ ယူမှတ်စရာ မလိုဘူး။ ဘုရားက တန်ခိုးအရှိဆုံး စွမ်းအား ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ရက်ရက်ရောရော ပေးသနားပြီး ကျွန်တော်တို့ကို ကူညီပေးနေတယ်။—ဖိလိပ္ပိ ၄:၁၃။
◼ ဘုရားသခင်ကို မျှော်လင့်တဲ့သူတွေ ဘယ်တော့မှ နောင်တရစရာအကြောင်း မရှိဘူး။
ဘုရားသခင်က အကြွင်းမဲ့ ယုံကြည်ကိုးစားထိုက်တဲ့အရှင် ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိတ်ပျက်ရမှာ မဟုတ်ဘူး။—ဆာလံ ၂၅:၃။
[ရုပ်ပုံ]
သံခမောက်က ဦးခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်က စိတ်ကို ကာကွယ်ပေး
[ရုပ်ပုံ]
ခိုင်မာတဲ့ မျှော်လင့်ချက်က ကျောက်ဆူးနဲ့ တူပြီး တည်ငြိမ်မှု ရှိစေနိုင်
[Credit Line]
Courtesy René Seindal/Su concessione del Museo Archeologico Regionale A. Salinas di Palermo