ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ အောက်တိုဘာ စာ. ၂၄-၂၈
  • ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျောက်ဆူးလို မျှော်လင့်ချက်
  • သံခမောက်လို မျှော်လင့်ချက်
  • မျှော်လင့်ချက် ခိုင်မာနေစေပါ
  • မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ
  • စစ်မှန်တဲ့ မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    နိုးလော့!—မျှော်လင့်ချက်ကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
  • မျှော်လင့်ချက်—စိတ်ညှိုးငယ်စရာလောကတွင် အရေးကြီးသည့်အကာအကွယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါကိုမျှော်လင့်လျက် ရဲရင့်လော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • စိတ်ပျက်ရမှာ မဟုတ်တဲ့ မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ အောက်တိုဘာ စာ. ၂၄-၂၈

လေ့လာရန် ဆောင်းပါး ၄၄

ခရစ်ယာန် မျှော်လင့်ချက်ကို ခိုင်မာနေစေပါ

“ယေဟောဝါကို မျှော်လင့်ပါ။”—ဆာ. ၂၇:၁၄။

သီချင်း  ၁၄၄ ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့

အကြိုသုံးသပ်ချက်a

၁။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်မျှော်လင့်ချက် ပေးထားသလဲ။

သိပ်ကောင်းတဲ့ ထာဝရအသက် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ တချို့က ကောင်းကင်မှာ မသေနိုင်တဲ့ နာမ်ဝိညာဉ် ပုဂ္ဂိုလ်တွေအဖြစ် ထာဝစဉ် အသက်ရှင်ဖို့၊ အများစုကတော့ မြေကြီးပေါ်မှာ ဒေါင်ဒေါင်မြည် ကျန်းမာရေးနဲ့ ပျော်ပျော်ရွှင်ရွှင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်နေကြတယ်။ (၁ ကော. ၁၅:၅၀၊ ၅၃။ ဗျာ. ၂၁:၃၊ ၄) ကောင်းကင်မှာ ဖြစ်ဖြစ်၊ မြေကြီးမှာ ဖြစ်ဖြစ် ကျွန်တော်တို့အတွက် ထာဝရအသက် မျှော်လင့်ချက်ဟာ တကယ့်ကို အဖိုးတန်တဲ့ မျှော်လင့်ချက်ပါပဲ။

၂။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ဘယ်အပေါ် အခြေခံသလဲ။ ဘာကြောင့် အဲဒီလို ပြောနိုင်သလဲ။

၂ ကျမ်းစာမှာ သုံးထားတဲ့ “မျှော်လင့်ချက်” ဆိုတဲ့ စကားလုံးကို “ကောင်းတာတွေ ဖြစ်လာတော့မယ့် မျှော်လင့်ချက်” လို့ အဓိပ္ပာယ် ဖွင့်နိုင်တယ်။ ယေဟောဝါဆီက လာတာ ဖြစ်လို့ ကျွန်တော်တို့ရဲ့ အနာဂတ် မျှော်လင့်ချက် သိပ်သေချာတယ်။ (ရော. ၁၅:၁၃) ဘုရား ဘာတွေ ကတိပေးထားကြောင်း၊ အဲဒီကတိတွေကို အမြဲ ပြည့်စုံစေကြောင်း ကျွန်တော်တို့ သိကြတယ်။ (တော. ၂၃:၁၉) ကတိ မှန်သမျှကို ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒနဲ့ တန်ခိုး ယေဟောဝါမှာ ရှိကြောင်းလည်း သိကြတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ဘူး။ အထောက်အထားတွေနဲ့ အရှိတရားပေါ် အခြေခံတယ်။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (ဆာလံ ၂၇:၁၄)

၃ ကျွန်တော်တို့ကို ကောင်းကင်ဘုံစံ အဖဘုရား ချစ်တယ်။ မိမိကို ယုံကြည်ကိုးစားစေချင်တယ်။ (ဆာလံ ၂၇:၁၄ ကို ဖတ်ပါ။) ယေဟောဝါကို အခိုင်အမာ မျှော်လင့်မယ်ဆိုရင် အခက်အခဲတွေကို ခံရပ်နိုင်မယ်။ အနာဂတ်ကို ပျော်ရွှင်စွာ သတ္တိရှိရှိ ရင်ဆိုင်နိုင်မယ်။ မျှော်လင့်ချက်က ဘယ်လို ကာကွယ်ပေးကြောင်း သုံးသပ်ကြစို့။ အရင်ဆုံး၊ မျှော်လင့်ချက်ဟာ ကျောက်ဆူး၊ သံခမောက်နဲ့ ဘယ်လို တူကြောင်း ဆွေးနွေးပါမယ်။ မျှော်လင့်ချက်ကို ဘယ်လို ခိုင်မာစေနိုင်ကြောင်းလည်း ဆွေးနွေးကြပါမယ်။

ကျောက်ဆူးလို မျှော်လင့်ချက်

၄။ မျှော်လင့်ချက်က ကျောက်ဆူးနဲ့ ဘယ်လို တူသလဲ။ (ဟီဘရူး ၆:၁၉)

၄ ဟီဘရူး ခရစ်ယာန်တွေဆီ တမန်တော် ပေါလု ရေးတဲ့ စာမှာ မျှော်လင့်ချက်ကို ကျောက်ဆူးနဲ့ ခိုင်းနှိုင်းတယ်။ (ဟီဘရူး ၆:၁၉ ကို ဖတ်ပါ။) ပေါလုဟာ ပင်လယ်ခရီး သွားလေ့ ရှိသူ ဖြစ်လို့ သင်္ဘော မျောပါ မသွားအောင် ကျောက်ဆူး ချကြတာ သိတယ်။ တစ်ကြိမ်မှာ မုန်တိုင်း မိတယ်။ မုန်တိုင်းအတွင်း ကျောက်ဆောင်တွေနဲ့ မတိုက်မိအောင် သင်္ဘောကို ကာကွယ်ဖို့ သင်္ဘောသားတွေ ကျောက်ဆူး ချကြတာ ပေါလု မြင်တယ်။ (တ. ၂၇:၂၉၊ ၃၉-၄၁) ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို မျှော်လင့်ချက်က ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ တည်ငြိမ်စေပြီး ယေဟောဝါနဲ့ တရွေ့ရွေ့ ဝေးမသွားအောင် ကာကွယ်ပေးတယ်။ ခိုင်မာတဲ့ မျှော်လင့်ချက်က မုန်တိုင်းပြီးရင် လေပြေ လာမယ်ဆိုတာ စိတ်ချစေလို့ အခက်အခဲတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ဖို့ ကူညီပေးတယ်။ ကျွန်တော်တို့ ညှဉ်းဆဲခံရမယ်လို့ ယေရှု သတိပေးခဲ့တာ မမေ့ပါနဲ့။ (ယော. ၁၅:၂၀) ဒါကြောင့် ယေဟောဝါ ကတိပေးထားတဲ့ အနာဂတ်အကြောင်း တွေးတောဆင်ခြင်တာက ခရစ်ယာန် လမ်းစဉ်မှာ စွဲမြဲနေဖို့ ကူညီပေးတယ်။

၅။ သေခြင်းနဲ့ ရင်ဆိုင်ရချိန်မှာ မျှော်လင့်ချက်က ယေရှုကို ဘယ်လို ခွန်အား ရှိစေသလဲ။

၅ ဝေဒနာ ခံစားပြီး သေရတော့မယ်ဆိုတာ သိတာတောင် ဆက်သစ္စာရှိနေဖို့ ယေရှုကို မျှော်လင့်ချက်က ဘယ်လို ကူညီပေးကြောင်း စဉ်းစားကြည့်ပါ။ ယေရှု ဘယ်လောက် စိတ်တည်ငြိမ်နေတယ်ဆိုတာ ပြောဖို့ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ဆာလံကျမ်း ပရောဖက်ပြုချက်တစ်ခုကို တမန်တော် ပေတရု ဒီလိုကိုးကားတယ်– “မျှော်လင့်ချက်နဲ့ အသက်ရှင်မယ်။ ကိုယ်တော်က ကျွန်တော့်ကို သင်္ချိုင်းမှာ ပစ်ထားမှာ မဟုတ်ဘူး။ သစ္စာစောင့်သိသူကို ပုပ်ပျက်သွားတဲ့အဖြစ်မျိုး တွေ့ကြုံခွင့်ပြုမှာ မဟုတ်ဘူး။ . . . ကျွန်တော့်ကို ရှေ့တော်မှာ နေခွင့်ပြုပြီး ဝမ်းမြောက်စေတယ်။” (တ. ၂:၂၅-၂၈။ ဆာ. ၁၆:၈-၁၁) သေရတော့မယ်ဆိုတာ သိပေမဲ့ ဘုရား ထမြောက်ပေးမယ်၊ ကောင်းကင်မှာ ဘုရားနဲ့ ပြန်ဆုံဆည်းခွင့် ရမယ်ဆိုတဲ့ ခိုင်မာတဲ့ မျှော်လင့်ချက် ယေရှုမှာ ရှိတယ်။—ဟီ. ၁၂:၂၊ ၃။

၆။ မျှော်လင့်ချက်အကြောင်း ညီအစ်ကိုတစ်ယောက် ဘာပြောသလဲ။

၆ ခရစ်ယာန် မျှော်လင့်ချက်က ညီအစ်ကို/မများစွာကို ခံနိုင်ရည် ရှိစေတယ်။ အင်္ဂလန်နိုင်ငံက သစ္စာရှိ ညီအစ်ကို လဲနာ့ဒ် ချင်း အကြောင်း စဉ်းစားကြည့်ပါ။ ပထမ ကမ္ဘာစစ်အတွင်း စစ်မှုမထမ်းလို့ ထောင်ချခံရတယ်။ နှစ်လ တိုက်ပိတ် ခံရပြီးနောက် အလုပ်ကြမ်း လုပ်ရတယ်။ “ခံနိုင်ရည် ရှိစေတဲ့ မျှော်လင့်ချက် ရှိဖို့ ဘယ်လောက် အရေးကြီးမှန်း ကျွန်တော့်အဖြစ်က နားလည်စေတယ်။ ယေရှု၊ တမန်တော်တွေ၊ ပရောဖက်တွေရဲ့ ပုံသက်သေတွေ ကျွန်တော်တို့ သိထားတယ်။ ကျမ်းစာမှာ ပါတဲ့ အဖိုးတန် ကတိတွေလည်း ရထားတယ်။ အဲဒါတွေအားလုံးက အနာဂတ် မျှော်လင့်ချက်နဲ့ ခံနိုင်ရည်ခွန်အား ရှိစေတယ်” လို့ ပြောတယ်။ လဲနာ့ဒ်အတွက် မျှော်လင့်ချက်ဟာ ကျောက်ဆူးလို ဖြစ်ခဲ့သလို ကျွန်တော်တို့အတွက်လည်း ဖြစ်နိုင်ပါတယ်။

၇။ အခက်အခဲတွေက မျှော်လင့်ချက်ကို ဘယ်လို ပိုခိုင်မာစေသလဲ။ (ရောမ ၅:၃-၅။ ယာကုပ် ၁:၁၂)

၇ အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါရဲ့ အကူအညီနဲ့ ခံရပ်နိုင်လို့ ဘုရားမျက်နှာသာ ရနေမှန်း သိလာတယ်။ အဲဒါက မျှော်လင့်ချက် ပိုခိုင်မာစေတယ်။ (ရောမ ၅:၃-၅။ ယာကုပ် ၁:၁၂ ကို ဖတ်ပါ။) ဒီလိုနဲ့ သတင်းကောင်း ဦးဆုံးလက်ခံချိန်ကထက် မျှော်လင့်ချက် ပိုခိုင်မာလာတယ်။ အခက်အခဲတွေကြား ခေါင်းမထောင်နိုင်အောင် စာတန် ဖြစ်စေချင်ပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ကျွန်တော်တို့ အောင်မြင်စွာ ခံရပ်နိုင်ပါတယ်။

သံခမောက်လို မျှော်လင့်ချက်

၈။ မျှော်လင့်ချက်က သံခမောက်နဲ့ ဘယ်လို တူသလဲ။ (၁ သက်သာလောနိတ် ၅:၈)

၈ ကျမ်းစာမှာ မျှော်လင့်ချက်ကို သံခမောက်နဲ့ ခိုင်းနှိုင်းထားတယ်။ (၁ သက်သာလောနိတ် ၅:၈ ကို ဖတ်ပါ။) ရန်သူ့လက်ချက်ကြောင့် ခေါင်းမထိအောင် ကာကွယ်ဖို့ စစ်သားတွေ သံခမောက် ဆောင်းကြတယ်။ စာတန်နဲ့ တိုက်တဲ့ တိုက်ပွဲမှာလည်း ကျွန်တော်တို့ရဲ့ ဉာဏ်စွမ်းကို ကာကွယ်ရမယ်။ အတွေးအခေါ်ကို ပျက်စီးစေနိုင်တဲ့ သွေးဆောင်မှု၊ အယူအဆ အမျိုးမျိုး စာတန် သုံးနေတယ်။ သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို မျှော်လင့်ချက်က ယေဟောဝါကို ဆက်သစ္စာရှိနိုင်ဖို့ ကျွန်တော်တို့ရဲ့ အတွေးအခေါ်ကို ကာကွယ်ပေးတယ်။

၉။ လူတွေ မျှော်လင့်ချက် မရှိလို့ ဘာဖြစ်နေကြသလဲ။

၉ ထာဝရအသက် မျှော်လင့်ချက်က ဉာဏ်ပညာ၊ ပိုင်းခြားသိမြင်မှု ရှိရှိ လုပ်ဆောင်ဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ မျှော်လင့်ချက် မခိုင်မာဘူး၊ ကိုယ့်အလိုဆန္ဒတွေကိုပဲ စိတ်ထဲ စဉ်းစားလာပြီဆိုရင် ထာဝရအသက် ပန်းတိုင်ကို မျက်ခြည်ပြတ်သွားနိုင်တယ်။ ကောရိန္သုမြို့က ရှေးခရစ်ယာန်တချို့အကြောင်း စဉ်းစားကြည့်ပါ။ ဘုရားသခင် ပေးထားတဲ့ အဓိက ကတိတစ်ခု ဖြစ်တဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို မယုံကြတော့ဘူး။ (၁ ကော. ၁၅:၁၂) ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက် မရှိသူတွေဟာ လက်ရှိအတွက်ပဲ အသက်ရှင်ကြတယ်လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၃၂) ဒီနေ့လည်း ဘုရားကတိတွေကို မမျှော်လင့်သူများစွာဟာ လောလောဆယ် ပျော်ပျော်နေရဖို့လောက်ပဲ စိတ်ဝင်စားကြတယ်။ ကျွန်တော်တို့ကတော့ ဘုရားကတိပေးထားတဲ့ အနာဂတ်ကို ယုံကြည်တယ်။ အဲဒီမျှော်လင့်ချက်ဟာ သံခမောက်လိုပဲ အတွေးအခေါ် ကို ကာကွယ်ပေးတယ်။ ကိုယ့်အတွက်ပဲ စဉ်းစားပြီး ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စေမယ့် ဘဝပုံစံကို ရှောင်ဖို့ ကူညီပေးတယ်။—၁ ကော. ၁၅:၃၃၊ ၃၄။

၁၀။ မျှော်လင့်ချက်က မှားယွင်းတဲ့ အတွေးအခေါ် မဝင်အောင် ဘယ်လို ကာကွယ်ပေးနိုင်သလဲ။

၁၀ ယေဟောဝါရဲ့ နှစ်သက်မှု ရဖို့ ကြိုးစားနေလို့လည်း ဘာမှ မထူးပါဘူးဆိုတဲ့ အတွေးအခေါ် ဝင်မလာအောင်လည်း မျှော်လင့်ချက်က ကာကွယ်ပေးတယ်။ ဥပမာ၊ ‘ထာဝစဉ် အသက်ရှင်ရမယ့်သူတွေထဲ ငါ ဘယ်တော့မှ ပါမှာ မဟုတ်ဘူး။ အဲဒီလောက် ငါ မလိမ္မာဘူး။ ဘုရားစံနှုန်းတွေကို ဘယ်တော့မှ ပြည့်မီမှာ မဟုတ်ဘူး’ လို့ တချို့ စဉ်းစားမိနိုင်တယ်။ ယောဘရဲ့ မိတ်ဆွေ အတုအယောင် ဧလိဖတ် အလားတူ ပြောခဲ့တာ သတိပြုပါ။ “သေမျိုးဖြစ်တဲ့လူဟာ ဘယ်လိုလုပ် စင်ကြယ်နိုင်မှာလဲ။” “ကြည့်လေ။ ဘုရားက သန့်ရှင်းသူတွေကိုတောင် မယုံဘူး။ မိုးကောင်းကင်တောင် ရှေ့တော်မှာ မစင်ကြယ်ဘူး” လို့ ဧလိဖတ် ပြောတယ်။ (ယောဘ ၁၅:၁၄၊ ၁၅) တကယ့် လိမ်လည်မှုကြီးပါပဲ။ အဲဒီလို အတွေးအခေါ်ရဲ့ နောက်ကွယ်မှာ စာတန် ရှိနေတာ သတိရပါ။ သင် အဲဒီလို တွေးလာရင် မျှော်လင့်ချက် မှေးမှိန်လာမယ်ဆိုတာ စာတန် သိတယ်။ ဒါကြောင့် အဲဒီလို အလိမ်အညာတွေကို ငြင်းပယ်ပါ။ ယေဟောဝါရဲ့ ကတိတွေကို အာရုံစိုက်ပါ။ သင့်ကို ဘုရား ထာဝစဉ် အသက်ရှင်စေချင်ကြောင်း၊ အဲဒီလို ထာဝစဉ် အသက်ရှင်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ကြောင်း ဘယ်တော့မှ သံသယ မဝင်ပါနဲ့။—၁ တိ. ၂:၃၊ ၄။

မျှော်လင့်ချက် ခိုင်မာနေစေပါ

၁၁။ မျှော်လင့်ချက် ပြည့်စုံမယ့် အချိန်ကို စောင့်ဆိုင်းရင်း စိတ်ရှည်ဖို့ ဘာကြောင့် လိုသလဲ။

၁၁ မျှော်လင့်ချက် ခိုင်မာနေဖို့ အမြဲတော့ မလွယ်ဘူး။ ဘုရားကို စောင့်ဆိုင်းရင်း စိတ်မရှည် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါဟာ ထာဝစဉ် တည်လို့ အချိန်နဲ့ပတ်သက်တဲ့ ဘုရားအမြင်ဟာ ကျွန်တော်တို့ အမြင်နဲ့ မတူဘူး။ (၂ ပေ. ၃:၈၊ ၉) မိမိရည်ရွယ်ချက်ကို ဘုရား အကောင်းဆုံးနည်းနဲ့ အကောင်အထည် ဖော်မှာ ဖြစ်ပေမဲ့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အချိန်အတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။ ကတိတွေ ဘုရား ပြည့်စုံစေမယ့် အချိန်ကို ကျွန်တော်တို့ စိတ်ရှည်ရှည် စောင့်ဆိုင်းရင်း မျှော်လင့်ချက် ခိုင်မာနေအောင် ဘာက ကူညီပေးနိုင်သလဲ။—ယာ. ၅:၇၊ ၈။

၁၂။ ဟီဘရူး ၁၁:၁၊ ၆ အရ မျှော်လင့်ချက်ဟာ ယုံကြည်ခြင်းနဲ့ ဘယ်လို ဆက်စပ်နေသလဲ။

၁၂ မျှော်လင့်ချက် ပြည့်စုံအောင် လုပ်ပေးမယ်လို့ ကတိပြုထားတဲ့အရှင် ယေဟောဝါနဲ့ ဆက်ရင်းနှီးအောင် ကြိုးစားနေမယ်ဆိုရင် မျှော်လင့်ချက် ခိုင်မာနေပါလိမ့်မယ်။ “ဘုရားသခင် တည်ရှိတယ်၊” “မိမိကို ထက်ထက်သန်သန် ရှာဖွေသူကို ဆုချတဲ့အရှင်” ဖြစ်တယ်ဆိုတာ ယုံကြည်မှ မျှော်လင့်ချက် ရှင်သန်နေမယ်။ (ဟီဘရူး ၁၁:၁၊ ၆ ကို ဖတ်ပါ။) ယေဟောဝါကို ပိုယုံကြည်လေ ကတိ မှန်သမျှကို ပြည့်စုံစေမယ်ဆိုတာ ပိုစိတ်ချလေ ဖြစ်လာမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းအောင်၊ မျှော်လင့်ချက် ပိုခိုင်မာအောင် ကူညီပေးမယ့် လက်တွေ့ကျ အချက်တွေကို ဆွေးနွေးကြည့်ကြစို့။

ဆုတောင်းတာ၊ တွေးတောတာက မျှော်လင့်ချက် ခိုင်မာနေစေ (စာပိုဒ် ၁၃-၁၅ ကို ကြည့်ပါ)b

၁၃။ ဘုရားနဲ့ ဘယ်လို ရင်းနှီးနိုင်သလဲ။

၁၃ ယေဟောဝါဆီ ဆုတောင်းပါ။ ကျမ်းစာ ဖတ်ပါ။ ယေဟောဝါကို မမြင်နိုင်ပေမဲ့ ဘုရားနဲ့ ရင်းနှီးနိုင်တယ်။ ဘုရား နားထောင်ပေးမယ်ဆိုတာ စိတ်ချပြီး ဆုတောင်းစကားပြောနိုင်တယ်။ (ယေ. ၂၉:၁၁၊ ၁၂) ကျမ်းစာ ဖတ်ခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် ဘုရား ပြောတာ နားထောင်နိုင်တယ်။ ရှေးသစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ဘယ်လို ဂရုစိုက်ကြောင်း ဖတ်ရတဲ့အခါ မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။ ကျမ်းစာမှာ ရေးထားသမျှဟာ “ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်တို့ကို ခံနိုင်ရည်နဲ့ နှစ်သိမ့်မှု ပေးတဲ့အတွက် မျှော်လင့်ချက် ရှိစေတယ်။”—ရော. ၁၅:၄။

၁၄။ တခြားသူတွေအတွက် ယေဟောဝါ လုပ်ပေးတာတွေကို ဘာကြောင့် တွေးတောသင့်သလဲ။

၁၄ ကတိတွေကို ယေဟောဝါ ဘယ်လို ပြည့်စုံစေကြောင်း တွေးတောပါ။ အာဗြဟံနဲ့ စာရာအတွက် ဘုရား ဘာလုပ်ပေးတယ်ဆိုတာ စဉ်းစားကြည့်ပါ။ သားသမီး မရနိုင်တော့တဲ့ အသက်အရွယ်မှာ သားတစ်ယောက် ရမယ်လို့ ဘုရား ကတိပေးတယ်။ (က. ၁၈:၁၀) အာဗြဟံ ဘယ်လို တုံ့ပြန်သလဲ။ ‘လူမျိုးများစွာရဲ့ ဖခင် ဖြစ်လာမယ် ဆိုတဲ့ ကတိတော်ကို’ အာဗြဟံ ‘ယုံကြည်တယ်’ လို့ ကျမ်းစာ ပြောတယ်။ (ရော. ၄:၁၈) လူ့ရှုထောင့်က ကြည့်ရင် မဖြစ်နိုင်ပုံ ပေါက်ပေမဲ့ ယေဟောဝါ ကတိ ပြည့်စုံစေမယ်ဆိုတာ အာဗြဟံ ယုံကြည်စိတ်ချတယ်။ အဲဒီသစ္စာရှိသူ စိတ်မပျက်ခဲ့ရပါဘူး။ (ရော. ၄:၁၉-၂၁) ဘယ်လောက်ပဲ မဖြစ်နိုင်ပုံ ပေါက်နေရင်တောင် ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ အမြဲ စိတ်ချနိုင်ကြောင်း အဲဒီလို မှတ်တမ်းတွေက သင်ပေးတယ်။

၁၅။ ကျွန်တော်တို့အတွက် ဘုရား လုပ်ပေးတာတွေကို ဘာကြောင့် တွေးတောသင့်သလဲ။

၁၅ သင့်အတွက် ယေဟောဝါ လုပ်ပေးတာတွေကို တွေးတောပါ။ ကျမ်းစာပါ ဘုရားကတိတွေ ပြည့်စုံတာကနေ သင် ဘယ်လို သတ်သတ်မှတ်မှတ် အကျိုးရသလဲဆိုတာ စဉ်းစားကြည့်ပါ။ ဥပမာ၊ ဘဝ လိုအပ်ရာတွေ ဘုရား ထောက်မပေးမယ်လို့ ယေရှု ကတိပေးတယ်။ (မ. ၆:၃၂၊ ၃၃) သန့်ရှင်းသော စွမ်းအားတော် တောင်းရင် ယေဟောဝါ ပေးမယ်လို့လည်း အာမခံတယ်။ (လု. ၁၁:၁၃) အဲဒီကတိတွေ ယေဟောဝါ တည်ပါတယ်။ သင့်အတွက် ဘုရား ပြည့်စုံစေခဲ့တဲ့ တခြားကတိတွေလည်း ရှိမှာပါ။ ဥပမာ၊ သင့်ကို ခွင့်လွှတ်မယ်၊ နှစ်သိမ့်ပေးမယ်၊ အချိန်တန် ဘုရားရေးရာ အစာ ကျွေးမယ်လို့ ကတိပေးထားတယ်။ (မ. ၆:၁၄။ ၂၄:၄၅။ ၂ ကော. ၁:၃) သင့်အတွက် ဘုရား လုပ်ပေးခဲ့တာတွေကို တွေးတောမယ်ဆိုရင် အနာဂတ်မှာ ဘုရား လုပ်ပေးမယ့် အရာတွေအပေါ် မျှော်လင့်ချက် ပိုခိုင်မာလာပါလိမ့်မယ်။

မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ

၁၆။ မျှော်လင့်ချက်ဟာ ဘာကြောင့် အဖိုးတန် လက်ဆောင် ဖြစ်သလဲ။

၁၆ ထာဝရအသက် မျှော်လင့်ချက်ဟာ ဘုရားပေး အဖိုးတန် လက်ဆောင်ပါ။ သိပ်ကောင်းတဲ့ အနာဂတ်ကို ကျွန်တော်တို့ စောင့်မျှော်နေတယ်။ အဲဒီအနာဂတ် ကျိန်းသေ ရမယ်ဆိုတာ စိတ်ချနိုင်တယ်။ မျှော်လင့်ချက်ဟာ ကျောက်ဆူးလိုပဲ အခက်အခဲ၊ နှိပ်စက်ညှဉ်းပန်းမှု၊ သေခြင်းကိုတောင် တည်တည်ငြိမ်ငြိမ် ခံရပ်စေနိုင်တယ်။ သံခမောက်လိုပဲ အမှားကို ရှောင်ပြီး အမှန်အတိုင်း လုပ်နိုင်အောင် အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ကျမ်းစာအခြေပြု မျှော်လင့်ချက်က ဘုရားနဲ့ ရင်းနှီးစေတယ်။ ကျွန်တော်တို့ကို ဘုရား ဘယ်လောက် ချစ်ကြောင်း သိစေတယ်။ မျှော်လင့်ချက် ခိုင်မာအောင် လုပ်နေရင် အကျိုး များစွာ ရရှိမယ်။

၁၇။ မျှော်လင့်ချက်က ဘာကြောင့် ဝမ်းမြောက်စေသလဲ။

၁၇ “မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ” လို့ ရောမအသင်းတော်ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု အားပေးတယ်။ (ရော. ၁၂:၁၂) ဆက်သစ္စာရှိနေရင် ကောင်းကင်မှာ ထာဝရအသက် ရမယ်ဆိုတာ သေချာလို့ ပေါလု ဝမ်းမြောက်နိုင်တယ်။ ကျွန်တော်တို့လည်း ကတိတွေကို ယေဟောဝါ ပြည့်စုံစေမယ်ဆိုတာ စိတ်ချလို့ မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နိုင်ကြတယ်။ ဆာလံဆရာ ပြောသလို ‘အမြဲ သစ္စာရှိတဲ့အရှင် ယေဟောဝါကို မျှော်လင့်တဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့ပါတယ်။’—ဆာ. ၁၄၆:၅၊ ၆။

သင် ဘယ်လို ဖြေမလဲ

  • ကျွန်တော်တို့ရဲ့ မျှော်လင့်ချက် ပြည့်စုံမယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်သလဲ။

  • မျှော်လင့်ချက်ဟာ ဘယ်လိုနည်းနဲ့ ကျောက်ဆူး၊ သံခမောက်နဲ့ တူသလဲ။

  • မျှော်လင့်ချက် ခိုင်မာနေဖို့ ဘာက ကူညီပေးမလဲ။

သီချင်း ၁၃၉ မြင်ယောင်ကြည့်ပါ၊ ကမ္ဘာသစ်မှာ

a သိပ်ကောင်းတဲ့ အနာဂတ် မျှော်လင့်ချက် ယေဟောဝါ ပေးထားတယ်။ အဲဒီမျှော်လင့်ချက်က ကျွန်တော်တို့ကို အားရှိစေတယ်။ အခု ကြုံနေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဖို့ ကူညီပေးတယ်။ ဘယ်အခက်အခဲပဲ ကြုံရပါစေ ဆက်သစ္စာရှိနေဖို့ ခွန်အားပေးတယ်။ အတွေးအခေါ် မမှားဖို့ ကူညီပေးတယ်။ ခရစ်ယာန် မျှော်လင့်ချက် ခိုင်မာနေစေသင့်တဲ့ အကြောင်းရင်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b ပုံအညွှန်း – သံခမောက်က စစ်သားရဲ့ ခေါင်းကို ကာကွယ်ပေးသလို၊ ကျောက်ဆူးက သင်္ဘောကို တည်ငြိမ်စေသလို ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က အတွေးအခေါ်ကို ကာကွယ်ပေးပြီး အခက်အခဲတွေ ကြုံရချိန်မှာ တည်ငြိမ်စေတယ်။ ညီအစ်မတစ်ယောက် ယေဟောဝါဆီ စိတ်ချလက်ချ ဆုတောင်းနေ။ အာဗြဟံအတွက် ကတိတွေ ဘုရား ဘယ်လို ပြည့်စုံစေကြောင်း ညီအစ်ကိုတစ်ယောက် တွေးတောနေ။ ကိုယ့်ကို ဘုရား ဘယ်လို ကောင်းချီးပေးတယ်ဆိုတာ နောက်ညီအစ်ကိုတစ်ယောက် စဉ်းစားနေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ