ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၆/၈ စာ. ၁၈-၂၀
  • ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကို ဘယ်လို ပြောရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကို ဘယ်လို ပြောရမလဲ
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပညာသတိရှိရှိလုပ်ဆောင်ပါ
  • ကိုယ့်ပုံကိုယ်ဖော်
  • တုံ့ပြန်မှုမရှိလျှင်ကော
  • အောင်မြင်သောအိမ်ထောင်တစ်ခုအတွက် ပြင်ဆင်ခြင်း
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ပိုးပန်းမှုအောင်မြင်နိုင်ဖို့ ငါဘယ်လိုလုပ်နိုင်မလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • သင့်အိမ်ထောင်အဖို့ အုတ်မြစ်ကောင်းချခြင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
  • လက်တွဲဖော် ဖြစ်လောက်မယ့်သူ ဘယ်လို ရှာတွေ့မလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၆/၈ စာ. ၁၈-၂၀

လူငယ်များအမေး . . .

ကျွန်မ ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကို ဘယ်လို ပြောရမလဲ

“မေတ္တာသက်ဝင်နေတယ်ဆိုတာကို ဘယ်သူက ပြောသင့်သလဲ—အမျိုးသားကလား၊ အမျိုးသမီးကလား ဆိုတဲ့မေးခွန်းအတွက် အဖြေရချင်တယ်။”—လော်ရာ။a

သူသည် မကြာသေးမီကမှ သင်တွေ့ဆုံခဲ့သူတစ်ဦး သို့မဟုတ် အတန်ကြာကတည်းက သိကျွမ်းထားသူတစ်ဦးဖြစ်ပြီး သူ့အား သူငယ်ချင်းထက်ပိုခင်လိုပေမည်။ သူလည်း ထပ်တူထပ်မျှခံစားနေသည်၊ ရှက်ကြောက်လွန်း၍သာ ဘာမျှမပြောခြင်းဖြစ်သည်ဟု သင်ခံယူထားသည်။ ထို့ကြောင့် သင့်ဘက်မှအစပြု၍ သူ့အား ဖွင့်ပြောသင့်မသင့် သင်သိလိုပေမည်။b

ရှေ့ဆက်မသွားမီ သင့်အနီးဝန်းကျင်ရှိသူတို့—သင့်မိသားစုနှင့် သင့်ရပ်ကွက် အသိုင်းအဝိုင်းရှိသူတို့—၏ခံစားချက်များကို ဦးဆုံးစဉ်းစားကြပါစို့။ ဥပမာ၊ ဒေသန္တရထုံးစံက သင့်အတွက် အိမ်ထောင်ဖက်ရှာပေးခြင်းသည် မိဘများ၏တာဝန်ဖြစ်သည်ဟု ဆိုပါသလော။c ပိုးပန်းခြင်းနှင့် ထိမ်းမြားခြင်းသည် ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သည်ဟု သင်ယူဆကောင်းယူဆမည်။ သို့တိုင်၊ ခရစ်ယာန်များသည် အခြားသူများအား မလိုအပ်ဘဲ စိတ်အနှောင့်အယှက်ဖြစ်စေခြင်းကို ကြိုးစားရှောင်ကြဉ်ကြသည်။ မိသားစုဝင်များနှင့် ချစ်မြတ်နိုးရသူတို့၏ ခံစားချက်များကိုလည်း ထည့်တွက်သုံးသပ်လိုကြသည်။

သို့သော် ယနေ့ နိုင်ငံများစွာတွင် စုံတွဲများသည် လက်ထပ်ဖို့မထပ်ဖို့ မဆုံးဖြတ်မီ မိမိတို့စိတ်ကြိုက်ပိုးပန်းကာ အတူတကွသွားလာကြခြင်းသည် သာမန်ကိစ္စဖြစ်နေသည်။ အမျိုးသားတစ်ဦးကို ချစ်စိတ်ဝင်နေကြောင်း အမျိုးသမီးဘက်မှ အစပြုဖော်ပြခြင်းက မှားသလော။ တစ်ဖန်၊ ဤကိစ္စတွင် မိသားစုနှင့် ရပ်ကွက်အသိုင်းအဝိုင်း၏ အမြင်သဘောထားများကလည်း ပါဝင်ပတ်သက်လာနိုင်ပေသည်။ ထိုလုပ်ရပ်က လူအများကို တုန်လှုပ်စေမည်လော၊ စိတ်အနှောင့်အယှက်ဖြစ်စေမည်လော။

အမျိုးသမီးဘက်မှ အစပြု၍ရမရ ဟူသည့်မေးခွန်းအပေါ် သမ္မာကျမ်းစာက အဘယ်ထပ်ဆင့်အလင်း ထွန်းလင်းပေးသနည်း။ ကျမ်းစာခေတ်က ရုသအမည်ရှိ ဘုရားသခင်အားကြောက်ရွံ့သည့် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုရန်အတွက် ဗောဇအမည်ရှိ အမျိုးသားတစ်ဦးထံ ချဉ်းကပ်ခဲ့သည်။ သူ၏အားထုတ်မှုများကို ယေဟောဝါဘုရားသခင် ကောင်းချီးပေးခဲ့သည်! (ရုသ ၃:၁-၁၃) ရုသသည် အရွယ်ရောက်နေပြီဖြစ်သည်၊ မုဆိုးမတစ်ဦးဖြစ်ကာ အိမ်ထောင်ပြုနိုင်သည့်အရွယ် ရောက်နေပြီဖြစ်သည်။ သူသည် မိန်းမပေါ့မဟုတ်သလို ဗောဇနှင့် ပရောပရည်လုပ်နေခြင်းလည်း မဟုတ်ချေ။ ယင်းအစား၊ သူသည် အိမ်ထောင်မင်္ဂလာနှင့်ပတ်သက်သည့် ဘုရားသခင့်ပညတ်များကို အနီးကပ်လိုက်လျှောက်ခဲ့၏။—တရားဟောရာ ၂၅:၅-၁၀။

သင်သည် အိမ်ထောင်ပြုနိုင်သည့်အရွယ်ရောက်နေသူဖြစ်ကာ သင်စိတ်ဝင်စားနေသည့် လူရွယ်တစ်ဦးလည်းရှိနေပေမည်။ သို့တိုင် ထပ်တူခံစားမည်မဟုတ်သူတစ်ဦးဦးအား သင့်နှလုံးသားခံစားချက်ကို ရင်ဖွင့်ပြခြင်းသည် အထူးသတိထားရမည့်၊ အရဲစွန့်ရမည့်ကိစ္စတစ်ရပ်ဖြစ်သည်။ ယင်းသည် သင်၏နှလုံးကိုထုတ်ယူ၍ တစ်ဦးတစ်ယောက်၏လက်ထဲ ထည့်လိုက်ခြင်းနှင့်တူ၏။ ထိုသူသည် ယင်းကို တယုတယ ကိုင်တွယ်မည်လော သို့မဟုတ် မြေပေါ် ပစ်ချလိုက်မည်လော။ မလိုအပ်ဘဲ အရှက်တကွဲဖြစ်ခြင်း သို့မဟုတ် အကြီးအကျယ် စိတ်ထိခိုက်ခြင်းကိုရှောင်ရန် အကောင်းဆုံးနည်းမှာ ကျမ်းစာမူများကို လိုက်လျှောက်ခြင်းဖြစ်ပေသည်။

ပညာသတိရှိရှိလုပ်ဆောင်ပါ

အချစ်ရေးကိစ္စကိုစိတ်ကူးယဉ်ဖို့ အလွန်လွယ်ကူပေသည်။ သင်မင်္ဂလာဆောင်မည့်နေ့နှင့် ယင်းနောက်ပိုင်းအချိန်အထိပင် စိတ်ကူးယဉ်မိပေမည်။ သို့ရာတွင် ယင်းသို့အတွေးနယ်ချဲ့ခြင်းသည် ကြည်နူးစရာဖြစ်နိုင်သော်လည်း ၎င်းတို့သည် စိတ်လှည့်စားမှုများဖြစ်ကြ၏။ ယင်းတို့က သင်မဖြည့်ဆည်းပေးနိုင်သည့် လိုအင်ဆန္ဒများကို အကြီးအကျယ် ထွက်ပေါ်စေနိုင်သည်။ သမ္မာကျမ်းစာဆိုသကဲ့သို့ပင် “မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။” (သု. ၁၃:၁၂) ထို့အပြင် စိတ်ကူးယဉ်မှုများသည် သင်၏ချင့်ချိန်နိုင်စွမ်းကိုလည်း ပျက်ပြားစေနိုင်သည်။ သို့သော် နယပုံပြင် ၁၄:၁၅ [သမ္မာ] က “ပညာသတိရှိသောသူမူကား မိမိခြေလှမ်းများကို ကြည့်ရှုတတ်၏” ဟုဆိုသည်။ ပညာသတိရှိခြင်းဟူသည် သာမန်အသိဉာဏ်နှင့် ချင့်ချိန်နိုင်စွမ်းရှိခြင်းကို ဆိုလိုသည်။ သင်သည် အချစ်ရေးနယ်ပယ်တွင် မည်သို့ပညာသတိရှိနိုင်မည်နည်း။

ဦးဆုံး၊ “အသိပညာနှင့်ပြုမူ” ဖို့ ကြိုးစားပါလေ။ (သု. ၁၃:၁၆၊ သမ္မာ) “လူတစ်ယောက်ကို မသိကျွမ်းမချင်း သူ့ကို တကယ်ချစ်နိုင်မှာ မဟုတ်ပါဘူး” ဟူ၍ အမျိုးသမီးငယ်တစ်ဦး ဖော်ပြခဲ့သည့်အတိုင်းပင်ဖြစ်သည်။ တစ်ဦးတစ်ယောက်ထံ သင့်နှလုံးသားကို မပုံအပ်မီ သူ၏အပြုအမူနှင့် အပြောအဆိုတို့ကို ဂရုစိုက်ကြည့်ပါ။ လူတို့အား သူမည်သို့ဆက်ဆံသည်ကို အကဲခတ်လေ့လာပါ။ “သူ့အကြောင်းကို သူ့ရဲ့သူငယ်ချင်းတွေ၊ သူ့ကို ကောင်းကောင်းသိကျွမ်းထားတဲ့ လူကြီးတွေကို မေးမြန်းပါ” ဟု အမျိုးသားငယ်တစ်ဦးက အကြံပြု၏။ သူသည် သူ၏ခရစ်ယာန်အသင်းတော်တွင် “အသရေရှိသောသူ” ဖြစ်သလော။ (တမန်တော် ၁၆:၂) အစ္စဘဲလ်အမည်ရှိ အမျိုးသမီးငယ်တစ်ဦးကလည်း “အုပ်စုလိုက်သွားလာခြင်းနဲ့ သူ့ရဲ့မိသားစုကို သိကျွမ်းအောင်လုပ်ခြင်းက တော်တော် အထောက်အကူရနိုင်ပါတယ်” ဟု အကြံပြုသည်။ အုပ်စုလိုက်သွားလာခြင်းက သင့်အား ဖိစီးမှုများအောက်ကျရောက်မသွားစေဘဲ အကဲခတ်လေ့လာနိုင်စေသည်။

တစ်စုံတစ်ယောက်ကို ဤနည်းဖြင့် သိကျွမ်းရန် အချိန်နှင့်စိတ်ရှည်မှုလို၏။ သို့သော် သင့်ခံစားချက်များကို အတည်ပြုပေးမည့် သို့မဟုတ် သင့်ခံစားချက်များကို ပြောင်းလဲသွားစေမည့် သဘောထားများ၊ ဝသီများနှင့် အရည်အချင်းများကို ယင်းက သိမြင်နိုင်စေမည်။ နယပုံပြင် ၂၀:၁၁ က ဤသို့ဆိုသည်– “သူငယ် [သို့မဟုတ် လူငယ်] သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့်ပြ၍ မိမိသဘောကိုထင်ရှားစေ၏။” မှန်ပါသည်၊ သူ၏လုပ်ရပ်များက သူ၏အတွင်းသဘောကို အနှေးနှင့်အမြန် ဖော်ပြပါလိမ့်မည်။

ထို့ကြောင့်၊ သင့်ခံစားချက်များကို ရှေ့တန်းတင်ပြီး အချိန်မတန်မီ ရင်ဖွင့်ရန် သွေးဆောင်မှုကို ပညာရှိစွာ ထိန်းချုပ်ထားပါလေ။ သင့်ဘက်က အလျင်စလိုဖြစ်ပြီး သူ့ဘက်မှ လိုလိုလားလား တုံ့ပြန်မည်ဆိုလျှင် ထိုသူသည် အိမ်ထောင်ဖက်တစ်ဦးအဖြစ် သင့်တော်သူမဟုတ်ကြောင်း နောက်ပိုင်း သင်တွေ့ရှိရပေမည်။d သူ့ကို မေတ္တာသက်ဝင်ကြောင်း သင်ဖော်ပြခဲ့ပြီဖြစ်ရာ အဆက်ဖြတ်လိုက်မည်ဆိုလျှင် ယင်းလူငယ်မှာ အလွန်အမင်း စိတ်ထိခိုက်သွားနိုင်ပေသည်။

ကိုယ့်ပုံကိုယ်ဖော်

ဤလူငယ်သည်လည်း သင့်အား အကဲခတ်နေပုံရပေမည်! သင့်ဘုရားသခင်ရေးရာ အရည်အသွေးများကို သင်ထင်ရှားပြနေပါသလော။ “မိန်းကလေးအတော်များများဟာ လျောက်ပတ်စွာ မဝတ်စားကြတာကို ကျွန်မသတိထားမိတယ်။ သင့်ကို ဝိညာဉ်ရေးစိတ်ဓာတ်ရှိသူတစ်ယောက်က သတိပြုစေချင်ရင် ဣန္ဒြေရှိရှိ ဝတ်ဆင်ရပါမယ်” ဟု အစ္စဘဲလ်ကဆိုသည်။ ဖက်ရှင်လောကတွင် အဘယ်အရာပဲခေတ်စားနေပါစေ မိမိကိုယ်ကို “ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအားဖြင့် လျောက်ပတ်သောအဝတ်နှင့်” ဝတ်စားဆင်ယင်ခြင်းက ဘုရားသခင်ရေးရာစိတ်ထားရှိသည့် အမျိုးသားတစ်ဦးအတွက် ပို၍ဆွဲဆောင်စရာဖြစ်မည်။—၁ တိမောသေ ၂:၉။

ထို့အပြင် ခရစ်ယာန်လူငယ်များသည် “စကားပြောခြင်း . . . အရာမှာ ပုံသက်သေကိုပြ” ကြဖို့ သမ္မာကျမ်းစာက အားပေးတိုက်တွန်းသည်။ (၁ တိမောသေ ၄:၁၂) သင်၏ပြောဆိုပုံက သင့်အကြောင်း များစွာဖော်ပြပေးသည်။ အဆိုပါလူငယ်နှင့် စကားစမြည်ပြောဖို့ အခွင့်အရေးများရသည့်အခါ သင်အဘယ်သို့ပြုသင့်သနည်း။ သူသည် ရှက်တတ်သူဖြစ်မည်ဆိုလျှင် မသက်မသာနှင့် ကတုန်ကယင်ဖြစ်နေပေမည်။ အက်ဘီအမည်ရှိ အမျိုးသမီးငယ်တစ်ဦးက “သူဘယ်လိုတုံ့ပြန်မလဲဆိုတာသိဖို့ သင်ကစပြီး စကားစမြည်ပြောဆိုရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

မည်သို့အစပြုရမည်နည်း။ သင့်အကြောင်းကိုချည်း တောက်လျှောက် ပြောနေမည်ဆိုလျှင် သင့်အား ကိုယ်ကျိုးကိုအဓိကထားသူ၊ ဉာဏ်တိမ်သူဟု သူကောက်ချက်ချသွားနိုင်ပေသည်။ “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့” ဟု သမ္မာကျမ်းစာက အကြံပြုသည်။ (ဖိလိပ္ပိ ၂:၄) သူ့အကြောင်း သို့မဟုတ် သူစိတ်ဝင်စားရာများနှင့်ပတ်သက်၍ သင့်လျော်သည့်မေးခွန်းအနည်းငယ် မေးမြန်းခြင်းက သူ့အား ပွင့်ပွင့်လင်းလင်းပြောဆိုစေပါမည်။

ဤအချိန်သည် “လှည့်စားတတ်သောလျှာ” သို့မဟုတ် “သစ္စာမရှိသောနှုတ်” ဖြင့် မြှောက်ပင့်ပြောဆိုရမည့်အချိန် မဟုတ်ပေ။ (ဆာလံ ၁၂၀:၂) ပိုင်းခြားနားလည်တတ်သူ အမျိုးသားတစ်ဦးက ယင်းသို့သောမရိုးမသားပြောဆိုမှုကို သိမြင်ပါလိမ့်မည်။ တစ်ချိန်တည်းတွင် သူကြားလိုမည်အထင်ဖြင့် ထွေရာလေးပါးပြောဆိုခြင်းကိုလည်း ရှောင်သင့်၏။ အကယ်၍ သင်သည် ပို၍လေးနက်သည့်အကြောင်းအရာများဘက် ဦးလှည့်၍ သင်၏ဝိညာဉ်ရေးပန်းတိုင်များအဖြစ် အဆိုပါအကြောင်းအရာများကို စတင်ပြောဆိုဆွေးနွေးမည်ဆိုလျှင် အထူးသဖြင့် ပိုသတိထားသင့်ပေသည်။ သင့်ပင်ကိုအတိုင်း ရိုးရိုးသားသားနှင့် အမှန်အတိုင်း အမြဲပြောဆိုပါ။ သို့ပြုမှသာ သင်တို့နှစ်ဦးစလုံး တစ်နေရာတည်းသို့ ဦးတည်နေကြောင်း သိနိုင်ပေမည်။

တုံ့ပြန်မှုမရှိလျှင်ကော

ထိုသို့ သတိပညာရှိရှိ အားထုတ်သော်လည်း အချစ်မီးပွားက မစွဲညှိလျှင်ကော အသို့နည်း။ သီတင်းပတ်အတန်ကြာ၊ လအတန်ကြာအထိ သင့်အား စိတ်မဝင်စားဘဲဖြစ်နိုင်ပေသည်။ ယင်းကို သူရှက်နေ၍သာဖြစ်မည်ဟု ယူမှတ်သင့်သလော။ မိမိကိုယ်ကို ဤသို့မေးကြည့်နိုင်ပါသည်– ‘သူဟာ တကယ်ပဲ အဲလိုရှက်ကြောက်တတ်တယ်ဆိုရင် အိမ်ထောင်ပြုဖို့ အဆင်သင့်မှဖြစ်ပါ့မလား။ ငါ သူ့ကိုလက်ထပ်လိုက်ရင် မိသားစုရဲ့ဦးစီးအဖြစ် သူတာဝန်ယူနိုင်ပါ့မလား ဒါမှမဟုတ် ငါ့ကိုပဲ ဦးဆောင်ခိုင်းမှာလား။’ (၁ ကောရိန္သု ၁၁:၃) နောက်သုံးသပ်စရာမေးခွန်းတစ်ခုမှာ ‘သူဟာ တကယ်ပဲ ရှက်နေတာလား ဒါမှမဟုတ် ငါ့ကို ချစ်သူအဖြစ် စိတ်မဝင်စားလို့ပဲလား’ ဟူ၍ဖြစ်သည်။ ဒုတိယမေးခွန်းက နာကျင်စွာ ပြန်ရုပ်သိမ်းရဖို့အကြောင်းရှိစေမည်။ သို့သော် အဖြစ်မှန်ကိုလက်ခံလိုက်ခြင်းက ထပ်တူ ခံစားချက်မျိုးမရှိသူတစ်ဦးထံ ချစ်စိတ်ဝင်ကြောင်း ရင်ဖွင့်ပြခြင်းကြောင့် အရှက်တကွဲဖြစ်မှုမှ လွတ်ကင်းစေနိုင်ပါသည်။

ချစ်ကြိုက်သည့်လက္ခဏာကို သင်တွေ့ခဲ့ရသည်ဟု သင်ယူဆပေမည်။ သူသည် ယင်းကိုဖော်ပြဖို့ နှေးလွန်းနေခြင်းသာဖြစ်မည်၊ အနည်းငယ်တွန်းအားပေးလိုက်လျှင် တုံ့ပြန်မည်ဟု သင်ယူဆ၏။ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အစပြုဖို့ သင်ဆုံးဖြတ်မည်ဆိုလျှင် ယင်းသည် အရဲစွန့်ရသည့်ကိစ္စဖြစ်ကြောင်း အသိအမှတ်ပြုထားရမည်။ သင်ပြောရမည့်အရာကိုသာမက ပြောရမည့်အချိန်ကိုလည်း များစွာစဉ်းစားထားသင့်သည်။

ဥပမာ၊ သင်သည် “မေတ္တာသက်ဝင်” နေကြောင်း ဘွင်းဘွင်းကြီးပြောချလိုက်ခြင်းထက် ရေလာမြောင်းပေးလုပ်ခြင်းက ပို၍ကောင်းမည်ဟု သင်ဆုံးဖြတ်ပေမည်။ သက်သောင့်သက်သာရှိပြီး လျောက်ပတ်သည့် အခြေအနေတစ်ခုတွင် သူ့အား ပိုသိလိုခင်လိုကြောင်း ပြောဆိုနိုင်ပါသည်။ သင့်စကားများ မပြေမပြစ်ဖြစ်မည်ကို မစိုးရိမ်ပါနှင့်။ သင့်စကားလုံးများနောက်ဝယ်ရှိ ရိုးသားသောခံစားချက်များက စကားလုံးများထက် တာသွားပေမည်။ ထို့အပြင် သင်သည် စတင်ပိုးပန်းလိုသည့်ဆန္ဒကို ဖော်ပြခြင်းသာဖြစ်ပြီး လက်ထပ်ခွင့်တောင်းနေခြင်းမဟုတ်ကြောင်းကို သတိရပါလေ။ သို့သော် ယင်းက သူ့အား အံ့အားသင့်သွားစေနိုင်သည့်အတွက် သင်ပြောခဲ့ရာကို စဉ်းစားဖို့ သူ့အား အချိန်ပေးပါ။

ဤလူငယ်ကို သင်အမှန်တကယ်သိကျွမ်းလာကာ ကြင်နာပြီး ထောက်ထားစာနာတတ်သူဖြစ်မှန်း သင်သိမြင်ရပြီဆိုလျှင် မစာမနာတုံ့ပြန်ခံရမည် သို့မဟုတ် အရှက်ခွဲခံရမည်ကို စိုးရွံ့စရာမလိုတော့ချေ။ သို့သော် သူ၏အဖြေမှာ ကြင်နာမှုရှိသော်လည်း လက်မခံကြောင်းခိုင်လုံမည်ဆိုလျှင် သင်မည်သို့တုံ့ပြန်သင့်သနည်း။ အမျိုးသားငယ်တစ်ဦးကကော ယင်းသို့သောအခြေအနေမျိုးတွင် မည်သို့ပြုမူသင့်သနည်း။ နောင်ဆောင်းပါးတွင် ဤမေးခွန်းများကို သုံးသပ်ပါမည်။

[အောက်ခြေမှတ်ချက်များ]

a အမည်အချို့ကို ပြောင်းထားသည်။

b ဤဆောင်းပါးသည် အမျိုးသမီးငယ်များအတွက် ရည်ရွယ်သော်လည်း ကျမ်းစာအကြံပေးချက်သည် ပိုးပန်းဖို့စဉ်းစားနေသော အမျိုးသားငယ်များနှင့် အခြားသူများအတွက်လည်း အထောက်အကူရပါမည်။

c ကြိုတင်စီစဉ်ထားသည့် အိမ်ထောင်များသည် ပျော်ရွှင်မှုကင်းမဲ့စရာအကြောင်း မရှိချေ။ ဥပမာ၊ ကျမ်းစာခေတ်က ဣဇာက်နှင့် ရေဗက္ကတို့သည် ကြိုတင်စီစဉ်ပြီးမှ အိမ်ထောင်ပြုခဲ့ကြပြီး ဣဇာက်သည် “ရေဗက္ကကိုချစ်နှစ်မြို့” လေသည်။ (ကမ္ဘာဦး ၂၄:၆၇) ယင်းမှ အဘယ်သင်ခန်းစာရသနည်း။ ဒေသန္တရထုံးစံများသည် ဘုရားသခင့်ပညတ်နှင့် မဆန့်ကျင်သရွေ့ ယင်းတို့ကို အဆောတလျင် လျစ်လျူမရှုလိုက်ပါနှင့်။—တမန်တော် ၅:၂၉။

d ယေဟောဝါသက်သေများထုတ်ဝေသည့် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ်၏ အခန်း ၂၈ မှ ၃၁ က တစ်စုံတစ်ယောက်သည် သင့်တော်သည့် အိမ်ထောင်ဖက်ဖြစ်မဖြစ် ပိုင်းဖြတ်စေနိုင်ပါသည်။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သူ၏အပြုအမူကို အကဲခတ်ကြည့်ခြင်းဖြင့် သူ့အပေါ်ထားရှိသည့် သင့်ခံစားချက်များ ပြောင်းလဲသွားနိုင်

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

သင်သည် တစ်ဦးတစ်ယောက်ကို ချစ်စိတ်ဝင်နေသည်ဆိုလျှင် သူ့အားသိကျွမ်းထားသည့် တာဝန်ရှိ လူကြီးများနှင့် စကားပြောဆိုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ