စိန်ခေါ်ချက်များကို အောင်ပွဲဆင်သည့်မိခင်များ
ယနေ့ မိခင်များစွာအတွက် အဓိကစိန်ခေါ်ချက်မှာ မိသားစုကို တစ်ဖက်တစ်လမ်းမှ ငွေကြေးထောက်ပံ့ပေးရန် အလုပ်လုပ်ရခြင်းဖြစ်သည်။ ထို့ပြင် အချို့မိခင်များသည် အကြောင်းအမျိုးမျိုးကြောင့် အားကိုးအားထားစရာမရှိဘဲ မိမိတို့၏သားသမီးများကို ပျိုးထောင်ကြရသည်လည်းရှိ၏။
မက္ကဆီကိုနိုင်ငံမှ ကြင်ဖော်မဲ့မိခင် မာဂရိသာသည် သားသမီးနှစ်ယောက်ကို ကျွေးမွေးပြုစုနေရသူ ဖြစ်သည်။ သူဤသို့ပြောပြ၏– “သူတို့ကို ကျင့်ဝတ်ပိုင်းရော၊ ဝိညာဉ်ရေးပိုင်းကိုပါ လေ့ကျင့်ပေးရတာ ခက်လှပါတယ်။ သားတော်မောင် လူပျိုပေါက်အရွယ်တုန်းက ပါတီကနေ နည်းနည်းမူးပြီအိမ်ပြန်လာတယ်။ နောက်နောင်ဒီအချိုးမျိုးချိုးရင် အိမ်ထဲ အဝင်မခံဘူးလို့ သတိပေးလိုက်တယ်။ နောက်တစ်ကြိမ် ဒီလိုပဲမူးပြီးပြန်လာလို့ ရင်နာနာနဲ့ တံခါးမဖွင့်ပေးဘူး။ တော်ပါသေးတယ်၊ သူ ဒါမျိုးထပ်မလုပ်တော့ဘူး။”
ထို့နောက် မကြာမီတွင် မာဂရိသာသည် ကျမ်းစာကိုစတင်လေ့လာခဲ့ရာ သူ၏သားသမီးများတွင် ကျင့်ဝတ်စံနှုန်းများ သွတ်သွင်းပေးရန် အကူအညီဖြစ်ခဲ့သည်။ ယခုအခါ သားအမိနှစ်ဦးစလုံး ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်များဖြစ်နေကြပါသည်။
ခင်ပွန်းသည်များ တိုင်းတစ်ပါးသို့ထွက်သွားသည့်အခါ
ဖွံ့ဖြိုးမှုနည်းသည့်တိုင်းပြည်များရှိ ခင်ပွန်းအများစုသည် သားမယားတို့ကိုထားရစ်ခဲ့ကာ ပိုမိုကြွယ်ဝသောတိုင်းပြည်များသို့ ပြောင်းရွှေ့အလုပ်လုပ်ကြသည်။ နီပေါနိုင်ငံမှ မိခင်တစ်ဦးဖြစ်သည့် လက်ချ်မီးက ဤသို့ပြောပြသည်– “ကျွန်မခင်ပွန်း နိုင်ငံခြားသွားတာ ခုနစ်နှစ်ရှိပြီ။ ကလေးတွေက ကျွန်မရဲ့စကားကို သူတို့အဖေရဲ့စကားလောက် နားမဝင်ကြဘူး။ သူသာ ဒီမှာနေပြီး ဦးဆောင်သွားမယ်ဆိုရင် ပိုလွယ်မှာပဲ။”
လက်ချ်မီးသည် အခက်အခဲများကြားမှ စိန်ခေါ်ချက်များကို အောင်ပွဲဆင်နိုင်ခဲ့သည်။ သူသည် ပညာသိပ်မတတ်သောကြောင့် သားကြီးသမီးကြီးများကို ကျူရှင်ထားပေးခဲ့သည်။ သို့ရာတွင် သူတို့နှင့် ပတ်စဉ်ကျမ်းစာသင်အံမှု ပြုလုပ်ခြင်းအားဖြင့် သူတို့၏ဝိညာဉ်ရေးပညာကို အထူးအာရုံစိုက်ပေးသည်။ နေ့စဉ် ကျမ်းချက်တစ်ချက်ကို ဆွေးနွေးပေးပြီး သူတို့ကို ခရစ်ယာန်အစည်းအဝေးများသို့ ပုံမှန်ခေါ်သွားသည်။
ပညာရေးနည်းပါးသောမိခင်များ
နိုင်ငံတချို့ရှိ စိန်ခေါ်ချက်တစ်ခုမှာ အမျိုးသမီးများ စာမတတ်သည့်နှုန်း အတော်လေးမြင့်မားနေခြင်းဖြစ်သည်။ မက္ကဆီကိုနိုင်ငံမှ သားသမီးခြောက်ဦး၏မိခင်ဖြစ်သူ အော်ရီလီယားက ပညာမတတ်သောမိခင်တစ်ဦးဖြစ်ရခြင်း၏ နစ်နာမှုကို ဤသို့ရှင်းပြသည်– “မိန်းမဆိုတာ ပညာတတ်စရာမလိုဘူးဆိုပြီး ကျွန်မရဲ့အမေ အမြဲလိုလိုပြောလေ့ရှိတယ်။ ဒါကြောင့် ကျွန်မလည်း စာဖတ်တတ်အောင် မသင်ခဲ့တော့ ကိုယ့်သားသမီးတွေရဲ့အိမ်စာတွေ ကူလုပ်မပေးနိုင်ခဲ့ဘူး။ စိတ်ထိခိုက်စရာပါပဲ။ ဒါပေမဲ့ ကျွန်မလို နာကျင်မှုမခံစားရစေဖို့ သူတို့လေးတွေ ပညာတတ်ဖြစ်အောင် ကျွန်မကြိုးစားတယ်။”
တတ်ထားသည့် ပညာအနည်းငယ်နှင့်ပင် မိခင်တစ်ဦး ထူးထူးခြားခြား လုပ်နိုင်ပါသည်။ “အမျိုးသမီးများကို ပညာသင်ပေးခြင်းသည် အမျိုးသားများ၏ဆရာများကို ပညာသင်ပေးနေခြင်းဖြစ်သည်” ဟူသည့်ဆိုရိုးစကားမှာ မှန်ကန်ပါသည်။ နီပေါနိုင်ငံမှ သားသုံးဦး၏မိခင်ဖြစ်သူ ဗစ်ရှ်နူးမှာ စာမတတ်သူဖြစ်ခဲ့သည်၊ သို့သော် ကျမ်းစာအမှန်တရားကို သင်ယူလိုစိတ်နှင့် မိမိ၏ကလေးများအား သွန်သင်ပေးလိုစိတ်တို့ကြောင့် အရေးအဖတ်ကို ကြိုးစားသင်ယူခဲ့သည်။ သူ၏ကလေးများ အိမ်စာလုပ်ဖြစ်အောင်လုပ်ခိုင်းသည်၊ သူတို့၏ကျောင်းသို့ မှန်မှန်သွားပြီး ဆရာ/မများနှင့် သွားရောက်ဆွေးနွေးခဲ့သည်။
ဗစ်ရှ်နူး၏သားဖြစ်သူ ဆီးလပ်ရှ်က မိမိတို့၏ဝိညာဉ်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ပညာပေးရေးနှင့်ပတ်သက်၍ ဤသို့ရှင်းပြသည်– “အမေ့ရဲ့ကြိုးစားသွန်သင်မှုတွေထဲမှာ အကြိုက်ဆုံးကတော့ ကျွန်တော်တို့အမှားလုပ်မိတဲ့အခါ ကျမ်းစာနမူနာတွေသုံးပြီး တည့်မတ်ပေးတယ်။ ဒီသွန်သင်နည်းက ထိရောက်ပြီး ဆုံးမပဲ့ပြင်မှုကို လက်ခံအောင် ကူညီပေးတယ်။” ဗစ်ရှ်နူးသည် သားများအား အောင်မြင်စွာ ပညာပေးနိုင်ခဲ့ပါသည်၊ သားသုံးဦးစလုံး ဘုရားသခင်အား ကြောက်ရွံ့သည့်လူငယ်များဖြစ်ကြသည်။
သားသမီးနှစ်ဦးကို ပျိုးထောင်ရသူ မက္ကဆီကိုနိုင်ငံမှ မိခင်တစ်ဦးဖြစ်သည့် အဲန်တိုနီးယားက ဤသို့ဆိုသည်– “ကျွန်မက မူလတန်းပဲ နေခဲ့ရတယ်။ ဝေးခေါင်တဲ့ရွာတစ်ရွာမှာ နေရတော့ အနီးဆုံးဖြစ်တဲ့ အလယ်တန်းကျောင်းတောင် သိပ်ဝေးတယ်။ ဒါပေမဲ့ ကျွန်မရဲ့သားသမီးတွေကို ကျွန်မထက်ပိုပြီး ပညာတတ်စေချင်လို့ သူတို့အတွက် အချိန်အများကြီးပေးခဲ့တယ်။ သူတို့ကို အေဘီစီနဲ့ ဂဏန်းတွေ သင်ပေးတယ်။ ကျွန်မရဲ့သမီးဆိုရင် ကျောင်းမတက်ခင်ကတည်းက သူ့နာမည်ကို စာလုံးပေါင်းတတ်နေပြီ၊ အက္ခရာတွေအားလုံးကို ရေးတတ်နေပြီ။ ကျွန်မရဲ့သားကလည်း မူကြိုတက်တဲ့အချိန်မှာ စာကောင်းကောင်းဖတ်တတ်နေပြီ။”
ဝိညာဉ်ရေးနှင့် ကျင့်ဝတ်ကို သင်ပေးရန် သူ အဘယ်အရာ လုပ်ဆောင်ခဲ့ကြောင်းမေးသည့်အခါ အဲန်တိုနီးယားက ဤသို့ရှင်းပြသည်– “ကျွန်မ သူတို့ကို ကျမ်းစာပုံပြင်သင်ပေးတယ်။ ကျွန်မသမီး စကားမပြောတတ်ခင်ကတည်းက အမူအရာတွေသုံးပြီး ကျမ်းစာပုံပြင်တွေ ပြောတတ်နေပြီ။ ကျွန်မရဲ့သားက လေးနှစ်အရွယ်မှာပဲ ခရစ်ယာန်အစည်းအဝေးတွေမှာ ပထမဆုံးကျမ်းစာဖတ်ရှုခြင်းတာဝန်ကို ထမ်းဆောင်ခဲ့တယ်။” ပညာရေးနည်းပါးသည့် မိခင်များစွာသည် ပညာပေးသူများအဖြစ် စိန်ခေါ်ချက်များကို အောင်ပွဲဆင်နေကြပါပြီ။
ထိခိုက်စေသောဓလေ့ထုံးစံများကို တွန်းလှန်ခြင်း
မက္ကဆီကိုနိုင်ငံမှ စိုစယ်လ်တိုင်းရင်းသားများတွင် အသက် ၁၂၊ ၁၃ နှစ်အရွယ်သမီးများကို အိမ်ထောင်ပြုရန် ရောင်းစားသည့်ထုံးစံရှိသည်။ အများအားဖြင့် မိန်းကလေးများကို ဒုတိယ သို့မဟုတ် တတိယဇနီးရရှိလိုသည့် များစွာအသက်ကွာသူတစ်ဦးထံ ရောင်းစားလေ့ရှိကြသည်။ ထိုအမျိုးသားက မိန်းကလေးကို စိတ်ကုန်သွားလျှင် မိခင်ထံပြန်အပ်ပြီး သူ၏ငွေကိုပြန်တောင်းနိုင်သည်။ ပက်ထရိုနာသည် ကလေးဘဝတွင် ယင်းထုံးစံနှင့် ရင်ဆိုင်ခဲ့ရသည်။ မိခင်ဖြစ်သူမှာ ရောင်းစားခံရသော ဇနီးတစ်ဦးဖြစ်ခဲ့ရာ သားတစ်ယောက်မွေးပြီးနောက် ကွာရှင်းခြင်းခံလိုက်ရသည်—ယင်းအဖြစ်သနစ်အားလုံးသည် ၁၃ နှစ်အရွယ်တွင် ဖြစ်ပျက်ခဲ့သည်! သားဦးသေဆုံးသွားခဲ့ပြီး ပက်ထရိုနာ၏မိခင်က နောက်ထပ်နှစ်ကြိမ် ရောင်းစားခဲ့သည်။ စုစုပေါင်း သားသမီးရှစ်ဦးမွေးဖွားခဲ့ရသည်။
ပက်ထရိုနာသည် ထိုသို့သောဘဝကို ရှောင်ကွင်းလိုရာ မည်သို့လုပ်ဆောင်နိုင်ခဲ့ပုံကို ဤသို့ရှင်းပြသည်– “ကျွန်မ မူလတန်းကျောင်းပြီးသွားတော့ အိမ်ထောင်မပြုချင်ဘူး၊ ကျောင်းပဲဆက်တက်ချင်တယ်ဆိုပြီး အမေ့ကိုပြောပြတယ်။ အမေက အဲဒီကိစ္စနဲ့ပတ်သက်လို့ အမေဘာမှ မတတ်နိုင်ဘူး၊ အဖေ့ကို ပြောကြည့်လို့ပဲ ပြောတယ်။”
“မင်းကို ငါ အိမ်ထောင်ချပေးတော့မယ်၊ မင်း စပိန်စကားတတ်တယ်။ စာဖတ်တတ်တယ်။ ဘာလိုသေးလဲ။ တကယ်လို့ မင်းကျောင်းဆက်တက်မယ်ဆိုရင်တော့ ကိုယ့်ကျောင်းစရိတ်ကို ကိုယ်ဘာသာကိုယ်ရှာ” ဆိုပြီး အဖေက ပြောတယ်။
“အဲဒီအတိုင်း ကျွန်မလုပ်ခဲ့တယ်” ဟုပတ်ထရိုနာက ရှင်းပြသည်။ “ကျွန်မရဲ့အသုံးစရိတ်အတွက် ငွေရအောင် အထည်တွေကို ပန်းထိုးတယ်။” ဤသို့ဖြင့် ရောင်းစားခံရမည့်အခြေအနေမှ လွတ်မြောက်ခဲ့လေသည်။ ပက်ထရိုနာ အရွယ်ရောက်လာချိန်တွင် သူ၏မိခင်သည် ကျမ်းစာကို စတင်လေ့လာခဲ့သဖြင့် ယင်းက ပက်ထရိုနာ၏ညီမများတွင် ကျမ်းစာအခြေပြုစံနှုန်းများကို သွတ်သွင်းပေးရန် သတ္တိရှိစေခဲ့သည်။ သမီးလေးများအား အိမ်ထောင်ပြုရန် ရောင်းစားသည့်ထုံးစံကြောင့်ရရှိသည့် ဝမ်းနည်းဖွယ်ဆိုးကျိုးများအကြောင်း မိခင်၏ကိုယ်တိုင်အတွေ့အကြုံကို သက်သေထားကာ သွန်သင်ပေးနိုင်ခဲ့သည်။
နောက်ထပ်ထုံးစံတစ်ခုမှာ မိသားစုတွင် သားများကို ဖခင်ကသာ ဆုံးမပဲ့ပြင်ရသည့်ထုံးစံဖြစ်သည်။ ပက်ထရိုနာ ဤသို့ရှင်းပြသည်– “စိုစယ်လ်အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်ဆိုပြီး သွန်သင်ခံရကြတယ်။ အမျိုးသားတွေက သိပ်ပြီးဗိုလ်ကျကြီးစိုးကြတယ်။ ယောက်ျားလေးတွေက သူတို့ရဲ့အဖေကို အတုခိုးကြတယ်၊ ‘ကျွန်တော်ဘာလုပ်ရမယ်ဆိုတာ အမေပြောစရာမလိုဘူး။ အဖေက ဘာမှမပြောရင် ကျွန်တော်နားမထောင်ဘူး’ ဆိုပြီး မိခင်လုပ်တဲ့သူတွေကို ပြန်ပြောတတ်ကြတယ်။ ဒါကြောင့် မိခင်တွေဟာ ကိုယ့်ရဲ့သားတွေကို ပညာသင်ပေးဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ အခု ကျွန်မရဲ့အမေက ကျမ်းစာလေ့လာနေပြီဆိုတော့ မောင်လေးတွေကို သွန်သင်ပေးနိုင်ပြီ။ ‘သားသမီးတို့၊ . . . မိဘစကားကိုနားထောင်ကြလော့။ မိဘကို ရိုသေစွာပြုလော့’ လို့ဆိုထားတဲ့ ဧဖက် ၆:၁၊ ၂ ကို သူတို့ သိနေကြပြီ။”
နိုင်ဂျီးရီးယာနိုင်ငံမှ မိခင်တစ်ဦးဖြစ်သူ မေရီကလည်း ဤသို့ပြောသည်– “ကျွန်မကြီးပြင်းလာရာဒေသမှာ ယောက်ျားလေးတွေကို အမေဖြစ်တဲ့သူက ဆုံးမသွန်သင်ခွင့်မရှိတဲ့ ထုံးစံရှိထားတယ်။ ဒါပေမဲ့ တိမောသေရဲ့အဘွားနဲ့ အမေဖြစ်တဲ့ လောဣနဲ့ ဥနိတ်တို့ရဲ့ ကျမ်းစာပုံနမူနာကို လိုက်ပြီး ဒေသထုံးစံတွေကြောင့် သားတွေကို မသွန်သင်ဘဲမနေဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်။”—၂ တိမောသေ ၁:၅။
နိုင်ငံတချို့တွင် လူအများကျင့်သုံးနေကျ ထုံးစံမှာ “အမျိုးသမီးအရေဖျားလှီးခြင်း” ဟုခေါ်သည့် ထုံးစံဖြစ်ပြီး ယခုအခါ အများစုက မိန်းမကိုယ်ခွဲစိတ်ဖြတ်တောက်ခြင်း (အက်ဖ်ဂျီအမ်) ဟု ခေါ်ကြသည်။ မိန်းမကိုယ် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးနီးပါးကို ဖယ်ရှားခွဲထုတ်ပစ်ခြင်းဖြစ်သည်။ ထိုထုံးစံကို နာမည်ကျော်ဖက်ရှင်မော်ဒယ်လည်းဖြစ်၊ ကုလသမဂ္ဂ၏လူဦးရေရန်ပုံငွေအအဖွဲ့၏ အထူးသံအမတ်ကြီးလည်းဖြစ်သူ ဝေါရစ္စဒီးရီးက လူသိရှင်ကြားကြေညာခဲ့ခြင်းဖြစ်သည်။ သူသည် ကလေးဘဝတွင် ဆိုမားလီးယားထုံးစံအရ မိခင်ဖြစ်သူ၏ ခွဲစိတ်ဖြတ်တောက်ပေးခြင်း ခံခဲ့ရသည်။ သတင်းတစ်ပုဒ်အရ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့တွင် မိန်းကလေး ကြီးကြီးငယ်ငယ် ရှစ်သန်းမှ ဆယ်သန်းကြား မိန်းမကိုယ်ခွဲစိတ်ဖြတ်တောက်ခံရမည့် အန္တရာယ်ကြုံနေကြသည်။ အမေရိကန်ပြည်ထောင်စု၌ပင် မိန်းကလေး ၁၀,၀၀၀ ခန့်သည် ထိုအန္တရာယ်ကြုံရလျက်ရှိသည်။
အဘယ်ယုံကြည်ချက်များကြောင့် ယင်းထုံးစံဖြစ်လာရသနည်း။ အမျိုးသမီးများ၏ မိန်းမကိုယ်သည် အပြစ်ဖြစ်သည်၊ ညစ်ညူးစေပြီး အိမ်ထောင်ပြုရန်မသင့်သော အခြေအနေရောက်စေသည်ဟု တချို့က ယူဆကြသည်။ ထို့အပြင် ဤသို့ခွဲစိတ်ဖြတ်ထုတ်ပစ်ခြင်းက ကလေး၏အပျိုစင်ဖြစ်မှုနှင့် မဖောက်ပြန်မှုတို့အတွက် အာမခံချက်အဖြစ် ယူမှတ်ကြသည်။ ဤထုံးစံအတိုင်း မိခင်ဖြစ်သူက မလုပ်ဆောင်လျှင် ခင်ပွန်းနှင့် ရပ်ကွက်က အမျက်ထွက်ကြသည်။
သို့ရာတွင် ဤနာကျင်စေသည့်ထုံးစံကို ထောက်ခံရန် မည်သည့် ဘာသာရေး၊ ဆေးပညာ သို့မဟုတ် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ ခိုင်လုံသောအကြောင်းရင်းမရှိကြောင်း မိခင်များစွာ သဘောပေါက်လာကြပါသည်။ စက်ဆုပ်ဖွယ်ဓလေ့ထုံးစံများကို ငြင်းပယ်ခြင်းဟူသည့် နိုင်ဂျီးရီးယားစာအုပ်တွင် မိခင်များစွာသည် မိမိတို့၏သမီးများအတွက် ယင်းဓလေ့ထုံးစံကို သတ္တိရှိရှိငြင်းဆိုကြသည်ဟု ဖော်ပြထားသည်။
မှန်ပါသည်၊ ကမ္ဘာတစ်ဝန်းရှိ မိခင်များသည် စိန်ခေါ်ချက်များစွာရှိသည့်ကြားမှ ၎င်းတို့၏သားသမီးများကို အောင်မြင်စွာ အကာအကွယ်ပေး၊ ပညာသင်ပေးနေကြပါသည်။ မိခင်တို့၏ကြိုးစားအားထုတ်မှုများသည် အမှန်လေးမြတ်ခံရပါသလော။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
“အမျိုးသမီးများ အဓိကအခန်းကဏ္ဍမှမပါဘဲ ထိရောက်ဖွံ့ဖြိုးနိုင်သည့်နည်းဟူ၍မရှိကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။ အမျိုးသမီးများ အပြည့်အဝပါဝင်လာသည့်အခါ ချက်ချင်း အကျိုးဖြစ်ထွန်းလာနိုင်သည်၊ မိသားစုများသည် ပိုမိုကျန်းမာလာပြီး ဝဝလင်လင်ဖြစ်လာကြသည်။ ၎င်းတို့၏ဝင်ငွေ၊ စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာသည်။ ဤသည်မှာ မိသားစုအတွက်သာမက တစ်ရပ်ကွက်လုံး၊ ထိုမှတစ်ဖန် တိုင်းပြည်တစ်ခုလုံး ကိုပင် အလားတူ အကျိုးပြုပါသည်။”—ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်၊ မတ် ၈၊ ၂၀၀၃။
[Credit Line]
UN/DPI photo by Milton Grant
[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ကျွန်တော်တို့အတွက် စွန့်လွှတ်အနစ်နာခံခဲ့
ဘရာဇီးလ်လူငယ်တစ်ဦးဖြစ်သူ ဂျူလီယာနိုက ဤသို့ပြောပြသည်– “ကျွန်တော်ငါးနှစ်သားအရွယ်တုန်းက အမေ့မှာ အလုပ်ကောင်းကောင်းရှိခဲ့တယ်။ ဒါပေမဲ့ ညီမလေးမွေးတော့ အလုပ်ထွက်ပြီး ကျွန်တော်တို့ကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အလုပ်က အကြံပေးပုဂ္ဂိုလ်တွေက အလုပ်မထွက်ဖို့ လာပြီးဖျောင်းဖျကြတယ်။ သားသမီးတွေ ကြင်ရာစုံပြီး အိမ်ကထွက်သွားတဲ့အခါ သူတို့တွေအတွက် ပေးဆပ်ခဲ့သမျှ အလကားဖြစ်သွားမယ်၊ ကိုယ့်အတွက် ဘာအကျိုးအမြတ်မှပြန်မလာတဲ့အရာမှာ ရင်းနှီးမြှုပ်နှံနေတာပဲဆိုပြီး အမေ့ကိုပြောကြတယ်။ ဒါပေမဲ့ သူတို့တွေ မှားသွားတယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်၊ အမေ့ရဲ့မေတ္တာတရားကို ကျွန်တော် ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။”
[ရုပ်ပုံများ]
ဂျူလီယာနို၏မိခင်နှင့် သားသမီးများ။ ဝဲဘက်– ငါးနှစ်အရွယ် ဂျူလီယာနို
[စာမျက်နှာ ၆ ပါ ရုပ်ပုံများ]
ဗစ်ရှ်နူးသည် အရေးအဖတ် သင်ယူခဲ့ပြီး မိမိ၏သားများ ပညာရေးကောင်းရန် ကူညီပေးခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
အဲန်တိုနီးယား၏သားငယ်သည် ခရစ်ယာန်အစည်းအဝေးများတွင် ကျမ်းစာဖတ်ရှုခြင်းတာဝန် ထမ်းဆောင်နေ
[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]
ပတ်ထရိုနာသည် မက္ကဆီကိုနိုင်ငံ၊ ယေဟောဝါသက်သေများ၏ ဌာနခွဲတွင် စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သည်။ သက်သေခံတစ်ဦး ဖြစ်လာသော သူ၏မိခင်သည် ပက်ထရိုနာ၏ မောင်နှမငယ်များကို သွန်သင်ပေးနေ
[စာမျက်နှာ ၈ ပါ ရုပ်ပုံများ]
ဝေါရစ္စဒီးရီးသည် မိန်းမကိုယ်ခွဲစိတ်ဖြတ်တောက်မှုကို ဆန့်ကျင်သည့် နာမည်ကျော် ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်
[Credit Line]
Photo by Sean Gallup/Getty Images