ဂုဏ်ယူဖွယ် မိခင်အခန်းကဏ္ဍ
မိခင်၏အခန်းကဏ္ဍသည် မကြာခဏဆိုသလို တန်ဖိုးထားခြင်းမခံရသည့်အပြင် အထင်အမြင်သေးခြင်းပင်ခံရတတ်သည်။ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်မှစ၍ လူတချို့သည် သားသမီးပြုစုစောင့်ရှောက်ရေးတာဝန်ကို သေးသိမ်အောင် လုပ်လာကြသည်။ ယင်းသည် ဝမ်းရေးလုပ်ငန်းလောက် အရေးမပါသည့်တာဝန်ဖြစ်ပြီး ဖိစီးမှုတစ်မျိုးဟုပင် ယူဆကြသည်။ အဆိုပါသဘောထားသည် အစွန်းရောက်ကြောင်း လူအများစု သိကြမည်ဖြစ်သော်လည်း များသောအားဖြင့် မိခင်များ၏စိတ်ဝယ် အိမ်မှုပြုသူဖြစ်ရခြင်းနှင့် သားသမီးများ ပြုစုစောင့်ရှောက်ခြင်းကို ဒုတိယတန်းစားအလုပ်မျိုးဖြစ်သည်ဟု ခံစားသွားရစေသည်။ အမျိုးသမီးတစ်ဦးသည် အစွမ်းအစအပြည့်ရှိကြောင်း ဖော်ပြရန် အိမ်အပြင်ထွက် အလုပ်လုပ်ဖို့ လိုသည်ဟုပင် တချို့ယူဆကြသည်။
သို့တိုင် ခင်ပွန်းနှင့် သားသမီး များစွာတို့သည် မိသားစုတွင် မိခင်၏အခန်းကဏ္ဍကို လေးမြတ်တတ်လာကြသည်။ ဖိလစ်ပိုင်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် အမှုဆောင်နေသော ကာလိုက ဤသို့ရှင်းပြသည်– “ကျွန်တော် ခုလို ဒီနေရာမှာရှိနေတာ အမေ့ရဲ့ လေ့ကျင့်ပေးမှုကြောင့်ပဲ။ ကျွန်တော့်အဖေက စည်းကမ်းကြီးတော့ ချက်ချင်း အပြစ်ပေးတတ်တယ်၊ အမေကတော့ အကျိုးအကြောင်း ရှင်းပြပြီး ဆုံးမသွန်သင်ပေးခဲ့တယ်။ အမေ့ရဲ့သွန်သင်နည်းကို ကျွန်တော် သိပ်တန်ဖိုးထားတယ်။”
တောင်အာဖရိကနိုင်ငံရှိ ပီတာသည် ပညာရည်နည်းပါးသော မိခင်တစ်ဦး၏ ပြုစုပျိုးထောင်မှုအောက်ရှိ သားသမီးခြောက်ဦးအနက်တစ်ဦးဖြစ်သည်။ ဖခင်ဖြစ်သူသည် မိသားစုကို စွန့်သွားသည်။ ပီတာက ဤသို့ဇာတ်ကြောင်းပြန်ပြသည်– “အမေဟာ အိမ်မှုကိစ္စတွေ သိမ်းကျုံးလုပ်ပေးရတဲ့ အိမ်ဖော်တစ်ယောက်အနေနဲ့ ဝင်ငွေ ဘယ်သိပ်များမှာလဲ။ ကျွန်တော်တို့အားလုံးအတွက် ကျောင်းစရိတ်ပေးဖို့ ခက်ခဲတယ်။ ဗိုက်ဆာဆာနဲ့အိပ်ရာဝင်ခဲ့ရတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူး။ ကျွန်တော်တို့တွေ အမိုးအောက်လေးမှာ နေရဖို့တောင် အနိုင်နိုင်ရှာပေးနေရတာ။ ဒီလောက်ခက်ခဲနေတာတောင် အမေ ဘယ်တော့မှလက်မလျှော့ခဲ့ဘူး။ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်နဲ့ဆိုပြီး ကျွန်တော်တို့ကို ဆုံးမလေ့ရှိတယ်။ အမေ့ရဲ့ သတ္တိရှိရှိ ပြုစုစောင့်ရှောက်ပေးမှုကြောင့်သာမဟုတ်ရင် ကျွန်တော်တို့တစ်တွေ ဘဝကို ဘယ်လိုမှ ခုလို ရင်ဆိုင်နိုင်ကြမှာ မဟုတ်ဘူး။”
နိုင်ဂျီးရီးယားခင်ပွန်းသည်တစ်ဦးဖြစ်သူ အာမက်က သားသမီးများကို ပျိုးထောင်ရာတွင် ဇနီးဖြစ်သူ၏ကူညီထောက်မမှုနှင့်ပတ်သက်ပြီး သူ၏ခံစားချက်ကို ဤသို့ထုတ်ပြောသည်– “ကျွန်တော့်ဇနီးရဲ့အခန်းကဏ္ဍကို ကျွန်တော်တန်ဖိုးထားတယ်။ ကျွန်တော် အိမ်မှာမရှိတဲ့အခါ သားသမီးတွေ ကောင်းကောင်းစောင့်ရှောက်ခံရမယ်ဆိုတာ စိတ်ချနေတယ်။ ကျွန်တော့်ကိုပြိုင်နေတယ်လို့သဘောထားမယ့်အစား သူ့ကို ကျေးဇူးတင်တယ်၊ ကျွန်တော့်ကိုလေးစားသလို မိခင်ကိုလေးစားဖို့ ကလေးတွေကို သင်ပေးတယ်။”
ပါလက်စတိုင်းအမျိုးသားတစ်ဦးက မိခင်တစ်ဦးအဖြစ် ဇနီး၏အောင်မြင်မှုကို ဤသို့ချီးမွမ်းဖို့အသင့်ပင်– “လီနာဟာ သမီးလေးအတွက်ကော မိသားစုရဲ့ဝိညာဉ်ရေးကို ထောက်ကူပေးတဲ့နေရာမှာပါ အများကြီးလုပ်ဆောင်ပေးတယ်။ ကျွန်တော်အမြင်အရ သူ့ရဲ့ပြီးမြောက်အောင်မြင်မှုဟာ သူ့ရဲ့ဘာသာရေးယုံကြည်ချက်တွေကြောင့်ပဲ။” လီနာသည် ယေဟောဝါသက်သေတစ်ဦးဖြစ်ပြီး ကျမ်းစာမူများအတိုင်း သမီးဖြစ်သူကို သွန်သင်လမ်းပြပေးသည်။
အဆိုပါကျမ်းစာမူတချို့ကား အဘယ်နည်း။ မိခင်များအပေါ် သမ္မာကျမ်းစာရှုမြင်ပုံနှင့်ပတ်သက်၍ အဘယ်အရာပြောနိုင်သနည်း။ သားသမီးတို့၏ သွန်သင်လမ်းပြသူများဖြစ်သော ရှေးခေတ်မှမိခင်များသည် မည်သို့ရိုသေလေးမြတ်ခံကြရသနည်း။
မိခင်များအပေါ် မျှမျှတတ
ဖန်ဆင်းခံရစဉ်က အမျိုးသမီးသည် မိသားစုအစီအစဉ်တွင် ဂုဏ်ယူဖွယ်တာဝန်တစ်ရပ် အပ်နှင်းခံရ၏။ သမ္မာကျမ်းစာ၏အဖွင့်ကျမ်းတွင် ဤသို့ဆိုထားသည်– “ထာဝရအရှင်ဘုရားသခင်ကလည်း ‘ယောက်ျားသည် တစ်ယောက်တည်းမနေကောင်း သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်’ ဟု အကြံရှိတော်မူ၏။” (ကမ္ဘာဦး ၂:၁၈) သို့ဖြစ်၍ ပထမဆုံးအမျိုးသမီး ဧဝသည် အာဒံ၏ဖြည့်ဖက်၊ ဂုဏ်ရည်တူလက်တွဲဖော်ဖြစ်သည်။ သူသည် အာဒံအတွက် ပြစ်မျိုးမှဲ့မထင် အထောက်အမအဖြစ် ဖန်ဆင်းခံခဲ့ရသည်။ သူသည် သားသမီးများမွေးဖွားပြီး သူတို့ကိုပြုစုဖို့သာမက မြေကြီးနှင့် တိရစ္ဆာန်များကို ကြည့်ရှုရမည့် ဘုရားသခင့်ရည်ရွယ်ချက်တွင် တစ်စိတ်တစ်ပိုင်းမှ ပါဝင်သည်။ အဆွေခင်ပွန်းစစ်တစ်ဦး၏ ဉာဏ်ဆိုင်ရာလှုံ့ဆော်မှုနှင့် ထောက်မမှုတို့ ပေးရမည်။ ဖန်ဆင်းရှင်ထံမှ ဤလှပသောလက်ဆောင်မွန်ကိုရရှိသည့်အတွက် အာဒံပျော်လိုက်မည်ဖြစ်ခြင်း!—ကမ္ဘာဦး ၁:၂၆-၂၈; ၂:၂၃။
နောက်ပိုင်းတွင် အမျိုးသမီးများကို မည်သို့ဆက်ဆံရမည်နှင့်ပတ်သက်၍ ဘုရားသခင်က လမ်းညွှန်ချက်များပေးခဲ့သည်။ သာဓကအနေနှင့် ဣသရေလမိခင်များကို ဂုဏ်တင်ကြရန်နှင့် အထင်အမြင်မသေးရန်တို့ဖြစ်သည်။ သားတစ်ဦးက “မိဘကိုကျိန်ဆဲ” မည်ဆိုလျှင် သေထိုက်၏။ ခရစ်ယာန်လူငယ်များသည် “မိဘစကားကိုနားထောင်ကြ” ရန်တိုက်တွန်းခံရကြသည်။—ဝတ်ပြုရာ ၁၉:၃; ၂၀:၉; ဧဖက် ၆:၁; တရားဟောရာ ၅:၁၆; ၂၇:၁၆; သု. ၃၀:၁၇။
ခင်ပွန်း၏ညွှန်ကြားမှုအောက်တွင် မိခင်ဖြစ်သူသည် သားသမီးများအား ပညာပေးသူဖြစ်ခဲ့ကြသည်။ သားဖြစ်သူသည် “အမိပေးသောတရားကို မပယ်နှင့်” ဟုမိန့်မှာခံရသည်။ (သု. ၆:၂၀) ထို့အပြင် နယပုံပြင်အခန်းကြီး ၃၁ တွင် “လေမွေလမင်းကြီး၏မယ်တော်သည် သားကိုဆုံးမသွန်သင်သောတရားစကား” ကိုဖော်ပြထားသည်။ မယ်တော်သည် သားဖြစ်သူအား သေရည်သေရက်မတော်မလျော်အသုံးပြုခြင်းကို ရှောင်ကြဉ်ရန် ပညာရှိစွာ ဤသို့ညွှန်ကြားခဲ့သည်– “စပျစ်ရည်သောက်သောအမှုနှင့် သေရည်သေရက်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသားတို့နှင့် မတော်မသင့်။ သူတို့သည်သောက်လျက် တရားတော်ကိုမေ့လျော့၍ ဆင်းရဲသားအမှုကို မတရားသဖြင့်စီရင်ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။”—သု. ၃၁:၁၊ ၄၊ ၅။
ထို့အပြင် အိမ်ထောင်ပြုရန် ရည်စူးနေသည့် လူငယ်တိုင်း “သီလနှင့်ပြည့်စုံသောမိန်းမ” အဖြစ် လေမွေလမင်းကြီး၏မယ်တော်က သရုပ်ဖော်ထားသည့် “ထိုသို့သောမိန်းမသည် ပတ္တမြားထက်အဖိုးသာ၍ထိုက်ပေ၏” ဟူသောစကားကို သုံးသပ်ကြည့်လျှင် ပညာရှိရာရောက်ပါမည်။ ထို့နောက် အိမ်ထောင်တစ်ခုအတွက် ထိုသို့သောဇနီးတစ်ဦး၏အရေးပါမှုကို ဖော်ပြပြီးနောက် မင်းကြီး၏မယ်တော်က ဤသို့ဆိုသည်– “ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား ချီးမွမ်းခြင်းကိုခံရလိမ့်မည်။” (သု. ၃၁:၁၀-၃၁) ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် အမျိုးသမီးများကို ဂုဏ်ရှိသည့်နေရာ၊ မိသားစုတွင် တာဝန်ရှိအနေအထား၌ နေရာပေးထားကြောင်း ရှင်းနေပါသည်။
ခရစ်ယာန်အသင်းတော်တွင် ဇနီးများနှင့် မိခင်များသည်လည်း ဂုဏ်တင်ခံရကြပြီး တန်ဖိုးထားခံရကြသည်။ ဧဖက် ၅:၂၅ တွင်ဤသို့ဆိုသည်– “အချင်းယောက်ျားတို့ . . . ကိုယ်ခင်ပွန်းကိုချစ်ကြလော့။” မိခင်နှင့် အဘွားဖြစ်သူတို့က “ကျမ်းစာ” ကိုလေးစားတတ်ရန် မွေးမြူပျိုးထောင်ပေးကြသည့် လူငယ်တိမောသေသည် ဤမှုတ်သွင်းခံသွန်သင်ချက်ကို ရရှိခဲ့သည်– “အသက်ကြီးသောမိန်းမတို့ကို အမိကဲ့သို့ . . . မှတ်၍ကျင့်လော့။” (၂ တိမောသေ ၃:၁၅; ၁ တိမောသေ ၅:၁၊ ၂) ထို့ကြောင့် အမျိုးသားတစ်ဦးသည် အသက်ကြီးသောအမျိုးသမီးတစ်ဦးကို အမိသဖွယ်လေးစားသင့်သည်။ မှန်ပါသည်၊ ဘုရားသခင်သည် အမျိုးသမီးများကို တန်ဖိုးထားပြီး ဂုဏ်ရှိသည့်အနေအထားတွင် ထားရှိပါသည်။
သင့်လေးမြတ်မှုကိုဖော်ပြပါ
အမျိုးသမီးများကို နိမ့်ကျသူများအဖြစ် ရှုမြင်သည့်ယဉ်ကျေးမှုတစ်ခုတွင် ကြီးပြင်းလာသည့် အမျိုးသားတစ်ဦးက ဤသို့ပြန်ပြောပြသည်– “ကျွန်တော်ဟာ အမျိုးသားတွေကို အဓိကထားတဲ့ ပညာရေးကို ဆည်းပူးခဲ့ပြီး အမျိုးသမီးတွေကို မတော်မလျော်၊ မလေးမစားဆက်ဆံခဲ့တယ်။ ဒါကြောင့် အမျိုးသမီးတွေကို ဖန်ဆင်းရှင်ရှုမြင်သလို မိသားစုမှာ ဖြည့်ဖက်နဲ့ ကူဖော်လောင်ဖက်အဖြစ်ရှုမြင်ဖို့၊ ကျွန်တော့်ရဲ့သားသမီးတွေကို ပညာပေးသူတစ်ဦးအဝင်အဖြစ် သဘောထားဖို့ ခက်လှတယ်။ ကျွန်တော့်ဇနီးကို ချီးမွမ်းစကားပြောဖို့ ခက်ခဲပေမဲ့ ကျွန်တော့်သားသမီးတွေ လိမ္မာကြတာဟာ သူ့ရဲ့ကြိုးစားမှုကြောင့်ဖြစ်တယ်ဆိုတာ ကျွန်တော်အသိအမှတ်ပြုပါတယ်။”
မှန်ပါသည်၊ မိမိတို့၏တာဝန်မှာ ပညာပေးသူများဖြစ်သည်ဟုယူမှတ်သူ မိခင်များသည် မိမိတို့၏အခန်းကဏ္ဍအတွက် ဂုဏ်ယူနိုင်ကြပါသည်။ ယင်းသည် အကျိုးနပ်သည့်အလုပ်တစ်ခုဖြစ်သည်။ သူတို့သည် ချီးမွမ်းမှု၊ လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုမှုတို့ကို ခံထိုက်ကြပါသည်။ ကျွန်ုပ်တို့သည် မိခင်များထံမှ များစွာသင်ယူရရှိကြသည်၊ ဘဝတစ်လျှောက်လုံး အကျိုးပြုသည့် အလေ့အကျင့်များ၊ ကောင်းသောဆက်ဆံရေးအတွက် အရေးပါသည့် အမူအကျင့်ကောင်းများ၊ အခြေအနေများစွာတွင် လူငယ်များကို လမ်းမှန်ပေါ် မြဲနေစေသည့် ကျင့်ဝတ်နှင့် ဝိညာဉ်ရေးပျိုးထောင်ပေးမှုတို့ကို ရရှိကြသည်။ သင့်အတွက် သင့်မိခင်လုပ်ဆောင်ပေးခဲ့ရာများကို ကျေးဇူးတင်လေးမြတ်ကြောင်း မကြာသေးမီက သင်ဖော်ပြခဲ့သလော။
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
မိခင်ဖြစ်သူက ပီတာအား လက်မလျှော့ဖို့ သွန်သင်ပေးခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
အာမက်သည် သားသမီးများပျိုးထောင်ရာတွင် ဇနီးဖြစ်သူ၏အကူအညီကို အလွန်လေးမြတ်ခဲ့
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
သမီးဖြစ်သူ လိမ္မာရေးခြားရှိခြင်းသည် ဇနီး၏ဘာသာရေးယုံကြည်ချက် များကြောင့်ဖြစ်သည်ဟု လီနာ၏ခင်ပွန်းက မှတ်ယူ