အကျပ်အတည်းကြုံနေသည့် လူငယ်များ
◼ အမေရိကန်ပြည်ထောင်စုတွင် ၁၅ နှစ်အရွယ်ကျောင်းသားတစ်ဦးက မိမိအတန်းဖော်များကို သေနတ်နှင့်ပစ်ခတ်ရာ ၂ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ။
◼ ရုရှားနိုင်ငံတွင် မူးယစ်နေသောဆယ်ကျော်သက်တစ်စုက ကိုးနှစ်အရွယ်မိန်းကလေးကို ရက်ရက်စက်စက်သတ်ဖြတ်ကာ ဖခင်ဖြစ်သူနှင့် အစ်ကိုဝမ်းကွဲတို့ကို ရိုက်နှက်။
◼ ဗြိတိန်နိုင်ငံတွင် ၁၇ နှစ်အရွယ်ကောင်လေးတစ်ဦးက သူ့ထက်ငယ်သည့် ဆယ်ကျော်သက်တစ်ဦးကို ရိုက်နှက်ပြီး ဓားနှင့်ထိုးသတ်။ “အစကတော့ သူ့ကိုသတ်ဖို့ မရည်ရွယ်ပေမဲ့ သွေးသံရဲရဲမြင်လိုက်ရတော့ သတ်မိတယ်” ဟုထိုလူငယ်က ရဲကိုပြောခဲ့။
ယင်းသို့သော ထိတ်လန့်ဖွယ်ဖြစ်ရပ်များသည် သမားရိုးကျဖြစ်နေပြီ။ ယင်းတို့ကို ဖြစ်ရပ်ဆန်းများအဖြစ် ပလပ်ပစ်၍မရတော့ချေ။ “သက်ငယ်အကြမ်းဖက်မှုသည် လူ့ဘောင်၏ အဓိကပြဿနာတစ်ရပ် ဖြစ်နေသည်” ဟုပရိုဖက်ရှင်နယ် စကူးလ်ကောင်ဆယ်လင်း ဆောင်းပါးတစ်ပုဒ်က ဖော်ပြသည်။ ကိန်းဂဏန်းများအရလည်း ယင်းအဆိုမှန်ကန်ကြောင်း ထင်ရှားနေသည်။
အမေရိကန်အမျိုးသားဗဟိုပညာရေးစာရင်းအင်းအရ ထိုနိုင်ငံတွင် ကျောင်းတွင်းအကြမ်းဖက်မှုများ လျော့နည်းလာကြောင်း အစီရင်ခံသော်လည်း “၂၀၀၁ ခုနှစ်တွင် အသက် ၁၂ မှ ၁၈ နှစ်အရွယ် ကျောင်းသားများသည် ကျောင်းတွင် မသေလောက်သော အကြမ်းဖက်ရာဇဝတ်မှုနှင့် ခိုးမှု ၂ သန်းကျော်၏ သားကောင်များဖြစ်ခဲ့ရသည်” ဟုဖော်ပြ၏။ ကျောင်းတွင်းဗိုလ်ကျမှုအကြောင်း တိုင်ကြားချက်များလည်း တိုးများလာနေသည်။
သို့သော် အမေရိကန်ပြည်ထောင်စုရှိ သက်ငယ်အကြမ်းဖက်မှုအားလုံးသည် ကျောင်းသားများကိုသာ အကြမ်းဖက်နေခြင်းမဟုတ်ပါ။ “ဆရာ/ဆရာမများသည် ၁၉၉၇ မှ ၂၀၀၁ ခုနှစ်အထိ၊ ၅ နှစ်အတွင်း ခိုးမှု ၈၁၇,၀၀၀၊ အကြမ်းဖက်ရာဇဝတ်မှု ၄၇၃,၀၀၀ တို့အပါအဝင် မသေလောက်သောရာဇဝတ်မှု ၁.၃ သန်းနီးပါး၏ သားကောင်များ ဖြစ်ခဲ့ကြရသည်။” ထို့ပြင် “မူလတန်းနှင့် အလယ်တန်းကျောင်းအားလုံးမှ ဆရာ/ဆရာမ ၉ ရာခိုင်နှုန်းသည် ကျောင်းသားတစ်ဦးတစ်ယောက်၏ ခြိမ်းခြောက်မှုခံနေရပြီး ၄ ရာခိုင်နှုန်းမှာ ကိုယ်ထိလက်ရောက် ထိပါးစော်ကားခံခဲ့ရသည်။”
အခြားနိုင်ငံများတွင်ကော။ “၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံတွင် ရာဇဝတ်မှုကျူးလွန်သောလူငယ် ၆၉,၇၈၀ ကိုဖမ်းဆီးခဲ့ရာ ၂၀၀၂ ခုနှစ်ကထက် ၁၂.၇ ရာခိုင်နှုန်း တိုးများလာသည်” ဟုသတင်းအေဂျင်စီတစ်ခုက ဆိုသည်။ “ဂိုဏ်းဖွဲ့ကျူးလွန်သော ရာဇဝတ်မှုများတွင် သက်ငယ်ပြစ်မှု ၇၀ ရာခိုင်နှုန်းပါဝင်သည်” ဟုသတင်းကဖော်ပြသည်။ ဂျပန်နိုင်ငံ၌ လွန်ခဲ့သောဆယ်နှစ်အတွင်း ရာဇဝတ်မှုထက်ဝက်ကို လူငယ်များကျူးလွန်ခဲ့ကြောင်း ၂၀၀၃ ခုနှစ်တွင် ပြောဆိုခဲ့သည်။
မူးယစ်ဆေးဝါးကြောင့် လူငယ်တို့၏ခန္ဓာကိုယ်များ ထိခိုက်
နောက်ထပ်စိတ်မကောင်းစရာမှာ လူငယ်များ မိမိတို့၏ခန္ဓာကိုယ်ကို ဖျက်ဆီးနေကြခြင်းဖြစ်၏။ အမေရိကန်ပြည်ထောင်စု မူးယစ်ဆေးဝါးအလွဲသုံးမှုဆိုင်ရာ အမျိုးသားအဖွဲ့၏ ပေးပို့ချက်အရ ထိုနိုင်ငံရှိ ဆယ်ကျော်သက်ထက်ဝက်ခန့်သည် အထက်တန်းကျောင်းမပြီးမီ မူးယစ်ဆေးသုံးစွဲခဲ့ကြပြီးဖြစ်သည်။ “ယနေ့ ဆယ်ကျော်သက်များ အရက်သောက်သုံးမှုသည် အလွန်ပျံ့နှံ့နေ၏။ အထက်တန်းအောင်ပြီး ကျောင်းသားငါးဦးလျှင် လေးဦးနီးပါး (၇၇%) မှာ အရက် (မြည်းစမ်းရုံထက်ပို) သောက်ခဲ့ဖူးကြပြီး ဆယ်ကျော်သက်များ၏ထက်ဝက်နီးပါး (၄၆%) မှာ ရှစ်တန်းကတည်းက စသောက်ခဲ့ကြသည်” ဟုထိုသတင်းက ဆက်ဆိုသည်။
လူတကာနှင့် လိင်ဆက်ဆံခြင်း
အေ့ဒ်စ်ပျံ့နှံ့နေသော ဤခေတ်တွင် လူတကာနှင့်လိင်ဆက်ဆံခြင်းက အန္တရာယ်ရှိသည်မှာ မငြင်းနိုင်ပေ။ သို့တိုင် လူငယ်များစွာသည် လိင်ဆက်ဆံခြင်းကို ပျော်စရာတစ်ခုအဖြစ်သာ သဘောထားကြသည်။ ဥပမာ၊ အမေရိကန်လူငယ်အချို့က အလေးအနက်မရှိသော လိင်ဆက်ဆံမှုအတွက် “ချိတ်ဆက်ခြင်း” ဟူသောစကားလုံးကို ပေါ့ပေါ့တန်တန် အသုံးပြုပြောဆိုကြသည်။ မချစ်ကြိုက်ဘဲ လိင်ဆက်ဆံဖက်ဖြစ်သူကို “အကျိုးပြုမိတ်ဆွေ” ဟုခေါ်ဆိုတတ်ကြသည်။
မိဘများအလုပ်သွားခိုက် ဆင်ခြေဖုံးရပ်ကွက်မှ လူငယ်များပြုလုပ်သော အပျော်ကြူးပါတီပွဲများအကြောင်း စာရေးဆရာ စကော့ဝါလ်တာက ဖော်ပြသည်။ ထိုသို့သောပါတီပွဲတစ်ခုတွင် မိန်းကလေးတစ်ဦးက “ထိုတွင်ရှိ ယောက်ျားလေးအားလုံးနှင့် လိင်ဆက်ဆံမည်ဟု ကြေညာမောင်းခတ်ခဲ့သည်။ . . . ထိုပါတီပွဲများတွင် ၁၂ အရွယ် ကလေးများပင် ပါဝင်ခဲ့ကြသည်။”
ထိတ်လန့်စရာလော။ ဆယ်ကျော်သက်တို့၏ လိင်ဆက်ဆံသည့်အမူအကျင့်ကို လေ့လာသူပညာရှင်များအတွက် ထိတ်လန့်ဖွယ်မဟုတ်ပေ။ “လိင်ဆက်ဆံကြသော ဆယ်ကျော်သက်တို့၏ပျမ်းမျှအသက် ပိုငယ်ရွယ်သည်ထက် ငယ်ရွယ်လာကြောင်း တွေ့မြင်နေရသည်မှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ။ ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေး၊ မိန်းကလေးများ လိင်ဆက်ဆံကြခြင်းမှာ အဆန်းမဟုတ်တော့ပေ။”
အထူးစိတ်ပျက်စရာကောင်းသည်မှာ ယူအက်စ်အေထူဒေးသတင်းစာပါ သတင်းတစ်ပုဒ်ဖြစ်သည်– “ဤနိုင်ငံတွင် ပါးစပ်ဖြင့်လိင်ဆက်ဆံနေကြသော ဆယ်ကျော်သက်ပေါက်စလူငယ်ဦးရေ တိုးများလာနေသည်။ . . . ဤကလေးများက ယင်းကို ‘အမှန်တကယ်လိင်ဆက်ဆံခြင်းမဟုတ်’ ဟုယူဆကြသည်။” မိန်းကလေး ၁၀,၀၀၀ ကိုလေ့လာခဲ့ရာ “ရှစ်ဆယ်ရာခိုင်နှုန်းက အပျိုစင်ဟုဆိုကြသော်လည်း ၎င်းတို့ထဲမှ ၂၅ ရာခိုင်နှုန်းမှာ ပါးစပ်ဖြင့်လိင်ဆက်ဆံဖူးကြပြီဖြစ်၏။ ၂၇% ကမူ ယင်းသို့ပြုခြင်းကို ‘အမျိုးသားတစ်ဦးနှင့် အပျော်အပျက်လုပ်ခြင်း’ ဖြစ်သည်ဟူ၏။
လိင်ဆက်ဆံခြင်းအပေါ် အဆိုပါသဘောထားများ ပျံ့နှံ့လျက်ရှိသည်။ “အာရှလူငယ်များတွင် လိင်ဆက်ဆံမှုကြောင့် အိပ်ချ်အိုင်ဗွီပိုးကူးစက်မှု တိုးများလာနေကြောင်း၊ ငယ်ငယ်ရွယ်ရွယ်နှင့် လိင်ဆက်ဆံသူများလာကြောင်း သိရှိရ၏။ ဆယ်ကျော်သက်များသည် လက်မထပ်မီ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဖက်များခြင်းတို့ဖြင့် မိဘတို့၏ ‘အာရှစံနှုန်းများ’ ကို တိုး၍ပမာဏ,မပြုကြတော့ချေ” ဟုယူနက်စကိုက ဆို၏။
လူငယ်များ စိတ်သောကရောက်ရသည့် အခြားသာဓက ရှိသေးသလော။ ကနေဒါနိုင်ငံထုတ် အမျိုးသမီးကျန်းမာရေးပတ်စဉ် ဂျာနယ်က ဤသို့အစီရင်ခံသည်– “အသက် ၁၆ နှင့် ၁၉ နှစ်ကြားအမျိုးသမီး နှစ်ဆယ့်ငါးရာခိုင်နှုန်းသည် စိတ်ကျဝေဒနာ ခံစားကြရပေမည်။” သို့သော် ကျားမ,မရွေး စိတ်ကျဝေဒနာ ခံစားရတတ်၏။ ယူ.အက်စ်.သတင်းနှင့်ကမ္ဘာ့မှတ်တမ်းမဂ္ဂဇင်းအရ နှစ်စဉ် လူငယ်ငါးထောင်ကျော်သည် မိမိကိုယ်ကိုသတ်သေနေကြသည်။ ထိုအစီရင်ခံစာအရ အကြောင်းရင်းတစ်ခုခုကြောင့် “ယောက်ျားလေးများ ကိုယ့်ကိုယ်ကိုသတ်သေနှုန်းသည် မိန်းကလေးများထက် ခြောက်ဆပိုများသည်။”
ယနေ့ လူငယ့်မျိုးဆက်သည် အလွန့်အလွန်အကျပ်တွေ့နေကြောင်း ထင်ရှားသည်။ ယင်းအကျပ်အတည်းနောက်ဝယ် အဘယ်အရာရှိသနည်း။
[Picture Credit Line on page 3]
STR/AFP/Getty Images