ယနေ့ လူငယ်များ ရင်ဆိုင်နေရသည့် ဖိအားများ
အစစအရာရာပြည့်စုံသော မြီးကောင်ပေါက်အရွယ်တွင်ပင် ကသောင်းကနင်းဖြစ်နိုင်သည်။ လူငယ်တို့ ပျိုဖော်ဝင်ချိန်တွင် ဆန်းသစ်သော ခံစားချက်နှင့် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်တတ်သည်။ ဆရာ/ဆရာမနှင့် ရွယ်တူချင်းတို့၏ ဖိအားပေးမှုကို နေ့စဉ်ကြုံနေကြရ၏။ တီဗွီ၊ ရုပ်ရှင်၊ တေးဂီတ၊ အင်တာနက်တို့၏သြဇာကိုလည်း တရစပ်ခံနေကြရ၏။ ထို့ကြောင့် ကုလသမဂ္ဂ မှတ်တမ်းတစ်ခုတွင် မြီးကောင်ပေါက်အရွယ်ကို “ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေသော စပ်ကူးမပ်ကူးကာလ” ဟုဖော်ပြခဲ့သည်။
အများအားဖြင့် လူငယ်တို့သည် ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်လောက်အောင် အတွေ့အကြုံမရှိကြခြင်းမှာ ဝမ်းနည်းစရာပင်။ (သု. ၁:၃) ကောင်းစွာလမ်းညွှန်မှု မခံရသောကြောင့် ပျက်စီးနစ်နာစေသော အမူအကျင့်များ လွယ်လွယ်နှင့်ပြုမူမိနိုင်သည်။ ဥပမာ၊ ကုလသမဂ္ဂမှတ်တမ်းတစ်ခုတွင် ဤသို့ဆို၏– “မြီးကောင်ပေါက်အရွယ် သို့မဟုတ် ကြီးကောင်ဝင်ချိန်အတွင်း မူးယစ်ဆေးဝါး စတင်သုံးစွဲလေ့ရှိကြောင်း သုတေသနပြုချက်က ဖော်ပြနေသည်။” အကြမ်းဖက်ခြင်း၊ လူတကာနှင့်လိင်ဆက်ဆံခြင်းစသော အကျင့်ဆိုးများနှင့်စပ်လျဉ်း၍လည်း အလားတူဆိုနိုင်သည်။
ဤအကျင့်ဆိုးများသည် “ဆင်းရဲနွမ်းပါးသူ” သို့မဟုတ် မျိုးနွယ်စုတချို့တွင်သာ ဖြစ်ပျက်နေသည်ဟုယူမှတ်သော မိဘများအတွက် အမှားကြီးမှားပေလိမ့်မည်။ စီးပွားရေး၊ လူမှုရေး၊ လူမျိုးရေးနောက်ခံ မည်သို့ပင်ရှိပါစေ ယနေ့ခေတ်လူငယ်များ ပြဿနာကြုံတွေ့နေကြရ၏။ “‘ဆိုးသွမ်းလူငယ်’ ဟူသည် . . . မြို့တွင်းနေ ဆင်းရဲသားလူနည်းစုမှ မိခင်၏ ၁၇ နှစ်သားဟု သင်ယူမှတ်လိုက်ပါက နောက်ဆုံးအဖြစ်အပျက်များကို မသိ၍ဖြစ်မည်။ ယနေ့ခေတ် ဆိုးသောကလေးသည် . . . လူလတ်တန်းစားမိသားစုမှလည်းဖြစ်နိုင်၏၊ အသက် ၁၆ နှစ်အောက် (ထိုထက်အလွန်ငယ်သူ) လည်းဖြစ်နိုင်၏၊ မိန်းကလေးတစ်ဦးပင်ဖြစ်နိုင်၏” ဟုစာရေးဆရာ စကော့ဝါလ်တာက ဆိုသည်။
သို့သော် လူငယ်များစွာ အဘယ်ကြောင့် အန္တရာယ်ကြုံနေရသနည်း။ အတိတ်က လူငယ်မျိုးဆက်တို့လည်း စိန်ခေါ်ချက်အမျိုးမျိုး၊ သွေးဆောင်မှုအမျိုးမျိုး ကြုံခဲ့ရသည်မဟုတ်လော။ ကြုံခဲ့ရ၏၊ သို့သော် “ခဲယဉ်းသောကာလ” ဟုသမ္မာကျမ်းစာဆိုထားသည့်ခေတ်တွင် ကျွန်ုပ်တို့အသက်ရှင်နေကြရ၏။ (၂ တိမောသေ ၃:၁-၅) လူ့သမိုင်းတွင် ဤအချိန်အခါလောက် လူငယ်တို့ကိုဖျက်ဆီးနေသော အခြေအနေနှင့် ဖိအားပေးမှုများ မရှိခဲ့ဖူးချေ။ ယင်းတို့အနက် အချို့ကို သုံးသပ်ကြည့်ကြစို့။
မိသားစုအတွင်း အပြောင်းအလဲများ
ဥပမာ၊ မိသားစုဘဝအပြောင်းအလဲကို သုံးသပ်ကြည့်ပါ။ “အမေရိကန်ကလေးသူငယ် သုံးပုံတစ်ပုံသည် အသက် ၁၈ နှစ်မပြည့်မီ မိဘများကွာရှင်းပြတ်စဲကြသည်ကို တွေ့ကြုံနေရသည်” ဟုသွန်သင်ခြင်းဆိုင်ရာ စိတ်ပညာဂျာနယ်က ဖော်ပြသည်။ အခြားအနောက်နိုင်ငံများတွင်လည်း ထပ်တူဖြစ်နေသည်။ မိဘတို့အိမ်ထောင်ရေး ပြိုကွဲသွားစဉ် ကလေးသူငယ်တို့လည်း စိတ်ထိခိုက်နာကျင်ကြရတတ်သည်။ “မိသားစုပြိုကွဲမှုကို ကြုံတွေ့ခါစ ကလေးများသည် မိစုံဖစုံမိသားစု၊ ကြင်ဖော်မဲ့မိဘ သို့မဟုတ် မိထွေး/ပထွေးနှင့်အဆင်ပြေနေသော မိသားစုတို့မှ ကလေးများထက် ကျောင်းပညာရေးတွင်ဖြစ်စေ၊ လူမှုဆက်ဆံရေးတွင်ဖြစ်စေ များသောအားဖြင့် ပို၍အခက်အခဲတွေ့ကြရသည်။ . . . ထို့ပြင် မိဘတို့၏ကွာရှင်းပြတ်စဲမှုက ကလေးများ၏စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် ကိုယ့်ကိုယ်ကိုလေးစားမှုကို ထိခိုက်စေလေ့ရှိကြောင်း” ဂျာနယ်က ဆက်ဆိုသည်။
ထို့ပြင် အလုပ်ထွက်လုပ်ရသည့် အမျိုးသမီးအရေအတွက် တိုးများလာခြင်းကလည်း မိသားစုအခြေအနေကို ပြောင်းလဲစေခဲ့ပြီ။ ဂျပန်နိုင်ငံရှိ သက်ငယ်ရာဇဝတ်မှုကိုလေ့လာခဲ့ရာ မိဘနှစ်ဦးစလုံး အလုပ်ထွက်လုပ်သော မိသားစုများသည် မိဘတစ်ဦးတည်း အလုပ်ထွက်လုပ်သည့် မိသားစုများထက် ကလေးများကို ထိန်းကျောင်းရပိုခက်ကြောင်း တွေ့ရှိရသည်။
မိသားစုများစွာ၏ ဘဝလိုအပ်ရာများဖူလုံဖို့ မိဘနှစ်ဦးစလုံး အလုပ်ထွက်လုပ်ရန် လိုအပ်သည်မှာ မှန်ပါသည်။ နှစ်ဦး၏ဝင်ငွေကလည်း ကလေးများအတွက် သက်သောင့်သက်သာဘဝပုံစံ ရှိစေနိုင်သည်။ သို့သော် ဆိုးကျိုးလည်းရှိပါသည်၊ ကလေးသန်းပေါင်းများစွာမှာ ကျောင်းမှ ပြန်ရောက်လာသောအခါ အိမ်တွင် မည်သူမျှမရှိဘဲဖြစ်နေသည်။ မိဘများ အိမ်ပြန်ရောက်လာကြလျှင်လည်း မောပန်းနေလေ့ရှိပြီး အလုပ်ခွင်မှ ပြဿနာများကိုသာ အာရုံစိုက်နေတတ်ကြသည်။ ရလဒ်ကားအဘယ်နည်း။ ဆယ်ကျော်သက်များစွာသည် မိဘတို့၏အုပ်ထိန်းမှု မခံကြရချေ။ “ကျွန်တော့်မိသားစုမှာ တစ်ယောက်ကိုတစ်ယောက် အချိန်ပေးတာမျိုးမရှိဘူး” ဟုလူငယ်တစ်ဦး ညည်းညူခဲ့သည်။
ယင်းက လူငယ်များကို ထိခိုက်နစ်နာစေကြောင်း အကဲခတ်သူတို့ ယူဆကြသည်။ “လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်အတွင်း တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့တဲ့ မိဘတွေရဲ့ လေ့ကျင့်သွန်သင်နည်းတွေကြောင့် ကလေးတွေဟာ တွယ်တာမှုမဲ့လာတယ်၊ နှုတ်ဆိတ်လာတယ်၊ ဉာဏ်ထိုင်းလာတယ်၊ ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်လို့ ကျွန်တော်ယူဆတယ်။ မိဘတွေဟာ ကိုယ့်သားသမီးတွေနဲ့ မေတ္တာနှောင်ဖွဲ့ဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်ခွင်မှာ အချိန်ကုန်စေတဲ့၊ စရိတ်ကြီးမားတဲ့ရုပ်ပစ္စည်းကို အဓိကထားပြီး အလွန်အောင်မြင်တဲ့အသိုင်းအဝိုင်းရဲ့ ကျွန်တွေဖြစ်နေကြတယ်” ဟုဒေါက်တာ ရောဘတ်ရှောက ပြောခဲ့သည်။
ဆယ်ကျော်သက်တို့ကို နစ်နာစေသောအရာ နောက်တစ်ခုရှိပါသေးသည်– အလုပ်ထွက်လုပ်ကြသော မိဘတို့၏ကလေးများသည် အထိန်းအကွပ်မရှိဘဲနေရသည့်အချိန်က ပိုများသည်။ မိဘအုပ်ထိန်းမှုကောင်းစွာမရရှိခြင်းက ပြဿနာများကို လက်ယပ်ခေါ်ရာရောက်သည်။
ဆုံးမမှုအပေါ် ရှုမြင်ပုံပြောင်းခြင်း
မိဘဆုံးမမှုအပေါ် ရှုမြင်ပုံပြောင်းခြင်းကလည်း ယနေ့လူငယ်များကို ထိခိုက်နစ်နာစေသည်။ မိဘများစွာသည် “မိမိတို့၏အခွင့်အာဏာကို စွန့်လွှတ်လိုက်ကြပြီ” ဟု ဒေါက်တာ ရောန်တဖ်ဖဲလ်က တဲ့တိုးပြောခဲ့၏။ ယင်းကြောင့် လူငယ်များသည် မိမိတို့၏အမူအကျင့်ကို ထိန်းကျောင်းပေးမည့် စည်းမျဉ်းစည်းကမ်း၊ လမ်းညွှန်ချက်များမရှိဘဲ ကြီးပြင်းလာကြရသည်။
အခြေအနေတချို့တွင် မိဘများကိုယ်တိုင် ငယ်စဉ်က စိတ်ဆင်းရဲစရာကြုံခဲ့ရ၍ ထိုသို့တုံ့ပြန်ခြင်းဖြစ်သည်။ ထိုမိဘများသည် စည်းကမ်းကြီးသူများမဟုတ်ဘဲ မိမိတို့ကလေးများနှင့် မိတ်ဆွေဖြစ်လိုကြသည်။ “ကျွန်မ သိပ်ပြီးသက်ညှာလွန်းတယ်။ ကျွန်မရဲ့မိဘတွေက သိပ်စည်းကမ်းကြီးတာ၊ ကိုယ့်ကလေးနဲ့ကျတော့ အဲဒီလိုမဖြစ်ချင်ဘူး။ ကျွန်မမှားသွားတယ်” ဟုမိခင်တစ်ဦးဝန်ခံ၏။
မိဘအချို့က ကလေးများကို အဘယ်အတိုင်းအတာအထိ လွှတ်ထားကြသနည်း။ ယူအက်စ်အေထူဒေးသတင်းစာက ဤသို့ဆိုသည်– “နယူးယောက်၊ တက္ကဆက်၊ ဖလော်ရီဒါ၊ ကယ်လီဖိုးနီးယားပြည်နယ်တို့တွင် မူးယစ်ဆေးဖြတ်နေသူ ဆယ်ကျော်သက် ၆၀၀ နီးပါးကို လေ့လာခဲ့ရာ ၂၀% မှာ အရက်အပြင် မူးယစ်ဆေးကို မိဘများနှင့်အတူသုံးစွဲကြပြီး ၅% မှာ အများအားဖြင့် ဆေးခြောက်ကဲ့သို့သော မူးယစ်ဆေးဝါးသုံးစွဲတတ်ရန် မိဘတို့ကိုယ်တိုင် သင်ပေးခဲ့ကြောင်း သိရှိရသည်။” မိဘတစ်ဦးသည် ထိုသို့မဆင်မခြင်အပြုအမူမျိုး အဘယ်ကြောင့်ပြုမူရသနည်း။ “သမီးကို အနီးကပ်ကြပ်မတ်နိုင်ဖို့ အိမ်အပြင်မှာထက် ကျွန်မမျက်စိအောက်မှာပဲ မူးယစ်ဆေးသုံးစွဲပါလို့ ပြောမိတယ်” ဟုမိဘတစ်ဦးဝန်ခံခဲ့၏။ ကလေးများနှင့်အတူ မူးယစ်ဆေးသုံးစွဲခြင်းက “နှောင်ကြိုးဖွဲ့” ရာကျသည်ဟု မိဘအချို့ ယူဆနေပုံရ၏။
မီဒီယာ၏တိုက်ခိုက်မှု
ထို့ပြင် မီဒီယာ၏သြဇာလွှမ်းမိုးမှုလည်း ရှိသေးသည်။ အမေရိကန်ပြည်ထောင်စုရှိ လူငယ်များသည် တီဗွီ၊ ကွန်ပျူတာဖန်သားပြင်ရှေ့တွင် တစ်နေ့လျှင် လေးနာရီ၊ ၄၈ မိနစ် အချိန်အကုန်ခံနေကြသည်ဟု လေ့လာမှုတစ်ရပ်က ဖော်ပြကြောင်း သုတေသီ မာရိတာမောလ်ကဆို၏။
ယင်းသည် ဆိုးကျိုးဖြစ်စေသလော။ ဆိုင်းယင့်စ်မဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်တွင် အမေရိကန်ဆေးပညာ အသင်းအဖွဲ့အပါအဝင် “အမေရိကန်ရှိ အထင်ကရအတတ်ပညာရှင်အဖွဲ့ ခြောက်ဖွဲ့” က မီဒီယာအကြမ်းဖက်မှုများနှင့် “ကလေးတချို့၏ ရန်လိုသောအမူအကျင့်” ဆက်စပ်နေကြောင်း သဘောတူကြသည်။ “မီဒီယာအကြမ်းဖက်မှုများကြောင့် ပိုကြမ်းတမ်းသော လူ့ဘောင်ဖြစ်ပေါ်လာသည်ဟု ပညာရှင်များသဘောတူကြကြောင်း ခေတ်ပေါ်စာနယ်ဇင်းများ၏ဖော်ပြချက်ကို သာမန်လူတို့ သဘောပေါက်ပုံမရ” ဟု ဆိုင်းယင့်စ် မဂ္ဂဇင်းက ဖော်ပြ၏။
ဥပမာ၊ တေးဂီတဗီဒီယိုများကို သုံးသပ်ကြည့်ပါ။ ယင်းဗီဒီယိုများက လိင်ကိစ္စကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားသောကြောင့် မိဘများ ထိတ်လန့်သွားလေ့ရှိသည်။ ယင်းတို့သည် ဆယ်ကျော်သက်တချို့၏အမူအကျင့်ကို အမှန်ပင် ဩဇာညောင်းနိုင်သလော။ ကောလိပ်ကျောင်းသား ၅၀၀ ကိုလေ့လာခဲ့ရာ “အကြမ်းဖက်တေးစာသားများသည် ရန်လိုသော အတွေးအခေါ်နှင့် ခံစားချက်တို့ကို ပိုမိုဖြစ်ပေါ်စေကြောင်း” သိရှိရသည်။ မကြာသေးမီက လေ့လာမှုနောက်တစ်ခုအရ “လူငယ်များသည် အကြမ်းဖက်ရက်ပ်တေးဂီတခွေများတွင် သရုပ်ဖော်ထားသော လိင်နှင့်အကြမ်းဖက်မှုများကို ပိုကြည့်ရှုလေ ၎င်းတို့၏ဘဝတွင် ထိုအမူအကျင့်များကို လက်တွေ့ကျင့်ဖို့ ပိုများလေဖြစ်သည်။ မိန်းကလေး ၅၀၀ ကျော်ကို ထိုသို့လေ့လာခဲ့ရာ အကြမ်းဖက်ရက်ပ်ဗီဒီယိုကို အလွန်အကျွံကြည့်ရှုသူများသည် ဆရာ/ဆရာမကို ရိုက်နှက်ဖို့၊ အဖမ်းခံရဖို့နှင့် လိင်ဆက်ဆံဖက်များစွာရှိဖို့ အကြောင်းပိုများကြောင်း ဖော်ပြသည်။
ဆယ်ကျော်သက်နှင့် ကွန်ပျူတာ
မကြာသေးမီနှစ်များအတွင်း လူငယ်တို့၏စိတ်ကို အဓိကပုံသွင်းပေးနေသည့်အရာမှာ ကွန်ပျူတာဖြစ်၏။ “မကြာသေးမီဆယ်စုနှစ်များအတွင်း အိမ်တွင်းရှိ ကိုယ်ပိုင်ကွန်ပျူတာအရေအတွက် အလွန်များလာသည်၊ [အမေရိကန်ပြည်ထောင်စုတွင်] (အသက် ၆ နှစ်မှ ၁၇ နှစ်) ကျောင်းနေအရွယ်ကလေးရှိသည့် အိမ်ထောင်စုသုံးပုံနှစ်ပုံတွင် ကွန်ပျူတာတစ်လုံးရှိကြသည်။ . . . အမေရိကန်ပြည်ထောင်စုတွင် ကွန်ပျူတာတစ်လုံးပိုင်ဆိုင်သည့် ၃ နှစ်မှ ၁၇ နှစ်အရွယ်ကလေးများရှိသော အိမ်ထောင်စုအချိုးသည် ၁၉၉၈ ခုနှစ်တွင် ၅၅% ရှိရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၆၅% အထိမြင့်မားလာသည်” ဟုကလေးရောဂါလေ့လာမှုပညာဂျာနယ်က ဆိုသည်။ အခြားနိုင်ငံများတွင်လည်း ကွန်ပျူတာအသုံးပြုနှုန်း မြင့်မားလာနေသည်။
သို့သော် လူငယ်တစ်ဦး ကွန်ပျူတာအသုံးပြုနိုင်ရန် ကွန်ပျူတာတစ်လုံးပိုင်ဆိုင်စရာ မလိုပါ။ “အသက် ၅ နှစ်မှ ၁၇ နှစ်အရွယ်လူငယ် ၉၀% သည် ကွန်ပျူတာအသုံးပြုကြပြီး ၅၉% မှာ အင်တာနက်အသုံးပြုနေကြသည်” ဟုသုတေသီတစ်ဦးက ဆိုသည်။ သို့ဖြင့် ယခင်က ဤမျှမရရှိဖူးသော အချက်အလက်များကို လူငယ်များ ရရှိနိုင်ကြသည်၊ ကွန်ပျူတာကို လူကြီးတို့၏ကြီးကြပ်မှုအတိုင်း တာဝန်သိသိအသုံးပြုပါက အကျိုးရှိ၏။ သို့သော် မိဘများစွာသည် ကလေးများအား ကန့်သတ်ချုပ်ချယ်မှုမရှိဘဲ ကွန်ပျူတာအသုံးပြုခွင့်ပေးကြသည်။
ယင်းအထောက်အထားအဖြစ် ၂၀၀၁ ခုနှစ်၊ အင်တာနက်အသုံးပြုမှု ဆန်းစစ်ချက်အရ “မိဘ ၇၁ ရာခိုင်နှုန်းက မိမိတို့ကလေးများ၏ အင်တာနက်အသုံးပြုမှုအကြောင်း ‘အတော်အတန်သိထားကြသည်’ ဟုထင်မှတ်ကြ၏။ သို့တိုင် ထပ်တူမေးခွန်းကို ကလေးများအားမေးခဲ့ရာ ၇၀% က ၎င်းတို့၏မိဘများသည် အွန်လိုင်းလုပ်ဆောင်မှုအကြောင်း ‘အနည်းငယ်သာ သို့မဟုတ် လုံးဝမသိကြ’ ဟု ဖြေဆိုကြောင်း” ဖီဒါလ်တာကီပန်ဂျာနယ်တွင် သုတေသီ မောလ်က ရေးခဲ့သည်။ ဤဆန်းစစ်လေ့လာမှုအရ ၉ နှစ်မှ ၁၀ နှစ်အရွယ်ကလေး ၃၀% သည် လူကြီးများအတွက် သီးသန့်စကားဝိုင်းသို့ ဝင်ရောက်ကြည့်ရှုကြ၏။ ၁၁ နှစ်မှ ၁၂ နှစ်အရွယ် ၅၈%၊ ၁၃ နှစ်မှ ၁၄ နှစ်အရွယ် ၇၀%၊ ၁၅ နှစ်မှ ၁၇ နှစ်အရွယ် ၇၂% တို့က ထိုသို့လုပ်ဆောင်ကြသောကြောင့် ပြဿနာမှာ ပိုဆိုးဝါးလာနေသည်။ . . . အိမ်တွင် အင်တာနက်ကြည့်ရှုခြင်းအကြောင်း ဗြိတိသျှဆန်းစစ်ချက်တစ်ရပ်တွင် မိဘခုနစ်ဦးလျှင် တစ်ဦးက အွန်လိုင်းတွင် ကလေးများ အဘယ်အရာကြည့်ရှုနေကြောင်းမသိဟု ဝန်ခံကြ၏။”
လူငယ်များသည် အထိန်းအကွပ်မရှိဘဲ အင်တာနက်ကြည့်ရှုခြင်းကြောင့် အပြာစာပေ၊ ရုပ်ပုံများကို ကြည့်ရှုမိနိုင်သည်။ သို့သော် အန္တရာယ်မှာ ထိုမျှနှင့်ရပ်မသွားချေ။ “ကျွန်တော်တို့ရဲ့ကလေးတွေဟာ ကျောင်းနဲ့ ဆိုင်ဘာစပေ့စ်တွေမှာ မိတ်ဆွေဖွဲ့နေကြတယ်၊ ကျွန်တော်တို့နဲ့ဆုံတွေ့ဖို့အကြောင်းမရှိတဲ့ ကလေးတွေနဲ့ အချိန်ဖြုန်းနေကြတယ်” ဟုအစောပိုင်းတွင်ကိုးကားခဲ့သော တဖ်ဖဲလ်က ဝမ်းနည်းစွာပြောသည်။
ယနေ့လူငယ်များသည် ယခင်မျိုးဆက်တို့ မကြုံခဲ့ဖူးသော ဖိအားနှင့်ပြဿနာများကို ရင်ဆိုင်နေကြရသည်မှာ ရှင်းနေပါသည်။ ထို့ကြောင့် လူငယ်များစွာသည် စိုးရိမ်စရာကောင်းလောက်အောင် ပြုမူနေကြခြင်းမှာ အံ့ဩစရာမဟုတ်ပါ! ယနေ့ခေတ်လူငယ်များကို ကူညီပေးရန် အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကျော်အတွင်း တဖြည်းဖြည်းဖြစ်ပေါ်လာတဲ့ မိဘတွေရဲ့ လေ့ကျင့်သွန်သင်နည်းတွေကြောင့် ကလေးတွေဟာ တွယ်တာမှုမဲ့လာတယ်၊ နှုတ်ဆိတ်လာတယ်၊ ဉာဏ်ထိုင်းလာတယ်၊ ထိန်းမနိုင်သိမ်းမရဖြစ်လာတယ်လို့ ကျွန်တော်ယူဆတယ်။”—ဒေါက်တာ ရောဘတ်ရှော
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
အလုပ်ထွက်လုပ်ရသည့်အမျိုးသမီး တိုးများလာခြင်းက မိသားစု အခြေအနေကို ပြောင်းလဲစေခဲ့
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
အထိန်းအကွပ်မဲ့ လူငယ်များသည် လွယ်လွယ်နှင့် အခက်ကြုံရနိုင်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
သုတေသီများက အကြမ်းဖက်တေးဂီတ ဗီဒီယိုများနှင့် အကြမ်းဖက် အပြုအမူကို ဆက်စပ်ပြခဲ့
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အွန်လိုင်းတွင် သင့်ကလေးများ အဘယ်အရာကြည့်ရှုနေ သည်ကို သင်သိသလော