ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၁၀/၈ စာ. ၁၂-၁၈
  • အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ
  • နိုးလော့!—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ဥယျာဉ်ထဲတွင် ဖရစ်တေလာရီ ရှိသလော
    နိုးလော့!—၁၉၉၇
  • လိပ်ပြာဘုရင်များအတွက် သဘာဝဘေးမဲ့တောများမှ မျိုးဖြုတ်သတ်ဖြတ်ရာကွင်းအဖြစ်သို့
    နိုးလော့!—၁၉၉၇
  • လေဒီလိပ်ပြာ—အံ့သြဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိချက်
    နိုးလော့!—၂၀၁၃
  • ဆက်လက်ရှင်သန်နိုင်ရေးသည် ပရိယာယ်ဆင်ခြင်းအပေါ် မူတည်သောအခါ
    နိုးလော့!—၂၀၀၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၁၀/၈ စာ. ၁၂-၁၈

အပူပိုင်းဒေသမှ တောင်ပံရှိ အလှအပ

စပိန်မှ နိုးလော့! စာရေးသူ ပေးပို့သည်

ခရီးသည်အချို့အတွက် အပူပိုင်းမိုးသစ်တောသို့ ပထမအကြိမ်လည်ပတ်မှုသည် စိတ်ပျက်ဖွယ်ကောင်းပေမည်။ သူတို့သည် တစ်မူထူးသော တိရစ္ဆာန်များကို မြင်တွေ့ရန်စိတ်စောနေသော်လည်း တိရစ္ဆာန်အများစုမှာ ညဘက်မှထွက်လေ့ရှိပြီး သစ်တောရွက်အုပ်တန်းရှိ ငှက်အများအပြားကို မမြင်နိုင်ပေ။

“သစ်တောတွင် အသံဗလံများကြားနေရရာ သက်ရှိများနှင့် ပြည့်နှက်နေသည့်လက္ခဏာ အများအပြားရှိသည်” ဟု အင်အားကြီး မိုးသစ်တောစာအုပ်ကဆိုသည်။ သို့သော် ထိုစာအုပ်ကထပ်၍ “လည်ပတ်ကြည့်ရှုသူတစ်ယောက်သည် စိတ်ရှည်စွာစောင့်ကြည့်ရန်၊ စူးစမ်းရှာဖွေရန် အချိန်များစွာမပေးလိုလျှင် လိပ်ပြာများမှလွဲ၍ အခြားမည်သည့်တိရစ္ဆာန်ကိုမျှ မြင်တွေ့ခွင့်ရမည်မဟုတ်ပေ” ဟုဆိုသည်။ လည်ပတ်ကြည့်ရှုသူများအတွက် ဝမ်းသာစရာမှာ အပူပိုင်းဒေသလိပ်ပြာများသည် အရောင်စုံ၍ အလွန်လှပသဖြင့် မိုးသစ်တောသို့ ခရီးတစ်ခေါက်ကို မမေ့နိုင်စရာဖြစ်စေသည်။

အပူပိုင်းဒေသရှိလိပ်ပြာများသည် ယင်းတို့၏ အရွယ်အစား၊ အမျိုးစုံလင်မှုနှင့် အရောင်အသွေးတို့ကြောင့် ထူးခြားလှသည်။ သစ်တော၏အစိမ်းရောင်သည် တောတွင်းလဟာတွင် အပြာအနီအဝါရောင်တို့ဖြင့် တောက်ပြောင်နေသော လိပ်ပြာများ လူးလာပျံသန်းနေဖို့ အကောင်းဆုံးနောက်ခံဖြစ်သည်။ ထိုမြင်နေကျအရောင်များအပြင် တောင်အမေရိကတွင် အလင်းဖောက်တောင်ပံများရှိသော လိပ်ပြာများကိုလည်း သင်မြင်တွေ့နိုင်သည်။ အခြားလိပ်ပြာမျိုးစိတ်များ၏ တောင်ပံအတွင်းပိုင်းသည် အပေါ်ပိုင်းထက် ပို၍ပင်လှပတောက်ပြောင်၏။ အရောင်မှိုင်းဇီးကွက် လိပ်ပြာများတွင် သူတို့၏အညိုရောင်ခန္ဓာကိုယ်ကို တောက်ပစေသည့် ဇီးကွက်မျက်လုံးကဲ့သို့သော မျက်လုံးပုံအပြောက်ကြီးများရှိသည်။ သို့သော် အချို့လိပ်ပြာများကိုမူ ခွဲခြားသိရှိရန်အလွန်ခက်သဖြင့် ဝါသနာကြီးသောလေ့လာသူသာ အရွက်ခြောက်တစ်ခုနှင့် လိပ်ပြာတစ်ကောင်ကို ခွဲခြားသိမြင်နိုင်ပေမည်။

အရွယ်အစားကြီးမားသော အပူပိုင်းဒေသလိပ်ပြာများသည် ကြည့်ရှုလေ့လာသူများ၏အာရုံကို ဖမ်းစားလေ့ရှိသည်။ အချို့မှာ ငှက်အသေးစားများထက်ကြီးပြီး ငှက်များကဲ့သို့ အားအင်အပြည့်ဖြင့် ပျံသန်းသွားလာလေ့ရှိသည်။ မိုးသစ်တောမှ ကွဲပြားခြားနားသည့် လိပ်ပြာမျိုးစိတ်များအရေအတွက်မှာ အံ့သြဖွယ်ကောင်း၏။ မလေးရှားအပူပိုင်းဒေသ၌ မျိုးစိတ်ပေါင်းတစ်ထောင်နီးပါးနှင့် ပီရူးနိုင်ငံ၌ တစ်ကမ္ဘာလုံး၏ ၂၀ ရာခိုင်နှုန်းဖြစ်သော မျိုးစိတ်ပေါင်းလေးထောင် မှီတင်းနေထိုင်လျက်ရှိသည်။

လိပ်ပြာတောင်ပံတွင် အရောင်မျိုးစုံပါရှိနိုင်သော်လည်း ထိုအသွေးအရောင်များသည် အမှန်အားဖြင့် ရောင်ခြယ်ဓာတ်အများအပြားပါရှိ၍မဟုတ်ပေ။ တောင်ပံတွင် သေးငယ်သည့်အကြေးခွံများ ထောင်နှင့်ချီကပ်နေသည့် အလင်းဖောက်တစ်ရှူးအလွှာပါးတစ်ခုရှိပြီး ထိုအကြေးခွံတစ်ခုစီ၌ များသောအားဖြင့် ရောင်ခြယ်ဓာတ်တစ်ခုသာပါရှိ၏။ သို့သော် ရုပ်မြင်သံကြားစက်ရှိ ပုံရိပ်ထင်စေသည့် ရောင်ပြောင်းတောက်ပစ္စည်းများကဲ့သို့ အရောင်အမျိုးမျိုးရှိသော အကြေးခွံများသည် ကြည့်ရှုသူအား အခြားအရောင်တစ်မျိုးကိုမြင်စေသည်။

လိပ်ပြာများကိုတွေ့မြင်နိုင်သည့် အကောင်းဆုံးအချိန်မှာ ပန်းများအပေါ် ယင်းတို့ရစ်ဝဲနေချိန် ဖြစ်သည်ဟု သင်ထင်ကောင်းထင်မည်ဖြစ်သော်လည်း မိုးသစ်တော၌ များသောအားဖြင့် ထိုသို့မဟုတ်ချေ။ ပန်းအများစုမှာ သစ်တောရွက်အုပ်တန်း၏ အမြင့်တွင်ပွင့်လေ့ပွင့်ထရှိပြီး လိပ်ပြာများအတွက် ဝတ်ရည်ပွဲတော်ကြီး တည်ခင်းပေးသော်လည်း ယင်းတို့ကို မြေပြင်ပေါ်ရှိလည်ပတ်ကြည့်ရှုသူ မမြင်နိုင်ပေ။ လိပ်ပြာအဖိုများ မြေပြင်သို့ဆင်းပြီး ဆားကိုစုပ်ယူလေ့ရှိ၍ တော်သေးသည်။ လိပ်ပြာများမိတ်လိုက်စဉ် လိုအပ်သောသတ္တုဓာတ် လျော့နည်းသွားနိုင်ရာ စိုစွတ်သောမြေပြင်မှ အစိုဓာတ်ကိုစုပ်ယူခြင်းဖြင့် လိုအပ်ရာကိုပြန်ဖြည့်သည်ဟု ဆိုလေ့ရှိ၏။ ထို့ကြောင့် စိုစွတ်သောသစ်တောလမ်း သို့မဟုတ် စမ်းချောင်းဘေးတွင် မိုးသစ်တောလိပ်ပြာများကို လေ့လာခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။

လိပ်ပြာများ စုဝေးအနားယူသည့်နေရာတစ်ခုကိုလည်း သင်တွေ့လိုက်ပေမည်။ အပူပိုင်းဒေသလိပ်ပြာများသည် စုရုံးအနားယူလေ့ရှိသည်။ နံနက်ခင်းနေရောင်ခြည်အောက်တွင် အရွက်တစ်ရွက်ပေါ် နားနေကြစဉ် ယင်းတို့အနီးသို့သွား၍ ကပ်ကြည့်နိုင်ပေမည်။ အချို့မျိုးစိတ်များမှာ မနားမနေ ပျံသန်းသွားလာနေပုံရှိသော်လည်း ယင်းတို့၏ရောင်စုံပျံသန်းမှုကို ရှုစားရခြင်းကပင် မိုးသစ်တောသို့ သင့်အလည်ခရီးအတွက် ပို၍ပျော်ရွှင်စရာဖြစ်စေနိုင်ပေသည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လက်ပီဒေါ့တရာ အလှပြပွဲ

မည်သည့်လိပ်ပြာ၊ မည်သည့်ဖလံသည် အလှဆုံးဖြစ်သည်ဟု ရွေးရခက်သော်လည်း အချို့မျိုးစိတ်များမှာ အမှန်ပင်ထူးခြားထင်ရှား၏။a

ပျံလွှားအမြီးလိပ်ပြာများ (Papilionidae)

ရောင်စုံလိပ်ပြာ မျိုးစိတ်ကြီးတစ်ခုဖြစ်ပြီး ယင်းတို့အများအပြား၏ အနောက်တောင်ပံများတွင် သေးငယ်သော “အမြီး” ရှိသည်။ ယင်းတို့သည် အလျင်အမြန်ပျံသန်းတတ်ပြီး သစ်တောရွက်အုပ်တန်းရှိပန်းများကို မှီဝဲလေ့ရှိသည်။

မော်ဖိုလိပ်ပြာများ (Morphidae)

တောင်နှင့်ဗဟိုအမေရိကတွင်သာ တွေ့ ရှိရပြီး ဤလိပ်ပြာများတွင် သတ္တုရောင်ပြေး အပြာရောင် ရင်သပ်ရှုမောဖွယ် တောင်ပံများရှိသည်။ ယင်းတို့၏သက်တံရောင်ပြေးသည် အလင်းရောင်စဉ်တန်းခွဲဖြန့်ခြင်းပေါ်မူတည်သည်။ ယင်းတို့၏တောင်ပံများကို ဖြည်းညင်းစွာခတ်သည်နှင့်အမျှ ပြာရင့်ရင့်အရောင်မှာ အလင်းထောင့်ပေါ်မူတည်ပြီး တောက်ပလာလိုက် မှိန်သွားလိုက်ဖြစ်သည်။

ငှက်တောင်ပံလိပ်ပြာများ (Ornithoptera)

ဤလိပ်ပြာများကို အရှေ့တောင်အာရှနှင့် ဩစတြေးလျ၏အပူပိုင်းဒေသတွင် တွေ့ ရှိရသည်။ နာမည်အတိုင်း ယင်းတို့သည် ငှက်အတော်များများထက် တောင်ပံပိုကြီးသော လိပ်ပြာကြီးများဖြစ်သည်။ ယင်းတို့၏အလှနှင့် ရှားပါးမှုတို့က ယင်းတို့အား ရွှေထက်ပင်အမှန်တကယ် တန်ဖိုးရှိစေသည်။

ယူရေးနစ်ဒ်ဖလံများ (Uraniidae)

လိပ်ပြာများဟုသတ်မှတ်ခံရမည့်အစား ဖလံကောင်များဖြစ်သော ဤလှပတင့်တယ်သည့်အင်းဆက်များသည် နေ့ဘက်တွင် ပျံသန်းကြသည်။ သက်တံ၏အရောင်အားလုံးပါရှိသော တောင်ပံများရှိသည့် မာဒါဂက်စကားကျွန်းမှ ခရစ္စီရီးဒီးယား မာဒါဂက်စကားရီးယန်းစစ် မျိုးစိတ်ကို “ကမ္ဘာပေါ် အလှဆုံးအင်းဆက်” ဟုဆိုကြသည်။

[အောက်ခြေမှတ်ချက်]

a လိပ်ပြာများနှင့်ဖလံများကို လက်ပီဒေါ့တရာအမျိုးအစားအဖြစ် ခွဲခြားသတ်မှတ်ထားသည်။

[Credit Lines]

Morpho: Zoo, Santillana del Mar, Cantabria, España; all others in box: Faunia, Madrid

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

“ဟိုင်ပိုလီရီးယား အိုတို” မျိုးစိတ်၏အလင်းဖောက်တောင်ပံများ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ဟယူဝစ်တ်စန်၏ သီစီယာ ကိုရိုနာတာ အပြာရောင်လိပ်ပြာ။ ယင်း၏တောင်ပံ အတွင်းပိုင်း (ဝဲဘက်ပုံ) သည် အပေါ်ပိုင်း ကဲ့သို့ပင် လှပတောက်ပြောင်သည် (အပေါ်ပုံ)

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ဂေါလျတ် ငှက်တောင်ပံလိပ်ပြာ (ပုံမှန်အရွယ်အစား)

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဇီးကွက်လိပ်ပြာများ၏ တောင်ပံအတွင်းပိုင်း

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

သစ်ရွက်ခြောက်လိပ်ပြာ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

မြေကြီးပေါ်မှ ဆားဓာတ် စုပ်ယူနေသော အပူပိုင်းဒေသလိပ်ပြာများ

[Picture Credit Lines on page 16]

Hypoleria oto: Zoo, Santillana del Mar, Cantabria, España; all other photos: Faunia, Madrid

[Picture Credit Lines on page 17]

Dry-leaf and yellow butterflies: Zoo, Santillana del Mar, Cantabria, España; all other photos: Faunia, Madrid

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ