လိပ်ပြာဘုရင်များအတွက် သဘာဝဘေးမဲ့တောများမှ မျိုးဖြုတ်သတ်ဖြတ်ရာကွင်းအဖြစ်သို့
ကနေဒါနှင့်အမေရိကန်ပြည်ထောင်စုမြောက်ပိုင်း၌ နွေရာသီရောက်လာသောအခါ အံ့သြဖွယ်ကောင်းသည့် အုပ်စုလိုက်ပျံသန်းနေသောလိပ်ပြာဘုရင်များသည် မိမိတို့၏လိမ္မော်နှင့်အနက်စပ်ထားသော တောင်ပံများကိုဖြန့်၍ လေဟုန်စီးကာ ကနေဒါမှထွက်ပြီး အမေရိကန်ပြည်ထောင်စုကို ဖြတ်ကျော်၍ မက္ကစီကိုမြို့အနောက်ဘက်သို့ စုရုံးရောက်ရှိလာကြသည်။ ၁၉၈၆ ခုနှစ်၌ မက္ကစီကန်အစိုးရသည် ထိုမြို့ရှိ ထင်းရှူးပင်များဖြင့်အုပ်ဆိုင်းနေသည့် ပေ ၁၁,၀၀၀ မြင့်သောတောင်များတွင် သဘာဝဘေးမဲ့တောငါးခုကို ပြုလုပ်ခဲ့သည်။ ၁၉၉၄ ခုနှစ်စစ်တမ်းတစ်ခုအရ ဘေးမဲ့တောများတွင် အနည်းဆုံး လိပ်ပြာဘုရင် သန်း ၆၀ တို့သည် ဆောင်းဥတုကို ကုန်လွန်စေသည်။
ထင်းရှူးပင်များကို လိပ်ပြာဘုရင်များက အထူးနှစ်သက်ကြခြင်းမှာ မိုးအေးဒဏ်နှင့်နှင်းဒဏ်တို့မှ လိပ်ပြာတို့ကိုကာကွယ်ပေးထားသည့် သစ်ပင်တို့၏အုပ်ဆိုင်းပိတ်ဆို့နေသောအမိုးအကာကြောင့်ဖြစ်သည်။ သစ်ခုတ်ခြင်းကို ဤဘေးမဲ့တောငါးခုတွင် ပိတ်ပင်ထားသော်လည်း တရားမဝင်သစ်ခုတ်ခြင်းကို မရပ်ဆိုင်းချေ။ “အစိုးရက ပိတ်ပင်တားမြစ်ချက်များထုတ်ထားသော်လည်း မက္ကစီကန်ဘေးမဲ့တောများတွင် ထင်းရှူးပင်ခုတ်ခြင်းက လေမုန်တိုင်းနှင့်အအေးဒဏ်ကို ပြင်းထန်လာစေပြီး လိပ်ပြာဘုရင်များအတွက် ပိုမိုအကာအကွယ်မဲ့စေသည်။ . . . သစ်ပင်များနှင့်ယင်းတို့၏အမိုးအကာများဆုံးရှုံးမှုသည် လိပ်ပြာများအတွက် မိုးဒဏ်နှင့်နှင်းဒဏ်ကို ပိုမိုခံရနိုင်ဖွယ်ဖြစ်စေသည်” ဟုလိပ်ပြာလေ့လာသောသိပ္ပံပညာရှင်တို့က စိုးရိမ်မကင်းဖြစ်ကြသည်။ သစ်ခုတ်ခြင်းသည် အကာအကွယ်ပေးသောအမိုးအကာကို ချိုးဖျက်လိုက်သည်။ ဂိန့်စ်ဗေးလ်ရှိ ဖလော်ရီဒါတက္ကသိုလ် သတ္တဗေဒပညာရှင် လင်ကွန် ဘရောင်ဝါက လိပ်ပြာဘုရင်များအတွက် အကာအကွယ်ပေးသောအမိုးအကာနှင့်စပ်လျဉ်း၍ ဤသို့ဆိုခဲ့သည်– “ဤသစ်တောများ ပိုမိုပျက်သုဉ်းလာသည်နှင့်အမျှ သူတို့၏အမိုးအကာလည်း ပိုမိုပေါက်ပြဲကုန်သည်။”
“ဆိုးရွားသောရာသီဥတုနှင့် သစ်ပင်များခုတ်ပစ်ခြင်းသည် လိပ်ပြာများကို သေဆုံးစေသည်” ဟုသည်နယူးယောက်တိုင်းမ်စ်က ဆိုသည်။ ထို့အပြင် ၁၉၉၅၊ ဒီဇင်ဘာ ၃၀ ရက်ညတွင် ဘေးမဲ့တောများတွင် ဆီးနှင်းကျခြင်းနှင့်ပတ်သက်၍ ဤသို့မှတ်တမ်းတင်ခဲ့သည်– “ဘေးမဲ့တောတို့၏တစ်စိတ်တစ်ပိုင်းကို လှည့်လည်သွားလာသူ အစိုးရသစ်တောအုပ်များနှင့် ဇီဝဗေဒပညာရှင်များက ထောင်သောင်းမကသော အေးခဲနေသည့်လိပ်ပြာဘုရင်များနှင့် နှင်းဖုံးနေသည့်လိပ်ပြာအမြောက်အမြားတို့ကို နှင်းပုံတောထဲတွင် ပြွတ်သိပ်စွာပြန့်ကျဲလျက်ရှိသည်ဟုဆိုသည်။”
ဤစာမျက်နှာ၏ထိပ်ဆုံးရှိရုပ်ပုံသည် ဝမ်းနည်းဖွယ်ကောင်းသောအဖြစ်အပျက်ကို သက်သေထူသည်။
[Picture Credit Line on page 23]
Jorge Nunez/Sipa Press