ရွှေရောင် လွှမ်းသောနှစ်များလော
တောင်အာဖရိကနိုင်ငံ၊ ဆိုဝီတိုမြို့၏ အေးစိမ့်သည့်ဆောင်းရာသီ နံနက်ခင်း ၆:၃၀ တွင်ဖြစ်သည်။ အဲဗာလင်း အိပ်ရာထရတော့မည်။a သူ့အိမ်တွင် အပူပေးစနစ်မရှိရာ အလွန်ပင်ခက်လှ၏။
ရိုးဆက်ရောင်ရမ်းနာကြောင့် နာကျင်နေသည့် ဒူးခေါင်းကို ခုတင်စွန်းဘက် ဖြည်းဖြည်းသက်သာ ရွှေ့လိုက်သည်။ ထို့နောက် ခေတ္တထိုင်နေလိုက်သည်။ ဒူးခေါင်းမှနာကျင်မှု တဖြည်းဖြည်း လျော့နည်းသွားသည်။ အဲဗာလင်း ကိုယ့်ကိုယ်ကိုအားတင်းပြီး မတ်တတ်ရပ်လိုက်သည်။ နာကျင်မှုကြောင့် သူညည်းညူနေ၏။ “ကျိုင်းကောင်သည် မိမိကိုယ်ကို ဒယဉ့်တိုက်ဆွဲသွား” သကဲ့သို့ သူသည် တင်ပါးပေါ်လက်တင်ကာ ရေချိုးခန်းဆီသို့ ထော့နင်းထော့နင်းသွားလေသည်။—ဒေ. ၁၂:၅၊ ကဘ။b
‘ဒါအောင်မြင်မှုတစ်ခုပဲ!’ အဲဗာလင်း သူ့ကိုယ်သူပြောသည်။ နောက်တစ်နေ့ကို တွေ့မြင်နိုင်ရန် သူအသက်ရှင်နေသည့်အပြင် နာကျင်နေသည့်ကိုယ်ခန္ဓာကို အသုံးချနေရဆဲဖြစ်သောကြောင့် ဖြစ်သည်။
သို့သော် သူ့တွင် စိုးရိမ်စရာ နောက်တစ်ခုရှိနေသည်။ “ကျွန်မရဲ့မှတ်ဉာဏ် ‘ချွတ်ယွင်း’ လာတယ်” ဟု အဲဗာလင်းပြောပြသည်။ တစ်ခါတစ်ရံ သော့များထားသည့်နေရာကို မေ့သွားတတ်သော်လည်း သူ၏မှတ်ဉာဏ် ထက်မြက်နေဆဲပင်။ “အသက်ကြီးသူတချို့လို မှတ်ဉာဏ်မပျက်စီးသွားဖို့ပဲ ကျွန်မဆုတောင်းတယ်” ဟုအဲဗာလင်း ပြောသည်။
အဲဗာလင်းငယ်စဉ်က အသက်အရွယ်ကြီးရင့်မှုအကြောင်း တစ်ခါမျှ မစဉ်းစားဖူးချေ။ နှစ်များစွာ မသိမသာကုန်ဆုံးသွားသည်ကို ရုတ်တရက်သိလိုက်ရပြီး ယခု သူ့အသက် ၇၄ နှစ်ရှိပြီဖြစ်ကြောင်း သူ့ကိုယ်ခန္ဓာက မပြတ်သတိပေးနေသည်။
အဲဗာလင်းထက် အခြေအနေပိုကောင်းသူများနှင့် ပြင်းထန်သောရောဂါ၊ စိတ်ဖိစီးမှုမရှိသူအချို့က သူတို့ဘဝ၏ အသက်ကြီးပိုင်းအချိန်ကို ရွှေရောင်လွှမ်းသောနှစ်များဟု သတ်မှတ်ကြသည်။ သူတို့သည် ဘိုးဘေးအာဗြဟံကဲ့သို့ “အသက်ကြီးရင့်၍ အိုမင်းခြင်း၊ နေ့ရက်ကာလပြည့်စုံ [“ကျေနပ်၊” ကဘ] ခြင်း” ရှိကြပေမည်။ (ကမ္ဘာဦး ၂၅:၇) အခြားသူများမူ “ဆိုးသောနေ့ရက်ကာလ” ကိုတွေ့ကြုံကြရပြီး “ငါနေ၍ မပျော်နိုင်” ဟုသာဆိုနိုင်ကြသည်။ (ဒေ. ၁၂:၁၊ သမ္မာ) လေ့လာမှုတစ်ခုအရ လူများစွာမှာ အငြိမ်းစားယူခြင်းကို အဆိုးမြင်ကြရာ နယူးစ်ဝိခ် မဂ္ဂဇင်းက ရွှေရောင်လွှမ်းသောနှစ်များကို “အမှောင်လွှမ်းသောနှစ်များ” ဟုအမည်ပြောင်းရန် အကြံပြုခဲ့သည်။
အသက်အရွယ်ကြီးရင့်ခြင်းကို သင်မည်သို့ရှုမြင်သနည်း။ အသက်ကြီးသူများ ကြုံရသည့် စိန်ခေါ်ချက်အချို့ကား အဘယ်နည်း။ ဉာဏ်ရည်ကျဆင်းခြင်းသည် သက်ကြီးပိုင်းတွင် မရှောင်လွှဲနိုင်သည့် အရာလော။ ရွှေရောင်လွှမ်းသောနှစ်များတွင် စိတ်ငြိမ်သက်မှုရရန် အဘယ်အရာပြုလုပ်နိုင်သနည်း။
[အောက်ခြေမှတ်ချက်]
a ဤအခန်းဆက်ဆောင်းပါးများတွင် နာမည်အချို့ပြောင်းထားသည်။
b ရှေး ဒေ.ကျမ်းတွင်ပါဝင်သော ဤစာပိုဒ်သည် အသက်အရွယ်ကြီးရင့်မှု၏ အခက်အခဲများကို ထိုးထွင်းသိမြင်မှုရှိရှိ ကဗျာဆန်ဆန် ဖွဲ့နွဲ့ရေးသားထားကြောင်း ကြာမြင့်စွာကတည်းက အသိအမှတ်ပြုခဲ့ကြပြီ။