သမ္မာကျမ်းစာရှုထောင့်
သင် အခက်အခဲများ ကြုံနေရခြင်းသည် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော
အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် မိမိ၌ ကင်ဆာရောဂါ ရှိနေကြောင်း သိရှိရပြီးနောက် “ကျွန်မ ဒဏ်ခတ်ခံနေရတာလို့ ခံစားရတယ်” ဟုဆို၏။ ယင်းမတိုင်မီ အစောပိုင်းနှစ်များက မိမိပြုခဲ့သည့် မကောင်းမှုတစ်ခုခုအကြောင်း ပြန်ပြောင်းစဉ်းစားပြီး သူက “ဒါဟာ ကျွန်မမှာ အပြစ်ရှိကြောင်း ဘုရားသခင်ပြောပြတာဖြစ်ရမယ်” ဟုကောက်ချက်ချလိုက်သည်။
ဆင်းရဲခက်ခဲမှုနှင့် ရင်ဆိုင်ရသောအခါ အတိတ်က အမှားတချို့ကြောင့် မိမိတို့ကို ဘုရားသခင် ဒဏ်ခတ်နေခြင်းဖြစ်သည်ဟု လူအများက ယူဆကြသည်။ သူတို့သည် ရုတ်တရက် အခက်အခဲများစွာနှင့် ရင်ဆိုင်ရသောအခါ “ငါ့ကျမှ ဘာကြောင့်ဖြစ်ရတာလဲ။ ငါဘာလုပ်မိလို့ ဒီလိုခံရတာလဲ” ဟုညည်းတွားကြသည်ကို ကြားဖူးပေမည်။ ကျွန်ုပ်တို့၏အခက်အခဲများသည် ဘုရားသခင် ဒဏ်ခတ်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်ဟု ကောက်ချက်ချသင့်သလော။ ကျွန်ုပ်တို့၏ ဆင်းရဲခက်ခဲမှုများသည် အမှန်တကယ်ပင် ဘုရားသခင် ဒဏ်ခတ်ခြင်းကြောင့်လော။
သစ္စာရှိ ဝတ်ပြုသူများ ဆင်းရဲခက်ခဲမှုနှင့် တွေ့ကြုံခဲ့ရ
ယောဘဟုအမည်ရသော အမျိုးသားတစ်ဦးနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့ဆိုသည်ကို သုံးသပ်ကြည့်ပါ။ ကြိုတင်သတိပေးချက်မရှိဘဲ သူ၏စည်းစိမ်ဥစ္စာများကို ရုတ်တရက် ဆုံးရှုံးလိုက်ရ၏။ ယင်းနောက် မိမိ၏သားသမီးဆယ်ဦးစလုံးသည် လေပြင်းမုန်တိုင်းတစ်ခုတွင် သေဆုံးသွားခဲ့ကြသည်။ ထိုသို့ဖြစ်ပြီး မကြာမီမှာပင် သူလည်း အားအင်ဆုတ်ယုတ်စေသည့် စက်ဆုပ်ဖွယ်ကောင်းသောရောဂါ ခံစားလိုက်ရ၏။ (ယောဘ ၁:၁၃-၁၉; ၂:၇၊ ၈) ယင်းသို့သော ဆင်းရဲခက်ခဲမှုများကြောင့် ယောဘ ဤသို့အော်ဟစ်ခဲ့သည်– “ဘုရားသခင်၏လက်တော်သည် ငါ့ကို ထိခိုက်ပါပြီ။” (ယောဘ ၁၉:၂၁) ယနေ့ များစွာသောသူတို့ကဲ့သို့ပင် မိမိကို ဘုရားသခင် ဒဏ်ခတ်ခြင်းဖြစ်ကြောင်း ယောဘခံစားခဲ့ရသည်မှာ ထင်ရှားပါသည်။
သို့သော် ယောဘကြုံတွေ့ရသော စမ်းသပ်မှုများ မစတင်မီ ဘုရားသခင်ကိုယ်တော်တိုင် ယောဘအား ‘စုံလင်ဖြောင့်မတ်သောသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူ’ ဟုခေါ်ဆိုခဲ့ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ (ယောဘ ၁:၈) ယောဘအား မိမိနှစ်သက်လက်ခံကြောင်း ဘုရားသခင်ဖော်ပြခဲ့သောကြောင့် ယောဘ၏ဆင်းရဲခက်ခဲမှုများသည် ဘုရားသခင်ဒဏ်ခတ်ခြင်းမဟုတ်ကြောင်း ထင်ရှားနေပါသည်။
အမှန်မှာ သမ္မာကျမ်းစာတွင် ဆင်းရဲခက်ခဲမှုများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြောင့်မတ်သူတို့၏မှတ်တမ်းများ အပြည့်ရှိနေသည်။ ယောသပ်သည် ဘုရားသခင့်သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်သော်လည်း နှစ်ပေါင်းများစွာ မတရားထောင်ချခံခဲ့ရသည်။ (ကမ္ဘာဦး ၃၉:၁၀-၂၀; ၄၀:၁၅) သစ္စာရှိခရစ်ယာန် တိမောသေသည် ‘မကြာခဏ ဝေဒနာခံစား’ ခဲ့ရ၏။ (၁ တိမောသေ ၅:၂၃) အမှားတစ်ခါမျှ မပြုခဲ့သည့် ယေရှုခရစ်ပင်လျှင် ပြင်းစွာဝေဒနာခံ၍ မသေဆုံးမီ ရက်စက်စွာ မတရားဆက်ဆံခံခဲ့ရသည်။ (၁ ပေတရု ၂:၂၁-၂၄) ထို့ကြောင့် ဘုရားသခင်မနှစ်သက်၍ ဆင်းရဲခက်ခဲမှုနှင့်ကြုံရခြင်းဖြစ်မည်ဟု ကောက်ချက်ချခြင်းမှာ မမှန်ကန်ပါ။ သို့သော် ဆင်းရဲခက်ခဲမှုအတွက် ဘုရားသခင်၌တာဝန်မရှိလျှင် မည်သူ၌ တာဝန်ရှိသနည်း။
ကျွန်ုပ်တို့အခက်အခဲကြုံတွေ့ရသည့် အကြောင်းရင်းများ
ယောဘအား အဖြစ်ဆိုးများနှင့် ကြုံတွေ့စေခဲ့သူမှာ စာတန်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြ၏။ (ယောဘ ၁:၇-၁၂; ၂:၃-၈) ထို့အပြင် စာတန်သည် ယနေ့ ကျွန်ုပ်တို့ကြုံတွေ့နေရသော ပြဿနာများကို အဓိကဖြစ်ပေါ်စေသူဖြစ်ကြောင်း ကျမ်းစာက ဤသို့ဆိုသည်– ‘မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား စာတန်သည် မိမိအချိန်တိုတောင်းသည်ကိုသိ၍ ဒေါသကြီးစွာဖြင့် သင်တို့ထံသို့ ဆင်းလေပြီ။’ (ဗျာ. ၁၂:၁၂) “ဤလောကကို အစိုးရသောမင်း” အဖြစ် စာတန်သည် မရေမတွက်နိုင်သော စိတ်ဆင်းရဲစရာများနှင့် ဝမ်းနည်းကြေကွဲစရာများကို ဖြစ်ပေါ်စေခဲ့သည့် ဆိုးသွမ်းမှုများကို လူများစွာ ကျူးလွန်စေရန် ဩဇာလွှမ်းမိုးခဲ့ပေပြီ။—ယောဟန် ၁၂:၃၁; ဆာလံ ၃၇:၁၂၊ ၁၄။a
သို့သော် ကျွန်ုပ်တို့ ကြုံတွေ့နေရသော ဆင်းရဲခက်ခဲမှုတိုင်းအတွက် စာတန်ကို အပြစ်တင်မစောသင့်ချေ။ အမွေရထားသော အပြစ်နှင့်မစုံလင်မှုတို့ကြောင့် ကျွန်ုပ်တို့သည် ပညာမဲ့သော ဆုံးဖြတ်ချက်များ ချမိတတ်ကြပြီး ယင်းကြောင့် ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။ (ဆာလံ ၅၁:၅; ရောမ ၅:၁၂) ဥပမာ၊ တမင်တကာ အစားအသောက် ကောင်းကောင်းမစားသည့်အပြင် လုံလောက်စွာ အနားမယူသည့် လူတစ်ဦးကို မြင်ယောင်ကြည့်လိုက်ပါ။ ယင်းကြောင့် သူသည် တဖြည်းဖြည်း စိုးရိမ်ဖွယ်ကျန်းမာရေးပြဿနာများ ကြုံရပါက စာတန်ကို သူ အပြစ်တင်သင့်သလော။ အပြစ်မတင်သင့်ပါ၊ ထိုသူသည် မိမိကိုယ်တိုင် မဆင်မခြင်ပြုမူနေထိုင်သည့်အတွက် အကျိုးဆက်များကို ခံစားရခြင်းဖြစ်သည်။ (ဂလာတိ ၆:၇) ယင်းသို့သောဥပမာတစ်ခုဖြင့် သမ္မာကျမ်းစာနယပုံပြင်ကျမ်းတွင် ဤသို့ဆိုသည့်အတိုင်းပင်– ‘သူသည် မိမိ၏မိုက်မဲမှုကြောင့် အကျိုးနည်းရ၏။’—သု. ၁၉:၃၊ ခမ။
နောက်ဆုံးတွင် မနှစ်မြို့ဖွယ် အတွေ့အကြုံများစွာသည် ‘အချိန်နှင့် ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်’ တို့ကြောင့်သာဖြစ်ကြောင်း အသိအမှတ်ပြုရမည်။ (ဒေ. ၉:၁၁) မမျှော်လင့်ဘဲ မိုးသက်မုန်တိုင်းနှင့် ကြုံတွေ့လိုက်ရသူတစ်ဦးကို စဉ်းစားကြည့်လိုက်ပါ။ ထိုသူသည် အနည်းငယ်သာ စိုသွားမည်ဖြစ်စေ၊ တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားမည်ဖြစ်စေ ယင်းသည် မိုးစရွာချိန်တွင် သူရောက်ရှိနေသည့်နေရာအပေါ်တွင် မူတည်ပေမည်။ အလားတူ၊ ဤ “ခက်ခဲကျပ်တည်းသောကာလ” တွင် အခြေအနေဆိုးများသည် ရုက်တရက်ကျရောက်သော ဆင်းရဲခက်ခဲမှုတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပါသည်။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်တို့ထိခိုက်ခံရသည့် အတိုင်းအတာသည် ကျွန်ုပ်တို့ အနည်းငယ်ထိန်းချုပ်နိုင်သည့် သို့မဟုတ် မထိန်းချုပ်နိုင်သည့် အချိန်အခါနှင့် အခြေအနေများအပေါ် မူတည်လေ့ရှိသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည် ဆင်းရဲခက်ခဲမှုကို အမြဲခံစားရမည်ဟု ယင်းက ဆိုလိုပါသလော။
ဆင်းရဲခက်ခဲမှုအားလုံး မကြာမီ အဆုံးတိုင်တော့မည်
ဝမ်းသာစရာမှာ ယေဟောဝါဘုရားသခင်သည် မကြာမီ ဆင်းရဲခက်ခဲမှုအားလုံးကို အဆုံးတိုင်စေတော့မည်ဖြစ်သည်။ (ဟေရှာယ ၂၅:၈; ဗျာ. ၁:၃; ၂၁:၃၊ ၄) ဤအတောအတွင်း ရောက်လာတော့မည့် ထူးမြတ်လှသောအနာဂတ်ကို ကျွန်ုပ်တို့ စောင့်မျှော်နေသည်နှင့်အမျှ ကိုယ်တော်သည် ယခု ကြုံတွေ့နေရသော စမ်းသပ်မှုများကို ကျွန်ုပ်တို့ ကိုင်တွယ်ဖြေရှင်းနိုင်ရန် လမ်းညွှန်ချက်နှင့် ‘ကျမ်းစာမှရရှိသော နှစ်သိမ့်မှု’ တို့ကို ပြင်ဆင်ပေးခြင်းဖြင့် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်ကြောင်း ဖော်ပြတော်မူ၏။ (ရောမ ၁၅:၄; ၁ ပေတရု ၅:၇) ထိုအချိန်ရောက်လျှင် ဘုရားသခင့်အမြင်တွင် ဖြောင့်မတ်သောသူတို့သည် ဆင်းရဲခက်ခဲမှုတစ်စုံတစ်ရာမျှမရှိသည့် ကမ္ဘာသစ်တွင် အဆုံးမဲ့အသက်တာကို မွေ့လျော်ခံစားရပါလိမ့်မည်။—ဆာလံ ၃၇:၂၉၊ ၃၇။
[အောက်ခြေမှတ်ချက်]
a ဖေဖော်ဝါရီ ၂၀၀၇ နိုးလော့! မှ “သမ္မာကျမ်းစာရှုထောင့်– စာတန်ကား မည်သူနည်း။ သူသည် တကယ့်ပုဂ္ဂိုလ်လော” ဟူသည့် ဆောင်းပါးကိုကြည့်ပါ။
သင်စဉ်းစားဖူးသလော
◼ အမှားပြုသူများသာ ဆင်းရဲခက်ခဲမှုကို ခံစားရပါသလော။—ယောဘ ၁:၈။
◼ ကျွန်ုပ်တို့၏ အခက်အခဲအားလုံးအတွက် စာတန်ကို အပြစ်တင်ရန်လော။—ဂလာတိ ၆:၇။
◼ ဆင်းရဲခက်ခဲမှုများ အမြဲတည်ရှိသွားမည်လော။—ဗျာ. ၂၁:၃၊ ၄။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
‘အချိန်နှင့် ကြိုတင်မမြင်နိုင်သော အဖြစ်အပျက်များ လူအားလုံးအပေါ် ကျရောက်တတ်၏။’—ဒေ. ၉:၁၁