ကမ္ဘာ့ဖြစ်ရပ်အကဲခတ်
◼ “၂၀ ရာစုတွင် ဆေးရွက်ကြီးကြောင့် လူသန်း ၁၀၀ သေဆုံးခဲ့သည်။”—ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နယူးဇီလန်။
◼ “၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အတွင်း [ဗြိတိန်နိုင်ငံ] တွင် နှလုံးခွဲစိတ်မှုခံယူခဲ့သည့် လူနာ ၉,၀၀၀ ခန့်အဖို့ သွေးနီဥသွင်းခြင်းသည် သွေးနီဥမသွင်းသူနှင့် နှိုင်းယှဉ်လျှင် ခွဲစိတ်ကုသမှုခံယူသည့်ရက် ၃၀ အတွင်း သေဆုံးနိုင်ခြေ ခြောက်ဆခန့်ရှိပြီး နောက်တစ်နှစ်တွင် သေဆုံးနိုင်ခြေ သုံးဆရှိသည်။—NEW SCIENTIST, ဗြိတိန်။
အေးချမ်းငြိမ်သက်ချိန်လော
“ခရစ္စမတ်သည် ကျွန်ုပ်တို့၏ အကြီးကျယ်ဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သည့်အပြင် အငြင်းပွားချိန်လည်းဖြစ်သည်” ဟုမိဘများအတွက်ထုတ်ဝေသည့် ဆွီဒင်မဂ္ဂဇင်းတစ်စောင် (Vi Föräldrar) ကဆိုသည်။ အမှန်မှာ မိသားစုများသည် ခရစ္စမတ်အချိန်အခါတွင် “တစ်နှစ်တာ၏အခြားအချိန်များထက် ပို၍ စကားများရန်ဖြစ်ကြသည်။” အားလပ်ရက်ရာသီအတွင်း မိမိတို့၏အတွေ့အကြုံများနှင့်ပတ်သက်၍ ကလေးငယ်များ၏ မိဘ ၁,၁၀၀ ကျော်ကို ယင်းမဂ္ဂဇင်းက မေးမြန်းခဲ့သည်။ ၈၈ ရာခိုင်နှုန်းခန့်က မိသားစုသည် “ခရစ္စမတ်ပွဲတော်ကို မည်သို့နှင့် မည်သည့်နေရာတွင် ကျင်းပမည်” တို့နှင့်ပတ်သက်၍ စကားများကြသည်ဟု ဖြေဆိုခဲ့ကြ၏။ အဘိုးအဘွားများသည် မိမိတို့၏မြေးများအား သကြားလုံးများနှင့် မလိုအပ်သောလက်ဆောင်များပေး၍ အလိုလိုက်ကာပျက်စီးစေသောကြောင့် မိဘများစွာ စိတ်ဆိုးခဲ့ကြ၏။
ပေးကမ်းခြင်းက ပို၍ပျော်ရွှင်စေ
“ငွေကို ပေးပစ်လိုက်မည်ဆိုလျှင် ယင်းက သင့်ကို ပျော်ရွှင်စေသည်” ဟုကနေဒါနိုင်ငံထုတ် ဂလုပ်အဲန်မေးလ်သတင်းစာ၏ခေါင်းကြီးပိုင်းတွင် ဖတ်ရသည်။ မေးမြန်းခံရသူအများစုက ငွေကို မိမိတို့အတွက် အသုံးပြုခြင်းသည် ပို၍ပျော်ရွှင်စေသည်ဟု ယူဆကြသော်လည်း အခြားသူများအား ကူညီရန် ငွေကို နည်းများမဆို အသုံးပြုခဲ့ကြသူတို့မှာ အလွန်ပျော်ရွှင်ကြကြောင်း ပြောဆိုခဲ့ကြသည်။ “ချမ်းသာကြွယ်ဝမှုက ပျော်ရွှင်မှုအတွက် အာမခံချက်မဟုတ်ကြောင်း ထပ်တလဲလဲ ပြုလုပ်ခဲ့သောလေ့လာမှုများက ဖော်ပြသည်။ လူတို့သည် မိမိတို့၏အခြေခံလိုအပ်ရာများကို ဖြည့်ဆည်းရန် လုံလောက်သောငွေကြေးရရှိကြပြီးနောက် ယင်းကို ထပ်၍ရရှိအောင်ပြုခြင်းက သူတို့၏ပျော်ရွှင်မှုကို မတိုးပွားစေပါ” ဟုယင်းသတင်းစာကဆို၏။
ယင်းကို အင်တာနက်မှ သင်ရရှိနိုင်
မိမိတို့၏ရန်သူဖြစ်လာနိုင်သူများသည် အင်တာနက်မှတစ်ဆင့် “ခွင့်ပြုချက်ရရှိထားသူများသာ အသုံးပြုသော စစ်ဘက်ဆိုင်ရာပစ္စည်းများအား ရယူနိုင်ခြင်း” ရှိမရှိကို စစ်ဆေးရန် အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်သည်ဟု မဂ္ဂဇင်းတစ်စောင် (New Scientist) ကဆို၏။ “ယင်းသည် မည်မျှလွယ်ကူသည်ကို တွေ့ရှိကြ၍ သူတို့အံ့အားသင့်ခဲ့ကြသည်။” ရန်သူများသည် နာမည်ကြီး စီးပွားရေးအွန်လိုင်းများကို အသုံးပြု၍ “အမေရိကန်စစ်ဘက်သုံး ကျည်ကာအင်္ကျီများ၊” “အသုံးပြုပြီးသား နျူကလီးယားဇီဝဓာတုကာကွယ်ရေးဝတ်စုံ” တစ်စုံ၊ ဂျက်တိုက်လေယာဉ်များ၏ အစိတ်အပိုင်းများနှင့် “အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများစွာ” ကိုအခက်အခဲမရှိ ဝယ်ယူခဲ့ကြသည်။ ရောင်းချသူများသည် ယင်းသို့သောပစ္စည်းများကို မည်ကဲ့သို့ရရှိခဲ့ကြသည်ကို မသိရသော်လည်း “ယခုအခါ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု” များစွာနှင့်ရင်ဆိုင်နေရကြောင်း ယင်းမဂ္ဂဇင်းကဆို၏။
ရှေးခေတ် စူပါကော်
ရှေးရောမခေတ်မှ ရောမစစ်သားတစ်ဦး၏ အခမ်းအနားဝတ်သံခမောက်နှင့် အလှဆင်ငွေဦးရစ်ကို ကပ်ထားသောကော်သည် ယနေ့ခေတ် စူပါကော်များကဲ့သို့ပင် ကပ်အားကောင်း၏။ ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ရှိ ရွိုင်းလန်းပြတိုက်မှ ရှေးဟောင်းပစ္စည်းပြန်လည်ဖော်ထုတ်ပေးရာတွင် ကျွမ်းကျင်သူအကြီးအကဲ ဖရန့်ခ်ဗီလာက အဆိုပါတွေ့ရှိချက်ကို အမှတ်တမဲ့ ဖော်ထုတ်ခဲ့၏။ သူသည် ရွိုင်းမြစ်ကြမ်းပြင်တွင် အနည်းဆုံး အနှစ် ၁,၅၀၀ ကြာရှိနေခဲ့သည့် ဘီစီ ပထမရာစုမှ သံခမောက်တစ်လုံး၏ သတ္တုနမူနာစတစ်ခုကို လွှကောင်းကောင်းတစ်လက်ဖြင့် ဖြတ်တောက်ခဲ့သည်။ “လွှတိုက်ရာမှ ထွက်လာသည့်အပူရှိန်ကြောင့် ယင်းသံခမောက်ပေါ်မှ ငွေဦးရစ်သည် ကွာကျသွားပြီး သေးငယ်သောကော်မျှင်တန်းများ ဖြစ်ကျန်ရစ်ခဲ့သည်” ဟုသူက ရှင်းပြ၏။ ယင်းစေးကပ်သောကော်ကို ကတ္တရာစေး၊ သစ်စေးနှင့် အမဲဆီတို့ ဖြင့် ပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။