ပုံစံပြုထားခြင်းလော
ခရုကမာခွံ
◼ ပင်လယ်သတ္တဝါအခွံများသည် ကျိုးပဲ့လွယ်ပုံရသော်လည်း သာမန်အားဖြင့် ချိုးဖဲ့ရခက်သည်။ “ခရုခွံတချို့ကို အပိုင်းပိုင်းဖြစ်အောင် တူတစ်ချောင်းနဲ့ ကျွန်တော်ထုခွဲခဲ့ရတယ်” ဟု အင်ဂျင်နီယာ ကဲန်နက် ဗက်ယိုက သူ၏ကလေးဘဝကို ပြန်အမှတ်ရကာ ပြောပြသည်။ ပင်လယ်သတ္တဝါအခွံ၏မာကျောမှုသည် အထူးသဖြင့် ခရုကမာခွံများတွင် သိသာထင်ရှားသည်။a
သုံးသပ်ကြည့်ပါ– ခရုကမာခွံများ၏ အတွင်းပိုင်းအလွှာ (အခွံတချို့တွင်ရှိသည့် ကနုကမာရောင်အတွင်းထပ်) တွင် အလွန့်အလွန်သေးငယ်သော အကြေးခွံများရှိပြီး ယင်းတို့သည် တစ်ခုနှင့်တစ်ခု နာနိုမီတာ သို့မဟုတ် တစ်မီတာ၏ တစ်ဘီလီယံပုံ တစ်ပုံမျှသာ ခြားလျက်ရှိသည်။ “နာနိုအကြေးခွံတွေရှိတဲ့ ကနုကမာထဲမှာ တွေ့ခဲ့ရတဲ့ ရှုပ်ထွေးမှုဟာ တော်တော့်ကို အံ့သြဖို့ကောင်းပြီး အဲဒီအရာဝတ္ထု မာကျောရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပုံရတယ်” ဟု အမေရိကန်၊ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ဒြပ်ဝတ္ထု သိပ္ပံနှင့် အင်ဂျင်နီယာဌာန၏ တွဲဖက်ပါမောက္ခ ခရစ္စတင်း အော်တက်စ်က ဆိုသည်။
သိပ္ပံစာရေးဆရာ ချားလ်စ် ပတ်တီသည် ကနုကမာကို ပုံကြီးချဲ့၍ကြည့်ရှုရာ “အလွန်အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြေပြစ်ညီညွတ်” နေသည်ဟု ဖော်ပြခဲ့သည်။ သူဤသို့ရှင်းပြသည်– “ကနုကမာရဲ့ ကန့်လန့်ဖြတ်အနေအထားကို အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်လိုက်တဲ့အခါ အုတ်နံရံ၊ ဆဋ္ဌဂံပုံဆောင်ခဲပြားလေးတွေနဲ့တူတယ်၊ သေသပ်တဲ့အလွှာတွေထဲမှာ ကယ်လစီယမ်ကာဗွန်နိတ်သတ္တုတွေ ကပ်နေတယ်။ ကနုကမာတွေမှာ စွဲကပ်နေတဲ့အရာကတော့ အခွံမာပင်လယ်သတ္တဝါတွေကနေ စိမ့်ထွက်လာတဲ့ ပျော့ပျောင်းပြီး ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစေးဖြစ်တယ်။”
ခရုကမာခွံ၏လျှို့ဝှက်ချက်များကို နည်းလမ်းအတော်များများတွင် အသုံးပြုနိုင်သည်ဟု သိပ္ပံပညာရှင်များ ယုံကြည်ကြသည်၊ ယင်းတို့အထဲမှတချို့မှာ ပိုမိုခိုင်မာသော သံချပ်ကာစနစ်၊ မော်တော်ကား သတ္တုပြားများနှင့် လေယာဉ်တောင်ပံများဖြစ်သည်။ “အဆင့်မြင့်စက်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ရှိတဲ့ ဒြပ်ဝတ္ထုတွေထုတ်လုပ်ဖို့ သဘာဝလောကဟာ နာနိုအကြေးခွံ တည်ဆောက်ပုံဒီဇိုင်း အခြေခံသဘောတရားကို အသုံးပြုထားတယ်။ လူသားအင်ဂျင်နီယာတွေဟာ ကဏ္ဍအတော်များများမှာ အဲဒီလောက် လက်ရာမြောက်အောင် မဖန်တီးနိုင်ကြသေးဘူး” ဟု အော်တက်စ်ကဆိုသည်။
သင်မည်သို့ထင်သနည်း။ အံ့ဖွယ်ခံနိုင်အားရှိသော ခရုကမာခွံသည် မတော်တဆဖြစ်ပေါ်လာခြင်းလော။ သို့မဟုတ် ပုံစံပြုထားခြင်းလော။
[အောက်ခြေမှတ်ချက်]
a ခရုကမာကောင်များသည် ပျော့အိသည့် ကိုယ်ခန္ဓာရှိပြီး အရိုးမဲ့တိရစ္ဆာန်များဖြစ်သည်။ ပင်လယ်ခရုကမာကောင်များတွင် ခုံးကောင်၊ ယောက်သွား၊ မုတ်ကောင်၊ ကမာကောင်၊ ရေဘဝဲနှင့် ပြည်ကြီးငါးတို့ ပါဝင်သည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
ပုံကြီးချဲ့ထားသော ခရုကမာခွံအတွင်းပိုင်းအလွှာ၏ ကန့်လန့်ဖြတ်အနေအထား
[Credit Line]
Inset: © Eye of Science/Photo Researchers, Inc.