ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၂/၁၀ စာ. ၅-၈
  • ခရစ္စမတ်နှင့်ပတ်သက်သော အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်နှင့်ပတ်သက်သော အမှန်တရား
  • နိုးလော့!—၂၀၁၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အတုအယောင်!
  • ခရစ္စမတ်ထုံးစံတွေနဲ့ပတ်သက်ပြီး ဘာမှားနေသလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ခရစ္စမတ်—အရှေ့တိုင်း၌ပင် အဘယ်ကြောင့်ကျင်းပကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ္စမတ်—ယင်းသည် အမှန်ပင် ခရစ်ယာန်ဆန်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၀
န ၁၂/၁၀ စာ. ၅-၈

ခရစ္စမတ်နှင့်ပတ်သက်သော အမှန်တရား

ဘာသာရေးဆိုင်ရာ ပွဲနေ့တွေ၊ သွန်သင်ချက်တွေနဲ့ပတ်သက်တဲ့အမှန်တရားကို သိဖို့အရေးကြီးတယ်လို့ သင်ယူဆပါသလား။ ယူဆမယ်ဆိုရင် ဒီမေးခွန်းတွေကို သင်မေးလိုပါလိမ့်မယ်– (၁) ယေရှုက တကယ်ပဲ ဒီဇင်ဘာ ၂၅ ရက်မှာ မွေးဖွားခဲ့သလား။ (၂) “ပညာရှိ” တွေက ဘယ်သူတွေလဲ၊ တကယ်ပဲ သုံးဦးလား။ (၃) ဘယ်လို “ကြယ်” မျိုးက ယေရှုဆီ ဦးဆောင်လမ်းပြသွားခဲ့သလဲ။ (၄) စဲန်တာကလော့စ် (Santa Claus) ခရစ္စမတ်ဘိုးဘိုးကြီးက ယေရှု၊ ယေရှုမွေးနေ့နဲ့ ဘယ်လိုပတ်သက်မှုရှိပါသလဲ။ (၅) ခရစ္စမတ်လက်ဆောင်ပေးတဲ့ဓလေ့ထုံးစံ၊ ပိုပြီးအတိအကျပြောရရင် လက်ဆောင်တွေလဲလှယ်တဲ့ ခရစ္စမတ်ထုံးစံကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ။

အဲဒီမေးခွန်းတွေကို သမ္မာကျမ်းစာနဲ့ သမိုင်းဝင်အချက်အလက်တွေရဲ့အကူအညီနဲ့ အခု သုံးသပ်ကြည့်ကြစို့။

(၁) ဒီဇင်ဘာ ၂၅ ရက်မှာ ယေရှုမွေးဖွားခဲ့သလား။

ဓလေ့ထုံးစံ– ဓလေ့ထုံးစံအရ ယေရှုရဲ့မွေးနေ့က ဒီဇင်ဘာ ၂၅ ရက်မှာကျရောက်ပြီး အဲဒီနေ့မှာ ပွဲလုပ်ကြတယ်။ “ခရစ္စမတ်ဆိုတာ ‘ခရစ်တော်ဖွားမြင်တဲ့အတွက် ကျင်းပတဲ့ပွဲတော်’ ဖြစ်တယ်လို့ စွယ်စုံကျမ်းတစ်အုပ် (Encyclopedia of Religion) ကဖော်ပြတယ်။”

ဇာစ်မြစ်– “ဒီဇင်ဘာ ၂၅ ရက်ဖြစ်လာရတာက ကျမ်းစာအစဉ်အလာအရမဟုတ်ဘဲ ကမ္ဘာ့မြောက်ဘက်ခြမ်းရဲ့ ဆောင်းယဉ်စွန်းချိန်ဝန်းကျင်၊ ‘နှစ်အကုန်ပိုင်းမှာ ကျင်းပတဲ့ ရောမတို့ရဲ့အယူမှားပွဲတွေကနေ’ ဆင်းသက်လာတာဖြစ်တယ်” လို့ စွယ်စုံကျမ်းတစ်အုပ် (The Christmas Encyclopedia) ကဆိုတယ်။ အဲဒီပွဲတွေထဲမှာ စိုက်ပျိုးရေးဘုရားသခင်ဖြစ်တဲ့ စက်တန်ကို ဂုဏ်ပြုတဲ့ စနေဂြိုဟ်နတ်ဘုရားပွဲနဲ့ “ရောမတို့ရဲ့နေဘုရားသခင်ဆောလ်၊ ပါရှန်းတို့ရဲ့နေဘုရားသခင်မိသရတို့ရဲ့ ပေါင်းစပ်လိုက်တဲ့ပွဲတော်တွေ” ပါဝင်တယ်လို့ အဲဒီစွယ်စုံကျမ်းကပဲ ဆိုတယ်။ သူတို့နှစ်ပါးစလုံးရဲ့မွေးနေ့ပွဲတွေကို ဂျူလီယန်ပြက္ခဒိန်အရ ဆောင်းယဉ်စွန်းချိန်ဖြစ်တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပခဲ့ကြတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ်တော်ရဲ့မွေးနေ့ဖြစ်တယ်လို့ ပထမမြောက် ပုပ်ရဟန်းမင်း ဂျူးလီးယပ်စ် ကြေညာခဲ့တဲ့ စီ.အီး ၃၅၀ မှာ အဲဒီအယူမှားပွဲတွေကို “ခရစ်ယာန်မှုပြု” လိုက်ကြတယ်။ အဲဒီစွယ်စုံကျမ်းကပဲ ဒီလိုဆိုထားတယ်– “အရှင်ယေရှုခရစ်ဖွားမြင်တဲ့ပွဲမှာ တခြားယဉ်စွန်းတန်းဓလေ့ထုံးတမ်းတွေကို တဖြည်းဖြည်း လက်ခံကျင့်သုံးလာခဲ့ကြတယ်။ (မရှုံးနိမ့်နိုင်သောနေမင်းလို့လည်းခေါ်တဲ့) ရှင်ပြန်ထမြောက်ပြီဖြစ်တဲ့ခရစ်တော်ကို သရုပ်ဖော်ဖို့ နေမင်းအထိမ်းအမှတ်ရုပ်ပုံတွေကို ပိုပြီးအသုံးများလာတယ်။ ယခင်နေစက်ဝန်းပုံတွေဟာ . . . ခရစ်ယာန်သူတော်စင်တွေရဲ့ ဦးခေါင်းထက်က ရောင်ခြည်စက်ဝိုင်းတွေဖြစ်လာခဲ့တယ်။”

ကျမ်းစာပြောဆိုရာ– ယေရှုမွေးတဲ့နေ့ရက်ကို ကျမ်းစာမှာ မဖော်ပြထားပါ။ ဒါပေမဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ယေရှုမမွေးခဲ့ဘူးဆိုတာ ကျွန်တော်တို့ယုံကြည်စိတ်ချနိုင်တယ်။ ဘာကြောင့် အဲလိုယုံကြည်စိတ်ချနိုင်တာလဲ။ ယေရှုမွေးဖွားတဲ့အချိန်မှာ သိုးထိန်းတွေဟာ ဘက်သလီဟင်မြို့အနီးအနားရှိ “ကွင်းပြင်၌” သိုးတွေကို ညအခါ ထိန်းကျောင်းနေတယ်လို့ ကျမ်းစာကဆိုတယ်။ (လုကာ ၂:၈) ချမ်းအေးတဲ့မိုးရာသီဟာ များသောအားဖြင့် အောက်တိုဘာလမှာ စတင်ပြီး သိုးထိန်းတွေက ဘက်သလီဟင်မြို့အနီးဝန်းကျင်တွေလို အထူးသဖြင့် ပိုအေးတဲ့ကုန်မြင့်ဒေသတွေမှာ ညအခါ သိုးတွေကို လုံခြုံတဲ့နေရာတွေထဲ ဆောင်သွင်းလေ့ရှိတယ်။ တစ်ခါတလေ ဆီးနှင်းတွေပါကျရောက်တတ်တဲ့ အအေးဆုံးရာသီက ဒီဇင်ဘာလမှာဖြစ်တယ်။a

ခရစ်ယာန်ဓမ္မအမှုမှာ ယေရှုနဲ့အတူတွဲအမှုဆောင်ခဲ့တဲ့သူတွေအပါအဝင် အစောပိုင်းခရစ်ယာန်တွေက ကိုယ်တော်ရဲ့မွေးနေ့ကို ဘယ်နေ့ရက်မှာမှ မကျင်းပခဲ့ကြဘူးဆိုတာ သိသာထင်ရှားတယ်။ အဲဒီအစား ယေရှုရဲ့အမိန့်နဲ့အညီ ကိုယ်တော်သေဆုံးတဲ့နေ့ကိုပဲ သူတို့ကျင်းပခဲ့ကြတယ်။ (လုကာ ၂၂:၁၇-၂၀; ၁ ကောရိန္သု ၁၁:၂၃-၂၆) ဒါပေမဲ့ တချို့က ပြောကောင်းပြောမယ်၊ ‘အယူမှားပွဲတွေနဲ့ဆက်နွှယ်နေတော့ကော ဘာအရေးကြီးလို့လဲ။’ သင် ဘယ်လိုထင်သလဲ။ ဘုရားသခင်အတွက်တော့ အမှန်တကယ်အရေးကြီးတယ်။ “စစ်မှန်သောကိုးကွယ်သူတို့သည် စွမ်းအားတော်၏လမ်းပြမှုကို ခံယူ၍ အမှန်တရားနှင့်အညီ ခမည်းတော်ကို ကိုးကွယ်ရ” မယ်လို့ယေရှုခရစ်ပြောခဲ့တယ်။—ယောဟန် ၄:၂၃။

(၂) “ပညာရှိတွေ” က ဘယ်နှစ်ယောက်လဲ၊ သူတို့က ဘယ်သူတွေလဲ။

ဓလေ့ထုံးစံ– အရှေ့ဘက်က “ကြယ်” တစ်လုံးရဲ့လမ်းပြမှုခံရတဲ့ပညာရှိသုံးဦးကို နွားစားခွက်မှာသိပ်ထားတဲ့ယေရှုအတွက် လက်ဆောင်ယူလာပေးသူတွေဖြစ် ဖော်ပြထားတယ်။ တစ်ခါတစ်ရံ သိုးထိန်းတွေလည်းရှိတယ်လို့ ဖော်ပြထားတယ်။

ဇာစ်မြစ်– ကျမ်းစာပါမှတ်တမ်းတိုကလွဲလို့ “ပညာရှိတွေအကြောင်းရေးထားသမျှက အဓိကအားဖြင့် ဒဏ္ဍာရီတွေကနေလာတယ်” လို့ စွယ်စုံကျမ်း (The Christmas Encyclopedia) ကဖော်ပြတယ်။

ကျမ်းစာပြောဆိုရာ– “ပညာရှိ” ဘယ်နှစ်ယောက် ယေရှုဆီလာလည်တယ်ဆိုတာ ကျမ်းစာက မဖော်ပြပါ။ နှစ်ယောက် (သို့) သုံးလေးယောက်ထက်မကလည်း ဖြစ်နိုင်တယ်။ “ပညာရှိတွေ” လို့တချို့ဘာသာပြန်ကျမ်းတွေမှာ ဖော်ပြထားပေမဲ့ မူရင်းဘာသာစကားမှာ နက္ခတ်ဗေဒင်ဆရာတွေ (သို့) မှော်ဆရာတွေ လို့အဓိပ္ပာယ်ရတဲ့ မာဂုပညာရှိတွေဆိုပြီး သုံးထားတယ်၊ သူတို့ကို ‘ယေဟောဝါ စက်ဆုပ်ရွံရှာ’ တယ်လို့ ကျမ်းစာကဖော်ပြတယ်။ (တရားဟောရာ ၁၈:၁၀-၁၂) နက္ခတ်ဗေဒင်ဆရာတွေက အရှေ့ဘက်ကနေခရီးရှည်နှင်လာရတဲ့အတွက် ယေရှု နွားစားခွက်ထဲရှိနေချိန်မှာ မရောက်ခဲ့ဘူး။ အဲဒီအစား လနဲ့ချီခရီးနှင်လာခဲ့ခြင်းဖြစ်နိုင်ပြီး ဒီနောက် ယေရှုနေတဲ့ ‘အိမ်ထဲသို့ဝင်’ ခဲ့တယ်လို့ဖော်ပြတယ်။ အဲဒီမှာ “မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့” ခဲ့ကြတယ်။—မဿဲ ၂:၁၁။

(၃) ဘယ်လို “ကြယ်” မျိုးက နက္ခတ်ဗေဒင်ဆရာတွေကို လမ်းပြခဲ့တာလဲ။

ကြယ်ရဲ့လုပ်ဆောင်မှုကိုကြည့်ရင် သဲလွန်စရနိုင်တယ်။ တစ်ချက်အနေနဲ့ ကြယ်က အဲဒီလူတွေကို ဘက်သလီဟင်မြို့ကို တိုက်ရိုက်မခေါ်သွားခဲ့ဘဲ ဂျေရုဆလင်မြို့ကိုခေါ်သွားတယ်၊ အဲဒီမှာ ယေရှုအကြောင်း သူတို့စုံစမ်းမေးမြန်းတာတွေကို ဘုရင်ဟေရုဒ်ကြားသွားတယ်။ ဒါနဲ့ ဟေရုဒ်က “နက္ခတ်ဗေဒင်ဆရာတို့ကို လျှို့ဝှက်စွာ ခေါ်” ခဲ့ပြီး မွေးဖွားလာမယ့် “ဂျူးတို့၏ရှင်ဘုရင်” အကြောင်း သူတို့ပြောပြတယ်။ ဟေရုဒ်က “သင်တို့သွား၍ သူငယ်ကို အသေအချာရှာပြီးလျှင် တွေ့သောအခါ ငါ့ထံသို့ ပြန်သတင်းပို့ကြလော့” လို့ဆိုတယ်။ ဒါပေမဲ့ ယေရှုကို ဟေရုဒ် စိတ်ဝင်စားတာ ရည်ရွယ်ချက်အကောင်းနဲ့မဟုတ်ဘူး။ မာနကြီးပြီး အကြင်နာကင်းတဲ့ဒီအုပ်စိုးရှင်ရဲ့ရည်ရွယ်ချက်က ယေရှုကို သတ်ဖို့ပဲ။—မဿဲ ၂:၁-၈၊ ၁၆။

စိတ်ဝင်စားစရာက အခု၊ “ကြယ်” ဟာ နက္ခတ်ဗေဒင်ဆရာတွေကို တောင်ဘက်မှာရှိတဲ့ဘက်သလီဟင်မြို့ကို လမ်းပြခေါ်သွားပြီး ယေရှုရှိတဲ့အိမ်အပေါ်ရောက်တဲ့အခါ “ရပ်” သွားတယ်။—မဿဲ ၂:၉၊ ၁၀။

ဒါက သာမန်ကြယ်တစ်လုံးမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ နှိမ့်ချတဲ့သိုးထိန်းတွေကို ယေရှုမွေးဖွားတဲ့သတင်းပေးဖို့ ကောင်းကင်တမန်တွေကို အသုံးပြုတဲ့ဘုရားသခင်က အယူမှားနက္ခတ်ဗေဒင်ဆရာတွေကို ပထမဆုံး ယေရှုရဲ့ရန်သူတွေဆီ၊ ပြီးနောက် သူငယ်ဆီခေါ်သွားဖို့ အခုကျမှ ဘာကြောင့် ကြယ်ကို အသုံးပြုရမှာလဲ။ တစ်ခုတည်းသော ကျိုးကြောင်းညီညွတ်တဲ့ကောက်ချက်က ကြယ်ဟာ တန်ခိုးပြနိုင်တဲ့စာတန်ရဲ့ အန္တရာယ်ပေးမယ့်လက်နက်တစ်ခုဖြစ်တယ်။ (၂ သက်သာလောနိတ် ၂:၉၊ ၁၀) ဘက်သလီဟင်ကြယ်လို့ခေါ်တဲ့အလှဆင်ပစ္စည်းကို ခရစ္စမတ်သစ်ပင်တွေရဲ့ထိပ်ဆုံးမှာ မြင်တွေ့ရလေ့ရှိတာ အံ့ဩစရာပဲ။

(၄) စဲန်တာကလော့စ်လို့ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးက ယေရှု၊ ယေရှုမွေးနေ့နဲ့ ဘယ်လိုပတ်သက်မှုရှိပါသလဲ။

ဓလေ့ထုံးစံ– ဒေသများစွာမှာ စဲန်တာကလော့စ်လို့ခေါ်တဲ့ ခရစ္စမတ်ဘိုးဘိုးကြီးကို ကလေးတွေအတွက် လက်ဆောင်ယူလာပေးသူအဖြစ် ရှုမြင်ကြတယ်။ တစ်ခါတလေ ကလေးတွေက ခရစ္စမတ်ဘိုးဘိုးကြီးဆီ စာရေးပြီး လက်ဆောင်တောင်းခံကြတယ်၊ ဓလေ့ထုံးစံတွေအရ မြောက်ဝင်ရိုးစွန်းမှာရှိတဲ့ သူရဲ့ရုံးချုပ်မှာ လက်ဆောင်တွေလုပ်တဲ့အခါ နတ်သူငယ်တွေက သူ့ကို ကူညီပေးတယ်။

ဇာစ်မြစ်– လူအများရဲ့အမြင်အရ စဲန်တာကလော့စ်ဒဏ္ဍာရီရဲ့ရင်းမြစ်က ယခုတူရကီနိုင်ငံဖြစ်နေတဲ့ အာရှမိုင်းနားမှာရှိတဲ့ မုရမြို့က ခရစ်ယာန်ဂိုဏ်းအုပ်ကြီး စိန့်နီကိုးလပ်စ်ဖြစ်တယ်။ “စိန့်နီကိုးလပ်စ် အကြောင်းရေးထားသမျှအားလုံးနီးပါးက ဒဏ္ဍာရီတွေအပေါ်သာ အခြေခံတယ်” လို့စွယ်စုံကျမ်း (The Christmas Encyclopedia) ကဖော်ပြတယ်။ “စဲန်တာကလော့စ်” ဆိုတာ ဒတ်ချ်ဘာသာစကားနဲ့ “စိန့်နီကိုးလပ်စ်” ကိုခေါ်တဲ့စကားလုံး Sinterklaas ကနေ ဆင်းသက်လာတာဖြစ်တယ်။ သမိုင်းအရရော သမ္မာကျမ်းစာအရပါ စဲန်တာကလော့စ်ဆိုတဲ့ ခရစ္စမတ်ဘိုးဘိုးကြီးက ယေရှုခရစ်နဲ့ ဘာမှမပတ်သက်ဘူး။

ကျမ်းစာပြောဆိုရာ– ‘ထို့ကြောင့် လိမ်လည်ပြောခြင်းကို ဖယ်ရှား၍ သင်တို့အသီးသီးသည် လူသားချင်းအား မှန်သောစကားကိုသာ ပြောဆိုကြလော့။’ ကျွန်တော်တို့ရဲ့အနီးဆုံး “လူသားချင်း” တွေက ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေဖြစ်တယ်။ (ဧဖက် ၄:၂၅) ကျွန်တော်တို့ ‘ဖြောင့်မတ်ခြင်းတရားကို နှစ်သက်’ ပြီး “သစ္စာစကားကိုစိတ်နှလုံးပါလျက်ပြော” သင့်တယ်လို့ ကျမ်းစာကလည်း ပြောတယ်။ (ဇာခရိ ၈:၁၉; ဆာလံ ၁၅:၂) ခရစ္စမတ်ချိန်မှာ လက်ဆောင်တွေယူလာပေးသူက စဲန်တာဖြစ်တယ်လို့ ကလေးတွေကိုပြောပြတာ အပြစ်မရှိတဲ့ကျီစယ်မှုဖြစ်ပုံရတယ်၊ ဒါပေမဲ့ မကောင်းတဲ့ရည်ရွယ်ချက်နဲ့မဟုတ်ပေမဲ့ ကလေးငယ်တွေကို ဒီလိုလိမ်လည်တာ မှန်ကန်ပါ့မလား၊ ပညာရှိရာကျပါ့မလား။ ယေရှုကို ဂုဏ်တင်တယ်ဆိုတဲ့အခါသမယက ကလေးတွေကို လိမ်လည်တဲ့အချိန်ကာလတစ်ခုဖြစ်နေတာ အထင်နဲ့အမြင်တခြားစီဖြစ်မနေဘူးလား။

(၅) ခရစ္စမတ်လက်ဆောင်ပေးတာ၊ ပျော်ပွဲရွှင်ပွဲလုပ်တာတွေကို ဘုရားသခင်ဘယ်လိုရှုမြင်သလဲ။

ဓလေ့ထုံးစံ– ခရစ္စမတ်လက်ဆောင်ပေးတဲ့အခါ ထူးခြားတာက လက်ဆောင်တွေအကြီးအကျယ်လဲလှယ်ခြင်းဖြစ်တယ်၊ ခရစ္စမတ်ရာသီကို ပါတီပွဲလုပ်ခြင်း၊ စားသောက်ပျော်ပါးခြင်းနဲ့ မှတ်သားဖော်ပြလေ့ရှိတယ်။

ဇာစ်မြစ်– ရှေးခေတ်ရောမတို့ရဲ့ စနေဂြိုဟ်နတ်ဘုရားပွဲတွေဟာ ဒီဇင်ဘာ ၁၇ ကနေ ၂၄ ရက်အထိဖြစ်ပြီး လက်ဆောင်တွေလဲလှယ်ကြတယ်။ အိမ်တွေ၊ လမ်းတွေမှာ ပွဲတွေလုပ်တဲ့အတွက် ဆူညံနေပြီး သောက်ကြူးမှုတွေနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေကြတယ်။ အဲဒီပွဲပြီးနောက် ဇန်နဝါရီလရဲ့ ပထမရက်မှာကျင်းပတဲ့ပွဲ ဆက်လိုက်လာတယ်။ အဲဒီပွဲဟာလည်း သုံးရက်ကြာလေ့ရှိတဲ့ ပျော်ပွဲရွှင်ပွဲဖြစ်တယ်။ စနေဂြိုဟ်နတ်ဘုရားပွဲနဲ့ ဇန်နဝါရီလပထမရက်က ဆက်တိုက်ဖြစ်သွားတဲ့အခါသမယတစ်ခုလိုဖြစ်နေတယ်။

ကျမ်းစာပြောဆိုရာ– ရွှင်လန်းမှုနဲ့ ရက်ရောမှုက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အမှတ်လက္ခဏာဖြစ်တယ်။ “ဖြောင့်မတ်သောသူတို့ . . . ဝမ်းမြောက်ရွှင်လန်းကြလော့။ . . . ရွှင်လန်းစွာသီချင်းဆိုကြလော့” လို့ ကျမ်းစာကပြောတယ်။ (ဆာလံ ၃၂:၁၁) အဲ့လိုရွှင်လန်းမှုမျိုးက ရက်ရောမှုနဲ့ ဒွန်တွဲနေလေ့ရှိတယ်။ (သု. ၁၁:၂၅) “ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်” လို့ယေရှုပြောခဲ့တယ်။ (တမန်တော် ၂၀:၃၅) ကိုယ်တော်က– “ပေးကမ်းခြင်းကို ကျင့်ယူကြလော့” (သို့) သင်တို့အသက်တာမှာ အဲ့ဒါကို လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်စေပါလို့လည်း ပြောခဲ့တယ်။—လုကာ ၆:၃၈။

ဒီလိုပေးကမ်းခြင်းမျိုးဟာ ဓလေ့ထုံးစံအရသာပေးတာ (သို့) လူမှုရေးထုံးစံအရ မဖြစ်မနေပေးရတာမျိုးနဲ့မတူဘူး။ ရက်ရောတဲ့စိတ်ထားမှန်နဲ့ပတ်သက်ပြီး ကျမ်းစာ ဒီလိုပြောတယ်– “လူတိုင်း မိမိနှလုံး၌ ဆုံးဖြတ်ထားသည့်အတိုင်း လှူပါစေ။ နှမြောတွန့်တိုစိတ်နှင့်လည်းကောင်း၊ မလှူမနေရဟူသော သဘောနှင့်လည်းကောင်း မလှူရ။ အကြောင်းမူကား စေတနာစိတ်နှင့် လှူသောသူကို ဘုရားသခင်နှစ်သက်တော်မူ၏။” (၂ ကောရိန္သု ၉:၇) အလွန်ကောင်းတဲ့ ဒီကျမ်းစာမူတွေကို လိုက်နာကျင့်သုံးတဲ့သူတွေက စိတ်ရင်းမှန်နဲ့ရက်ရက်ရောရောပေးကမ်းကြပြီး အဲလိုပေးကမ်းတာမျိုးကို တစ်နှစ်တာရဲ့ဘယ်အချိန်မှာမဆို ပြုလုပ်နိုင်တယ်။ ဒီလိုမျိုးပေးကမ်းခြင်းက ဘုရားသခင်ရဲ့ကောင်းချီးရရှိစေပြီး ဝန်ထုပ်ကြီးထမ်းထားရသလို ဘယ်တော့မှမခံစားစေဘူးဆိုတာ သေချာတယ်။

အတုအယောင်!

ကျမ်းစာနဲ့ဆန်းစစ်တဲ့အခါ ခရစ္စမတ်ရဲ့အသွင်သဏ္ဌာန်အားလုံးလိုလိုက အယူမှားဘာသာကနေ အစပြုတာဖြစ်သလို ကျမ်းစာမှတ်တမ်းတွေကနေ သွေဖည်နေတာဖြစ်တယ်။ ဒါကြောင့် ခရစ္စမတ်ဓလေ့ထုံးစံတွေက ခရစ်ယာန်အမည်ခံရုံသာဖြစ်တယ်။ ဘယ်လိုလို့ ဒီလိုဖြစ်လာတာလဲ။ ခရစ်တော်သေဆုံးပြီး ရာစုနှစ်များစွာအကြာမှာ ကျမ်းစာကြိုပြောထားတဲ့အတိုင်း အယူမှားသွန်သင်သူများစွာ ပေါ်လာခဲ့ကြတယ်။ (၂ တိမောသေ ၄:၃၊ ၄) အဲဒီမရိုးသားတဲ့သူတွေဟာ အမှန်တရားကိုသွန်သင်ပေးတာထက် ခရစ်ယာန်ဘာသာကို အယူမှားသူတွေကြားမှာ ရေပန်းစားလာအောင်လုပ်ဖို့ ပိုပြီးစိတ်ဝင်စားခဲ့ကြတယ်။ ဒါကြောင့် ရေပန်းစားတဲ့အယူမှားဘာသာရေးပွဲတွေကို တဖြည်းဖြည်းလက်ခံကျင့်သုံးလာကြပြီး ဒါတွေကို “ခရစ်ယာန်ဘာသာနဲ့သက်ဆိုင်ရာ” လို့သူတို့ အခိုင်အမာဆိုကြတယ်။

အထက်ပါ ‘ဆရာအတုအယောင်များသည် ပရိယာယ်ဆင်သောစကားနှင့် သင်တို့ကို အမြတ်ထုတ်ကြလိမ့်မည်။ ရှေးကာလမှ တရားစီရင်ချက်သည် နှောင့်နှေးခြင်းမရှိရောက်လာ၍ သူတို့ဧကန်အမှန်ပျက်စီးရလိမ့်မည်’ ဆိုပြီး ကျမ်းစာက သတိပေးထားတယ်။ (၂ ပေတရု ၂:၁-၃) ယေဟောဝါသက်သေတွေက ကျမ်းစာတစ်အုပ်လုံးကို ဘုရားသခင့်စကားတော်အဖြစ်ရှုမြင်ပြီး အလေးအနက်ထားတဲ့အတိုင်း အဲဒီစကားတွေကိုလည်း အလေးထားတယ်။ (၂ တိမောသေ ၃:၁၆) ဒါ့ကြောင့် သူတို့တွေက မှားယွင်းတဲ့ဘာသာရေးနဲ့ဆိုင်တဲ့ ဓလေ့ထုံးစံတွေ (သို့) ပျော်ပွဲရွှင်ပွဲတွေကို မပြုလုပ်ကြပါ။ ဒီလိုရပ်တည်မှုမျိုးက သူတို့ရဲ့ပျော်ရွှင်မှုကို ဆုံးရှုံးသွားစေပါသလား။ လုံးဝမဆုံးရှုံးစေဘူး။ ကျမ်းစာအမှန်တရားက လွတ်မြောက်စေကြောင်း အတွေ့အကြုံကနေ သူတို့သိမြင်ခဲ့ကြတာကို အခု ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

a ရှေးဂျူးတွေရဲ့ ဧသနိမ်လ (စက်တင်ဘာ–အောက်တိုဘာ) မှာယေရှုမွေးဖွားခဲ့ကြောင်း ထင်ရှားတယ်။

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ပေါင်းပင်ကြဲ၊ ပေါင်းပင်ရိတ်

တစ်ချိန်တစ်ခါက ချာ့ချ်အာဏာပိုင်တွေဟာ “အယူမှားဘာသာရေးရဲ့အငွေ့အသက်တွေကို သဲကြီးမဲကြီးဆန့်ကျင်တိုက်ခိုက်ခဲ့ကြတယ်” လို့ ခရစ္စမတ်ဓလေ့ထုံးစံဆိုင်ရာစာအုပ်တစ်အုပ် (Christmas Customs and Traditions—Their History and Significance) ကပြောတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ချာ့ချ်ခေါင်းဆောင်တွေဟာ အမှန်တရားသွန်သင်ပေးဖို့ထက် ထိုင်ခုံမှာလူပြည့်ဖို့ ပိုပြီးစိတ်ထက်သန်လာခဲ့ကြတယ်။ ဒါ့ကြောင့် အဲဒီအယူမှားဘာသာရေးရဲ့အကျင့်အကြံတွေကို လျစ်လျူရှုခဲ့ကြတယ်။ နောက်ပိုင်း အဲဒါတွေကို သူတို့ကိုယ်တိုင် လက်ခံခဲ့ကြတယ်။

‘သင် ကြဲသည့်အတိုင်း ရိတ်သိမ်းရလိမ့်မည်’ လို့ကျမ်းစာကပြောတယ်။ (ဂလာတိ ၆:၇) သူတို့ရဲ့လယ်ကွင်းတွေမှာ အယူမှားဘာသာရေးမျိုးစေ့တွေ ကြဲပြီးတဲ့နောက် “ပေါင်းပင်” တွေ ပွားများလာတာ ချာ့ချ်အနေနဲ့ မအံ့သြသင့်ပါ။ ယေရှုမွေးတဲ့နေ့ကိုဂုဏ်ပြုပါတယ်ဆိုတဲ့ပွဲတော်က ဆူဆူညံညံသောက်စားပျော်ပါးဖို့အတွက် အကြောင်းပြချက်တစ်ခုဖြစ်လာတယ်။ ချာ့ချ်ကိုသွားတာထက် ကုန်တိုက်ကြီးတွေဆီ သွားတာပိုများလာတယ်။ မိသားစုတွေက အကြွေးတင်တဲ့အထိ လက်ဆောင်တွေဝယ်နေကြတယ်။ ကလေးတွေက ဒဏ္ဍာရီနဲ့ အဖြစ်မှန်၊ စဲန်တာကလော့စ်နဲ့ ယေရှုခရစ်ကို ဝေခွဲမရဖြစ်နေကြတယ်။ ဒီလိုအကြောင်းကောင်းတွေကြောင့် “မသန့်ရှင်းသောအရာကို မတို့မထိကြနှင့်” လို့ဘုရားသခင်က ပြောတယ်။”—၂ ကောရိန္သု ၆:၁၇။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ္စမတ်ရာသီကို ရှေးခေတ်ရောမတို့ရဲ့ စနေဂြိုဟ်နတ်ဘုရားပွဲတွေနည်းတူ ပါတီပွဲလုပ်ခြင်း၊ စားသောက်ပျော်ပါးခြင်းတွေနဲ့ မှတ်သားဖော်ပြလေ့ရှိ

[Credit Line]

© Mary Evans Picture Library

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ