ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၁၂/၁၅ စာ. ၄-၇
  • ခရစ္စမတ်—ယင်းသည် အမှန်ပင် ခရစ်ယာန်ဆန်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ခရစ္စမတ်—ယင်းသည် အမှန်ပင် ခရစ်ယာန်ဆန်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ခရစ္စမတ်” ၏တိတ္ထိဆိုင်ရာဇာစ်မြစ်
  • ဝမ်းမြောက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု
  • ခရစ္စမတ်လက်ဆောင်များ
  • ခရစ်တော်ကို ဘုရင်အဖြစ်ဂုဏ်ပြု!
  • ခရစ္စမတ်ဟာ ခရစ်ယာန်တွေရဲ့ ပွဲလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ခရစ္စမတ်နှင့်ပတ်သက်သော အမှန်တရား
    နိုးလော့!—၂၀၁၀
  • လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၁၂/၁၅ စာ. ၄-၇

ခရစ္စမတ်—ယင်းသည် အမှန်ပင် ခရစ်ယာန်ဆန်သလော

ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းအရ “ခရစ္စမတ်သည် ယေရှုခရစ်မွေးနေ့ကို ခရစ်ယာန်များကျင်းပသောနေ့ ဖြစ်သည်။” သို့သော်ငြားလည်း စွယ်စုံကျမ်းက ဤသို့လည်းဆိုသည်–“အစောပိုင်းခရစ်ယာန်များသည် [ယေရှု၏] မွေးနေ့ပွဲကို မကျင်းပကြပါ၊ အကြောင်းမှာ တစ်ဦးတစ်ယောက်၏ မွေးနေ့ပွဲကိုကျင်းပခြင်းသည် တိတ္ထိထုံးစံဖြစ်သည်ဟု ယူမှတ်ကြသောကြောင့် ဖြစ်သည်။”

ဂိုးလ်ဘီးနှင့် ပါးဒူးတို့ရေးသားသော ခေတ်သစ်ခရစ္စမတ်ပွဲပြုလုပ်ပုံက ဤသို့သဘောတူသည်–“အစောပိုင်းခရစ်ယာန်များသည် ခရစ်တော်၏ မွေးနေ့ပွဲကို မကျင်းပကြပါ။ မွေးနေ့ပွဲကိုယ်နှိုက်က တိတ္ထိအကျင့်အကြံများနှင့် ပတ်သက်ဆက်နွှယ်နေသည်; ခရစ်ဝင်ကျမ်းများက ခရစ်တော်၏မွေးနေ့ ရက်စွဲကို အလျှင်းမပြောထားပါ။”

မွေးနေ့ပွဲကျင်းပခြင်းသည် ခရစ်ယာန်နောက်ခံမရှိခဲ့လျှင် ခရစ်တော်မွေးနေ့သည် ထင်ရှားသော “ခရစ်ယာန်” ပွဲနေ့မျိုးမည်သို့ဖြစ်လာခဲ့သနည်း။

“ခရစ္စမတ်” ၏တိတ္ထိဆိုင်ရာဇာစ်မြစ်

“လူတိုင်းပွဲကျင်းပပြီး ပျော်ရွှင်ကြ၊ အလုပ်နှင့် လုပ်ငန်းကိုင်ငန်းများအားလုံး ရာသီတစ်ခုတာ ရပ်ဆိုင်းထား၊ အိမ်များကို အလှဆင်သစ်ပင်နှင့် အမြဲစိမ်းသစ်ပင်တို့ဖြင့် တန်ဆာဆင်၊ မိတ်ဆွေများအချင်းချင်း အပြန်အလှန် လည်ပတ်ပြီး လက်ဆောင်များပေးကာ ထောက်ပံ့ခံရသူများက မိမိတို့အား ထောက်ပံ့ပေးသူများကို လက်ဆောင်များပေးကြသည်။ ရာသီတစ်ခုလုံးသည် ရွှင်လန်းဝမ်းမြောက်ခြင်းနှင့် ခင်မင်မှုဖြစ်ပြီး လူတို့သည် ပျော်ရွှင်မြူးထူးစရာမှန်သမျှကို စိတ်လွတ်ကိုယ်လွတ် ခံစားကြသည်။”—ဂျေ. အမ်. ဝှီးလာရေး တိတ္ထိအယူဝါဒနှင့်ခရစ်ယာန်ပွဲလမ်းသဘင်များ။

ဤရေးသားဖော်ပြချက်သည် သင်သိသည့် ခရစ္စမတ်ပွဲကျင်းပပုံများနှင့် ကိုက်ညီပါသလော။ အံ့ဩစရာမှာ ယင်းသည် ခရစ္စမတ်ပွဲကို ဖော်ပြခြင်းမဟုတ်ပါ! ၎င်းအစား ထိုအရာသည် စက်တာနေလီယာ—ရက်သတ္တတစ်ပတ်အကြာကျင်းပသော တိတ္ထိရောမတို့က ဆောင်းယဉ်စွန်းချိန်တွင်ကျင်းပ (တစ်ဖက်စာမျက်နှာတွင် ပုံဖော်ထား) သောပွဲနှင့်ဆက်နွှယ်သည်။ ရောမတို့၏ နေကိုးကွယ်မှုဆိုင်ရာ ဘာသာတရား၏အဓိကပွဲတော်ဖြစ်သည့် မရှုံးနိမ့်နိုင်သော နေ၏မွေးနေ့ပွဲကို ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ကြသည်။

ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်က “အီရန်တို့၏ အလင်းဘုရားမိသရ၏မွေးနေ့နှင့် မည်သူမျှမအောင်နိုင်သောနေမင်းကြီးအတွက် သီးသန့်ဆက်ကပ်ထားသည့် နေ့လည်းဖြစ်၊ စက်တာနေလီယာပွဲ၏ နောက်တစ်နေ့လည်းဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက်နေ့ကို ဤပွဲလမ်းသဘင်များ၏ ဩဇာညောင်းမှုအား တိုက်ဖျက်ရန်အတွက် ခရစ်တော်၏ဖွားမြင်သော ခရစ္စမတ်အဖြစ် ချာ့ချ်က မွေးစားယူလိုက်ခြင်းဖြစ်သည်” ဟု ဆိုသည်။ ထို့ကြောင့် တိတ္ထိမွေးနေ့အခမ်းအနားသည် မိသရမှ ခရစ်တော်သို့ အမည်ပြောင်းရုံသာပြောင်းပြီး ဆက်လက်တည်ရှိလာခဲ့သည်!

သို့သော် ဘုရားသခင့်သားတော် ယေရှု၏မွေးနေ့သည် ထူးခြားမှုတစ်ခုခုရှိပြီး၊ သတိတရဖြစ်ထိုက်သည်ဟု သင်ယူမှတ်ပေမည်။ ယင်းနှင့်ပတ်သက်သည့် ကျမ်းစာမှတ်တမ်းကို ကြည့်ခြင်းက ကောင်းကောင်းသိမြင်နားလည်စေမည်။

ဝမ်းမြောက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခု

လုကာခရစ်ဝင်ကျမ်း၏ ဒုတိယအခန်းကြီးက ဤနောက်ခံဖြစ်ရပ်ကို ဖော်ပြပေးသည်။ လုကာက ကောင်းကင်တမန်များ၊ နိမ့်ကျသည့် သိုးထိန်းများ၊ ဘုရားတရားကြည်ညိုသော ဘုရားသခင့်ကျေးကျွန်များနှင့် မာရိကိုယ်တိုင် ဤမှတ်သားဖွယ်ဖြစ်ရပ်ကို မည်သို့တုံ့ပြန်ကြကြောင်း ကျွန်ုပ်တို့အားပြောပြသည်။

ဆောင်းရာသီအလယ်တွင် သူတို့လုပ်မည်မဟုတ်သည့် အရာဖြစ်သော “သိုးထိန်းတို့သည် ညဉ့်အခါတောအရပ်၌ တည်းခိုလျက် မိမိသိုးစုကို စောင့်နေကြသည်” ကိုပထမဆုံးစဉ်းစားကြည့်ပါ။ “ထာဝရဘုရား၏ ကောင်းကင်တမန်” သည် ပေါ်လာပြီး သူတို့ပတ်လည်တွင် ဘုရားသခင်၏ဘုန်း ထွန်းလင်းတောက်ပရာ သိုးထိန်းများသည် ကနဦး၌ကြောက်လန့်ခဲ့ကြသည်။ ကောင်းကင်တမန်များ ဤသို့ရှင်းပြသောအခါ ထပ်ဆင့်အာမခံချက်ကို ရရှိလာခဲ့သည်– “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကို ငါသည် သင်တို့အားကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။” ကောင်းကင်တမန်များ၏ “ကောင်းကင်ဗိုလ်ခြေအများတို့သည်” ရုတ်တရက်ပေါ်လာသောအခါ ဤမွေးဖွားခြင်းသည် အခြားမွေးဖွားခြင်းနှင့်မတူ ခြားနားကြောင်း သိုးထိန်းတို့သိခဲ့ကြသည်။ စိတ်ဝင်စားစရာမှာ ကောင်းကင်တမန်များသည် ဤမွေးကင်းစ ကလေးအတွက် လက်ဆောင်များ ယူမလာခဲ့ပါ။ ယင်းအစား ကောင်းကင်တမန်များသည် ယေဟောဝါကို ချီးမွမ်းပြီး ဤသို့ပြောခဲ့သည်– “ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း။ လူတို့အားမေတ္တာကရုဏာရှိစေသတည်း။”—လုကာ ၂:၈-၁၄။

ဝမ်းမြောက်စရာ ဖြစ်ရပ်ကို ကြေညာခဲ့သူမှာ ယေဟောဝါဖြစ်သောကြောင့် ဤကလေးငယ်ကို ကိုယ်တိုင်တွေ့မြင်လိုကြသည်မှာ သဘာဝကျပါသည်။ နွားစားခွက်ထဲတွင် ဤကလေးလေးရှိနေသည်ကို တွေ့ကြသောအခါ သူတို့သည် ကောင်းကင်တမန်များ ပြောခဲ့သည့်အရာကို ကလေး၏မိဘများအားပြောပြခဲ့ကြသည်။ ထိုနောက် သိုးထိန်းများထွက်သွားကြပြီး ဤကလေးကို မဟုတ်ဘဲ “ဘုရားသခင်ကို အံ့သြချီးမွမ်း” ကြသည်။—လုကာ ၂:၁၅-၁၈၊ ၂၀။

ယေရှု၏မိခင် မာရိသည် မိမိ၏သားဦးကိုအောင်မြင်စွာ မွေးဖွားနိုင်ခြင်းအတွက် ဝမ်းမြောက်ရွှင်လန်းခဲ့မည်မှာ သံသယဖြစ်စရာမရှိပေ။ သို့သော် သူမလည်း “မှတ်ကျုံး၍ စဉ်းစားဆင်ခြင်လျက်နေ၏။” ထို့နောက် မောရှေပညတ္တိကျမ်းကို လိုက်နာသောအားဖြင့် သူမသည်ခင်ပွန်း ယောသပ်နှင့်အတူ ယေရုရှလင်မြို့သို့ ခရီးဆန့်ခဲ့ကြသည်။ ယင်းသည် မွေးနေ့ပွဲအခမ်းအနားမဟုတ်။ ယင်းအစား “‘သားဦးယောက်ျားအပေါင်းတို့သည် ဘုရားအဖို့သန့်ရှင်းရကြ၏’ ဟုထာဝရဘုရား၏ ပညတ္တိကျမ်းလာသည်နှင့်အညီ” ဘုရားသခင်ထံတော်သို့ ဤကလေးငယ်ကို ဆက်သရန် အချိန်ဖြစ်သည်။—လုကာ ၂:၁၉၊ ၂၂-၂၄။

လုကာက “ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ”အဖြစ်ဖော်ပြထားသော ရှုမောင်ကို ယေရုရှလင်ဗိမာန်တော်တွင် မာရိနှင့်ယောသပ်တို့ တွေ့ခဲ့ကြသည်။ “ထာဝဘုရား၏ ခရစ်တော်” ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။ “[ဘုရားသခင့်] ဝိညာဉ်တော်အားဖြင့်” နောက်ထပ်ဘာဖြစ်ခဲ့သနည်း။ ရှုမောင်သည် မွေးကင်းစကလေးကို ချီပိုက်ခဲ့သည်၊ လက်ဆောင်ပေးရန်ကားမဟုတ်ပါ၊ ယင်းအစား ဘုရားသခင်ကို ဤသို့ကောင်းချီးပေးခဲ့သည်– “အစိုးရတော်မူသောအရှင် ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့်မြင်ရပါ၏။”—လုကာ ၂:၂၅-၃၂။

ထို့နောက် အိုမင်းနေသည့် ပရောဖက်မ အန္နသည် ချဉ်းကပ်လာသည်။ သူမသည်လည်း “ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သော သူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေသည်။”—လုကာ ၂:၃၆-၃၈။

မာရိ၊ ရှိမောင်၊ အန္န၊ သိုးထိန်းများအပြင် ကောင်းကင်တမန်များသည် ယေရှုမွေးဖွားခြင်း၌ အားလုံးရွှင်လန်းဝမ်းမြောက်ခဲ့ကြသည်။ သို့သော် သူတို့သည် မွေးနေ့ပျော်ရွှင်မြူးထူးပွဲများသော်လည်းကောင်း၊ လက်ဆောင်များပေးခြင်းသော်လည်းကောင်း မလုပ်ခဲ့ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ယင်းအစား သူတို့၏ကယ်တင်ခြင်းအတွက် ထောက်ပံ့စီစဉ်ပေးတော်မူသော ကောင်းကင်ဘုံရှင် ယေဟောဝါကို ဂုဏ်ပြုချီးမွမ်းကြသည်။

အချို့သောသူများက ‘ခရစ္စမတ်လက်ဆောင်ပေးခြင်းဟာ အမှန်တကယ်မမှားပါဘူး၊ “ပညာရှင်သုံးဦး” က ယေရှုကို လက်ဆောင်တွေပေးပြီး ဂုဏ်ပြုခဲ့တယ် မဟုတ်လား’ ဟု ဆင်ခြေတက်နေတုန်းဖြစ်မည်။

ခရစ္စမတ်လက်ဆောင်များ

ထပ်မံ၍ ကျမ်းစာမှတ်တမ်းကို စစ်ဆေးကြည့်ကြစို့။ မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂ တွင် ယင်းအကြောင်း မှတ်တမ်းတင်ထားသည်ကို သင်တွေ့လိမ့်မည်။ မည်သည့်မွေးနေ့ပွဲ အခမ်းအနားသော်လည်းကောင်း၊ အထူးအချိန်တစ်ချိန်သော်လည်းကောင်း ဖော်ပြထားခြင်းမရှိပေ။ ယေဟောဝါဘုရားသခင်ကို မသိသော တိတ္ထိများဖြစ်သောကြောင့် အခန်းငယ် ၁ တွင် မဿဲက ဧည့်သည်များကို ‘အရှေ့ပြည်မှလာသော မာဂုပညာရှိများ [ဂရိ၊ မဂွိုင်]’ ဟုခေါ်သည်။ ဤလူများကို ကြယ်ကဦးဆောင်သွားရာ ယေရှုကိုမွေးဖွားသော ဗက်လင်မြို့သို့တိုက်ရိုက်မသွားဘဲ ဟေရုဒ်မင်းပြုနေသည့် ယေရုရှလင်မြို့သို့ ဦးဆောင်သွားသည်။

“ယခုဖွားမြင်သော ယုဒရှင်ဘုရင်” နှင့်ပတ်သက်၍ စုံစမ်းနေသောသူတို့အကြောင်းကို ဤမင်းဆိုးကြားသောအခါ သူသည် ဤသူငယ်ကို သတ်နိုင်ရန် “ခရစ်တော်ကို အဘယ်အရပ်မှာဖွားမြင်” မည်အကြောင်း အတိအကျသိဖို့ ယဇ်ပုရောဟိတ်များကို ဆွေးနွေးမေးမြန်းခဲ့သည်။ ယဇ်ပုရောဟိတ်များက ဗက်လင်မြို့တွင် မေရှိယမွေးဖွားမည်အကြောင်း မိက္ခာပရောဖက်ပြုချက်ကို ကိုးကားကာ အဖြေပေးခဲ့သည်။ (မိက္ခာ ၅:၂) ဟေရုဒ်သည် သူ၏ဧည့်သည်များအား ပရိယာယ်ဖြင့် ဤသို့ညွှန်ကြားခဲ့သည်– “သင်တို့သွား၍ ထိုသူငယ်ကို ကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်းထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါ။” မာဂုပညာရှိများ ခရီးဆက်ကြပြီး ကြယ်သည် “သူတို့ရှေ့ကသွားသဖြင့်၊ သူငယ်တော်ရှိရာအရပ် အပေါ်သို့ရောက်၍ တည်လျက်နေ၏။” ကိုယ်တော်အား မွေးကင်းစကလေးတစ်ဦးအဖြစ်မဟုတ်ဘဲ “သူငယ်” ဟု ဖော်ပြထားကြောင်း သတိပြုပါ။—မဿဲ ၂:၁-၁၀။

အရှေ့တိုင်း ဂုဏ်သရေရှိလူကြီးများက ဘုရင်တစ်ပါးထံ ဝင်ရောက်လည်ပတ်သည့် ပုံစံနှင့်အညီ တိတ္ထိနက္ခတ်ဗေဒင်ပညာရှင်များသည် ဦးညွှတ်၍ “လောဗန်နှင့် မုရန်တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း [သူငယ်အား] ဆက်ကပ်ပူဇော်ကြ၏။” မဿဲက ဤသို့ထပ်ဖြည့်စွက်သည်– “နောက်မှ ဟေရုဒ်မင်းကြီးထံသို့မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့အခြားသောလမ်းဖြင့် ပြန်သွားကြ၏။”—မဿဲ ၂:၁၁၊ ၁၂။

ဤတိုတောင်းသော ကျမ်းစာမှတ်တမ်းမှ အချို့သူများက သူတို့၏ ခရစ္စမတ်လက်ဆောင်ပေးခြင်းအတွက် အထောက်အထားကို ကြိုးစားရှာပေမည်။ မည်သို့ပင်ရှာပါစေ Discovering Christmas Customs and Folklore က ယနေ့ခေတ် လက်ဆောင်ပေးခြင်း ထုံးစံသည် ရောမတို့က နွမ်းပါးသော အိမ်နီးချင်းများကို ပေးကမ်းသည့် စက်တာနေလီယာ လက်ဆောင်များပေးခြင်းတွင် မြစ်ဖျားခံကြောင်းတွေ့ရှိရသည်ဟု ရှင်းပြသည်။ “အစောပိုင်းချာ့ချ်သည် . . . ယင်း၏ရေးကြီးခွင့်ကျယ်ဖြစ်မှုကို မဂိုင် [Magi] ၏လက်ဆောင်ပေးခြင်း ထုံးတမ်းစဉ်လာ အခမ်းအနားတစ်ခုအဖြစ်သို့ ပါးနပ်စွာပြောင်းလဲပစ်ခဲ့သည်။” ယေရှု၏မွေးဖွားခြင်းတွင် ဘုရားသခင်ကို ရိုးရိုးသားသားချီးမွမ်းခဲ့သည့် နိမ့်ကျသောသိုးထိန်းများကဲ့သို့သော စစ်မှန်သည့်ဝတ်ပြုသူများနှင့် မည်မျှကွာခြားလိုက်လေခြင်း!

ခရစ်တော်ကို ဘုရင်အဖြစ်ဂုဏ်ပြု!

ယနေ့အချိန်တွင် ယေရှုသည် ကလေးလေးမဟုတ်တော့ပါ။ သူသည် တန်ခိုးကြီးမားသော ဘုရားသခင့်ကောင်းကင်နိုင်ငံတော် ဘုရင်မင်းတစ်ပါးဖြစ်ပြီး ယင်းနှင့်အညီ ကိုယ်တော်အား ရိုသေဂုဏ်ပြုထိုက်သည်။—၁ တိမောသေ ၆:၁၅၊ ၁၆။

ယခုသင်သည် အရွယ်ရောက်နေပါက သင့်ရှေ့တွင် လူများက သင့်ကလေးဘဝ ဓာတ်ပုံကို ပြခဲ့သောအခါ သင်အနေရအထိုက်ရခက်ဖူးသလော။ ဤကဲ့သို့သော ရုပ်ပုံများသည် သင့်ကိုမွေးဖွားချိန်၌ သင့်မိဘများခံစားရသော ပျော်ရွှင်မှုကို သူတို့အား ပြန်သတိရစေမည်တော့ မှန်ပါသည်။ သို့သော် ယခုသင်သည် သင့်ကိုယ်ကိုကောင်းကောင်းပိုင်းခြားသိမြင်နေပြီဖြစ်ရာ သင့်ရှိရင်းအတိုင်း သူတစ်ပါးက ရှုမြင်စေလိုသည် မဟုတ်ပေလော။ ထပ်တူစွာပင် ကိုယ်တော်၏နောက်လိုက်ဟု ဖော်ပြသူတစ်ယောက်က တိတ္ထိဆိုင်ရာ ခရစ္စမတ်ကို နှစ်စဉ်အလွန်တန်းတန်းစွဲလိုက်စားပြီး ဘုရင်အဖြစ် ကိုယ်တော်ကို ဂုဏ်တင်ဖို့ပျက်ကွက်ကာ မွေးကင်းစကလေးအဖြစ် ဂုဏ်ပြုနေပါက ယေရှုခရစ်အားမည်မျှ မရိုမသေပြုရာကျမည်ကို စဉ်းစားကြည့်ပါ။ ပထမရာစု၌ပင် ခရစ်ယာန်တမန်တော်ပေါလုက ကိုယ်တော်သည် ယခုပင် ကောင်းကင်တွင်ဘုရင်တစ်ပါးအဖြစ်လျောက်ပတ်စွာယူမှတ်ခဲ့သည်။ ပေါလု ဤသို့ရေးခဲ့သည်— “ဇာတိအမျိုးကိုထောက်၍ ခရစ်တော်ကို အထက်က သိမှတ်သော်လည်း၊ ယခုမှစ၍ [ကိုယ်တော်ကို] ထိုသို့သောသိမှတ်ခြင်းမရှိ”!—၂ ကောရိန္သု ၅:၁၆။

ဘုရားသခင့်နိုင်ငံတော်ဘုရင်အနေနှင့် ခရစ်တော်သည် နာကျင်မှု၊ ဒုက္ခဆင်းရဲ၊ ရောဂါဘယနှင့် သေခြင်းတို့ကို ဖယ်ရှားပစ်မည်ဟူသော ပရောဖက်ပြုကတိစကားကို မကြာမီ အမှန်ပြည့်စုံလာစေမည်။ ကိုယ်တော်သည် ဤကမ္ဘာပေါ် ပရဒိသုအခြေအနေအောက်တွင် အားလုံးအတွက် အိုးအိမ်အလုံအလောက်နှင့် အကျိုးဖြစ်ထွန်းသော လုပ်ဆောင်မှုကို အသေအချာစီစဉ်ပေးမည့်သူဖြစ်သည်။ (ဟေရှာယ ၆၅:၂၁-၂၃; လုကာ ၂၃:၄၃; ၂ ကောရိန္သု ၁:၂၀; ဗျာဒိတ် ၂၁:၃၊ ၄) ယင်းတို့သည် ယေရှုအား ဂုဏ်သိမ်အောင်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်အပ်သည့် အကြောင်းတရားဖြစ်သည်မှာ သေချာပါသည်။

ခရစ်တော်ကိုယ်တိုင်၏ နမူနာကို လိုက်လျှောက်ခြင်းဖြင့် စစ်မှန်သောခရစ်ယာန်များသည် လူတိုင်းအားပေးနိုင်သည့် အကြီးမားဆုံးလက်ဆောင်တစ်ခု—ထာဝရအသက်ကို ရရှိစေနိုင်သည့် ဘုရားသခင့်ရည်ရွယ်ချက်သိနားလည်ခြင်း—ကို မိမိတို့၏ အိမ်နီးချင်းများအား ပေးကမ်းရန် ကြိုးစားကြသည်။ (ယောဟန် ၁၇:၃) ဤလက်ဆောင်မျိုးက ယေရှု ဤသို့မိန့်တော်မူခဲ့သကဲ့သို့ပင် များပြားသောပျော်ရွှင်မှုကို ရရှိစေသည်– “ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍မင်္ဂလာရှိ [ပျော်ရွှင်၊ ကဘ] သည်။”—တမန်တော် ၂၀:၃၅ သမ္မာ; လုကာ ၁၁:၂၇၊ ၂၈။

အချင်းချင်းတစ်ယောက်ကိုတစ်ယောက် အမှန်တကယ်စိတ်ဝင်စားသည့် ခရစ်ယာန်များသည် နှစ်၏မည်သည့်အချိန်အခါ၌မဆို သူတို့၏မေတ္တာကို အလိုအလျောက်ပြသဖို့မခက်ကြောင်း တွေ့ရှိကြသည်။ (ဖိလိပ္ပိ ၂:၃၊ ၄) ဥပမာရိုးရိုးလေးအနေနှင့် ကလေးငယ်လေးတစ်ယောက်သည် ကျမ်းစာဟောပြောချက်ကို နားထောင်ပြီးနောက်တွင် ကျေးဇူးတင်ကြောင်းဖော်ပြသည့်အနေနှင့် မိမိဆွဲထားသော ရုပ်ပုံလေးတစ်ခုကို လာပေးမည်ဆိုပါက မည်မျှစိတ်လှုပ်ရှားကြည်နူးဖွယ်ဖြစ်ပါမည်တကား! လူတစ်ဦး၏ မေတ္တာအထိမ်းအမှတ်အဖြစ် ဆွေမျိုးသားချင်းတစ်ယောက်ထံမှ မျှော်လင့်မထားသော လက်ဆောင်တစ်ခုသည် ထပ်တူအားပေးမှုတစ်ခုဖြစ်သည်။ အလားတူစွာ ခရစ်ယာန်မိဘများသည် နှစ်တစ်နှစ်အတွင်း သင့်လျော်သော အခါသမယတစ်ခုကို ရွေးချယ်ပြီး မိမိကလေးများကို လက်ဆောင်များပေးသောအခါ များစွာသော ရွှင်လန်းမှုကို ရရှိကြသည်။ ဤခရစ်ယာန်စိတ်စေတနာမျိုးသည် ပွဲနေ့များတွင် တာဝန်ရှိသည်ဟူသော သဘောထားကြောင့်သော်လည်းကောင်း၊ တိတ္ထိထုံးစံကြောင့်သော်လည်းကောင်း မယုတ်လျော့မမှေးမှိန်သွားပါ။

သို့ဖြစ်သောကြောင့် ယနေ့ လူမျိုးအားလုံးမှ လေးသန်းခွဲကျော်သော ခရစ်ယာန်တို့သည် ခရစ္စမတ်ပွဲကို မကျင်းပကြပါ။ ၎င်းတို့မှာ ယေဟောဝါသက်သေများဖြစ်ပြီး သူတို့သည် ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းအကြောင်းကို မိမိတို့၏ အိမ်နီးချင်းတို့အား သက်သေခံခြင်းအားဖြင့် ပုံမှန်အလုပ်များနေကြသည်။ (မဿဲ ၂၄:၁၄) မကြာမီ သင့်အိမ်သို့သူတို့လည်ပတ်သည့်အခါ သူတို့အားတွေ့ဆုံလိုပေမည်။ တစ်နှစ်တာ၏ နေ့ရက်တိုင်းတွင် ယေဟောဝါအား မည်သို့ချီးမွမ်းပုံကို သင်လေ့လာသင်ယူသလောက် သင့်မိသားစု ကြီးစွာသောပျော်ရွှင်မှုကို ရစေသည့် သူတို့ယူဆောင်လာသောအရာကို စိတ်အားထက်သန်စွာ သင်လက်ခံနိုင်ပါစေ။—ဆာလံ ၁၄၅:၁၊ ၂။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ခရစ်ယာန်များသည် မိမိတို့၏အိမ်နီးချင်းများကို အကြီးမားဆုံးလက်ဆောင်—ထာဝရအသက်ကိုရစေသည့် ဘုရားသခင့်ရည်ရွယ်တော်မူချက်ကို သိနားလည်ခြင်း—ကိုပေးကမ်း

[Picture Credit Line on page 4]

Culver Pictures

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ