သော့ချက် ၅—သင့်ကိုယ်သင်နဲ့ သင့်မိသားစုကို လှုံ့ဆော်ပါ
“သမ္မာသတိရှိသောသူ အပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။” (သု. ၁၃:၁၆) အခြေခံကျန်းမာရေး အချက်အလက်တွေကို သင်ကိုယ်တိုင် လေ့လာထားခြင်းက သင်ကိုယ်တိုင်နဲ့ သင့်မိသားစု ပိုကျန်းမာလာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်အောင် လှုံ့ဆော်ပေးပါလိမ့်မယ်။
ဆက်လေ့လာနေပါ။ ဒေသများစွာမှာ လူထုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိကအဖွဲ့အစည်းတွေက ကျန်းမာရေးဆိုင်ရာ အကြောင်းအရာ အတော်များများကို ပညာပေး ရေးသားထုတ်ဝေကြတယ်။ ဒီအစီအစဉ်တွေကနေ အကျိုးရယူပါ၊ သင့်ကျန်းမာရေးတိုးတက်ဖို့နဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတွေကို ရှောင်ဖို့ အခြေခံနည်းလမ်းတွေကို သိအောင်လုပ်ထားပါ။ အမြင်ကျယ်ကျယ်ထားပါ၊ ရိုးရှင်းတဲ့ပြုပြင်မှုတွေလုပ်ဖို့ တလိုတလားရှိပါ။
အလေ့အကျင့်ကောင်းတွေကို သင်ယူကျင့်သုံးတာနဲ့အမျှ သင့်သားသမီးတွေအပြင် သူတို့ရဲ့သားသမီးတွေပါ အကျိုးရရှိပါလိမ့်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်၊ သန့်ရှင်းမှု၊ အိပ်တဲ့အလေ့အထ၊ လေ့ကျင့်ခန်းနဲ့ ရောဂါကာကွယ်ခြင်းကဏ္ဍတွေမှာ မိဘတွေရဲ့ ပုံသက်သေကောင်းက သားစဉ်မြေးဆက်တစ်ခုလုံးကို အကျိုးဖြစ်ထွန်းစေနိုင်ဖွယ်ရှိတယ်။—သု. ၂၂:၆။
နောက်ထပ် ဘာလိုအပ်သေးလဲ။ ကျန်းမာတဲ့ဘဝပုံစံကို တည်ဆောက်ပြီး ထိန်းသိမ်းထားဖို့ ကိုယ့်ကိုယ်ကိုယ်စိတ်ဝင်စားခြင်းထက်မက ပိုလိုအပ်ပါတယ်။ အရိုးစွဲနေတဲ့ အလေ့အကျင့်တစ်ခုကို ဖျောက်ဖျက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပုံရတယ်၊ ရိုးရှင်းတဲ့ပြောင်းလဲမှုလေးတွေ လုပ်တဲ့အခါမှာတောင် စိတ်ပြင်းပြဖို့ လိုအပ်လေ့ရှိတယ်။ ဆိုးရွားတဲ့ရောဂါရနိုင်ပြီး အသက်ပါသွားနိုင်တယ်ဆိုတာတောင်မှ တချို့သူတွေဟာ သူတို့အတွက်ကောင်းမှန်းသိတဲ့အရာကို လုပ်ဆောင်ဖို့ လှုံ့ဆော်မခံရပါ။ ဘာကလှုံ့ဆော်ပေးမလဲ။ ကျွန်တော်တို့အားလုံးနည်းတူ သူတို့လည်း ဘဝမှာ မြင့်မားတဲ့ရည်ရွယ်ချက်ရှိဖို့၊ ဒါကိုစိတ်စွဲမှတ်ထားဖို့ လိုအပ်တယ်။
အိမ်ထောင်သည်တွေဟာ တစ်ဦးကိုတစ်ဦးကူညီပေးဖို့ ကျန်းမာသန်စွမ်းနေရမယ်။ မိဘတွေဟာ ကလေးတွေကို ထောက်ပံ့ကျွေးမွေးလိုပြီး လေ့ကျင့်ပေးလိုကြတယ်။ အရွယ်ရောက်လာတဲ့ ကလေးတွေက ဇရာထောင်းလာတဲ့ ဆွေမျိုးတွေကို ပြုစုစောင့်ရှောက်ဖို့ လိုတယ်။ ဒါ့အပြင် ဆွေမျိုးအသိုင်းအဝိုင်းအတွက် ကိုယ်ဟာ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ အသုံးဝင်သူတစ်ဦးဖြစ်လိုတဲ့ မြင့်မြတ်တဲ့ဆန္ဒလည်း လိုအပ်တယ်။ ဒါတွေအားလုံးမှာ မေတ္တာနဲ့ တခြားသူတွေရဲ့အရေးကို စဉ်းစားပေးခြင်း ပါဝင်တယ်။
ကျန်းမာရေးကို ဂရုစိုက်ဖို့ ပိုအားကောင်းတဲ့လှုံ့ဆော်မှုက ကျွန်တော်တို့ရဲ့ ဖန်ဆင်းရှင်ကို ကျေးဇူးတင်လေးမြတ်မှုနဲ့ ဝတ်ပြုကိုးကွယ်မှုကနေ အရင်းခံတယ်။ ဘုရားသခင်ကို ယုံကြည်သူတွေက ကိုယ်တော်ရဲ့ အဖိုးတန်လက်ဆောင်ဖြစ်တဲ့ အသက်ကို ကာကွယ်စောင့်ရှောက် လိုကြတယ်။ (ဆာလံ ၃၆:၉) ကျန်းမာမယ်ဆိုရင် ဘုရားသခင့်အမှုတော်ကို ပိုပြီးတက်တက်ကြွကြွ ထမ်းဆောင်နိုင်မယ်။ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ဖို့ ဒီထက်ပိုပြီးကောင်းတဲ့ လှုံ့ဆော်မှု မရှိနိုင်တော့ပါ။
ကျန်းမာရေးကောင်းစေတဲ့ဘဝပုံစံမှ အကျိုးကျေးဇူးရယူပါ