ထူးဆန်းလှတဲ့ သင့်ခန္ဓာကိုယ်အတွက် ကျေးဇူးတင်ပါ
လူ့ကိုယ်ခန္ဓာရဲ့ ဘက်စုံလုပ်ဆောင်နိုင်ပုံက ထူးခြားတယ်။ လူတွေလုပ်နိုင်သလောက် ဘယ်တိရစ္ဆာန်မှ မစွမ်းဆောင်နိုင်ကြဘူး။ ဘက်စုံလုပ်နိုင်ရခြင်းရဲ့ အကြောင်းရင်းတစ်ခုက ကျွန်တော်တို့ရဲ့ မတ်တတ်အနေအထားကြောင့်ဖြစ်တယ်၊ အဲဒီအနေအထားက ကျွန်တော်တို့ရဲ့မြင်ကွင်းကို ကျယ်စေရုံသာမက ဘယ်အလုပ်ကိုမဆို လက်တံနဲ့ လက် (လက်ကောက်ဝတ်မှစပြီး လက်ချောင်းအထိ) ကိုသုံးပြီး လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်စေတယ်။ ခြေလက်လေးချောင်းစလုံးနဲ့သာ လမ်းလျှောက်ရမယ်ဆိုရင် ကျွန်တော်တို့ရဲ့လုပ်ဆောင်နိုင်စွမ်း ဘယ်လောက်တောင် အကန့်အသတ်ရှိသွားမလဲဆိုတာ စဉ်းစားကြည့်ပါ။
နောက်တစ်ချက်က ဒီဆောင်းပါးမှာအလေးပေးဖော်ပြသွားမယ့် ကျွန်တော်တို့ရဲ့ တကယ့်ကိုအဆင့်မြင့်တဲ့အာရုံခံစနစ် ဖြစ်တယ်။ အဲဒီအာရုံခံစနစ်မှာ လက်၊ နား၊ မျက်စိနဲ့ ထူးခြားပြောင်မြောက်တဲ့ ဦးနှောက်တို့ ပါဝင်တယ်။ တစ်ခုချင်းစီကို သုံးသပ်ကြည့်ကြစို့။
လူ့လက်
ကျွန်တော်တို့ရဲ့လက်က အလွန်တိကျစွာလုပ်ဆောင်နိုင်တဲ့ ကိရိယာတစ်ခုဖြစ်တယ်။ လက်နဲ့ အပ်ပေါက်ထဲ အပ်ချည်ထည့်နိုင်သလို ပုဆိန်ကို လွှဲခုတ်နိုင်တယ်၊ ပုံတူပန်းချီရေးဆွဲနိုင်သလို စန္ဒရားတီးနိုင်တယ်။ ဒါ့ပြင် လက်ဟာ အာရုံခံရာမှာ အလွန်ကောင်းတယ်။ တစ်ချက်လေးထိလိုက်တာနဲ့ ဒါက အမွေးအမျှင်လား၊ စာရွက်လား၊ အရေပြားလား၊ သတ္တုလား၊ ရေလား၊ သစ်သားလားဆိုတာ သိနိုင်တယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ရဲ့လက်က ဖမ်းဆုပ်ကိုင်တွယ်နိုင်ရုံ၊ ကျွမ်းကျွမ်းကျင်ကျင်လုပ်ဆောင်နိုင်ရုံသာမကဘူး။ ဝန်းကျင်မှာရှိတဲ့အရာတွေကိုနားလည်ဖို့ ထောက်ကူပေးတဲ့အရာတစ်ခုလည်းဖြစ်တယ်။ လက်က မေတ္တာနဲ့ ချစ်ခင်မြတ်နိုးမှုကိုလည်း ဖော်ပြနိုင်တယ်။
လူ့လက်က ဘာကြောင့် ဒီလောက်တောင် ကျွမ်းကျင်ပိုင်နိုင်၊ ခံစားချက်ကိုဖော်ပြနိုင်၊ အာရုံခံနိုင်လွန်းပြီး ဘက်စုံလုပ်နိုင်ရတာလဲ။ အကြောင်းရင်းများစွာရှိပါတယ်။ အချက်လေးချက်ကို သုံးသပ်ကြည့်ကြစို့။
၁။ ကျွန်တော်တို့ရဲ့လက်နှစ်ဖက်မှာ စုစုပေါင်း အရိုး ၅၀ ထက်မက ရှိတယ်၊ ဒါက ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအားလုံးရဲ့ လေးပုံတစ်ပုံလောက်ဖြစ်တယ်။ လက်မှာရှိတဲ့ အရိုး၊ အဆစ်နဲ့ အရွတ်တွေကို အနုစိတ်ကျအောင် ပေါင်းစပ်ထားတာက လူ့လက်ကို ထူးထူးခြားခြား အလိုက်သင့်ပြောင်းလဲလုပ်ဆောင်နိုင်စေပါတယ်။
၂။ တခြားလက်ချောင်းအားလုံးနဲ့ ထိတွေ့နိုင်တဲ့လက်မ ကျွန်တော်တို့မှာ ရှိတယ်၊ အဲဒီလက်မက မြင်းကုန်းနှီးပုံစံရှိအရိုးနှစ်ခုကို ထောင့်မှန်ကျဆက်ထားတဲ့ အဆစ်ပေါ်မှာရှိတယ်။ ဒီလိုဖွဲ့စည်းပုံက တကယ့်ကို ပညာသားပါလှပါတယ်။ အဲဒီအဆစ်ဟာ ဆက်နွှယ်နေတဲ့ကြွက်သားတွေ၊ တခြားတစ်ရှူးတွေနဲ့ပေါင်းလိုက်တဲ့အခါ လက်မက အံ့သြလောက်အောင် အလိုက်သင့်လှုပ်ရှားနိုင်ပြီး အားသန်သွားတယ်။
၃။ ကြွက်သားသုံးစုံက လက်ကို ထိန်းထားတယ်။ အားအသန်ဆုံးကြွက်သားနှစ်စုံဖြစ်တဲ့ ဆန့်နိုင်တဲ့ကြွက်သားနဲ့ ကွေးနိုင်တဲ့ကြွက်သားတွေဟာ လက်ဖျံမှာရှိပြီး အရွတ်တွေအားဖြင့် လက်ချောင်းတွေကို လှုပ်ရှားစေတယ်။ တကယ်လို့ အဲဒီကြွက်သားတွေသာ လက်မှာလာရှိမယ်ဆိုရင် လက်ကအရမ်းကြီးပြီး ကိုးရိုးကားယားဖြစ်သွားလိမ့်မယ်။ ပိုသေးငယ်တဲ့တတိယအစုံက လက်မှာပဲရှိပြီး လက်ချောင်းတွေကို တိတိကျကျလှုပ်ရှားစေတယ်။
၄။ တကယ်တော့ သင့်လက်ချောင်းတွေဟာ သက်ရှိအာရုံခံကိရိယာတွေဖြစ်တယ်၊ တစ်လက်မပတ်လည်ရဲ့ ခြောက်ပုံတစ်ပုံစာ (1 sq cm) လက်ချောင်းထိပ်မျက်နှာပြင်မှာတောင် အာရုံခံနဗ်ကြော ၂,၅၀၀ ခန့်ရှိတယ်။ ဒါ့ပြင် အာရုံခံနဗ်ကြောတွေက အမျိုးမျိုးရှိပြီး တစ်ခုစီမှာ တာဝန်ကိုယ်စီရှိတယ်၊ အဲဒါက အကြမ်းအချော၊ အပူအအေး၊ အစိုအခြောက်၊ တုန်ခါမှု၊ ဖိအားနဲ့ နာကျင်မှုတွေကို သိရှိခံစားစေတယ်။ ဒါကြောင့် သိရှိခဲ့သမျှမှာ လူ့လက်ချောင်းဟာ အထိအတွေ့ဖြင့်အာရုံခံနိုင်စွမ်း အရှိဆုံးအရာဖြစ်တယ်။
လူ့နား
တချို့တိရစ္ဆာန်တွေဟာ လူတွေမကြားနိုင်တဲ့ အသံလှိုင်းတွေကို ကြားနိုင်ပေမဲ့ လူ့နားနဲ့ ဦးနှောက်ပေါင်းစပ်ထားခြင်းက တကယ့်ကို အံ့မခန်းဖွယ်ရာပဲလို့ အကြားအာရုံဆိုင်ရာကျွမ်းကျင်သူတွေက ပြောကြတယ်။ ကျွန်တော်တို့ရဲ့ အကြားအာရုံက အသံအတိုးအကျယ်၊ အနိမ့်အမြင့်၊ အသံနေအသံထားကို သိရှိနိုင်ပြီး ဘယ်နေရာကနေ အသံလာသလဲ၊ ဘယ်လောက်အဝေးကလာသလဲဆိုတာကို ခန့်မှန်းနိုင်တယ်။ လူတွေ ပုံမှန်ကြားနိုင်တဲ့ကြိမ်နှုန်းက ၂၀ ကနေ ၂၀,၀၀၀ ဟတ်ဇ် (အသံလှိုင်းရဲ့ယူနစ်) ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အကောင်းဆုံးကြားနိုင်တဲ့အတိုင်းအတာက ၁,၀၀၀ ဟတ်ဇ်ကနေ ၅,၀၀၀ ဟတ်ဇ်အတွင်းဖြစ်တယ်။ ဒါ့အပြင် ၁ ဟတ်ဇ်လောက် (ဥပမာ ၄၄၀ ဟတ်ဇ် ကနေ ၄၄၁ ဟတ်ဇ်) ပြောင်းသွားတာကိုတောင် သိရှိနိုင်ကြတယ်။
တကယ်တော့ ပုံမှန်အခြေအနေမှာရှိတဲ့နားက အသံကိုသတိပြုမိနိုင်စွမ်း အရမ်းကောင်းတဲ့အတွက် နားစည်ကိုရိုက်ခတ်တဲ့ လေရဲ့တုန်ခါမှုက အက်တမ်တစ်ခုရဲ့ အချင်းထက်နည်းတာကိုတောင် သိရှိနိုင်တယ်။ နားနဲ့ပတ်သက်ပြီး တက္ကသိုလ်တစ်ခုရဲ့ပြဌာန်းစာအုပ်က ဒီလိုဆိုတယ်– “လူ့နား၏ ကြားနိုင်စွမ်းမှာ အလွန့်အလွန်ပင်ကောင်းသည်။ . . . [လူတစ်ဦးကြားနိုင်သည့် အတိုင်းအတာအတွင်း] ဤထက်ပို၍ကောင်းနေမည်ဆိုလျှင် လေထဲတွင်ရှိသော အက်တမ်နှင့်မော်လီကျူးများ၏ရွေ့လျားသံကိုပင် ကြားနေရလိမ့်မည်။”
တူရိုး (the hammer)၊ ပေရိုး (the anvil)၊ နင်းကွင်းရိုး (the stapes) ဆိုတဲ့ အရိုးငယ်တွေကြောင့် နားစည်ရဲ့တုန်ခါနှုန်းက အလိုလိုတိုးမြင့်သွားပြီး နားရဲ့အတွင်းပိုင်းကို ရောက်သွားတယ်။ ဒါပေမဲ့ ရုတ်တရက် နားကွဲမတတ်အသံကို ကြားလိုက်ရတယ်ဆိုရင်ကော။ အဲလိုအဖြစ်မျိုးအတွက် ကာကွယ်ရေးကိရိယာတွေ နားထဲမှာတပ်ဆင်ပြီးသားဖြစ်တယ်၊ ကြွက်သားတွေက အရိုးငယ်တွေကို ချိန်ညှိပေးခြင်းဖြင့် အသံပြင်းအားကို လျှော့ချပေးတယ်။ ဒါပေမဲ့ ကြာရှည်တဲ့ ကျယ်လောင်သံကိုတော့ နားကမခံနိုင်ဘူး။ ဒီလိုကျယ်လောင်တဲ့အသံတွေက နားကို လုံးဝပျက်စီးသွားစေနိုင်တယ်။ ဒါကြောင့် သင့်ဖန်ဆင်းရှင် “ထူးဆန်းစွာ ဖန်ဆင်း” ထားတဲ့ ဒီလက်ဆောင်ကို ကောင်းစွာဂရုစိုက်ပေးပါ။—ဆာလံ ၁၃၉:၁၄။
သင့် အကြားအာရုံစနစ်က အသံလာရာနေရာကို သိရှိအောင်လည်း ကူညီပေးနိုင်တယ်။ ဒီလို သိရှိခြင်းက ခရုပုံနားအပြင်ဘက်ပိုင်း၊ နားရဲ့ မျှော့ကြောင်း၊ သီးသန့်ဖြစ်နေတဲ့နားနှစ်ဖက်ရှိခြင်းနဲ့ သင့်ဦးနှောက်ရဲ့ လက်ဖျားခါလောက်တဲ့တွက်ချက်နိုင်စွမ်းအပါအဝင် အကြောင်းအချက်များစွာကြောင့်ဖြစ်တယ်။ သင့်နားတစ်ဖက်ကနေကြားရတဲ့အသံဟာ ကျန်နားတစ်ဖက်မှာ ပြင်းအားနည်းနည်းလေးပျော့သွားရင်တောင် (သို့) တစ်စက္ကန့်ရဲ့ ၁ သန်းပုံထဲက အပုံ ၃၀ လောက် နောက်ကျပြီးကြားရင်တောင် သင့်ဦးနှောက်က အသံလာရာကိုချက်ချင်း သိရှိစေပါလိမ့်မယ်။
ဒီလိုတွက်ချက်မှုမျိုးကို တမင်သက်သက်တွက်ရမယ်လို့ မြင်ယောင်ကြည့်ပါ။ အလွန့်အလွန်အဆင့်မြင့်တဲ့သင်္ချာပညာကိုသုံးပြီး အလင်းရဲ့အမြန်နှုန်းနဲ့ တွက်ချက်ဖို့လိုပါလိမ့်မယ်။ ဖန်ဆင်းရှင်က သင့်ကိုပေးထားတဲ့အကြားအာရုံစနစ်နဲ့ နည်းနည်းလောက်တူတဲ့ “အကြား” အာရုံစနစ်ကို အင်ဂျင်နီယာတစ်ယောက် ပြုလုပ်နိုင်မယ်ဆိုရင် သူ့ကို လူတွေ ဝိုင်းချီးကျူးကြလိမ့်မယ်။ ဘုရားသခင်က ဒီလောက်အံ့သြဖို့ကောင်းအောင် လုပ်ဆောင်ပေးခဲ့တဲ့အတွက် ကိုယ်တော့်ကို လူတွေချီးမွမ်းတာမျိုး သင်ဘယ်နှစ်ခါများကြားဖူးပါသလဲ။—ရောမ ၁:၂၀။
လူ့မျက်စိ
ကောင်းစွာမြင်နိုင်သူတွေဟာ ပတ်ဝန်းကျင်အချက်အလက်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို မျက်စိမှတစ်ဆင့်သိရှိခဲ့ကြခြင်းဖြစ်တယ်လို့ တချို့သုတေသီတွေ ခန့်မှန်းကြတယ်။ ဦးနှောက်နဲ့ပေါင်းစပ်လိုက်တဲ့အခါ ကျွန်တော်တို့ရဲ့မျက်စိက အရောင်မျိုးစုံကို မြင်နိုင်တဲ့အပြင် ရွေ့လျားနေတဲ့ပစ္စည်းတွေနဲ့ ပုံရိပ်တွေကို ကောင်းကောင်းလိုက်ကြည့်နိုင်ပြီး ပုံစံတွေ၊ ပုံပန်းသဏ္ဍာန်တွေကို မှတ်မိနိုင်ကာ သုံးဖက်မြင်ရုပ်လုံး (three dimensions) အနေနဲ့လည်း မြင်နိုင်ပါတယ်။ ဒါ့အပြင် အလင်းပမာဏအမျိုးမျိုးကိုလည်း မြင်နိုင်တယ်။
ဒီလိုအလင်းပမာဏအမျိုးမျိုးကို မြင်နိုင်ရတာက ဖြည့်ဖက်အနေနဲ့လုပ်ဆောင်တဲ့ အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးရှိလို့ဖြစ်တယ်။ ဥပမာ၊ မျက်စိသူငယ်အိမ်ဟာ အချင်း ၀.၀၆ လက်မကနေ ၀.၃ (၁.၅ ကနေ ၈ မီလီမီတာ) အထိချဲ့နိုင်ပြီး ဒါက မျက်စိထဲဝင်လာတဲ့အလင်းပမာဏကို အဆပေါင်း ၃၀ အထိတိုးများစေတယ်။ ဒီနောက် အလင်းက မှန်ဘီလူးကိုဖြတ်တဲ့အခါ အလင်းစွမ်းအင်ဟာ အဆပေါင်း ၁၀၀,၀၀၀ တိုးများလာပြီး မြင်လွှာအပေါ်မှာ စုဆုံတယ်။ ဒါကြောင့် နေကို အကာအကွယ်မပါဘဲ ဘယ်တော့မှတိုက်ရိုက်မကြည့်ပါနဲ့။
မြင်လွှာမှာ ပုံရိပ်ကိုလက်ခံတဲ့ အလင်းအာရုံခံဆဲလ် နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ ခန့်မှန်းခြေ ၆ သန်းလောက်ရှိတဲ့ ကတော့ပုံဆဲလ်တွေဖြစ်တယ်၊ ဒါတွေက အရောင်တွေကို မြင်နိုင်စေပြီး ကြည်လင်ပြတ်သားစေတယ်။ နောက်တစ်မျိုးက သန်း ၁၂၀ ကနေ ၁၄၀ လောက်ရှိနိုင်တဲ့ ဆဲလ်ချောင်းတွေဖြစ်တယ်၊ ဒါတွေက ကတော့ပုံဆဲလ်ထက် အဆတစ်ထောင်လောက် အာရုံခံနိုင်စွမ်းကောင်းပြီး အလင်းရောင်ဖျော့ဖျော့မှာ မြင်စေနိုင်တယ်။ တကယ်တော့ ကောင်းကောင်းမြင်နိုင်တဲ့အခြေအနေအောက်မှာ ဆဲလ်ချောင်းဟာ အလင်းရဲ့အခြေခံအမှုန်ဖြစ်တဲ့ ပရိုတွန်တစ်လုံးကိုတောင် သတိပြုမိနိုင်တယ်။
လိုက်လျောညီညွတ်အောင်ပြောင်းလဲနိုင်တဲ့ နောက်အင်္ဂါအစိတ်အပိုင်းတစ်ခုက မြင်လွှာနဲ့သက်ဆိုင်တဲ့ အာရုံကြောဆဲလ်ဖြစ်ပြီး ကတော့ပုံဆဲလ်၊ ဆဲလ်ချောင်းတွေနဲ့ ချိတ်ဆက်ထားတယ်။ အမေရိကန် မျက်စိအသင်းက ဒီလိုဆိုတယ်– ဒီအာရုံကြောဆဲလ်တွေဟာ “စက္ကန့်ပိုင်းအတွင်း လိုက်ပြောင်းလဲပေးပြီး ညအမြင်အာရုံကို ၁၀ ဆ (သို့) ဒီထက်မကကောင်းအောင် မြှင့်တင်ပေးတယ်။”
အင်ဂျင်နီယာတွေက ကင်မရာ၊ စကင်နာနဲ့ ကွန်ပျူတာတွေကို လိုက်ဖက်တဲ့ ဆော့ဖ်ဝဲတွေနဲ့အတူ ထုတ်လုပ်လေ့ရှိကြတယ်။ ဒါပေမဲ့ လိုက်ဖက်စွာပေါင်းစည်းနိုင်မှု၊ ရှုပ်ထွေးဆန်းပြားမှုအတိုင်းအတာတွေမှာ ကျွန်တော်တို့ရဲ့ အာရုံခံစနစ်ထက် အရမ်းကို နိမ့်ကျပါတယ်။ သင့်ကိုယ်သင် ဒီလိုမေးကြည့်ပါ– ‘ကျွန်တော်တို့ရဲ့ အလွန့်အလွန်သာလွန်ကောင်းမွန်တဲ့ သက်ရှိအာရုံခံစနစ်ဟာ မတော်တဆဖြစ်ရပ်ကြောင့်လို့ ဆင့်ကဲဖြစ်စဉ်ယုံကြည်သူတွေ လက်ခံထားကြတယ်၊ ဒီလို လက်ခံတာ အဓိပ္ပာယ်ရှိပါ့မလား။’ ဘုရားသခင်ရဲ့ ရှေးခေတ်ကျေးကျွန်တစ်ဦးဖြစ်သူ ယောဘဟာ လူ့ကိုယ်ခန္ဓာအကြောင်း ကျွန်တော်တို့သိတာနဲ့ယှဉ်ရင် အနည်းငယ်သာသိခဲ့တယ်။ ဒါတောင်မှ ဘုရားသခင်ကို ဒီလိုပြောဖို့ လှုံ့ဆော်ခံခဲ့ရတယ်– “အကျွန်ုပ်တစ်ကိုယ်လုံးကို လက်တော်နှင့်စေ့စပ်စွာဖန်ဆင်းတော်မူသည်။”—ယောဘ ၁၀:၈။
လူ့ဦးနှောက်
အာရုံခံအင်္ဂါတွေကနေတစ်ဆင့် အာရုံကြောထဲဝင်လာတဲ့ အချက်ပြမှုတွေကို ဦးနှောက်က အလွန်အံ့သြဖွယ်ကောင်းလောက်အောင် အဓိပ္ပာယ်ဖော်တယ်။ ဒါ့အပြင် ဒီအချက်ပြမှုတွေကို မှတ်ဉာဏ်ထဲမှာသိမ်းထားတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ချိတ်ဆက်လိုက်တယ်။ ဒါကြောင့် မေ့သွားတာကြာပြီဖြစ်တဲ့ အတွေ့အကြုံ (သို့) အဖြစ်အပျက်တစ်ခုကို ပြန်မှတ်မိဖို့ အနံ့အသက်လေးတစ်ခုက ဦးနှောက်ကို ချက်ချင်းလှုံ့ဆော်ပေးနိုင်တာဖြစ်တယ်။ နောက်ပြီး သင်ရင်းနှီးနေတဲ့အရာရဲ့ အပိုင်းလေးတစ်ပိုင်းကို တွေ့မြင်လိုက်တာနဲ့၊ ဥပမာ ကြောင်ရဲ့အမြီးဖျားလေးကို တွေ့လိုက်တာနဲ့ သင့်ဦးနှောက်က ကျန်တဲ့အပိုင်းတစ်ခုလုံးကို ဖြည့်စွက်ပေးလိုက်တဲ့အတွက် သင့်ကြောင်က အနားမှာရှိကြောင်း သင်သိလိုက်တယ်။
ဒါပေမဲ့ ဦးနှောက်မှာ ကြောင်ပုံကို နဂိုကတည်းက ထည့်သွင်းထားတာမဟုတ်သလို နှင်းဆီရနံ့၊ ရေစီးဆင်းသံ၊ အမွှေးအမျှင်ရဲ့အထိအတွေ့ကိုလည်း နဂိုကတည်းက ထည့်သွင်းထားတာမဟုတ်ဘူး။ သင့်ဦးနှောက်က ဒီဆက်စပ်မှုတွေကို သင်ယူထားတာဖြစ်တယ်။ မျက်မမြင်အဖြစ်မွေးလာပြီး ခွဲစိတ်ကုသမှုခံယူလို့ဖြစ်ဖြစ် မျက်စိပြန်မြင်လာသူတွေရဲ့အဖြစ်မှာ ဒီအချက်ထင်ရှားတယ်။ မျက်စိကနေတစ်ဆင့်ဝင်လာတဲ့ အချက်ပြမှုများစွာကို သူတို့ဦးနှောက်က အဓိပ္ပာယ်ကောက်ယူနိုင်ဖို့ သင်ယူရမယ်။ သူတို့ ဘယ်လိုတွေ့ကြုံကြရသလဲ။
အရောင်၊ လှုပ်ရှားမှုနဲ့ ပုံစံရိုးရိုးလေးတွေကို မကြာမီမှာပဲ သူတို့မှတ်မိလာနိုင်ကြတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ တိုးတက်မှုနှုန်းက အမျိုးမျိုးဖြစ်သွားတယ်။ ကလေးတွေ၊ အထူးသဖြင့် အရမ်းငယ်သေးတဲ့ကလေးတွေက တော်တော်လေးအဆင်ပြေပြေ ဆက်သင်ယူနိုင်ကြတယ်။ ဒါပေမဲ့ အရွယ်ရောက်ပြီးသူတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ လူတွေရဲ့မျက်နှာကို မှတ်မိဖို့တောင် သူတို့အတွက်အခက်အခဲရှိတယ်။ ဝမ်းနည်းစရာက “ကုသမှုခံယူကြတဲ့” အရွယ်ရောက်ပြီးသူတွေမှာ ဖြစ်တတ်တဲ့အရာတစ်ခုက “မျက်စိပြန်မြင်လာတဲ့အတွက် ပထမတော့ ဝမ်းသာအားရဖြစ်ကြပေမဲ့ နောက်ပိုင်းမှာ စိတ်ပျက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ဖြစ်ပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာ ခံစားရလေ့ရှိ” ကြောင်း ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်မှ ကောချ်ဓာတ်ခွဲခန်းက ဖော်ပြတယ်။
ဒီအချက်အလက်တွေက ယေရှုမြေကြီးပေါ်အမှုဆောင်စဉ်လုပ်ခဲ့တဲ့ ကုသမှုအတိုင်းအတာကို ပိုပြီးအပြည့်အဝသဘောပေါက်ဖို့ ထောက်ကူပေးတယ်။ မျက်မမြင်သူတွေနဲ့ နားပင်းသူတွေဟာ မျက်စိပြန်မြင်၊ နားပြန်ကြားရုံသာမက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ မြင်ကွင်းတွေနဲ့ အသံတွေကို စပြီးမှတ်မိလာနိုင်ကြတယ်။ အလားတူ၊ ဆွံ့အနေသူတစ်ဦး ပုံမှန်စကားပြန်ပြောနိုင်တာဟာ အထူးသဖြင့် မွေးရာပါ စကားမပြောနိုင်သူတွေရဲ့အဖြစ်မှာဆိုရင် အရမ်းအံ့သြဖို့ကောင်းတယ်။ (မဿဲ ၁၅:၃၀; မာကု ၈:၂၂-၂၅; လုကာ ၇:၂၁၊ ၂၂) နောက်ပြီး ယေရှုကုသပေးခဲ့တဲ့ ဘယ်မျက်မမြင်မှ စိတ်ကျဝေဒနာခံစားခဲ့မှာမဟုတ်ဘူးဆိုတာ စိတ်ချနိုင်တယ်။ တကယ်တော့ ယေရှုကုသပေးတဲ့သူတွေထဲက တစ်ယောက်ဟာ ကိုယ်တော့်ဘက်ကနေ သတ္တိရှိရှိခုခံပြောဆိုပေးခဲ့တယ်။ ယေရှုရဲ့ ဘာသာရေးရန်သူတွေကို သူဒီလိုပြောတယ်– “မျက်စိမမြင်ဘဲမွေးလာသူ၏မျက်စိကို တစ်စုံတစ်ယောက်သောသူသည် မြင်စေကြောင်း ရှေးအချိန်ကတည်းက မကြားစဖူး။ ထိုသူသည် ဘုရားသခင်ထံမှ ကြွလာသူမဟုတ်လျှင် အဘယ်အမှုကိုမျှ မတတ်နိုင်။”—ယောဟန် ၉:၁-၃၈။
သတ္တိနဲ့ မေတ္တာအပါအဝင် ကျွန်တော်တို့ဆီမှာရှိတဲ့ အရည်အသွေးတချို့အကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးမှာဖြစ်တယ်။ အဲဒီအရည်အသွေးတွေကို တိရစ္ဆာန်တွေထက် လူတွေက ဘာကြောင့် ပိုပြီးတင်ပြနိုင်သလဲဆိုတာ စဉ်းစားဖူးသလား။ အဲဒီလို ထူးခြားလှတဲ့လူ့စရိုက်တွေက ကျွန်တော်တို့ဟာ အဆင့်ဆင့်ပြောင်းလဲလာတဲ့ အဆင့်မြင့်သတ္တဝါမျှသာဖြစ်ကြောင်း သက်သေပြလိုသူတွေအတွက် အဓိကအတားအဆီးဖြစ်နေတယ်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
အံ့သြဖွယ်ကောင်းလှတဲ့ သင့်ဦးနှောက်
ထိတွေ့မှုနဲ့ ကြားရ၊ မြင်ရ၊ အနံ့ရခြင်းတွေကို သင့်ဦးနှောက်က ဘယ်လိုသိရှိပါသလဲ။ သိပ္ပံပညာရှင်တွေ ခေါင်းခြောက်နေကြပါတယ်။ ထည့်သွင်းလိုက်တဲ့အချက်ပြမှုတွေကို သင့်ဦးနှောက်က ဘယ်လိုဘာသာပြန်လိုက်တယ်ဆိုတာ ဘယ်သူမှ မသိသေးဘူးလို့ သိပ္ပံပညာရှင် ဂဲရလ်ဒ် အယ်လ်. ရှရိုးဒါက ပြောတယ်။
သူ ဒီလိုလည်း ရေးခဲ့တယ်– “အရင်ကစိတ်ကူးလို့တောင်မရတဲ့ ဦးနှောက်ရဲ့ရှုပ်ထွေးလှတဲ့လုပ်ဆောင်မှုတွေကို အခုသိမြင်လာတယ်၊ ဒီလိုသိမြင်လာခြင်းက လွယ်ကူတယ်လို့ထင်ရတဲ့ သက်ရှိရဲ့ ကြုံရာ ကျပန်းဆင့်ကဲဖြစ်စဉ်သီအိုရီကို ကိုင်လှုပ်လိုက်တယ်။” သူဒီလို ဆက်ပြောတယ်– “သက်ရှိတွေမှာဖုံးကွယ်တည်ရှိနေတဲ့ ဉာဏ်ပညာအကြောင်း ဒါဝင်သာသိခဲ့ရင် လုံးဝကွဲပြားခြားနားတဲ့သီအိုရီ တစ်ခုကို သူအဆိုပြုခဲ့လိမ့်မယ်လို့ ကျွန်တော်ယုံကြည်မိတယ်။”
[စာမျက်နှာ ၅ ပါ ပုံကြမ်း/ရုပ်ပုံများ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ကြွက်သား ထိန်းချုပ်
ကုန်းနှီးဆက်
အနုစိတ်ကျလှတဲ့ အရိုးများ
အထိအတွေ့ဖြင့် အာရုံခံနိုင်စွမ်း
[ရုပ်ပုံ]
ကျွန်တော်တို့ရဲ့လက်တွေကို ဘာက ဘက်စုံလုပ်နိုင်စေတာလဲ။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အာရုံကြောကနေဝင်လာတဲ့ အချက်ပြမှုတွေကို ဦးနှောက်က အဓိပ္ပာယ်ဖော်ပြီး မှတ်ဉာဏ်ထဲမှာသိမ်းထားတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ ချိတ်ဆက်လိုက်တယ်