ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၅/၁၂ စာ. ၁၃-၁၅
  • မိဘတွေ ငါ့ကို ဘာကြောင့် နားမလည်ပေးကြတာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတွေ ငါ့ကို ဘာကြောင့် နားမလည်ပေးကြတာလဲ
  • နိုးလော့!—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါ့မိဘတွေအကြောင်း ငါဘယ်လို ပိုသိနိုင်မလဲ
    နိုးလော့!—၂၀၀၉
  • မိဘတွေနဲ့ တစ်ချိန်လုံး စကားများနေတာ ဘာကြောင့်လဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မိဘတွေ ငါ့ကိုလွတ်လပ်မှု ပိုပေးနိုင်အောင် ဘယ်လိုလုပ်ရမလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • မိဘတွေဘာကြောင့် ငါ့ကိုနားမလည်တာလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၂
န ၅/၁၂ စာ. ၁၃-၁၅

လူငယ်များအမေး

မိဘတွေ ငါ့ကို ဘာကြောင့် နားမလည်ပေးကြတာလဲ

ဒီအခြေအနေကို မြင်ယောင်ကြည့်ပါ

သောကြာနေ့ ညနေ ခြောက်နာရီလောက်မှာ ၁၇ နှစ်ရှိပြီဖြစ်တဲ့ ဇော်ဇော်က အိမ်ရှေ့တံခါးပေါက်ဆီ သွက်သွက်လေး လျှောက်သွားတယ်။ “အပြင်သွားလိုက်ဦးမယ်” လို့ သူ့မိဘတွေကို လှမ်းပြောရင်း ကြားနေကျမေးခွန်းကို မမေးပါစေနဲ့လို့ စိတ်ထဲက တမ်းတနေမိတယ်။

ဒါပေမဲ့ အဲဒီမေးခွန်း မေးလိမ့်မယ်ဆိုတာ သူ သိထားသင့်ပါတယ်။

“ဇော်ဇော်၊ သားဘယ်အချိန် ပြန်ရောက်မလဲ” လို့ သူ့အမေက လှမ်းမေးတယ်။

ဇော်ဇော် တုံ့ခနဲ ရပ်သွားတယ်။ “ဟို . . . အင် . . . အမေတို့ အိပ်နှင့်ပါ။ ကျွန်တော့်အတွက် စိတ်မပူပါနဲ့” လို့ပြောပြီး ဇော်ဇော် တံခါးကို ဆွဲဖွင့်လိုက်တယ်။

ဒါပေမဲ့ အပြင်ရောက်ခါနီးမှာ သူ့အဖေအသံကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားတယ်။ “ခဏနေဦး ဇော်မင်းအောင်။ အိမ်စည်းကမ်းကို မင်း သိတယ်နော်။ ကိုးနာရီတိတိ ရောက်အောင်ပြန်လာခဲ့။ ဘာအကြောင်းပြချက်မှ မလိုချင်ဘူး။”

“ဟာ၊ အဖေကလည်း လုပ်ပြန်ပြီ။ အဲဒီလောက်အစောကြီး။ ကျွန်တော့်သူငယ်ချင်းတွေ ရှေ့မှာ အရှက်ခွဲနေတာလား။”

အဖေကတော့ ခပ်ပြတ်ပြတ်နဲ့ တစ်ခွန်းချင်း ပြန်ပြောတယ်။ “ကိုးနာရီတိတိ ရောက်အောင် ပြန်လာခဲ့။ ဘာအကြောင်းပြချက်မှ မလိုချင်ဘူး။”

သင်လည်း အလားတူ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ ဘယ်အချိန်အရောက် ပြန်လာရမယ်ဆိုတာမျိုး မဟုတ်ရင်တောင်မှ သင့်သီချင်း၊ သူငယ်ချင်း ဒါမှမဟုတ် အဝတ်အစားနဲ့ပတ်သက်ပြီး သင် မလိုက်နာချင်တဲ့ စည်းမျဉ်းတွေ ထုတ်ထားနိုင်ပါတယ်။ ဥပမာ–

“အမေနဲ့လက်ထပ်ပြီးတဲ့နောက် ကျွန်တော့်ပထွေးက ကျွန်တော်ကြိုက်တဲ့ သီချင်းအားလုံးကို ပေးနားမထောင်တော့ဘူး။ ကျွန်တော့် စီဒီတွေအားလုံးကို လွှင့်ပစ်လိုက်ရတယ်။”—ဘရမ်ဒန်။a

“သူငယ်ချင်း မရှိလို့ဆိုပြီး အမေက ကျွန်မကို အပြစ်တင်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်နဲ့ လျှောက်သွားမယ်ဆိုပြန်တော့လည်း သူမသိတဲ့သူ ဖြစ်နေလို့ ခွင့်မပြုပြန်ဘူး။ ဘာမှန်းကို မသိတော့ဘူး။”—ကာရို။

“ကျွန်မ အဖေနဲ့ အမေက အင်္ကျီလေး နည်းနည်းကျပ်ပြီဆိုတာနဲ့ မဝတ်ခိုင်းတော့ဘူး။ စကတ်ဆိုရင်လည်း ဒူးလေးနည်းနည်း မပေါ်လိုက်နဲ့၊ အရမ်းတိုတယ်ဆိုပြီး အော်တော့တာပဲ။”—စရီးနာ။

သင့်မိဘတွေနဲ့ သဘောထားချင်း မတိုက်ဆိုင်ရင် သင် ဘာလုပ်နိုင်သလဲ။ သူတို့နဲ့ ပြောဆိုဆွေးနွေးနိုင်မလား။ “ကျွန်မမိဘတွေက ကျွန်မပြောတာ နားမထောင်ချင်ကြဘူး” လို့ ဂျိုအန်းက ပြောတယ်။ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အေမီက “မိဘတွေက ကျွန်မကို နားလည်မပေးဘူးလို့ ခံစားရတဲ့အခါ ကျွန်မ ပါးစပ်ပိတ်ပြီးပဲ နေလိုက်တော့တယ်။”

ဒါပေမဲ့ အလျင်စလို လက်မမြှောက်လိုက်ပါနဲ့။ သင့်မိဘတွေက သင်ပြောတာကို သင်ထင်ထားတာထက် နားထောင်ချင်စိတ် ရှိနိုင်ပါတယ်။

စဉ်းစားကြည့်ပါ– ဘုရားသခင်တောင် လူသားတွေက သူတို့ရဲ့အရေးကိစ္စကို ပြောလာတဲ့အခါ နားထောင်ပေးတယ်။ ဥပမာ၊ မောရှေက နာခံမှုမရှိတဲ့ အစ္စရေးလူမျိုးအတွက် ပြောဆိုပေးတဲ့အခါ ယေဟောဝါ နားထောင်ပေးတယ်။—ထွက်မြောက်ရာ ၃၂:၇-၁၄; တရားဟောရာ ၉:၁၄၊ ၁၉။

မိဘတွေကတော့ ဘုရားသခင်လောက် အကျိုးသင့်အကြောင်းသင့် မရှိဘူးလို့ သင်ခံစားကောင်း ခံစားနေရမယ်။ မောရှေက ယေဟောဝါဘုရားသခင်ကို လူမျိုးတစ်မျိုးလုံးအတွက် ပြောဆိုပေးတာနဲ့ သင်က အဖေ ဒါမှမဟုတ် အမေကို နည်းနည်းအိမ်ပြန်နောက်ကျမယ့်အကြောင်း ပြောတာကတော့ အရမ်းကွာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ တူညီချက်တော့ ရှိပါတယ်–

သင့်ဆီမှာ အထောက်အထားခိုင်လုံတဲ့ တင်ပြစရာကိစ္စတစ်ခုခု ရှိမယ်ဆိုရင် အခွင့်အာဏာရှိသူတွေဘက်က၊ အခုကိစ္စမှာဆိုရင် သင့်မိဘတွေဘက်က သင်ပြောတာကိုနားထောင်ဖို့ တလိုတလား ရှိပါလိမ့်မယ်။

အောင်မြင်ဖို့ကတော့ သင့်ကိစ္စကို သင် ဘယ်လိုပြောမလဲ ဆိုတဲ့အချက်ပေါ် မူတည်တယ်။ အောက်ပါအဆင့်တွေကို လုပ်ဆောင်ခြင်းက ထိထိရောက်ရောက် ပြောနိုင်ဖို့ ထောက်ကူပေးနိုင်တယ်။

  1. ၁။ ပြဿနာကို ကွဲကွဲပြားပြားသိအောင် လုပ်ပါ။ သင်နဲ့ သင့်မိဘတွေ သဘောထား မတိုက်ဆိုင်ဘူးလို့ ထင်ရတဲ့ကိစ္စကို အောက်မှာချရေးပါ။

  2. ၂။သင့် ခံစားချက်ကို ကွဲကွဲပြားပြားသိအောင် လုပ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သင့်မိဘရဲ့ ရှုမြင်ပုံက သင့်ကို ဘယ်လို ခံစားရစေသလဲဆိုတာ အောက်မှာချရေးပါ။ နာကျင်စေသလား၊ ဝမ်းနည်းစေသလား၊ အရှက်ရစေသလား၊ ကိုယ့်အပေါ် အယုံအကြည် မရှိဘူးလို့ ခံစားရစေသလား၊ တခြားတစ်ခုခုလား။ (ဥပမာ၊ အစမှာ ဖော်ပြထားတဲ့ အဖြစ်အပျက်မှာဆိုရင် မိဘတွေ သတ်မှတ်ထားတဲ့ အိမ်ပြန်ချိန်ဟာ သူငယ်ချင်းတွေရှေ့မှာ အရှက်ကွဲစေတယ်လို့ ဇော်ဇော် ခံစားရတယ်။)

  3. ၃။မိဘတစ်ယောက်လို စဉ်းစားကြည့်ပါ။ အဆင့် ၁ မှာ သင်ရေးခဲ့တဲ့ပြဿနာမျိုး ကြုံနေရတဲ့ ဆယ်ကျော်သက်တစ်ယောက်ရဲ့ မိဘဖြစ်တယ်လို့ သင့်ကိုယ်သင် မြင်ယောင်ကြည့်ပါ။ သင်သာ မိဘတစ်ယောက်ဖြစ်မယ်ဆိုရင် သူ့အတွက် သင်အစိုးရိမ်ဆုံးက ဘာလဲ။ ဘာကြောင့်လဲ။ (ဥပမာ၊ အစမှာဖော်ပြထားတဲ့ အဖြစ်အပျက်မှာဆိုရင် မိဘတွေက ဇော်ဇော် အန္တရာယ်ဖြစ်မှာကို စိုးရိမ်တာ ဖြစ်နိုင်တယ်။)

  4. ၄။ကိစ္စရပ်ကို ပြန်လည်သုံးသပ်ပါ။ အောက်ပါမေးခွန်းတွေကို ဖြေပါ–

    သင့်မိဘရဲ့ ရှုမြင်ပုံမှာ သင့်အတွက် ဘာကောင်းကျိုးရှိတာကို တွေ့မြင်ရသလဲ။

    သင့်မိဘရဲ့ စိုးရိမ်စိတ်ကို သက်သာစေဖို့ သင် ဘာလုပ်ပေးနိုင်မလဲ။

  5. ၅။ကိစ္စရပ်ကို မိဘတွေနဲ့အတူ ပြောဆိုဆွေးနွေးပြီး နှစ်ဦးနှစ်ဖက် သဘောတူညီတဲ့ အဖြေရအောင်ယူပါ။ အပေါ်မှာဖော်ပြထားတဲ့ အချက်တွေကို လက်တွေ့ကျင့်သုံးပြီး “ပြောဆိုဆက်သွယ်မှုအတွက် အကြံပြုချက်များ” လေးထောင့်ကွက်ထဲက အကြံပြုချက်တွေကို ထည့်စဉ်းစားမယ်ဆိုရင် သင်ဟာ သင့်မိဘတွေနဲ့ လူကြီးဆန်ဆန် ဆက်သွယ် ပြောဆိုနိုင်ပါလိမ့်မယ်။ အဖေ၊ အမေနဲ့ ပြောဆိုဆက်သွယ်ရတာ အခုအဆင်ပြေနေပြီဖြစ်တဲ့ ကယ်လီက ဒီလိုပြောတယ်– “မိဘတွေနဲ့ ငြင်းခုံတာက ပြဿနာကို မပြေလည်စေတဲ့အပြင် သင်လည်း ဘယ်တော့မှ အနိုင်ရမှာမဟုတ်ဘူး။ ကျွန်မကတော့ မိဘတွေနဲ့ ပြောဆိုဆွေးနွေးပြီး ဖြေရှင်းလိုက်တယ်။ အားလုံးကျေနပ်တဲ့ အဖြေတစ်ခုကို အမြဲလိုလိုရတယ်။”

“လူငယ်များအမေး” အခန်းဆက်ဆောင်းပါးထဲက တခြားဆောင်းပါးတွေကို www.watchtower.org/​ype မှာ တွေ့နိုင်ပါတယ်။

a ဒီဆောင်းပါးပါ နာမည်တချို့ကို ပြောင်းထားပါတယ်။

ပြောဆိုဆက်သွယ်မှုအတွက် အကြံပြုချက်များ

“နားထောင်လိုက်တာက ပြန်ခံအော်တာထက် ပိုကောင်းပါတယ်။ သင့်မိဘတွေစကားကို နားထောင်ပြီး သူတို့ရဲ့ ရှုမြင်ပုံကို နားလည်ပေးဖို့ ကြိုးစားမယ်ဆိုရင် သူတို့လည်း သင်ပြောတာကို အဲဒီလိုပဲ တုံ့ပြန်ပါလိမ့်မယ်။”—ရီအန်း။

ဖိလိပ္ပိ ၂:၃၊ ၄ ကိုဖတ်ပါ။

“ခံမပြောပါနဲ့။ အရင်က ကျွန်မ ခဏခဏ ခံပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ လျှာကို ထိန်းချုပ်နိုင်မယ်ဆိုရင် အငြင်းအခုံဖြစ်တာ(နဲ့ နောက်ဆက်တွဲ ပြစ်ဒဏ်)ကို ရှောင်နိုင်မယ်ဆိုတာ ကျွန်မ သိခဲ့ရတယ်။”—ဒန်ရယ်လ်။

သု. ၁၇:၂၇; ၂၁:၂၃ တို့ကိုဖတ်ပါ။

“အားလုံး စိတ်အေးလက်အေး ဖြစ်သွားပြီးနောက်ပိုင်း သင့်မိဘတွေက သင်ပြောတာကို နားထောင်ချင်တဲ့အချိန် ရှိပါလိမ့်မယ်။ အဲဒီအချိန်အထိ စောင့်ပါ။”—ကော်လက်။

သု. ၂၅:၁၁ ကိုဖတ်ပါ။

“မိဘတွေကို သင် ရိုသေလေးစားကြောင်း၊ သူတို့ပြောတာကို သင် တကယ်နားထောင်နေကြောင်း သူတို့သိဖို့လိုတယ်။ ဒါကြောင့် သင့်ခံစားချက်ကို သူတို့ကို ထုတ်မပြောခင် သူတို့ပြောတာကို သင် ကြားတယ်ဆိုတာနဲ့ သင်သဘောပေါက်တယ်ဆိုတာကို သူတို့ သိပါစေ။”—အမ်မလီ။

သု. ၂၃:၂၂; ယာကုပ် ၁:၁၉ တို့ကို ဖတ်ပါ။

သိထား သင့်ရာ

စိတ်သဘောထား မတိုက်ဆိုင်တဲ့ကိစ္စအားလုံးကို ဆွေးနွေးဖြေရှင်းနေစရာ မလိုပါဘူး။ တချို့ကိစ္စတွေကိုတော့ “ကိုယ့်စိတ်ထဲကိုယ်ပြောပြီး တိတ်တိတ်နေ” နိုင်ပါတယ်။ (ဆာလံ ၄:၄၊ ကဘ) ဘီထရီဆိုတဲ့ မိန်းကလေးတစ်ယောက်က ဒီလိုပြောတယ်– “တစ်ခါတလေ၊ ပြဿနာတစ်ခုက မနက်ဖြန်ဆိုရင် ဘာမှဟုတ်တော့ဘူးဆိုတာကို တွေးမိလိုက်တဲ့အခါ အဲဒါက ကျွန်မအတွက် ပြဿနာကြီး မဟုတ်တော့ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တယ်။”

သင့်မိဘကို မေးကြည့်နိုင်တယ်

အဖေ/အမေတို့ ငယ်ငယ်တုန်းက မိဘတွေနဲ့ သဘောထား မတိုက်ဆိုင်တာကို ဘယ်လို ဖြေရှင်းခဲ့သလဲ။ အဲဒီအချိန်သာ ပြန်ရနိုင်မယ်ဆိုရင် တခြားတနည်းနည်းနဲ့ ဖြေရှင်းချင်သလား။ ဘယ်လိုနည်းနဲ့လဲ။

သင့်ရွယ်တူတွေ ပြောဆိုရာ

ဝင်ဒီယာ— စကားမပြောခင် ပြောလိုက်လို့ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကိုစဉ်းစားဖို့ ကျွန်မကြိုးစားတယ်။ မိဘတွေဘက်ကနေလည်း စဉ်းစားကြည့်တယ်။ တစ်ခုခုမပြောခင် အရင်ဆုံး ဆုတောင်းတယ်။ ကျွန်မပြောလိုက်လို့ အငြင်းအခုံဖြစ်နိုင်တယ်လို့ သတိထားမိရင် အငြင်းအခုံမဖြစ်ဘဲ ပြောနိုင်တဲ့အချိန်အထိ စကားမပြောဘဲ နေလိုက်တယ်။

ရော့စ်— တဖြည်းဖြည်း စိတ်ဆိုးလာပြီလို့ ခံစားရတဲ့အခါ တကယ်တမ်း မလိုအပ်တဲ့ အငြင်းအခုံတွေဖြစ်ရင် တစ်နေ့လုံး နေမထိထိုင်မသာဖြစ်နေတော့မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြောရတယ်။ အဲဒီလိုနဲ့ အခုတော့ ခပ်ငယ်ငယ်ကထက်စာရင် တော်တော်လေး ဒေါသထိန်းနိုင်လာပြီ။

ရေမီနာ— မိဘတွေစကားနားထောင်လိုက်တာက အကောင်းဆုံးပဲဆိုတာ သိလာရတယ်။ တကယ်တော့ မိဘတွေရဲ့ သဘောထားနဲ့ ကျွန်မရဲ့သဘောထားက အကွာကြီး ကွာတာလည်း မဟုတ်ဘူး၊ စိတ်သဘော မတိုက်ဆိုင်တာကလည်း ကျွန်မထင်သလောက် ကြီးကြီးမားမားလည်း မဟုတ်ပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ