မိသားစုတွေအတွက် အကူအညီ | လူငယ်များ
ဖုန်းနဲ့ စာအပေးအယူ လုပ်တဲ့အခါ ယဉ်ကျေးဖို့လို
အခက်အခဲ
သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတုန်း ကိုယ့်ဖုန်းထဲ စာရောက်လာတယ်။ ဒါဆိုရင် ဘာလုပ်မလဲ။
စကားပြောနေတုန်း စာကို ဖွင့်ဖတ်မယ်။
သူငယ်ချင်းကို “ခဏလေးပါ” လို့ ပြောပြီးမှ စာကို ဖွင့်ဖတ်မယ်။
ဝင်လာတဲ့ စာကိုမဖတ်ဘဲ သူငယ်ချင်းနဲ့ စကားဆက်ပြောမယ်။
ဘယ်အမြင်ကိုပဲ ရွေးရွေး အရေးကြီးသလား။ အရေးကြီးတယ်။
သိသင့်သိထိုက်ရာ
လူတစ်ယောက်နဲ့ စကားပြောနေတုန်း ဖုန်းထဲက စာကို ဖတ်တာ၊ စာပြန်ပို့တာက ယဉ်ကျေးမှုမရှိတဲ့အပြင် ရိုင်းပျတယ်။ ‘သူငယ်ချင်း အချင်းချင်းပဲဟာ’ လို့ ဆင်ခြေပေးနိုင်တယ်။ သူငယ်ချင်းဆိုတော့ ပိုတောင် ယဉ်ကျေးရဦးမယ်။ စည်းကမ်းကြီးရမယ်လို့ မဆိုလိုပါဘူး။ ဒီအချက်ကိုတော့ သိထားသင့်တယ်– သူငယ်ချင်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေမယ်ဆိုရင် ကိုယ်နဲ့အပေါင်းအသင်း လုပ်ချင်ကြတော့မှာ မဟုတ်ဘူး။
ဘာကြောင့်များလဲ။ အကြောင်းကတော့ ဘယ်သူမှ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာ မခံချင်ဘူး။ ဘက်သ်a ဆိုတဲ့အမျိုးသမီးက “စကားပြောနေတုန်း သူငယ်ချင်းဆီက စာရ၊ မရ ဖုန်းကိုပဲ ကြည့်နေရင် ကျွန်မ သိပ်စိတ်တိုတာပဲ” လို့ပြောတယ်။ အဲဒီလို သူငယ်ချင်းမျိုးကို ဘက်သ် ဘယ်လောက်ကြာကြာ သည်းခံနိုင်မယ် ထင်သလဲ။
“အခက်အခဲ” ဆိုတဲ့ ခေါင်းစဉ်အောက်က အမြင်သုံးခုကို ပြန်ဖတ်ပြီး ဖုန်းသုံးတဲ့အခါ ကိုယ်က ဘယ်လောက် ယဉ်ကျေးသလဲဆိုတာ သုံးသပ်ကြည့်ပါ။ သင့်အတွက် ဘယ်အမြင်က အကောင်းဆုံး ဖြစ်သလဲ။ အမြင် (၁) ကတော့ လုံးဝ မယဉ်ကျေးမှန်း သိပါလိမ့်မယ်။ အမြင် (၂) နဲ့ (၃) ကကော။ စကားပြောရပ်ပြီး ရတဲ့စာကို ဖတ်နေတာက ရိုင်းသလား။ ရတဲ့စာကို ဂရုမစိုက်ဘဲ စကားဆက်ပြောတာကကော ရိုင်းသလား။
ဘယ်ဟာက ယဉ်ကျေးတဲ့အမူအကျင့်ဖြစ်သလဲ ဆိုတာ ဆုံးဖြတ်ရခက်နိုင်ပါတယ်။ ဒီကိစ္စကို ကျမ်းစာကနေ အကူအညီရနိုင်တယ်။ “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့” လို့ လုကာ ၆:၃၁ က ဆိုတယ်။ စာပို့၊ စာရတဲ့ ကိစ္စမှာလည်း အဲဒီအတိုင်း လုပ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။
လုပ်ဆောင်နိုင်ရာ
သင့်တော်တဲ့အချိန်ကျမှ စာပို့၊ စာဖတ်ပါ။ “တစ်ခါတလေ ညအချိန်မတော် ဖုန်းထဲ စာရောက်လာတယ်။ သိပ်လည်း အရေးမကြီးဘူး။ အိပ်ရေးပျက်တာပဲ ရှိတယ်” လို့ ရစ်ချက် က ပြောတယ်။ “သူများအိပ်နေတဲ့အချိန်မှာ စာပို့သလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။—ကျမ်းစာအကြံပြုချက်– ဒေသနာ ၃:၁။
ကိုယ်က ယဉ်ကျေးရဲ့လားဆိုတာ သုံးသပ်ကြည့်ပါ။ စကားပြောဆို ဆက်သွယ်တဲ့အခါ စကားလုံးတွေ၊ အသံနေအသံထား၊ မျက်နှာထား၊ ကိုယ်ဟန်အမူအရာတွေ သုံးပြီး ဆက်သွယ်ကြတယ်။ ဒါပေမဲ့ စာပို့တဲ့အခါမှာ အဲဒါတွေ မပါတော့လို့ ဘယ်လိုလုပ်ကြမလဲ။ ဂျက်စမင် ဆိုတဲ့အမျိုးသမီးက ဒီလို အကြံပေးတယ်– “ယဉ်ယဉ်ကျေးကျေးပြောဆိုပါ။ ‘နေကောင်းလား’၊ ‘တစ်ဆိတ်လောက်’၊ ‘ကျေးဇူးတင်ပါတယ်’ စတာတွေကို များများအသုံးပြုပါ။”—ကျမ်းစာအကြံပြုချက်– ကောလောသဲ ၄:၆။
ပိုင်းခြားတတ်ပါ။ “အခက်အခဲ” ခေါင်းစဉ်အောက်က အမြင်တွေကို ပြန်သုံးသပ်ကြည့်ပါဦး။ အရေးကြီးတဲ့ စာကို မျှော်နေတယ်ဆိုရင် စကားဖြတ်ပြီး ခွင့်တောင်းပါ။ ဝင်လာတဲ့ စာတွေက အများအားဖြင့် အရေးမကြီးပါဘူး။ “သူငယ်ချင်းနဲ့ စကားပြောပြီးတဲ့အထိ ဝင်လာတဲ့စာက ဆက်ရှိနေမှာပဲ။ ဝင်လာတဲ့စာနဲ့ အလုပ်ရှုပ်နေရင် သူငယ်ချင်းက ထွက်သွားလိမ့်မယ်” လို့ အေမီ က ပြောတယ်။ အုပ်စုဖွဲ့ပေါင်းသင်းတဲ့အခါတွေမှာလည်း အဲဒီလိုပဲ လုပ်သင့်တယ်။ “တစ်ချိန်လုံး ဖုန်းကိုပဲ ကြည့်နေတာက မင်းတို့နဲ့နေရတာ ငါမပျော်ဘူး။ တခြားနေရာမှာ ရှိနေချင်တယ်” လို့ ပြောနေတာနဲ့ တူတယ်ဆိုပြီး ၁၈ နှစ်သမီး ဂျဲန်းက ပြောတယ်။
စာ မပို့ခင် သေသေချာချာစဉ်းစားပါ။ ပို့လိုက်တဲ့စာက နားလည်မှု လွဲစေနိုင်မလား။ ခံစားချက်ကိုဖော်ပြတဲ့ ရုပ်ပုံလေးတွေ သုံးရင် ကောင်းမလား။ “နောက်နေတယ်ဆိုရင် ပြုံးနေတဲ့ပုံကို သုံးပါ။ ကိုယ်က ဟာသပြောတာကို သူများက အတည်ယူပြီး စိတ်ဆိုးသွားလို့ကတော့ ပြဿနာတက်ပြီပဲ” လို့ ၂၁ နှစ်အရွယ် မိန်းကလေး အမ်ဘာ ကပြောတယ်။— ကျမ်းစာအကြံပြုချက်– သုတ္တံ ၁၂:၁၈။
ဖုန်းနဲ့ စာအပေးအယူလုပ်တဲ့အခါ ယဉ်ကျေးဖို့ တကယ်အရေးကြီးတယ်။
စဉ်းစားစရာ– ယဉ်ကျေးပျူငှာတာက ချစ်ခြင်းမေတ္တာအပေါ် အခြေခံတယ်။ မေတ္တာက “စိတ်ရှည်တတ်၏၊ ကြင်နာတတ်၏၊ မေတ္တာသည် မနာလိုခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ့်အကျိုးကို မရှာတတ်၊ အမျက်မထွက်တတ်။ ထိခိုက်နစ်နာမှုကို မှတ်၍မထားတတ်” လို့ ၁ ကောရိန္သု ၁၃:၄၊ ၅ မှာ ဆိုထားတယ်။ မေတ္တာရဲ့ ဘယ်အသွင်အပြင်ကို သင် ကြိုးစားပြဖို့ လိုသလဲ။
a ဒီဆောင်းပါးမှာ နာမည်တွေကို ပြောင်းထားတယ်။