ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၁/၁၅ စာ. ၇-၉
  • မျက်မမြင်ဘဝဖြင့် အသက်ရှင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မျက်မမြင်ဘဝဖြင့် အသက်ရှင်
  • နိုးလော့!—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါဘုရားအကြောင်း မျက်မမြင်တွေ သိလာအောင် ကူညီပေးပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • အသက်တာတွေကို ပြောင်းလဲစေတဲ့ အစက်လေးများ
    အလှူငွေတွေကို အသုံးပြုပုံ
  • အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—မျက်မမြင်တွေကို သက်သေခံခြင်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • သတင်းကောင်း အတွက် မျက်စိ ပွင့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၅
န ၁၁/၁၅ စာ. ၇-၉
ပါကီးနဲ့ သူ့ခင်ပွန်း

မျက်မမြင်ဘဝဖြင့် အသက်ရှင်

“မွေးကင်းစအရွယ်မှာ မျက်စဉ်းအပြင်းစား ခပ်ပေးခဲ့လို့ မျက်စိကွယ်လုနီးပါး ဖြစ်သွားတာ။ ဆယ်ကျော်သက်အရွယ်ရောက်တော့ လုံးလုံး မမြင်တော့ဘူး။ အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ရတယ်။”​—ပါကီး၊ ခင်ပွန်းသည်လည်း မျက်မမြင်တစ်ဦးဖြစ်တယ်။

ထိခိုက်ဒဏ်ရာ၊ ရောဂါနဲ့ တခြားအကြောင်းတွေကြောင့် မျက်စိကွယ်တာ၊ မျက်စိမှုန်တာ ဖြစ်နိုင်တယ်။ အဲဒီကနေ မျက်စိ၊ မျက်စိအာရုံကြောနဲ့ ဦးနှောက်ကိုပါ ထိခိုက်နိုင်တယ်။ မျက်စိမမြင်သူ၊ မျက်စိမှုန်သူတွေဟာ အပယ်ခံလို့ ခံစားရပြီး ဝမ်းနည်း၊ ကြောက်ရွံ့ နေနိုင်တယ်။ အတော်များများကတော့ အလိုက်သင့် နေတတ်လို့ ပျော်နေကြတာပဲ။

ပတ်ဝန်းကျင်အခြေအနေကိုသိဖို့ မျက်စိက အရေးပါတယ်။ မျက်စိမမြင်ရတော့ရင် အကြား၊ အနံ့၊ အထိအတွေ့နဲ့ ရသာခံအာရုံတွေကို ပိုပြီးအားထားရတယ်။

မဂ္ဂဇင်းတစ်စောင် (Scientific American) က ဒီလိုဆိုတယ်– ဦးနှောက်အာရုံကြောဆိုင်ရာ သုတေသနပြုချက်အရ ဦးနှောက်ဟာ “အတွေ့အကြုံနဲ့အညီ ပြောင်းလဲ” နိုင်စွမ်းရှိတယ်။ “အာရုံခံအင်္ဂါတစ်ခု ချို့ယွင်းသွားရင် ဦးနှောက်က တခြားအာရုံခံအင်္ဂါတွေကို ပိုထက်မြက်လာစေကြောင်း တွေ့ရှိချက်တွေက ဖော်ပြတယ်။” အောက်ပါအချက်တွေကို သုံးသပ်ကြည့်ပါ။

အကြားအာရုံ– စကားသံကအစ ခြေသံအဆုံး၊ အသံတွေက ဦးနှောက်ထဲမှာ ရုပ်လုံးပေါ်စေတယ်။ မျက်မမြင်ဖြစ်တဲ့ ဖနန်ဒို က “လူတစ်ယောက်ရဲ့အသံ၊ သူ့ခြေသံကနေ သူဘယ်သူလဲဆိုတာ သိတယ်” လို့ ပြောတယ်။ မျက်မမြင်နောက်တစ်ယောက်ဖြစ်တဲ့ ယွမ် က “မျက်မမြင်တစ်ယောက်အတွက်ဆိုရင် လူတစ်ယောက်ရဲ့အသံက သူ့ကိုမှတ်မိစေနိုင်တဲ့ အမှတ်အသားပဲ” ဆိုပြီး ပြောတယ်။ သာမန်လူတွေလိုပဲ မျက်မမြင်တွေက အသံနေအသံထားအပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ ခံစားချက်ကို သိမြင်နိုင်ကြတယ်။

မျက်မမြင်တစ်ယောက်ရဲ့ ကျင့်သားရနေတဲ့နားက အသံပေါ်မူတည်ပြီး ပတ်ဝန်းကျင်အကြောင်းကို အတော်လေး သိနိုင်တယ်။ ယာဉ်ကြောအသွားအလာ၊ အခန်းရဲ့ အကျယ်အဝန်း၊ ပစ္စည်းအထားအသို ဘယ်လိုရှိလဲဆိုတာ သိကြတယ်။

အနံ့ခံအာရုံ– အနံ့ခံအာရုံက အနံ့အသက်လောက်ပဲမက တခြားအကြောင်းအမျိုးမျိုးကိုလည်း သိရှိစေတယ်။ ဥပမာ၊ မျက်မမြင်တစ်ယောက်က လမ်းလျှောက်နေရင်း လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေးနဲ့ တခြား နေရာတွေကို အနံ့ခံအာရုံကနေသိရှိပြီး စိတ်မြေပုံတစ်ခု ဆွဲနိုင်တယ်။ အကျွမ်းတဝင်ရှိတဲ့အသံတွေနဲ့ အထိအတွေ့အာရုံကြောင့် သိရှိလာတာတွေက စိတ်မြေပုံဆွဲဖို့ အကူအညီဖြစ်စေတယ်။

အထိအတွေ့အာရုံ– “ကျွန်တော့်လက်ချောင်းတွေက ကျွန်တော့်အတွက် မျက်စိပဲ” လို့ ဖရန်စစ္စကို ပြောတယ်။ သူ့ရဲ့တုတ်နဲ့ ခပ်လှမ်းလှမ်းကို “မြင်နိုင်တယ်။” မွေးကတည်းက မျက်မမြင်ဖြစ်ပြီး ကလေးဘဝကတည်းက မျက်မမြင်တုတ် သုံးတတ်လာတဲ့ မန်နာ့စ်က “ကျွန်တော့်ရဲ့ တခြားအာရုံတွေနဲ့ မှတ်ဉာဏ်အပြင် လျှောက် လမ်းပေါ်က အမှတ်အသားတွေကို တုတ်နဲ့စမ်းပြီး ကျွန်တော် ဘယ်ရောက်နေသလဲဆိုတာ သိရလို့ ကျေးဇူးတင်မိတယ်” ဆိုပြီး ပြောပြတယ်။

လူတစ်ဦး မျက်မမြင်စာနဲ့ ရေးထားတဲ့ ကင်းမျှော်စင်မဂ္ဂဇင်း ဖတ်နေ

မျက်မမြင်စာနဲ့ရေးထားတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင်ကို ဖတ်နေ

မျက်မမြင် အတော်များများဟာ အထိအတွေ့အာရုံနဲ့ မျက်မမြင်စာကို ဖတ်နိုင်တယ်။ အခုဆိုရင် မျက်မမြင်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ဘုရားသခင်အကြောင်းတောင် လေ့လာနိုင်တဲ့ အထောက်အကူပြုစာပေကိရိယာတွေ အများကြီးရှိနေပြီ။ အဲဒီထဲမှာ မျက်မမြင်စာပေတွေအပြင် အသံသွင်းဖိုင်နဲ့ ကွန်ပျူတာနည်းပညာတွေလည်း ပါဝင်တယ်။ အဲဒါတွေကြောင့် မျက်မမြင်တွေဟာ ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ရှုနိုင်ပြီ။a

အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ပါကီးနဲ့ ခင်ပွန်းသည်ဟာ အဲဒီအထောက်အကူပြုကိရိယာတွေကနေတစ်ဆင့် နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ရရှိနေကြတယ်။ ပြီးတော့ ယေဟောဝါသက်သေတွေရဲ့ ဒေသခံ ခရစ်ယာန် အသင်းတော်ရှိသူတွေဆီကနေလည်း အကူအညီတွေ ရရှိနေကြတယ်။ “အခုဆိုရင် ကျွန်မတို့ဘဝဟာ အဓိပ္ပာယ်ပြည့်ဝပြီး အတော်အသင့် အမှီအခိုကင်းနေပြီ” လို့ ပါကီးပြောပြတယ်။

မျက်စိမမြင်လို့ အခက်အခဲအမျိုးမျိုး ကြုံရနိုင်တယ်။ ဒါပေမဲ့ အဲဒီအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပြီး အလိုက်သင့်နေနိုင်စွမ်း လူမှာရှိလို့ ပျော်ရွှင်တဲ့ဘဝမျိုးနဲ့ နေနိုင်တာ အမှန်ပါပဲ။

a ယေဟောဝါသက်သေတွေက ကျမ်းစာလေ့လာမှုအထောက်အကူပြုစာပေတွေကို မျက်မမြင်စာ ဘာသာစကား ၂၅ မျိုးနဲ့ ထုတ်ဝေထားတယ်။

မျက်စိမမြင်ရသော်ငြား ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်ထား

မာကို အန်တိုနီယိုနဲ့ သူ့ရဲ့လမ်းပြခွေး ဒန်တေ

မာကို အန်တိုနီယိုက ခင်ပွန်းသည်လည်းဖြစ်၊ ဖခင်လည်းဖြစ်တယ်။ စီးပွားဖက်စပ်လုပ်ထားတဲ့ လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပြီး မွေးကတည်းက မျက်မမြင်သူပါ။ သူကြုံရတဲ့အခက်အခဲတွေနဲ့ ရရှိတဲ့ ရွှင်လန်းမှုတွေအကြောင်းကို နိုးလော့! က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

စီးပွားရေးလုပ်တယ်နော်။ ဘယ်လိုလုပ်သလဲ။

ကျွန်တော့်အလုပ်က ဖုန်းဖြေဆိုတယ်၊ ဖောက်သည်တွေ၊ ပစ္စည်းလာသွင်းသူတွေနဲ့ တွေ့ဆုံပြီး ဘဏ်ကိစ္စတွေကို လုပ်ပေးရတယ်။

အပန်းဖြေအနားယူဖို့ ဘာလုပ်သလဲ။

ကျွန်တော်က ဂီတဝါသနာပါတယ်။ အဲဒါက စိတ်ပြေလက်ပျောက်ရှိစေတယ်။ ကျွန်တော် စန္ဒရားလည်း တီးတတ်တယ်။ လက်တစ်ဖက်က မျက်မမြင်စာနဲ့ရေးထားတဲ့ သီချင်းကိုစမ်းပြီး တစ်ချိန်တည်းမှာပဲ စန္ဒရားတီးရတယ်ဆိုတော့ နည်းနည်းခက်တယ်။ ဒီတော့ သီချင်းအသစ်တစ်ပုဒ်ကို စတီးတဲ့အခါ ညာလက်နဲ့ဖတ်ပြီး ဘယ်လက်နဲ့ စန္ဒရား တီးတယ်။ ပြီးတော့ လက်ပြောင်းပြီး ဖတ်တယ်၊ ပြန်တီးတယ်။ အလွတ်ရသွားတဲ့အခါ လက်နှစ်ဖက်စလုံးနဲ့ တီးတယ်။

ထူးခြားတဲ့အခက်အခဲတွေ ကြုံဖူးသလား။

ကျွန်တော့်မိဘနဲ့ ညီလေးတွေက ကျွန်တော့်ကို မျက်မမြင်တစ်ယောက်လို မဆက်ဆံဘူး။ လဲကျတာ၊ တိုက်မိတာတွေရှိပေမဲ့ မျက်စိမြင်သူတွေလုပ်နိုင်တာတွေကို ကျွန်တော်လုပ်တတ်လာတယ်။ ဒါပေမဲ့ အရွယ်ရောက်လာတော့ ကားမောင်းခွင့်မရလို့ စိတ်ပျက်မိတယ်။

ကျွန်တော် အိမ်ထောင်ကျပြီး အခုဆိုရင် သားလေးတစ်ယောက်လည်း ရှိတယ်။ ကျွန်တော်တို့ အချင်းချင်း အပြန်အလှန် ထောက်မကူညီပေးကြတယ်။ ကျွန်တော့် သားလေး ဒေးဗစ်က ကျွန်တော့်လိုပဲ အမြင်အာရုံ ချို့ယွင်းတယ်။ ဒါကြောင့် သူ့ကို ကျွန်တော် ပုံသက်သေကောင်း ပြနေတယ်။ သည်းခံမယ်၊ ဇွဲရှိရှိလုပ်မယ်ဆိုရင် ကိုယ်လည်း လုပ်တတ်ကိုင်တတ်လာမယ်ဆိုတာ သူ့ကို သိစေချင်တယ်။

အခု လမ်းပြခွေးရှိတယ်နော်။ ဝယ်ရတဲ့အကြောင်းရင်းက ဘာလဲ။

ကျွန်တော့်ခွေး နာမည်က ဒန်တေ။ သူပါတော့ ကျွန်တော် မြန်မြန်လေး လမ်းလျှောက်နိုင်တယ်၊ လုံခြုံတယ်လို့လည်း ခံစားရတယ်။ နေရာသစ်တစ်ခုကို ပထမဆုံးအကြိမ် သွားတဲ့အခါ ကျွန်တော်နဲ့ဒန်တေ လမ်းကြောင်းသိရအောင် မျက်စိမြင်တဲ့ ကျွန်တော့်ဇနီး လိုလီ လိုက်ပေးတယ်။ ကျွန်တော့်လုံခြုံရေးအတွက် ခွေးကို ပုံအပ်ရတာ အစကတော့ ဝန်လေးမိတယ်။ ဒါပေမဲ့ ဒန်တေကို ကျွန်တော် အပြည့်အဝ ယုံကြည်စိတ်ချလာတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေပဲ ဖြစ်ပျက်နေပါစေ သူ့အလုပ်ကို သူ အာရုံစိုက်တယ်။ ဒါပေမဲ့ ကြိုးဖြုတ်ပေးလိုက်ရင် သူက တခြားခွေးတွေလိုပဲ ပြုမူတတ်တယ်။

ယေဟောဝါသက်သေတစ်ယောက်အနေနဲ့ ကျမ်းစာကို ဘယ်လို ဖတ်ရှုလေ့လာသလဲ။

မျက်မမြင်တွေအတွက် အထောက်အကူပြုပစ္စည်းတွေ သိပ်မရှိချိန်တုန်းက လိုလီက ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေကို ဖတ်ပြတယ်။ သူက ကျွန်တော့်အတွက် တကယ့်အဖော်ကောင်းဖြစ်လို့ အသင်းတော်အစည်းအဝေးတွေမှာ ဟောပြောချက်တွေတောင် ကျွန်တော် ပေးနိုင်ခဲ့တယ်။ အခုတော့ ကျမ်းစာနဲ့ ကျမ်းစာစာပေတွေကို မျက်မမြင်စာနဲ့ ကိုယ်ကိုယ်တိုင် ဖတ်နေပြီ။ ပြီးတော့ ယေဟောဝါသက်သေတွေရဲ့ jw.org ဝက်ဘ်ဆိုက်ကိုဝင်ပြီး အသံသွင်းထားတာတွေကို ကူးယူနားထောင်နိုင်တယ်။ ကျွန်တော့်မှာ မျက်မမြင်လက်ကွက်ရိုက်စက်ရှိတဲ့အတွက် ကွန်ပျူတာဖန်သားပြင်ကနေ စာဖတ်နိုင်တယ်။ အဲဒီစက်မှာ အဖုသေးသေးလေးတွေရှိတယ်၊ အဲဒါတွေကို နှိပ်လိုက်တဲ့အခါ မျက်မမြင်စာ ပေါ်လာတယ်။ တော်တော်လေး အံ့ဩစရာကောင်းတယ်။

မက်ဒရစ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ စပိန်ဌာနခွဲရုံးက မျက်မမြင်စာလုံး ဖော်တဲ့ဌာနမှာ ကျွန်တော် ကူညီပေးခွင့်ရခဲ့တာ တကယ့်အခွင့်ထူးပဲ။ အဲဒီစာပေတွေ ထုတ်လုပ်သူတွေဟာ မျက်မမြင်တွေဆီက အကြံပေးချက်တွေကို တန်ဖိုးထားကြတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေရဲ့ ချစ်ခင်လေးမြတ်မှုကို ခံစားရတယ်။

တခြားသူတွေနဲ့ ပေါင်းသင်းရတာ ပျော်သလား။

ပျော်တယ်။ အထူးသဖြင့် ကျွန်တော့်မိသားစု၊ ယုံကြည်ခြင်းတူသူတွေနဲ့ ကျမ်းစာအကြောင်း လိုက်ပြောပြရတာ သိပ်ပျော်တာပဲ။ ခရစ်ယာန် ညီအစ်ကို၊ ညီအစ်မတွေက ကျွန်တော့်ကို တန်းတူဆက်ဆံတယ်။ တစ်ခါတလေ ကျွန်တော်က မျက်မမြင်ဆိုတာကို သူတို့မေ့မေ့သွားတယ်။

ကျမ်းစာအကြောင်း လိုက်ပြောပြတဲ့အခါ ကျွန်တော်တို့ရဲ့ ကျမ်းစာမျှော်လင့်ချက်အကြောင်း ပြောပြခွင့်ရတယ်။ ဥပမာ၊ ဘုရားသခင့်နိုင်ငံတော်အစိုးရ အုပ်ချုပ်တဲ့အခါ “မျက်စိကန်းသောသူတို့သည် မျက်စိပွင့်လင်းကြလိမ့်မည်” လို့ပါတဲ့ ဟေရှာယ ၃၅:၅ ကို ကျွန်တော် ပြောပြတယ်။ ယေရှုခရစ် မြေကြီးပေါ်မှာရှိတုန်းက မျက်မမြင်တွေကို ကုသပေးခဲ့တာက အနာဂတ်မှာ အဲဒီလိုပဲ လုပ်ပေးမှာဆိုတာ သိမြင်စေတယ်။ (မဿဲ ၁၅:၃၀၊ ၃၁) မျက်မမြင်အပါအဝင် ဒုက္ခိတနဲ့ မသန်မစွမ်း ပြဿနာအားလုံးက ယာယီပါပဲ။ သာယာလှပတဲ့ မြေကြီးပရဒိသုမှာတော့ ‘နေမကောင်းဘူး၊ မျက်စိမမြင်ဘူး’ လို့ ဘယ်သူမှ ပြောကြတော့မှာ မဟုတ်ဘူး။​—ဟေရှာယ ၃၃:၂၄; လုကာ ၂၃:၄၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ