သမ္မာကျမ်းစာရှုထောင့်
ဒီလောကရဲ့ အဆုံး
“လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏” လို့ ၁ ယောဟန် ၂:၁၇ မှာ ဖော်ပြထားတယ်။ “လောက” ဆိုတာ ဘာလဲ။ ဘယ်အချိန်မှာ၊ ဘယ်လို ကွယ်ပျောက်သွားမလဲ။
ကွယ်ပျောက်သွားတော့မယ့် “လောက” ဆိုတာ ဘာလဲ
သမ္မာကျမ်းစာပြောဆိုရာ–
လောကမှာ ဘုရား မနှစ်သက်တဲ့ “တပ်မက်ခြင်း” ရှိနေတာကြောင့် အဲဒါဟာ ကမ္ဘာမြေကြီးကို ဆိုလိုတာမဟုတ်မှန်း သိနိုင်တယ်။ “လောက” ဆိုတာ ဘုရားကို အလေးမထား၊ ဘုရား မကြိုက်တာကို လုပ်နေကြတဲ့ လူသားထုကြီး ဖြစ်တယ်။ (ယာကုပ် ၄:၄) သူတို့တွေဟာ “ထာဝရပျက်စီးခြင်း အပြစ်ဒဏ်ကို ခံရ” ပါလိမ့်မယ်။ (၂ သက်သာလောနိတ် ၁:၇-၉) ဒါပေမဲ့၊ ယေရှုခရစ်ကို နာခံကြောင်းပြပြီး အဲဒီ “လောက” နဲ့ မပတ်သက်တဲ့သူတွေမှာတော့ ထာဝစဉ်အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက် ရှိတယ်။—ယောဟန် ၁၅:၁၉။
“ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်သော သူမူကား အစဉ်အမြဲတည်၏” လို့ ၁ ယောဟန် ၂:၁၇ မှာ ဆိုထားတယ်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [ကမ္ဘာမြေ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်” လို့ ဆာလံ ၃၇:၂၉ မှာ ပြောထားတဲ့အတိုင်း ဘုရားသခင့် အလိုတော်ကို ဆောင်ရွက်သူတွေမှာ ကမ္ဘာမြေကြီးပေါ် ထာဝစဉ်အသက်ရှင်နိုင်တဲ့ မျှော်လင့်ချက် ရှိကြတယ်။
“လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာများကိုလည်းကောင်း မချစ်ကြနှင့်။ လောကကို ချစ်သောသူသည် ခမည်းတော်ကို ချစ်ခြင်း မရှိ။”—၁ ယောဟန် ၂:၁၅။
ဒီ “လောက” ဘယ်လို ကွယ်ပျောက်သွားမလဲ
သမ္မာကျမ်းစာပြောဆိုရာ–
အဆင့်နှစ်ဆင့်နဲ့ ကွယ်ပျောက်သွားပါလိမ့်မယ်။ ပထမ၊ “မဟာဗာဗုလုန်” လို့ နာမည်ရှိတဲ့ ပြည့်တန်ဆာနည်းတူ ကျင့်ကြံကြတဲ့၊ မှားယွင်းတဲ့ဘာသာရေးကို ဘုရားသခင် ပယ်ဖျက်ပစ်မယ်။ (ဗျာဒိတ် ၁၇:၁-၅; ၁၈:၈) မှားယွင်းတဲ့ဘာသာရေးဟာ တရားတော်အတိုင်း လုပ်တယ်လို့ ပြောပေမဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ဖက်လဲတကင်း လုပ်တယ်။ အဲဒီနိုင်ငံရေးအုပ်စိုးရှင်တွေက သူ့ကို ချေမှုန်းပစ်လိမ့်မယ်။ သူတို့သည် “ပြည့်တန်ဆာကို မုန်းလိမ့်မည်။ သူ့ကို ပျက်ပြုန်းစေ၍ အဝတ်အချည်းစည်း ရှိစေလျက် သူ၏အသားကို စားပြီးလျှင် သူ့ကို လုံးလုံး မီးရှို့ပစ်လိမ့်မည်” လို့ ကျမ်းစာမှာ ပြောထားတယ်။—ဗျာဒိတ် ၁၇:၁၆။
ဒုတိယ၊ “လူနေထိုင်ရာ မြေတစ်ပြင်လုံးရှိ ဘုရင်များ” ဖြစ်တဲ့ နိုင်ငံရေးအုပ်စိုးရှင်တွေဘက် ဘုရားသခင် အာရုံလှည့်ပါလိမ့်မယ်။ “အနန္တတန်ခိုးရှင် ဘုရားသခင်၏ နေ့ကြီးတွင် တိုက်မည့်စစ်ပွဲ၊” “အာမဂေဒုန်” မှာ နိုင်ငံရေးအုပ်စိုးရှင်တွေနဲ့အတူ ဆိုးညစ်သူတွေ ပျက်စီးသွားလိမ့်မယ်။—ဗျာဒိတ် ၁၆:၁၄၊ ၁၆။
“စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့ [ယေဟောဝါ] ဘုရား ကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ [ယေဟောဝါ] ဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်။”—ဇေဖနိ ၂:၃။
ဒီ “လောက” ဘယ်အချိန်မှာ ကွယ်ပျောက်သွားမလဲ
သမ္မာကျမ်းစာပြောဆိုရာ–
လူ့အုပ်ချုပ်မှုတွေနေရာမှာ ဘုရားသခင့်နိုင်ငံတော် အစားထိုးတော့မယ်ဆိုတာကို လူတွေကို အတော်အတန် သတိပေးပြီးနောက် ဒီ “လောက” ကွယ်ပျောက်သွားပါလိမ့်မယ်။ (ဒံယေလ ၇:၁၃၊ ၁၄) ယေရှုက “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်” လို့ ပြောခဲ့တယ်။ (မဿဲ ၂၄:၁၄) အဲဒီဟောပြောခြင်းအလုပ်ဟာ ဘုရားသခင့် တရားမျှတမှုနဲ့ ကရုဏာ ထင်ရှားပြီး အဆုံးရောက်တော့မယ်ဆိုတာ ဖော်ပြတဲ့ စုပေါင်း “နိမိတ်လက္ခဏာ” ထဲကတစ်ခု ဖြစ်တယ်။ အဲဒီစုပေါင်းနိမိတ်ထဲမှာ ကမ္ဘာချီ စစ်ပွဲတွေ၊ ငလျင်လှုပ်ခြင်း၊ အစာခေါင်းပါးခြင်းနဲ့ ကပ်ရောဂါတွေလည်း ပါဝင်တယ်။—မဿဲ ၂၄:၃; လုကာ ၂၁:၁၀၊ ၁၁။
အဲဒီအပြင်၊ “နောက်ဆုံးသောနေ့ရက်များ” မှာ အသက်ရှင်ကြတဲ့ လူတွေရဲ့ စရိုက်လက္ခဏာအကြောင်း ကျမ်းစာမှာ ဒီလို ဖော်ပြထားတယ်– ‘နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ မိဘစကားနားမထောင်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ ဘုရားသခင်ကို ချစ်သည်ထက် အပျော်အပါးကို သာ၍နှစ်သက်သူ ဖြစ်ကြလိမ့်မည်။’a—၂ တိမောသေ ၃:၁-၅။
ဆိုးညစ်တဲ့ “လောက” ဟာ မကြာမီ “ကွယ်ပျောက်” သွားပါလိမ့်မယ်။—၁ ယောဟန် ၂:၁၇
အဲဒီနိမိတ်အားလုံးဟာ ပထမကမ္ဘာစစ်ဖြစ်ချိန် ၁၉၁၄ ခုနှစ်မှာ စဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ၁၉၁၄ ခုနှစ်ကစပြီး ဘုရားသခင့်နိုင်ငံတော် တည်ထောင်ပြီဖြစ်ကြောင်း ယေဟောဝါသက်သေ ခရစ်ယာန်တွေ ဂုဏ်ယူစွာနဲ့ နေရာအနှံ့ ကြေညာလာခဲ့ကြတယ်။ သူတို့ထုတ်ဝေတဲ့ လစဉ်ထုတ်စာစောင်ရဲ့ခေါင်းစဉ်ဟာ ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း ဖြစ်တယ်။
“နေ့ရက်၊ အချိန်နာရီကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မဿဲ ၂၅:၁၃။
a ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၉ ကိုကြည့်ပါ။ www.pr2711.com/mya ကနေလည်း ကူးယူနိုင်ပါတယ်။