မိဘကိုနာခံတာက ဘဏ်အကြွေးဆပ်တာနဲ့ တူတယ်။ ယုံကြည်အားထားရသူဖြစ်လေ ယုံကြည်စိတ်ချမှု ပိုရလေဖြစ်တယ်။
လူငယ်များအတွက်
၁၀ ယုံကြည်စိတ်ချနိုင်ခြင်း
ဆိုလိုရင်း
ယုံကြည်စိတ်ချထိုက်သူတွေဟာ မိဘတွေ၊ မိတ်ဆွေတွေ၊ အလုပ်ရှင်တွေရဲ့ ယုံကြည်မှုကို ရရှိကြတယ်။ စည်းကမ်းလိုက်နာကြတယ်။ ကတိတည်ကြတယ်။ အမှန်အတိုင်း ပြောကြတယ်။
ဘာကြောင့် အရေးကြီးသလဲ
အများအားဖြင့် လွတ်လပ်မှု ဘယ်လောက်ရသလဲဆိုတာ ဘယ်လောက်ယုံကြည်စိတ်ချထိုက်သလဲ ဆိုတဲ့အချက်အပေါ် မူတည်တယ်။
“မိဘတွေရဲ့ ယုံကြည်မှု ရရှိဖို့ အကောင်းဆုံးနည်းကတော့ မိဘတွေရှေ့မှာတင် မဟုတ်ဘဲ နောက်ကွယ်မှာလည်း ရင့်ကျက်သူ၊ တာဝန်သိတတ်သူ ဖြစ်ကြောင်း ပြတာပါပဲ။”—ဆာရာအိ။
ကျမ်းစာ အခြေခံမူ။ “ဘယ်လိုလူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ။”—၂ ကောရိန္သု ၁၃:၅။
လုပ်ဆောင်နိုင်ရာ
ယုံကြည်စိတ်ချမှု ပိုရချင်ရင်၊ အရင်လို ပြန်ရချင်ရင် အောက်ပါအချက်တွေကို လိုက်နာပါ။
ရိုးသားပါ။ လိမ်ပြောလိုက်ရင် ဘယ်သူမှ မယုံကြတော့ဘူး။ ရိုးသားပွင့်လင်းပြီး အမှားကိုဝန်ခံတတ်သူ ဆိုရင်တော့ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှု ရနိုင်ပါတယ်။
“အစစအရာရာ အဆင်ပြေတဲ့အခါ ရိုးသားဖို့ လွယ်တယ်။ အခက်တွေ့မှာ သိလျက်နဲ့ ရိုးသားရင်တော့ ယုံကြည်စိတ်ချမှု ပိုရနိုင်တယ်။”—ကေမန်။
ကျမ်းစာ အခြေခံမူ။ “ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေ . . . တယ်။”—ဟီဘရူး ၁၃:၁၈။
အားထားထိုက်သူ ဖြစ်ပါ။ အမေရိကန်မှာ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ ယုံကြည်အားထားရမှုဟာ “အလုပ်ရဖို့ အရေးကြီးဆုံး အရည်အချင်းသုံးခုထဲမှာ တစ်ခု” ဖြစ်တယ်လို့ ဝန်ထမ်းခန့်ထားရေး ကျွမ်းကျင်သူ ၇၈ ရာခိုင်နှုန်းက ပြောကြတယ်။ အခုကတည်းက ယုံကြည်အားထားထိုက်သူ ဖြစ်ရင် လူကြီးဘဝအတွက် အကျိုးပြုမယ်။
“အမြဲ သတိပေးစရာ မလိုဘဲ အိမ်မှုကိစ္စတွေ တာဝန်သိသိ လုပ်တာကို ကျွန်မရဲ့ မိဘတွေ သတိထားမိတယ်။ အဲဒီလို လုပ်တဲ့အတွက် ယုံကြည်စိတ်ချမှု ပိုရလာတယ်။”—ဆာရာ။
ကျမ်းစာ အခြေခံမူ။ “ကျွန်တော် ပြောတာကို ခင်ဗျား လိုက်လျောမယ်ဆိုတာ စိတ်ချနေတယ်။ ပြောတာထက်တောင် ပိုပြီး လိုက်လျောမယ်ဆိုတာ သိနေ” တယ်။—ဖိလေမုန် ၂၁။
စိတ်ရှည်ပါ။ ကိုယ်ခန္ဓာ ကြီးထွားမှုကို မြင်သာပေမဲ့ ခံစားချက်ပိုင်း၊ စိတ်ပိုင်း ရင့်ကျက်မှုကိုတော့ မြင်သာဖို့ အချိန် လိုတယ်။
“မိဘတွေနဲ့ တခြားသူတွေရဲ့ ယုံကြည်စိတ်ချမှုကို တစ်ကြိမ်တည်းနဲ့ မရနိုင်ဘူး။ တာဝန်သိတတ်ကြောင်း ဆက်ပြသွားမှ ယုံကြည်စိတ်ချမှု တဖြည်းဖြည်း ပိုရလာမယ်။”—ဘရန်ဒန်။
ကျမ်းစာ အခြေခံမူ။ ‘စိတ်ရှည်ခြင်းကို ဝတ်ဆင်ပါ။’—ကောလောသဲ ၃:၁၂။