သင်ခန်းစာ ၆
ကိုယ်ကျင့်တရားစံနှုန်း လိုအပ်ချက်
ကိုယ်ကျင့်တရားစံနှုန်းဆိုတာ ဘာလဲ
ကိုယ်ကျင့်တရားစံနှုန်း ရှိသူတွေဟာ အမှားအမှန်သိစိတ် ကောင်းမွန်ကြတယ်။ ကိုယ်ကျင့်တရားစံနှုန်းဆိုတာ လောလောလတ်လတ် ခံစားပုံအပေါ် မမူတည်ဘူး။ တခြားသူတွေ မမြင်ရင်တောင် ကိုယ့်ပြုမူပုံကို လမ်းညွှန်ပေးတဲ့ အခြေခံမူတွေအပေါ် အခိုင်အမာ အခြေခံတယ်။
ကိုယ်ကျင့်တရားစံနှုန်းဟာ ဘာကြောင့် အရေးကြီးသလဲ
ကလေးတွေဟာ ကျောင်းနေဖက်တွေဆီကဖြစ်ဖြစ်၊ နားထောင်တဲ့ သီချင်းတွေကနေဖြစ်ဖြစ်၊ ကြည့်တဲ့ ရုပ်ရှင်တီဗီတွေကနေဖြစ်ဖြစ် ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆမှားတွေနဲ့ ထိတွေ့နေကြတယ်။ အဲဒီဩဇာတွေက အမှားအမှန်နဲ့ပတ်သက်တဲ့ ကလေးတွေရဲ့ ခံယူချက်တွေကို သံသယဝင်စေနိုင်တယ်။
အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မှာပေါ့။ ဒီလိုအချိန်အခါမျိုးမှာ “လူအများ လက်ခံနှစ်သက်တဲ့ ရွယ်တူချင်းဖိအား၊ မီဒီယာဖိအားတို့ကို သဘောပေါက်ထားဖို့ လိုတယ်။ သူငယ်ချင်းတွေ မကြိုက်မနှစ်သက်ရင်တောင် ကိုယ့်စံနှုန်းတွေ၊ အကြိုက်တွေအတိုင်း ဆုံးဖြတ်တတ်ရမယ်” ဆိုပြီး Beyond the Big Talk စာအုပ်က ဖော်ပြထားတယ်။ ဆယ်ကျော်သက်အရွယ် မရောက်ခင် လေ့ကျင့်ပေးထားဖို့ လိုတာ ရှင်းနေပါတယ်။
ကိုယ်ကျင့်တရားစံနှုန်း သင်ပေးနိုင်ပုံ
ကိုယ်ကျင့်တရားစံနှုန်း ချမှတ်ပေးပါ။
ကျမ်းစာ အခြေခံမူ။ “ရင့်ကျက်သူတွေ . . . ဟာ ပိုင်းခြားသိမြင်နိုင်စွမ်းကို အမြဲအသုံးပြုပြီး အမှားအမှန် ခွဲခြားသိနိုင်အောင် လေ့ကျင့်ထားတယ်။”—ဟီဘရူး ၅:၁၄။
ကိုယ်ကျင့်တရားဆိုင်ရာ ဝေါဟာရတွေ သုံးပါ။ နေ့စဉ် အခြေအနေတွေကို ထောက်ပြပြီး ကွဲပြားချက်တွေ ပြောပြပေးပါ။ “ဒါဟာ ရိုးသားတယ်။” “ဒါ မရိုးသားဘူး။” “အဲဒါ သစ္စာရှိတာပဲ။” “ဒါ သစ္စာမဲ့တာပဲ။” “ဒါ ကောင်းတယ်။” “ဒါ မကောင်းဘူး။” အချိန်တန်တဲ့အခါ သင့်ကလေးဟာ ကိုယ်ကျင့်တရားစံနှုန်းတွေ သိမြင်လာမယ်။
သင့်ကိုယ်ကျင့်တရားစံနှုန်းအတွက် အကြောင်းရင်းတွေကို ရှင်းပြပေးပါ။ ဥပမာ၊ ဒီလိုမေးခွန်းတွေ မေးပါ– “ရိုးသားတာ ဘာကြောင့် အကောင်းဆုံး ဖြစ်သလဲ။ လိမ်လည်ခြင်းက ခင်မင်မှုကို ဘယ်လို ပျက်စီးစေနိုင်သလဲ။ ခိုးတာ ဘာကြောင့် မကောင်းသလဲ။ သင့်ကလေးကို အမှားအမှန်သိစိတ် ဖွံ့ဖြိုးရင့်သန်စေမယ့်နည်းနဲ့ ကျိုးကြောင်းဆင်ခြင်ပြပါ။
ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားစံနှုန်းတွေ လိုက်နာခြင်းရဲ့ အကျိုးကျေးဇူးတွေကို အလေးပေးဖော်ပြပါ။ “ရိုးသားရင် တခြားသူတွေရဲ့ ယုံကြည်မှု ရမယ်။” “သဘောကောင်းရင် လူတွေရဲ့ ခင်မင်မှု ရမယ်” ဆိုပြီး ပြောနိုင်ပါတယ်။
သင့်ကိုယ်ကျင့်တရားစံနှုန်းအတိုင်း မိသားစုလိုက် နေထိုင်ပါ။
ကျမ်းစာ အခြေခံမူ။ “ဘယ်လို လူစားမျိုး ဖြစ်နေတယ်ဆိုတာကို အမြဲစစ်ဆေးပါ။”—၂ ကောရိန္သု ၁၃:၅။
သင့်ကိုယ်ကျင့်တရားစံနှုန်းအတိုင်း မိသားစုလိုက် နေထိုင်ရပါမယ်။ ဒါဆိုရင် အောက်ပါအတိုင်း စိတ်ချလက်ချ ပြောဆိုနိုင်မယ်–
“ငါတို့မိသားစုက မလိမ်တတ်ဘူး။”
“တခြားသူတွေကို အော်ဟစ်ရိုက်ပုတ်တာမျိုး မလုပ်ဘူး။”
“ရိုင်းစိုင်းကြမ်းတမ်းတဲ့စကားတွေ မပြောဘူး။”
ကိုယ်ကျင့်တရားစံနှုန်းဆိုတာ စည်းမျဉ်းသက်သက် မဟုတ်ဘဲ မိသားစုလိုက် ကျင့်ကြံတဲ့စံနှုန်း ဖြစ်ကြောင်း သင့်ကလေး သိမြင်လာလိမ့်မယ်။
မိသားစုစံနှုန်းအကြောင်း သင့်ကလေးနဲ့ မကြာခဏ ဆွေးနွေးပါ။ သင်ခန်းစာအနေနဲ့ နေ့စဉ် အခြေအနေတွေကို အသုံးပြုပါ။ မီဒီယာ ဒါမှမဟုတ် ကျောင်းမှာ တင်ဆက်တဲ့ စံနှုန်းတွေနဲ့ သင့်စံနှုန်းတွေကို နှိုင်းယှဉ်ပြနိုင်တယ်။ “ဘာလုပ်ရမလဲ။” “ဒီကိစ္စကို တို့မိသားစု ဘယ်လို ဖြေရှင်းရမလဲ” ဆိုတဲ့ မေးခွန်းမျိုး မေးပါ။
ကိုယ်ကျင့်တရားစံနှုန်းကို ခိုင်မာစေပါ။
ကျမ်းစာ အခြေခံမူ။ “ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကို ထိန်းသိမ်းထားပါ။”—၁ ပေတရု ၃:၁၆။
အမူအကျင့်ကောင်းအတွက် ချီးမွမ်းပေးပါ။ သင့်ကလေးက ကိုယ်ကျင့်တရားစံနှုန်းကောင်းတွေ ပြတဲ့အခါ ချီးမွမ်းပေးပါ။ အကြောင်းရင်းကို ရှင်းပြပါ။ ဥပမာ၊ “မင်း ရိုးသားတယ်။ မင်းအတွက် ဂုဏ်ယူတယ်” လို့ ပြောနိုင်ပါတယ်။ မှားသွားကြောင်း သင့်ကလေး ဝန်ခံလာရင် မဆုံးမခင် ရိုးသားမှုအတွက် စိတ်ရင်းမှန်နဲ့ ချီးမွမ်းပေးပါ။
အကျင့်ဆိုးကို တည့်မတ်ပေးပါ။ ကလေးတွေရဲ့ လုပ်ရပ်အတွက် တာဝန်ယူစေပါ။ ကလေးတွေအနေနဲ့ ဘယ်အရာ မှားသွားကြောင်း၊ မိသားစု စံနှုန်းကနေ ဘယ်လို သွေဖည်သွားကြောင်း သိထားရမယ်။ ကလေးတွေ ‘စိတ်မကောင်း’ ဖြစ်သွားမှာစိုးလို့ အကျင့်ဆိုးတွေကို မိဘတချို့ မပြောပြချင်ကြဘူး။ ဒါပေမဲ့ အကျင့်ဆိုးအကြောင်း ကလေးနဲ့ ဆွေးနွေးခြင်းက အမှားအမှန်သိစိတ်ကို ဖွံ့ဖြိုးရင့်သန်စေဖို့ ကူညီပေးပါမယ်။