ကုန်ဈေးနှုန်း မြင့်တက်လာတဲ့အခါ
အခြေအနေကို အရှိအတိုင်း လက်ခံပါ
ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာချိန်မှာ ဝင်ငွေလည်း လိုက်တိုးမယ်ဆိုရင် အသာလေး မျှောပြီး လိုက်လို့ရသေးတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း ထိုးတက်လာပြီး ဝင်ငွေက လိုက်မတိုး၊ ကျွေးမွေးစောင့်ရှောက်ရမယ့် မိသားစုလည်း ရှိနေတယ်ဆိုရင် စိုးရိမ်သောကရောက်ပြီး စိတ်ဖိစီးလာနိုင်တယ်။
ကုန်ဈေးနှုန်း အတက်အကျကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘူး။ အခြေအနေကို အရှိအတိုင်း လက်ခံလိုက်တာ အကျိုးရှိတယ်။
ဘာကြောင့် အရေးကြီးသလဲ
ကုန်ဈေးနှုန်း အတက်အကျဆိုတာ ကိုယ်ထိန်းချုပ်လို့ရတဲ့ကိစ္စ မဟုတ်မှန်း အသိအမှတ်ပြုသူတွေဟာ . . .
စိတ်တည်တည်ငြိမ်ငြိမ် ထားနိုင်ကြတယ်။ ခေါင်းအေးအေး ထားပြီး စဉ်းစားဆုံးဖြတ်နိုင်ကြတယ်။
အမြော်အမြင်မဲ့ လုပ်ရပ်တွေ ရှောင်နိုင်ကြတယ်။ ဥပမာ၊ ရေခွန်၊ မီးခွန် ဆောင်ဖို့ နေ့ရွှေ့ညရွှေ့ နေနေတာမျိုး၊ မလိုအပ်ဘဲ ငွေဖြုန်းတာမျိုး မလုပ်ကြဘူး။
ငွေကြေးကိစ္စကြောင့် မိသားစုဝင်တွေနဲ့ စကားမများကြဘူး။
ဖြေရှင်းနည်း ရှာကြတယ်။ ဥပမာ၊ တကယ် သုံးရမယ့်အရာတွေအတွက် ငွေထွက်လာအောင် မလိုအပ်တာတွေအတွက် လျှော့သုံးကြတယ်။
လုပ်ဆောင်နိုင်ရာ
အလိုက်သင့်နေတတ်ပါ။ ကုန်ဈေးနှုန်း မြင့်တက်နေချိန်မှာ ဖြစ်နိုင်သရွေ့ အသုံးအစွဲ လျှော့ပါ။ ဝင်ငွေထက် ပိုသုံးတာဟာ ရေစီးသန်တဲ့ မြစ်မှာ ရေကို ဆန်ပြီး ကူးနေတာနဲ့ တူတယ်။ ခြေကုန်လက်ပန်းကျတာပဲ အဖတ်တင်မယ်။ တကယ်လို့ သင်ဟာ မိသားစု ရှိတဲ့သူဆိုရင် မိသားစုဝင်တွေကို လူတမ်းစေ့အောင် မထားနိုင်မှာ စိတ်ပူမိမှာပဲ။ ဒါပေမဲ့ သင့်မိသားစုအတွက် အလိုအပ်ဆုံးဟာ တခြားဘယ်အရာထက်မဆို သင့်အချိန်၊ မေတ္တာနဲ့ ဂရုစိုက်မှု ဖြစ်တယ်ဆိုတာ သတိရပါ။
ဝင်ငွေထက် ပိုသုံးတာဟာ ရေစီးသန်တဲ့ မြစ်မှာ ရေကို ဆန်ပြီး ကူးနေတာနဲ့ တူတယ်