သင်ခန်းစာ ၆
‘အများရှေ့ စာဖတ်ခြင်း ပြုလော့’
၁၊ ၂။ လူများရှေ့ စာဖတ်ရွတ်ရန်အခွင့်အရေး မည်သည့်အခါ ကျွန်ုပ်တို့ရသနည်း။
၁ “လူပရိသတ်ရှေ့ ကျမ်းစာတော်ကိုဖတ်ခြင်း . . . ကိုအာရုံစိုက်၍ ဆောင်ရွက်လော့” ဟုတိမောသေအား တမန်တော်ပေါလု အလေးအနက်တိုက်တွန်းခဲ့သည်။ ခရစ်ယာန်အမှုဆောင်ချင်းတို့အား ထိုသို့ပြုရန်၊ ဓမ္မအမှုနှင့်ဆိုင်သော ထပ်ဆင့်အရည်အချင်းများကိုပါ သွန်သင်ပေးရန် တိမောသေအား ညွှန်ကြားခဲ့သည်။ (၁ တိ. ၄:၁၃) ဝိညာဉ်တော် မှုတ်သွင်းခံ ထိုသွန်သင်စကားသည် ယခုခေတ် အမှုဆောင်များအတွက်လည်း ဆီလျော်သဖြင့် ကျွန်ုပ်တို့လိုက်နာသင့်သည်။
၂ သီအိုကရက်တစ် ဓမ္မအမှုဆောင်တစ်ဦးသည် လူအများရှေ့ စာဖတ်ရှုခြင်းပြုရန် မကြာခဏ ဖိတ်ခေါ်ခံရသည်။ ကင်းမျှော်စင်သင်တန်း၊ အသင်းတော်စာအုပ်ကြီးသင်တန်းများတွင် အပိုဒ်နှင့် ကျမ်းချက်များကို ဖတ်ရ၏။ လုပ်ငန်းတော်စည်းဝေး၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနှင့် လယ်ကွင်းဓမ္မအမှုတွင်လည်း ကျမ်းချက်များကို ဖတ်ရှုရသည်။ ထို့ကြောင့် အမှုဆောင်သူတိုင်းနှင့် သူတို့တရားကို နားထောင်သူများအကျိုးအလို့ငှာ လူအများရှေ့ ကောင်းစွာစာဖတ်တတ်သူဖြစ်ဖို့ လိုပါသည်။
၃။ ပြင်ဆင်ခြင်း အဘယ်ကြောင့် အရေးကြီးသနည်း။
၃ အများရှေ့ စာဖတ်ခြင်းသည် အခြားသူများအကျိုးအတွက် အသံကျယ်ကျယ်ဖြင့် ဖတ်ရှုခြင်းဖြစ်သည်။ သို့သော် စာဖတ်သူသည် စကားလုံးများကို အဓိပ္ပာယ်မပေါ်၊ အသံထားမမှန်၊ အထပ်ထပ် ပြန်ဖတ်ပါက နားထောင်သူတို့ အကျိုးခံစားရမည်လော။ အသံတစ်မျိုးတည်းဖြင့် စိတ်အားထက်သန်မှုမပါဘဲ ဖတ်ရှုပါက မည်သို့အာရုံပြုကြမည်နည်း။ လူအုပ်စုတွင် ကောင်းမွန်စွာဖတ်ရန် ပြင်ဆင်မှုလိုသည်။ စာအုပ်ကြီးသင်တန်းအတွက်ပင်လျှင် စာဖတ်ဖို့တာဝန်ကျသူသည် ကြိုတင်ဖတ်ထားခြင်းမရှိဘဲ မသွားသင့်ပါ။ ဤသို့မပြုလျှင် ပရိသတ်သည် အကျိုးမခံစားရဘဲ နေမည်။ စာဖတ်သူထံမှ အသံထွက်မှားများ တတ်သွားနိုင်စရာအကြောင်းရှိသည်။ မှန်သည်၊ ဓမ္မအမှုဆောင်တိုင်း လူပရိသတ်ရှေ့စာဖတ်ခြင်းကို အာရုံစိုက်၍ ဆောင်ရွက်ဖို့လိုသည်။—ဟဗ. ၂:၂။
၄၊ ၅။ ကောင်းမွန်စွာ နားလည်နိုင်ပြီး ပရိသတ်ကို နှိုးဆွနိုင်ရန် လူအများရှေ့ စာဖတ်ရွတ်ခြင်း၌ မည်သည့်အရည်အချင်းများ လိုအပ်သနည်း။
၄ လိုအပ်သည့် အရည်အချင်းများ။ စာဖတ်သည့်အခါ စိတ်အားထက်သန်မှုရှိပါ။ တင်ပြမှု၌ လှိုက်လှိုက်လှဲလှဲရှိပါ။ စကားလုံးများက ဖော်ပြသည့် ခံစားချက်တို့ကို ပေါ်လွင်စွာ ဖတ်ပါ။ ဤသို့အားဖြင့် အေးတိအေးစက် ဖတ်ရှုမည်မဟုတ်။ အဓိကအပိုင်းများကို မကြားလိုက်ဘဲ မဖြစ်စေရန် အသံမတိုးစေဖို့ ဂရုစိုက်ပါ။ တစ်ခန်းလုံးရှိ သူအပေါင်း ကြားနိုင်သည့်အသံဖြင့် ကျယ်ကျယ်ဖတ်ပါ။ စကားလုံးတစ်လုံးကိုမျှ နားစွင့်ထောင်ရခြင်း မရှိသင့်ပါ။
၅ စကားလုံးများကို နားမလည်နိုင်သည်အထိ ဖြတ်တောက်ဖတ်ခြင်း၊ လုံးထွေးဖတ်ခြင်းကိုမပြုဘဲ ပြတ်ပြတ်သားသားအသံထွက်သင့်သည်။ တစ်ဖက်မှ ကြည့်ပြန်လျှင် သတင်းတရားကို အာရုံပျောက်ကွယ်သွားစေသည်အထိ အလွန်အမင်း စေ့စပ်ခြင်းသည်လည်း မကောင်းပါ။ ပီပီပြင်ပြင်ဖတ်ရှုခြင်းဖြင့် နားထောင်သူသည် သင်ဖတ်ပြသောစကားလုံးများနှင့်ပတ်သက်၍ ဇဝေဇဝါဖြစ်စရာမလိုပါ။ စာဖတ်သူ၏အသံမှာ ပရိသတ်ဘက်သို့မထွက်သည့်အတွက် မသဲမကွဲဖြစ်လေ့ရှိသည်။ ထို့ကြောင့် ပီသမှုဖြစ်ထွန်းရလေအောင် ခေါင်းကိုမော့၍ စာဖတ်ရှုခြင်းအလေ့အထကို ပြုလုပ်ပေးပါ။ အဟန့်အတားမရှိအသံထွက်သွားစေရန် နှုတ်ကို ကျယ်စွာဖွင့်ဖတ်ပါ။
၆။ အလေးအနက်ပြောဆိုမှုကို မည်သို့သုံးသပ်နိုင်ပြီး ရပ်တန့်မှုက လေးနက်စေခြင်းကို မည်သို့ထောက်ကူသနည်း။
၆ လျောက်ပတ်သည့် လေးနက်စေမှုက အရေးကြီးသည်။ ယင်းသည် သင်ဖတ်သည့်အရာကို နားလည်ရန် အဓိကဖြစ်သည်။ နေရာပြောင်းလဲ၍ လေးနက်စွာ ဖတ်လိုက်လျှင် အဓိပ္ပာယ်လုံးဝပြောင်းသွားနိုင်ကြောင်း လူအများသိဖြစ်သည်။ တစ်ခါတစ်ရံ စကားလုံးတစ်လုံးတည်းကိုသာ လေးနက်စွာ ဖတ်ရသည်။ သို့သော် များသောအားဖြင့်ဆိုလျှင် စကားစု၊ စကားပိုဒ်တစ်ခုလုံးကို လေးနက်စွာ ဖတ်ရသည်။ တင်ပြလိုသည့်အဓိပ္ပာယ်ကိုမူတည်၍ လေးနက်စွာ ဖတ်နိုင်သည်။ သင့်တော်သောနေရာမှာ ရပ်တန့်ခြင်းသည် လေးနက်မှု၏ အဓိကအစိတ်အပိုင်းဖြစ်သည်။ ခဏတာ ရပ်တန့်ခြင်းသည် စကားလုံးများကိုအဓိပ္ပာယ်ရှိစွာစုစည်းပြီး အဓိကအချက်များကို အာရုံစိုက်စေသကဲ့သို့ ကြာညောင်းစွာ ရပ်တန့်ခြင်းသည် အဓိကဆွေးနွေးချက်တို့ နိဂုံးချုပ်ကြောင်းကို ဖော်ပြသည်။
၇။ စာဖတ်ရွတ်ခြင်းသည် အပြန်အလှန်စကားပြောသကဲ့သို့ဖြစ်ရန် မည်သည့်အရာက အကူအညီပေးသနည်း။
၇ ကောင်းစွာစာဖတ်ရန် ကြိုးစားရာဝယ် အသံနေအသံထား အပြောင်းအလဲပြုပေးခြင်းကို ဂရုစိုက်ရသည်။ ယင်းမပါလျှင် ဟောပြောပုံသည်ငြီးငွေ့စရာဖြစ်၍ ဆွဲဆောင်မှုကင်းမဲ့ပေမည်။ သို့သော် သင့်တော်သည့်အသံနေအသံထားကို အသုံးပြုသောအခါ သင့်စာဖတ်ရှုခြင်းသည် သဘာဝကျလျက်အသက်ဝင်သော အပြန်အလှန်စကားပြောသကဲ့သို့ဖြစ်မည်။
၈။ စာမူဟောပြောချက်ကို အဘယ်အချိန်တွင် ဆီလျော်စွာပေးနိုင်သနည်း။
၈ စာမူဖတ်ရှုခြင်း။ အများရှေ့ စာဖတ်ရှုခြင်းနှင့်ပတ်သက်၍ အရေးကြီးသောအခြေအနေတစ်ခုမှာ စာမူမှ ဟောပြောချက်ပေးခြင်းဖြစ်သည်။ ဤသို့သော တင်ဆက်နည်းကို အသုံးပြုရသည့်နေရာ ရှိသည်။ ဥပမာ၊ အသင်းမကြီးက တစ်ခါတစ်ရံ နေရာတိုင်းရှိ အသင်းတော်များအားလုံးမှ ဘုရားသခင့်လူမျိုးအား အကြောင်းတစ်ခုကို တစ်ကြိမ်တည်းတွင် ကြားစေရန် စီစဉ်ပေမည်။ ထို့ပြင် စာမူကိုဖတ်ပြ၍ ဟောပြောချက်ပေးခြင်းကို စည်းဝေးကြီးများတွင် အသုံးပြုတတ်ပါသည်။ သတင်းစာများက ဟောပြောချက်မှ ကိုးကားခြင်း၊ သို့မဟုတ် နက်နဲသောအကြောင်းဖြစ်၍ တိကျမှန်ကန်စွာ တင်ပြခြင်း လိုအပ်၍ စာမူဖတ်ရှုခြင်းဖြစ်သည်။
၉၊ ၁၀။ စာမူဟောပြောချက် ပေးရာဝယ် ကျော်လွှားရန် ခက်ခဲမှုတစ်ရပ်က မည်သည့်အရာဖြစ်ပြီး မည်သို့အောင်မြင်နိုင်မည်နည်း။
၉ စာမူမှ ဖတ်ရှုသည့်အခါ အောင်မြင်ရန် ခက်ခဲသည့်အရာမှာ စာလုံးများနှင့် စကားပိုဒ်များကို စကားအချေအတင်ပြောသကဲ့သို့ ပြောဟောခြင်းဖြစ်သည်။ သို့သော် အသံကို သင့်တော်သလို တိုး၊ ကျယ်နိုင်သည်။ အများအားဖြင့်ဆိုလျှင် ရေးသားထားသည့် စာမူဟောပြောချက်၌ စကားပိုဒ်ဖွဲ့စည်းပုံ၊ စကားအသုံးအနှုန်းများသည် သင်အမြဲပြောဆိုပုံနှင့် တူချင်မှ တူပေမည်။ ဝါကျများက ပိုရှည်၍ ပိုရှုပ်ထွေးနေပေမည်။ အသင်ပြောလေ့ပြောထရှိသည့် စကားအသုံးအနှုန်းနှင့် စည်းချက်ဝါးချက်နှင့် မတူပုံရှိမည်။ အသင်ပြောလေ့ပြောထရှိသည့်အတိုင်း ပြောင်းလဲပြောဆိုနိုင်ပါက ပိုကောင်းမည်ဟု အသင်ယူဆကောင်း ယူဆပေမည်။ သို့သော် စာမူဟောပြောချက်များပေးရာဝယ် လေ့ကျင့်မှုနှင့် တွေ့ ကြုံမှုက တိုးတက်မှုရှိစေနိုင်သည်။
၁၀ အောင်မြင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုက သော့ချက်တည်း။ စာမူကို အတွင်းကျကျ သိနိုင်ရန် အချိန်ပေး လေ့ကျင့်ရမည်။ မိမိဦးနှောက်၌ အဓိကအချက်များ စွဲမှတ်သည့်အထိ ထပ်တလဲလဲ ဖတ်ပါ။ မသိသောစကားရပ်များကို အဘိဓာန်၌ ဖွင့်ကြည့်ကာ၊ အသံထွက် ပီသမှုများကိုလည်း စာမူပေါ်မှာ မှတ်သားထားပါ။ ထို့နောက် မူရင်းရေးသားသူ၏ တင်ဆက်ပုံကို သင်အကျွမ်းဝင်နိုင်ရန် ဟောပြောချက်ကို အသံကျယ်ဖြင့် လေ့ကျင့်ဟောပြောပါ။ အချို့သူများအတွက် မှန်ရှေ့ မှာ ကျယ်လောင်စွာဖတ်၍ လေ့ကျင့်ခြင်းက ပရိသတ်နှင့် ဆက်သွယ်မှုရှိခြင်းကို ကူညီမှုဖြစ်စေကာ ခန်းမအငယ်တွင် ဟောပြောချက်ပေးရပါက အတော်အတန်အရေးကြီးသည်။
၁၁။ စာမူပေါ် မည်သို့မှတ်သားခြင်းက ကူညီသနည်း။
၁၁ သော့ချက်စကားလုံးကို အသင်အထူးပေါ်လွင်စေလိုပါက မျဉ်းဆွဲမှတ်သားထားလျှင် အကျိုးရှိပေမည်။ အချို့စာဖတ်ရှုသူတို့က စကားပိုဒ်များကို မျဉ်းစောင်းငယ်လေးချ၍ သတ်မှတ်ထားတတ်သည်။ ခက်ခဲ၍ဖတ်နေကျမဟုတ်သော စကားလုံးများပါသည့် တစ်ဆက်တည်းဖတ်ရမည့်စကားပိုဒ်များကို အဆုံးထိ ဖတ်ပြီးမှ ရပ်တန့်ရန် မျဉ်းကောက်များ ဆွဲရေး မှတ်ထားတတ်ပါသည်။ ဤသို့ပြုမူခြင်းက နဂိုအတိုင်း စကားပြောဆိုစေ၍ အဓိပ္ပာယ်ကိုလည်း ပျောက်လွင့်စေမည်မဟုတ်။ အတန်ကြာရပ်တန့်ရန် လျောက်ပတ်သည့်နေရာများကို စဉ်းစားထားကာ စာမူတွင် မှတ်သားထားနိုင်သည်။ ရပ်တန့်မှုသည် လေးနက်စေပြီး မျှော်လင့်မှုကိုဖြစ်စေပြီး အကြောင်းအရာကို စိတ်ထဲ စိမ့်ဝင်စေတတ်၏။ ဟောပြောချက်ပါ ပေါ်လွင်ချက်များကို ဖော်ပြရန်အတွက်လည်း အရေးကြီးသည်။ ယင်းတို့ကို မှတ်သားထားခြင်းဖြင့် ဟောပြောချက်အထွတ်သို့ သင့်အားရောက်ရှိစေပြီးနောက် အသံနေအသံထားကို သင့်အား ပြောင်းလဲစေရန် အကူအညီပေးမည်။
၁၂–၁၅။ ကျမ်းစာဖတ်ခြင်း၌ ကြိုတင်ပြင်ဆင်မှု အဘယ်ကြောင့် အထူးအရေးကြီးသနည်း။
၁၂ ကျမ်းစာကိုဖတ်ခြင်း။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကျမ်းစာဖတ်ခြင်းသည်အရေးကြီးသည်။ ရံဖန်ရံခါ ကျမ်းစာကို ကျယ်လောင်စွာ ဖတ်ရန် အခြေအနေများ ပေါ်ပေါက်တတ်သည်။ သီအိုကရက်တစ်ကျောင်းမှာ ဤသို့သောတာဝန်များ မကြာခဏရတတ်သည်။ အမှုဆောင်ရာလယ်ကွင်းမှာလည်း လူများနှင့်စကားပြောရာ၌ ကျမ်းစာကို ဖတ်ရသည်။ သို့သော် ကျမ်းချက်များကို ကောင်းမွန်စွာ ဖတ်ရွတ်သလော။ ကျွန်ုပ်တို့ကျမ်းစာဖတ်ခြင်းသည် စကားအပြန်အလှန်ပြောသကဲ့သို့ ဖြစ်ဖို့နှင့် မထစ်ဖို့၊ ကျွန်ုပ်တို့တင်ပြလိုသည့်အချက်ကို အလေးအနက်ပေါ်လွင်စေဖို့ ကြိုတင်ဖတ်ထားပါသလော။
၁၃ ကျမ်းစာမှ ဖတ်သည့်အခါ ပြင်ဆင်မှု အမှန်ပင်လိုအပ်သည်။ ဘုရားသခင်၏ နှုတ်ကပါဌ်တော်သည် အလွန်သာယာတင့်တယ်၍ စိတ်တက်ကြွမှုနှင့် တိကျမှန်ကန်၊ ဆင်ခြင်တုံတရားနှင့်ညီသော အတွေးအခေါ်များပါဝင်သည်ကို သတိရပါ။ နားထောင်သူတို့ နားထောင်ခံစားသင့်သည့်အတိုင်း ဖတ်နိုင်ရန် ကြံစည်ရမည်။ ဤသို့ကျမ်းစာဖတ်ရန်ရှိသည်ဟု ကြိုတင်သိထားပါက မသိသောစကားလုံးများ၊ စကားစုများ၊ သို့မဟုတ် ဖော်ပြပုံဖော်ပြနည်းကို ချောချောမောမောဖတ်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည်။
၁၄ ယေရုရှလင်မြို့ ရေတံခါးလမ်းရှေ့ ကွင်းပြင်တွင် ကျွန်ခံရာမှ ပြန်ရောက်ရှိသည့် ဣသရေလလူမျိုးတို့၊ သူတို့ ဘုရားသခင်၏နှုတ်ကပါဌ်တော် ဖတ်ရွတ်သည်ကို သေချာစွာ နားထောင်ရန် စည်းဝေးကြသည်ကို စဉ်းစားကြည့်လေ။ တာဝန်ကျသော လေဝိသားတို့သည် ပြင်ဆင်မှုမဲ့ ကရော်ကမည်ဖတ်ပြကြမည်ဟု ယူဆသလော။ မှတ်တမ်းက “ထိုသို့ ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဖတ်ရွတ်၍ အနက်ကို ပြန်သဖြင့် လူများနားလည်စေခြင်းငှာ ပြုကြ၏” ဟုဆိုသည်။ (နေ. ၈:၈) ဝတ်ပြုကိုးကွယ်သူချင်းတို့အား အကြီးမြတ်ဆုံးပုဂ္ဂိုလ်၏ နှုတ်ကပါဌ်တော်ကို တစ်ဆင့်မျှဝေပေးနေရသောကြောင့် စာဖတ်သူတို့သည် လေးလေးစားစားပြုမူခဲ့ကြသည်။
၁၅ ကျယ်လောင်စွာ ဖတ်သည်တွင် မိမိအကျိုးအတွက်ဖြစ်စေ၊ အိမ်ထောင်အသိုင်းအဝိုင်းမှာဖြစ်စေ၊ နိုင်ငံတော်ခန်းမမှာဖြစ်စေ၊ တစ်စုံတစ်ယောက်သောသူ၏ တံခါးဝမှာဖြစ်စေ ယုံကြည်ခြင်းကို တည်ဆောက်စေသည့် တန်ခိုးပါသောအကြောင်းအရာကို သစ္စာရှိရှိနှင့် ဖော်ထုတ်နိုင်ရန် ဖတ်ရွတ်ပြဖို့ ကျွန်ုပ်တို့ရည်မှန်းရမည်။ စိတ်တက်ကြွမှုဖြစ်စေသည့် အများရှေ့ ဖတ်ရွတ်ခြင်းစွမ်းရည်ကို တမန်တော်ယောဟန် မှတ်တမ်းတင်စကားရပ်များက ဤသို့ထင်ရှားပေါ်လွင်စေသည်– “ကာလအချိန်ရောက်လုနီးပြီဖြစ်၍ ဤအနာဂတ္တိကျမ်းစကားကို ကြည့်ရှုဖတ်ရွတ် နားထောင်၍ ရေးထားသမျှတို့ကို စောင့်ရှောက်သောသူတို့ မင်္ဂလာရှိကြ၏။”—ဗျာ. ၁:၃။