သင်ခန်းစာ ၆
ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သော အလေးပေးမှု
အသံထွက်ပြောဆို သို့မဟုတ် ဖတ်ရှုသည့်အခါ စကားလုံးတိုင်းကို မှန်မှန်ကန်ကန်ပြောဆိုရန်သာမက အယူအဆများကို ရှင်းလင်းစွာဖော်ပြသည့်နည်းဖြင့် အဓိကစကားလုံးများနှင့် သဘောတရားပါသောအသုံးအနှုန်းများကို အလေးအနက်ပြုဖော်ပြရန်လည်း အရေးကြီးသည်။
ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သောအလေးပေးမှုပြုခြင်းတွင် စကားလုံးအနည်းငယ် သို့မဟုတ် စကားလုံးများစွာကိုပင် ပိုမိုလေးနက်စေခြင်းထက်မက ပါဝင်ပါသည်။ စကားလုံးအမှန်များကို အလေးအနက်ပြုပေးရမည်။ မှားယွင်းသောစကားလုံးများကို အလေးပေးမှုပြုမိလျှင် သင်ပြောဆိုသည့်အကြောင်းအရာ၏အဓိပ္ပာယ်သည် ပရိသတ်အတွက် မရှင်းမလင်းဖြစ်စေနိုင်သဖြင့် သူတို့အတွေးများကိုလည်း အခြားသောအရာများသို့ ပြောင်းသွားစေမည်။ အကြောင်းအရာက ကောင်းသည့်တိုင် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုပုံညံ့ဖျင်းနေသည့် ဟောပြောချက်သည် ပရိသတ်ကိုလှုံ့ဆော်ရာ၌ ထိရောက်မှု လျော့နည်းသွားလိမ့်မည်။
ထပ်ဆင့်အလေးအနက်ပြုမှုကို နည်းအမျိုးမျိုးဖြင့် ဖော်ပြနိုင်ကာ ပေါင်းစပ်ပြီးအသုံးပြုလေ့ရှိသည်။ ယင်းတို့မှာ အသံပမာဏပိုကျယ်စေခြင်း၊ ပို၍ခံစားချက်ပြင်းပြခြင်း၊ ဖြည်းဖြည်းနှေးနှေးနှင့် တစ်လုံးချင်းစီဆွဲ၍ပြောခြင်း၊ အဆိုပြုချက်တစ်ခုကို မဖော်ပြမီ သို့မဟုတ် ဖော်ပြပြီး (သို့မဟုတ် နှစ်ခုစလုံး၌) ရပ်တန့်ခြင်း၊ ကိုယ်ဟန်အမူအရာနှင့် မျက်နှာနေမျက်နှာထားများတင်ပြခြင်းတို့ဖြစ်သည်။ ဘာသာစကားအချို့တွင် အသံထားကိုနှိမ့်ချလိုက်ခြင်း သို့မဟုတ် အသံမြှင့်ခြင်းဖြင့်လည်း လေးနက်မှုကို ဖြစ်စေနိုင်သည်။ အဘယ်အရာက အသင့်လျော်ဆုံးဖြစ်မည်ကို သတ်မှတ်ဆုံးဖြတ်ရန် အကြောင်းအရာနှင့်အခြေအနေများကို ထည့်စဉ်းစားပါ။
အလေးအနက်ပြုရမည့်အရာကို ဆုံးဖြတ်နေသည့်အခါ အောက်ပါတို့ကို သုံးသပ်ပါ။ (၁) မည်သည့်ဝါကျမဆိုအတွင်း ပိုမိုအလေးပေးမှုပြုသင့်သည့် စကားလုံးများကို ကျန်ရှိသောဝါကျပိုင်းအရသာမက အထက်အောက်စကားအရပါ သတ်မှတ်ဆုံးဖြတ်သည်။ (၂) အဓိကအချက်ဖြစ်စေ သို့မဟုတ် ကျိုးကြောင်းဆင်ခြင်ရာလမ်းကြောင်း ပြောင်းလဲခြင်းသာဖြစ်စေ အယူအဆသစ်တစ်ခုစတင်ခြင်းအား အလေးအနက်ပြုပေးရန် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းကို အသုံးပြုနိုင်ပေမည်။ ယင်းသည် ကျိုးကြောင်းဆင်ခြင်ရာလမ်းကြောင်း၏ အဆုံးသတ်ကောက်ချက်ဆီသို့လည်း အာရုံစူးစိုက်စေပေမည်။ (၃) ဟောပြောသူသည် ကိစ္စရပ်တစ်ခုနှင့်ပတ်သက်၍ မိမိမည်သို့ခံစားရကြောင်းကိုပြရန် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းကို အသုံးချနိုင်ပေသည်။ (၄) ဟောပြောချက်တစ်ခု၏ အဓိကအချက်များ ပေါ်လွင်စေရန် ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သောအလေးပေးမှုပြုခြင်းကိုလည်း အသုံးပြုနိုင်သည်။
ဤနည်းလမ်းများဖြင့် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းကို အသုံးပြုနိုင်ရန် ဟောပြောသူ သို့မဟုတ် လူထုရှေ့ဖတ်ပြသူတစ်ဦးသည် မိမိဟောပြောမည့်အကြောင်းအရာကို ရှင်းလင်းစွာ သဘောပေါက်ထားရမည်ဖြစ်ပြီး ယင်းအား ပရိသတ်စွဲမှတ်စေလိုစိတ် ပြင်းပြရမည်။ ဧဇရခေတ်၌ ပေးထားသည့်သွန်သင်ချက်နှင့်စပ်လျဉ်း၍ နေဟမိ ၈:၈ ကဤသို့ဆိုသည်– “ဘုရားသခင်၏ပညတ္တိကျမ်းစာကို သေချာစွာ ဖတ်ရွတ်၍အနက်ကို ပြန်သဖြင့်၊ လူများနားလည်စေခြင်းငှာပြုကြ၏။” ထိုအခါသမယတွင် ဘုရားသခင်၏ပညတ္တိကျမ်းကို ဖတ်ရှုကာရှင်းပြပေးကြသူတို့သည် မိမိတို့ပရိသတ်အား ဖတ်ရှုခဲ့ရာ၏အဓိပ္ပာယ်ကိုနားလည်ရန်၊ ယင်းကိုစောင့်ထိန်းရန်နှင့် လက်တွေ့ကျင့်သုံးရန် ကူညီပေးခြင်း၏အရေးပါမှုကို သဘောပေါက်နားလည်ထားကြောင်း ထင်ရှားပါသည်။
အခက်အခဲပေါ်စေနိုင်သောအရာ။ နေ့စဉ်စကားလက်ဆုံပြောဆိုရာတွင် လူများစွာတို့သည် သာမန်တွင် မိမိတို့၏ဆိုလိုချက်ကို ရှင်းရှင်းလင်းလင်းတင်ပြနိုင်ကြသည်။ သို့ရာတွင် အခြားသူတစ်ဦးဦး ရေးသားထားသောအကြောင်းအရာကို ဖတ်ပြသည့်အခါ အဘယ်စကားလုံးများ သို့မဟုတ် အဘယ်အသုံးအနှုန်းများကို အလေးပေးဖတ်ရမည်နှင့်ပတ်သက်၍ ဆုံးဖြတ်ရန်မှာ စိန်ခေါ်ချက်တစ်ရပ်ဖြစ်စေနိုင်သည်။ သော့ချက်သည် အကြောင်းအရာကို ရှင်းလင်းစွာသဘောပေါက်ခြင်းအပေါ်တွင် တည်သည်။ ယင်းက ရေးသားထားသည့်အရာကို ဂရုတစိုက်လေ့လာရန်လိုသည်။ ယင်းကြောင့် သင်သည် အသင်းတော်အစည်းအဝေးတစ်ခု၌ အကြောင်းအရာတချို့ဖတ်ရှုရန် တောင်းဆိုခံရလျှင် ဝီရိယရှိရှိ ပြင်ဆင်သင့်သည်။
အချို့သောသူတို့မူ ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုမည့်အစား “ပုံမှန်ပြတ်တောင်းပြတ်တောင်းအလေးပေးခြင်း” ဟုဆိုနိုင်ရာကို အသုံးပြုကြသည်။ သူတို့လေးနက်စေမှုသည် အဓိပ္ပာယ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ စကားလုံးများကို အချိန်မှန်ခြား၍ လေးနက်သံပြုကြသည်။ အခြားသူတို့မူ လုပ်ဆောင်မှုပြသောစကားလုံးများကို အလေးပေးတင်ပြကြသည်၊ ပိုင်းခြားပြစကားလုံးများနှင့် ဆက်စပ်ပေးသောစကားလုံးများကို အကျယ်ချဲ့အလေးပေးခြင်း ဖြစ်ကောင်းဖြစ်မည်။ ဤသို့အလေးပေးခြင်းသည် သဘောတရားကို ရှင်းလင်းစေရန် အထောက်အကူမပြုသည့်အခါ စိတ်ပျံ့လွင့်စေသည့်အကျင့်မူဟန် အလွယ်တကူဖြစ်သွားသည်။
ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုရန် အားထုတ်ရာ၌ ဟောပြောသူအချို့တို့သည် ပြစ်တင်ဆုံးမခံနေရသည်ဟု ပရိသတ်အားခံစားစေနိုင်သည့်နည်းဖြင့် အသံပမာဏကို မြှင့်လိုက်ကြသည်။ ၎င်းက အကောင်းဆုံးရလဒ်များ ဖြစ်ခဲလှသည်မှာ အမှန်ပင်။ ဟောပြောသူသည် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းသည် သဘာဝမကျလျှင် ပရိသတ်၏စိတ်၌ မိမိတို့ကိုနှိမ်၍ပြောနေသည်ဟု အထင်ရောက်သွားနိုင်သည်။ မေတ္တာပေါ်အခြေပြု၍ သူတို့ကိုဆွဲဆောင်ကာ ပြောဆိုနေသည့်အရာက ကျမ်းစာနှင့်ညီညွတ်ပြီး အကျိုးသင့်အကြောင်းသင့်ရှိကြောင်း သူတို့မြင်အောင် ကူညီပေးခြင်းက မည်မျှပိုကောင်းလိုက်မည်ဖြစ်ခြင်း!
တိုးတက်စေနိုင်ပုံ။ ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုရန် အခက်အခဲရှိသူတစ်ယောက်သည် ယင်းကို သတိမထားမိတတ်ချေ။ ယင်းကို သူအာရုံစိုက်လာအောင် အခြားသူတစ်ဦးဦးက ကူညီပေးရန်လိုသည်။ ယင်းကဏ္ဍတွင် သင်တိုးတက်ရန်လိုပါက သင့်ကျောင်းကြီးကြပ်မှူးက ကူညီပေးပါလိမ့်မည်။ ၎င်းအပြင် အခြားအဟောအပြောကျွမ်းကျင်သူ မည်သူမဆိုထံမှလည်း လွတ်လွတ်လပ်လပ် အကူအညီတောင်းခံပါ။ သင်၏ဖတ်ရှုခြင်းနှင့် ပြောဆိုခြင်းကို ဂရုတစိုက်နားထောင်ပေးပါရန် သူ့ထံအကူအညီတောင်းကာ တိုးတက်ရန် အကြံပြုချက်များပေးဖို့ကိုလည်း ကမ်းလှမ်းပါ။
စစချင်းအနေနှင့် လေ့ကျင့်ရန်အတွက် ကင်းမျှော်စင်ရှိ ဆောင်းပါးတစ်ပုဒ်ကို အခြေခံအဖြစ်အသုံးပြုရန် အကြံပေးသူက အကြံပြုပေမည်။ အဓိပ္ပာယ်ကို လွယ်ကူစွာသဘောပေါက်စေဖို့ အဘယ်စကားလုံးများ သို့မဟုတ် အဘယ်စကားစုများအား အလေးအနက်ပြုဖို့လိုအပ်ကြောင်း သတ်မှတ်ရန် ဝါကျတစ်ကြောင်းစီကို ဆန်းစစ်လေ့လာရန်အတွက် သူသည် သင့်ကိုပြောပြမည်မှာ သေချာသည်။ စာလုံးစောင်းထားသော စကားလုံးအချို့ကို အထူးအာရုံစိုက်ပေးရန် သင့်ကို သူသတိပေးပေမည်။ ဝါကျတစ်ကြောင်းအတွင်းရှိ စကားလုံးများသည် ပူးတွဲလုပ်ဆောင်ကြကြောင်း သတိရပါ။ များသောအားဖြင့် အလေးအနက်ပြုသင့်သောစကားလုံးများမှာ သီးခြားစကားလုံး တစ်လုံးတည်းသာမဟုတ်ဘဲ စကားလုံးအုပ်စုလိုက်ဖြစ်သည်။ ဘာသာစကားအချို့တွင် ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သော အလေးပေးမှုပြုခြင်းနှင့်စပ်လျဉ်း၍ အဘယ် အသံခွဲခြားအမှတ်အသားများက ညွှန်ပြပေးသည်ကို ပို၍ဂရုတစိုက်ဆင်ခြင်ပေးရန် ကျောင်းသားများကို အားပေးနိုင်သည်။
နောက်တစ်ဆင့်အနေနှင့် အဘယ်အရာကို အလေးအနက်ပြုရမည်ကိုသင်ယူရာ၌ သင့်အကြံပေးသူက ဝါကျကိုယ်နှိုက်တစ်ခုထဲထက် ပိုကျယ်ပြန့်သော အထက်အောက်စကားကိုသုံးသပ်ဖို့ သင့်ကိုတိုက်တွန်းပေမည်။ စာပိုဒ်တစ်ခုလုံးတွင် အဘယ်အဓိကကျသော သဘောတရားကို အဆင့်ဆင့်တည်ဆောက်နေခြင်းဖြစ်သနည်း။ ဝါကျတစ်ခုစီတိုင်းတွင် သင်အလေးအနက်ပြုရာကို ထိုအရာက မည်သို့လွှမ်းမိုးစေသင့်သနည်း။ ဆောင်းပါး၏ခေါင်းစီးနှင့် သင့်အကြောင်းအရာပေါ်ရှိ စာလုံးမဲခေါင်းစဉ်ငယ်ကိုကြည့်ပါ။ ယင်းတို့သည် အလေးအနက်ပြုရန် သင်ရွေးချယ်ထားသော စကားအသုံးအနှုန်းများအပေါ် အဘယ်သက်ရောက်မှုရှိသနည်း။ ယင်းတို့အားလုံးသည် ဆင်ခြင်သုံးသပ်ရန် အခြေခံအကြောင်းရင်းများဖြစ်ကြသည်။ သို့ရာတွင် များပြားလွန်းသည့်စကားလုံးအပေါ် အလွန်လေးနက်မှုမပြုမိရန် ဂရုစိုက်ပါ။
သေချာစွာပြင်ဆင်ကာ လက်တန်းဟောပြောသည်ဖြစ်စေ သို့မဟုတ် ဖတ်ရှုသည်ဖြစ်စေ ကျိုးကြောင်းဆင်ခြင်နေသော အကြောင်းပေါ်မူတည်၍ ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုဖို့ အကြံပေးသူက သင့်အား တိုက်တွန်းပေမည်။ ကျိုးကြောင်းဆင်ခြင်ရာအကြောင်း အဆုံးသတ်နေရာများ သို့မဟုတ် အရေးပါသောသဘောတရားတစ်ခုမှ နောက်တစ်ခုသို့ ပြောင်းလဲတင်ဆက်သည့်နေရာများကို သင်သိထားဖို့လိုမည်။ သင့်ဟောပြောချက်က ပရိသတ်အား ယင်းနေရာများကို သတိပြုစေမည်ဆိုလျှင် ယင်းကို သူတို့လေးမြတ်ကြပေလိမ့်မည်။ ယင်းကို ပထမဦးစွာ၊ နောက်၊ အဆုံး၌၊ သို့ဖြစ်၍ နှင့် ထို့ကြောင့် စသည့်စကားလုံးများကို အလေးပေးမှုပြုခြင်းအားဖြင့် လုပ်ဆောင်နိုင်သည်။
အထူးခံစားမှုဖြစ်စေလိုသည့် သဘောတရားများကို အာရုံစိုက်စေရန်လည်း သင့်အကြံပေးသူက ညွှန်ကြားပေမည်။ ၎င်းကိုလုပ်ဆောင်ရန် အလွန်အမင်း၊ လုံးဝ၊ မည်သို့မျှ၊ မတွေးဝံ့နိုင်လောက်အောင်၊ အရေးပါသော နှင့် အမြဲတမ်း စသည့်စကားလုံးများကို အလေးအနက်ထားပြောနိုင်မည်။ ထိုသို့ သင်ပြုလုပ်ခြင်းက သင်ပြောဆိုနေသည့်အရာနှင့်ပတ်သက်ပြီး ပရိသတ် မည်သို့ခံစားရကြောင်းကို ဩဇာလွှမ်းမိုးနိုင်သည်။ ဤအကြောင်းကို သင်ခန်းစာ ၁၁၊ “နွေးထွေးမှုနှင့်ခံစားမှု” အခန်းတွင် ပို၍တင်ပြမည်။
ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းကို တိုးတက်စေရန် သင့်ပရိသတ်အား မှတ်မိစေလိုသည့် အဓိကအချက်များကို စိတ်ထဲ၌ ရှင်းလင်းစွာရှိနေရန်လည်း အားပေးခံရမည်။ ယင်းကို သင်ခန်းစာ ၇၊ “အဓိကအယူအဆများကို အလေးအနက်ပြုခြင်း” တွင်ရှိသော လူထုရှေ့စာဖတ်ခြင်း၏ရှုထောင့်နှင့် သင်ခန်းစာ ၃၇၊ “အဓိကအချက်များကို ပေါ်လွင်စေခြင်း” တွင်ရှိသော ဟောပြောခြင်းရှုထောင့်တို့မှ ထပ်ဆင့်ဆင်ခြင်သုံးသပ်မည်။
လယ်ကွင်းဓမ္မအမှုတွင် တိုးတက်ရန် သင်ကြိုးပမ်းအားထုတ်နေပါက ကျမ်းချက်များဖတ်ရှုပုံကို အထူးအာရုံစိုက်ပါ။ “ဤကျမ်းချက်ကို မိမိအဘယ်ကြောင့်ဖတ်ရှုနေရသနည်း” ဟု မိမိကိုယ်ကိုပြန်မေးခြင်းကို အလေ့အကျင့်တစ်ခုဖြစ်စေပါ။ သွန်သင်သူတစ်ဦးအတွက် စကားလုံးများကို လျောက်ပတ်စွာပြောဆိုရုံမျှနှင့် ဘယ်တော့မျှ မလုံလောက်ပါ။ ကျမ်းချက်ကို ခံစားချက်ဖြင့် ဖတ်ရှုသည့်တိုင် မလုံလောက်နိုင်ပေ။ သင်သည် တစ်စုံတစ်ယောက်၏မေးခွန်းကို ဖြေဆိုနေသည်ဖြစ်စေ သို့မဟုတ် အခြေခံအမှန်တရားကို သွန်သင်နေသည်ဖြစ်စေ၊ ဆွေးနွေးနေသည့်အရာကို ထောက်မပေးသော ကျမ်းချက်ရှိ စကားလုံးများ သို့မဟုတ် အသုံးအနှုန်းများကို အလေးအနက်ပြုသင့်ပေသည်။ ထိုသို့မဟုတ်လျှင် သင်ဖတ်သည်ကိုနားထောင်နေသူသည် ဆိုလိုရင်းအချက်ကို လက်လွတ်သွားပေမည်။
ဆိုလိုရင်းသဘောပေါ်လွင်အောင် အလေးပေးမှုပြုခြင်းတွင် အချို့သောစကားလုံးများနှင့် စကားစုများကို ထပ်ဆင့်အလေးအနက်ထားပြောဆိုခြင်း ပါဝင်သောကြောင့် အတွေ့အကြုံမရင့်ကျက်သော ဟောပြောသူတစ်ဦးသည် ထိုစကားလုံးများနှင့်စကားစုများကို လွန်လွန်ကဲကဲ အလေးအနက်ထားပြောတတ်ပေမည်။ အကျိုးရလဒ်များအနေဖြင့် တူရိယာတစ်ခုကို သင်ယူခါစရှိသူတစ်ဦး တီးခတ်သည့် ဂီတသင်္ကေတများနှင့် ဆင်တူပေလိမ့်မည်။ သို့ရာတွင် ထပ်ဆင့်လေ့ကျင့်ပေးခြင်းဖြင့် ထို “ဂီတသင်္ကေတများ” သည် လှပစွာဖော်ကျူးထားသော “ဂီတ” ၏အစိတ်အပိုင်းဖြစ်လာမည်။
သင်သည် အခြေခံအချို့ကို သင်ယူလေ့လာပြီးသည့်နောက် အတွေ့အကြုံရင့်ကျက်သောဟောပြောသူများကို ဂရုတစိုက်လေ့လာခြင်းအားဖြင့် အကျိုးကျေးဇူးခံစားရရှိမည်။ လေးနက်မှုအတိုင်းအတာ ပြောင်းလဲပေးခြင်းအားဖြင့် ပြီးမြောက်အောင်မြင်စေနိုင်သည့်အရာကို သင်မကြာမီ သိမြင်နားလည်လာလိမ့်မည်။ ထို့အပြင် ပြောဆိုသည့်အရာ၏ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်းတင်ပြနိုင်ရန် နည်းလမ်းအသွယ်သွယ်ဖြင့် အလေးအနက်ပြုခြင်း၏တန်ဖိုးကို သင်သဘောပေါက်မည်။ ဆိုလိုရင်းသဘောပေါ်အောင် လျောက်ပတ်သောအလေးပေးမှုပြုခြင်းကို အဆင့်ဆင့်တိုးပွားလာစေခြင်းက သင်၏ဖတ်ရှုခြင်းနှင့် ဟောပြောခြင်း၏ထိရောက်မှုကို များစွာတိုးမြှင့်စေပါလိမ့်မည်။
ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်းကို အဖြစ်သဘောလောက်သာ မသင်ယူပါနှင့်။ ထိရောက်စွာပြောဆိုနိုင်ရန် ဆိုလိုရင်းသဘောပေါ်အောင် အလေးပေးမှုပြုခြင်း၌ ကျွမ်းကျင်ပိုင်နိုင်လာပြီး ယင်းကိုအသုံးပြုကာ အခြားသူများ၏နားတွင် သဘာဝကျကျ တင်ဆက်နိုင်သည်အထိ ဆက်၍ကြိုးစားသွားပါလေ။