သင်ခန်းစာ ၁၂
လတ်တလောဟောပြောခြင်းနှင့် လက်တန်းဟောပြောချက်
၁၊ ၂။ ကျွန်ုပ်တို့ဟောပြောရန် ယေဟောဝါ မည်သို့ကူညီပေးသနည်း။
၁ “အဘယ်သို့ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။ အကြောင်းမူကား သင်တို့အလိုအလျောက်ပြောကြသည်မဟုတ်။ သင်တို့အဘ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။” (မ. ၁၀:၁၉၊ ၂၀) ထိုစကားများသည် ယေရှု၏ ရှေးတပည့်တော်များကို ခွန်အားရှိစေခဲ့ပေမည်။ ယနေ့လည်း အစိုးရအရာရှိများရှေ့သက်သေခံရန် အခေါ်ခံရသော သတင်းကောင်း၏ဘုရားသခင့်ဓမ္မအမှုဆောင်များအား ခွန်အားပေး၏။ ယင်းက ယနေ့ ယေဟောဝါ၏ ခရစ်ယာန်သက်သေခံများသည် ထိုပထမရာစု ခရစ်ယာန်သက်သေခံများနည်းတူ အံ့သြဖွယ်နည်းဖြင့် “ပညာတရား၊” “ထိုးထွင်းခြင်းတရား” ရသည်ဟု မဆိုလိုပါ။ (၁ ကော. ၁၂:၈) သို့ရာတွင် ကတိတော်ရှိသည့်အတိုင်း သီအိုကရက်တစ် လေ့ကျင့်သွန်သင်မှုကောင်းကို ကျွန်ုပ်တို့ရရှိထားကာ ဘုရားသခင်၏ဝိညာဉ်တော်က လိုအပ်လာလျှင် ပြန်လည်သတိရစေသည်။
၂ ကျမ်းစာသင်အံမှုများ၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသင်တန်းများနှင့် အခြားအသင်းတော်အစည်းအဝေးများတွင်ရရှိသည့် လေ့ကျင့်မှုကြောင့် ကျမ်းစာပညာ များစွာရရှိထားခဲ့ပြီ။ ဖြောင့်မတ်ခြင်းတရားဆိုင်ရာ အခြေခံမူများကို သင်တတ်သိလာပြီး နေ့စဉ်အသက်တာအခြေအနေအရပ်ရပ်တွင် မည်သို့အသုံးပြုရမည်ကို သိရှိလာသည်။ ထို့နောက် လယ်ကွင်းအမှုဆောင်ခြင်းလုပ်ငန်း၌ အသုံးပြုခြင်းအားဖြင့် အခြားသူနှင့်စကားပြောဆိုခြင်းတွင် အတွေ့အကြုံရပြီး မိမိသိရှိသည့်အကြောင်းများကို အခြားသူများအား ဝေမျှပေးသည်။ ဤပြောဆိုခြင်းကို သင်လတ်တလောအသွင် သို့မဟုတ် လက်တန်းပြောဆိုခြင်းဖြစ်သည်။
၃။ လတ်တလောနှင့် လက်တန်းဟောပြောခြင်း၏ ခြားနားမှုကို တင်ပြပါ။
၃ ဤဟောပြောနည်းနှစ်နည်းသည် နီးစပ်သော်လည်း မတူပါ။ အဘယ်ကဲ့သို့ထူးခြားကြောင်းကို ဥပမာတစ်ခုက တင်ပြပါမည်။ အိမ်ရှင်တစ်ဦးအား သင့်စိတ်ထဲတွင်စွဲမြဲထားသော သင်ကြိုတင်၍ပြင်ဆင်ထားသည့်အောက်လိုင်းမှ ဟောပြောသည်ဆိုပါစို့။ ယင်းအောက်လိုင်းမှကျော်လွန်၍ သင်ပြောရမည့်အကြောင်းအရာ စကားလုံးများအတိအကျကို သင်မကျက်မှတ်ထားခဲ့ချေ။ ယင်းသည် လတ်တလောဟောပြောခြင်းဖြစ်သည်။ သို့သော် အိမ်ရှင်က သင်အတိအကျမပြင်ဆင်ထားသော သင်ကြို၍မမြင်သောကန့်ကွက်ချက်အချို့ ထုတ်လိုက်သည်။ သို့သော် နိုင်ငံတော်ခန်းမတွင် သင်ရရှိထားသောလေ့ကျင့်မှုကြောင့် သိထားသည့် ကျမ်းစာပညာကြောင့် ဖြေဆိုရှင်းပြမှုအချို့ပေးနိုင်ခဲ့သည်။ ယင်းသည် ရုတ်တရက်စီကုံးပြောဆိုခြင်းကြောင့် လက်တန်းဟောခြင်းဟု ဆိုနိုင်သည်။
၄။ ထိရောက်သည့် လတ်တလောဟောပြောဖို့အတွက် အဘယ်ပြင်ဆင်မှု လိုသနည်း။
၄ လတ်တလောဟောပြောခြင်း။ တစ်အိမ်မှတစ်အိမ်တွင် သို့မဟုတ် စင်မြင့်ပေါ်မှ လတ်တလောဟောပြောချက်ဖြစ်ဖို့ ကြိုတင်ပြင်ဆင်ခြင်းသည် အဓိကဖြစ်၏။ လတ်တလော ဟောပြောလိုမည်ဆိုလျှင် အဓိကအချက်များစွာဖြင့် အောက်လိုင်းတစ်ခုပြင်ဆင်ပါ။ အဓိကအချက်များအောက် ထပ်ဆင့်ထောက်ကူသောအချက်များ၊ သက်သေပြချက်များ၊ ကျမ်းချက်များနှင့် ဥပမာများကို ရေးဆွဲပါ။ သို့ဖြစ်လျှင် အမှန်ပင်သိအပ်သော ဟောပြောချက်ကို ပေးရန်အသင့်ဖြစ်ပေမည်။ အရာရာကို ကြိုတင်ဆုံးဖြတ်ထားပါ၊ သို့သော် စကားလုံးအတိအကျကို သင်အသုံးပြုပေမည်။
၅–၇။ လတ်တလောဟောပြောခြင်း၏ အကျိုးကို ဖော်ပြပါ။
၅ လတ်တလောဟောပြောနည်း၌ အကျိုးများစွာရှိသည်။ တစ်ခုကား ဟောပြောချက်ကို ပြောင်းသာလွှဲသာ ပြုလုပ်နိုင်သည်။ ယင်းသည် စာမူမှကြည့်ဖတ်ခြင်း သို့မဟုတ် အလွတ်ကျက်ယူထားသည့်ဟောပြောချက်မျိုးကဲ့သို့လွှဲဖယ်၍မရအောင် မတင်းကျပ်ချေ။ အချိန်ကပ်၍ပြင်ဆင်ရပါက ရေးဆွဲထားသောဟောပြောချက်တွင် ပြင်ဆင်မှုအချို့ပြုရပေမည်။ စင်မြင့်ပေါ်မတက်မီလေးတွင် ပရိသတ်တွင် စိတ်ဝင်စားသူလူသစ်များစွာရှိနေကြောင်း သိရသည်ဆိုကြပါစို့။ တင်ပြချက်ကို သူတို့ကောင်းစွာသဘောပေါက်ရန် ပြုပြင်ဟောပြောဖို့ လတ်တလောနည်းကဖြစ်စေသည်။ ဥပမာ ပရိသတ်တွင် လူသစ်အများရှိကြောင်း၊ လူငယ်အများရှိကြောင်း သတိပြုမိလျှင် အကြောင်းအရာသည် သူတို့အသက်တာကို မည်သို့သက်ရောက်ကြောင်း လေးမြတ်ရန်ထောက်ကူဖို့ သင်၏ပုံဥပမာများနှင့် သက်ဆိုင်ပုံကို ပြုပြင်နိုင်သည်။
၆ လတ်တလောဟောပြောခြင်း၏ ဒုတိယအကျိုးကား သင့်စိတ်ကို လှုံ့ဆော်ပေးသည်။ အကြံဉာဏ်အသစ်များ ပေါ်လာဖို့ အခွင့်သင့်စေသည်။ ဟောပြောနေစဉ် ပရိသတ်သည် ကောင်းစွာနားထောင်တုံ့ပြန်သည်ကိုတွေ့ရခြင်းဖြင့် နွေးထွေးလာပြီး သင့်စိတ်တွင်အကြောင်းသင့်များဝင်လာကာ လတ်တလောဟောပြောချက်တွင် ထည့်သွင်းပြောဆိုနိုင်ပေမည်။
၇ ဤဟောပြောနည်း၏ တတိယအကျိုးကား သင့်ပရိသတ်ကိုကြည့်၍ ဟောပြောစေသည်။ ယင်းက ပရိသတ်နှင့်ဆက်သွယ်မှုကောင်းစေ၍ သင့်ဟောပြောချက်ကို ပိုမိုဂရုစိုက်နားထောင်ကြမည်။ အောက်လိုင်းကိုတစ်ချိန်လုံး ငုံ့ကြည့်မနေရသည့်အတွက် သင့်ဟောပြောချက်ကို ပိုင်နိုင်စွာသိသည်ဟု ပရိသတ်ယူမှတ်မည်။ ထို့ပြင် ပရိသတ်တုံ့ပြန်ပုံကို သတိပြုနိုင်မည်။ သူတို့၏စိတ်ဝင်စားမှု လျော့နည်းကြောင်း သတိပြုမိလျှင် ဤအခက်အခဲကို ကျော်လွှားအောင်ပြုနိုင်သည်။ ဤဟောပြောနည်းက ပရိသတ်နှင့်နှစ်ဦးချင်း နွေးထွေးစွာ စကားပြောဆိုနေသကဲ့သို့ ဖြစ်စေသည်။
၈–၁၀။ လတ်တလောဟောပြောခြင်းတွင် ကြုံတတ်သည့် ကျော့ကွင်းများကိုမည်သို့ရှောင်နိုင်သနည်း။
၈ သို့သော် လတ်တလောဟောပြောခြင်းတွင် အန္တရာယ်များရှိ၏။ သို့သော် ယင်းတို့ကို ရှောင်ရှားနိုင်သည်။ ဥပမာ၊ ဟောပြောသူသည် အချက်ပိုများစွာထပ်ထည့်ခြင်းဖြင့် အချိန်ပိုသွားနိုင်သည်။ ထို့ပြင် စိတ်ထဲတွင်ပေါ်လာသော လတ်တလောအကြောင်းများကို ထည့်သွင်းနိုင်ခြင်းကြောင့် စီစဉ်ထားသော အချက်များအပေါ် အချိန်ပိုပေးမိမည်။ ဤသို့မဖြစ်စေရန် သင်၏အောက်လိုင်းတွင် ဟောပြောချက်၏ အဘယ်အပိုင်းကို အဘယ်မျှအချိန်ပေးသင့်ကြောင်း ကန့်သတ်ချက်များ မှတ်သားထားနိုင်၏။ ဤဇယားအတိုင်း အနီးကပ်လိုက်လျှောက်ပါ။
၉ ထို့ပြင် အချို့အချက်များကို ချန်လှပ်ခြင်း၊ မပြည့်စုံ မတိကျသောအကြောင်းများကိုပြောခြင်း၊ လုံလောက်သော အထောက်အထားမရှိဘဲ ပြောဆိုသည့်အန္တရာယ်များလည်း ရှိသည်။ သင့်မှတ်ချက်များကို အလျင်စလိုမဟုတ်ဘဲ အခါအားလျော်စွာ ပြန်ကြည့်လျှင် အကြောင်းအရာအတိုင်းပြောနိုင်ကာ ချန်လှပ်ခြင်းများနှင့် မတိကျမှုများကိုရှောင်နိုင်မည်။
၁၀ လတ်တလောဟောပြောချက်၏ စကားလုံးများကို အလွတ်ရထားစရာမလိုသော်လည်း သင့်လျော်သောစကားစုများကို လေ့ကျက်ထားခြင်းဖြင့် စိတ်ထဲတွင်စွဲမြဲစွာ စီကုံးထားနိုင်သည်။ သို့ပြုမည်ဆိုလျှင် နိမ့်ကျသောစကားနှင့် ညံ့ဖျင်းသောစကားလုံးရွေးချယ်မှုကို ရှောင်နိုင်မည်။ နေ့စဉ်ပင် ကောင်းစွာစကားကို ပြောဆိုနေမည်ဆိုလျှင် ဟောပြောချက်ပေးသောအခါ လွယ်ကူပေမည်။ စာမူဖတ်ဟောပြောသကဲ့သို့ အကောင်းဆုံးစကားလုံး၊ စကားစုများနှင့် သဒ္ဒါနည်းကျကျ မဖြစ်သည့်တိုင် အပြန်အလှန်ပုံစံဖြင့်ပြောဆိုမှုသည် ဆွဲဆောင်ထားပါမည်။ ၎င်းပြင် ဟောပြောချက်မပေးမီ မိမိဟောပြောချက်ကို အကြိမ်ပေါင်းများစွာ ပြန်လည်လေ့လာပါ။ အချို့က အသံမထွက်ဘဲ စိတ်ထဲတွင်ပြန်ဖတ်ခြင်းဖြင့် လုံလောက်၏။ အခြားသူများမူ အချိန်ကိုက်နေရန် အသံထွက်ဖတ်ရှုလေ့လာပါက အကူအညီများစွာရရှိကြောင်း သတိပြုမိကြ၏။
၁၁၊ ၁၂။ ဟောပြောသူသည် အောက်လိုင်းတစ်ခုရှိထားလျှင် အဘယ်ကြောင့် စိတ်ချရသနည်း။
၁၁ အချိန်တန်လျှင် အလေ့အကျင့်ရလာသည်နှင့်အမျှ သင့်အောက်လိုင်းကို စကားလုံးနည်းနည်းဖြင့် ရေးတတ်လာပေမည်။ ဤအချက်များနှင့် အသင်အသုံးပြုလိုသော ကျမ်းချက်များကို အလွယ်တကူ ပြန်ကြည့်နိုင်သည့် စာရွက်တစ်ခုပေါ်တွင် ရေးမှတ်ထားပါ။ ဓမ္မအမှုကျောင်းတွင် ပေးရမည့် ကျောင်းသားဟောပြောချက်တိုများအတွက် အောက်လိုင်းများကို အချို့သူတို့ အလွတ်မှတ်သားလိုကြ၏။ အခြားသူတို့မူကား အာရုံလွဲသွားလျှင် (သို့) မေ့သွားလျှင် ပြန်ရည်ညွှန်းဖို့ အောက်လိုင်းတိုထားရှိခြင်းကို ကန့်ကွက်စရာမရှိပါ။ လူထုဟောပြောချက် အစရှိသော အချိန်ကြာကြာဟောပြောရသည့် ဟောပြောချက်များအတွက် ဟောပြောစဉ်ရည်ညွှန်းရန် အသေးစိတ်အောက်လိုင်းရှိခြင်းသည် ပညာရှိရာရောက်၏။
၁၂ လတ်တလောဟောပြောနည်းသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ အလွန်ကောင်း၏။ အကြောင်းမှာ အိမ်ရှင်သည် မေးခွန်းတစ်ခုမေးပါက (သို့) ဝင်စွက်ပါက ဆွေးနွေးနေသည့်အချက်များကို ခဏထားပြီး မေးခွန်းကို ဖြေဆိုပေး၍ ပြင်ဆင်ထားသည့်အကြောင်းသို့ ပြန်သွားနိုင်၏။ သို့သော် အလွတ်ကျက်ထားသောဟောပြောချက်ဖြစ်လျှင် ထိုသို့ပြုနိုင်မည်မဟုတ်ပါ။
၁၃–၁၅။ အဘယ်အချိန်အခါတွင် လက်တန်းဟောပြောရသနည်း။ အဘယ်ပြင်ဆင်မှုပါဝင်သနည်း။
၁၃ လက်တန်းဟောပြောခြင်း။ “လက်တန်း” ကို “ပြင်ဆင်မှုမရှိ၊ ကျပန်း၊ ရုတ်တရက်ပြုခြင်း” ဟုဖွင့်ဆိုထားသည်။ သို့သော် အကြောင်းအရာ သို့မဟုတ် အချက်အပေါ် လုံးဝမပြင်ဆင်ထားခြင်းကို ဆိုလိုသလော။ မဟုတ်ပါ။ မှန်ကန်စွာသွန်သင်ပေးရန် ပြင်ဆင်မှုရှိရမည်။ သို့ရာတွင် အကြောင်းအရာတစ်ခုကို ဟောရမည်ဟု ကြိုတင်မသိထားသည့်အတွက် ယင်းကို သတ်သတ်မှတ်မှတ် ကြိုတင်မပြင်ဆင်ထားသောအခါများရှိသည်။ တစ်အိမ်မှတစ်အိမ် ဟောပြောစဉ် အိမ်ရှင်က မေးခွန်းမေးခြင်း၊ ပြန်လည်ပတ်မှု၊ အိမ်တွင်းကျမ်းစာသင်အံမှု၊ အလွတ်သဘောသက်သေခံချိန် သို့မဟုတ် တရားရုံး၊ ဘုတ်အဖွဲ့ရှေ့ ဝင်ရချိန်မျိုး အစရှိသည်တို့တွင် ဖြစ်မည်။ ထိုသို့သောအချိန်အခါများတွင် အကြောင်းအရာနှင့် စကားစုများကို စီစဉ်ခြင်းသည် လက်တန်းဟောပြောခြင်းဖြစ်သော်လည်း သီအိုကရက်တစ်လေ့လာမှုမှ ရရှိသောသင့်ကျမ်းစာပညာကိုအခြေပြု၍ ပြောဆိုမည်။ ထိုကြောင့် လက်တန်းဟောပြောခြင်းသည် အခြေအနေတစ်ရပ်အတွက် ရည်စူးမပြင်ဆင်ထားသော်လည်း ကြိုတင်ပြင်ဆင်ထားမှုပေါ် အခြေခံပါသည်။—ဟေရှာ. ၅၀:၄။
၁၄ အကြောင်းတစ်ခုကို ဟောပြောရန် မိနစ်အနည်းငယ်သာ ကြိုတင်၍ သိရသည့်အခါ၌ပင် ပြင်ဆင်ခြင်းငှာ အကျိုးနပ်သည့်လုပ်နိုင်ရာများရှိသည်။ ပထမဦးဆုံးတင်ပြရမည့် အချက်အဓိကတစ်ခု သို့မဟုတ် နှစ်ခုကို ဆုံးဖြတ်ပါ။ ၎င်းတို့ကို ထောက်ခံပေးမည့် သာဓကများနှင့် သင့်လျော်သောကျမ်းချက်များကို ရွေးပါ။ ထို့နောက် တိုတုတ်သောနိဒါန်းစကားကို စဉ်းစားပါ။ ယခု ဟောပြောရန် အသင့်ရှိပေပြီ။ ဥပမာ၊ သီအိုကရစ်တစ်ဓမ္မအမှုကျောင်းတွင် ကျောင်းသားတစ်ဦးကိုယ်စား တာဝန်ယူဖို့လိုလျှင် ထိုသို့ပြုလုပ်နိုင်၏။
၁၅ သမ္မာကျမ်းစာ၌ ရုတ်တရက်သက်သေခံခွင့်ရသော ယေဟောဝါ၏အမှုဆောင်များ၏ နမူနာများ ပါရှိသည်။ တစ်ဦးက လွှတ်တော်သို့ ဆွဲခေါ်သွားခံရပြီး မမှန်သောသက်သေများ၏စွပ်စွဲခြင်းကို ခံခဲ့ရသော သတေဖန်ဖြစ်သည်။ သူ၏တက်ကြွသော လက်တန်းဟောပြောချက်ကို တမန်တော်ဝတ္ထု အခန်းကြီး ၇ တွင်ဖတ်ရှုနိုင်သည်။ အာသင်မြို့သူမြို့သားများသည် တမန်တော်ပေါလုကို အာရေတောင်ပေါ်သို့ ခေါ်ဆောင်သွားပြီး သူ၏ယုံကြည်ချက်များကို မေးမြန်းစုံစမ်းကြသည်။ သူ၏အလွန်ပြောင်မြောက်သော လက်တန်းဆွေးနွေးခန်းကို တမန်တော်ဝတ္ထု အခန်းကြီး ၁၇ တွင်ဖတ်ရှုနိုင်သည်။
၁၆–၁၈။ ကျောင်းသားများသည် စာမူသုံးခြင်း၊ ဟောပြောချက်ကို အလွတ်ကျက်ခြင်းထက် လတ်တလောဟောပြောခြင်းကို အဘယ်ကြောင့် လေ့ကျင့်သင့်သနည်း။
၁၆ အကောင်းဆုံးနည်း။ တစ်ခါတစ်ရံ ကျောင်းသားဟောပြောချက်ကို စ၍ပေးသူများသည် စာမူကို သုံးလိုကြ၏။ ယင်းသည် များသောအားဖြင့် အကောင်းဆုံးနည်းမဟုတ်ပါ။ ဤသို့ပြုခြင်းကို အမြန်ဆုံး ဖျက်သင့်သည်။ အကြောင်းမူကား ပရိသတ်နှင့် ဆက်သွယ်မှုရှိခြင်းနှင့် အပြန်အလှန်စကားပြောဆိုခြင်း အရည်အချင်းတို့ကို လျော့နည်းစေသည်။ စာမူဖတ်ဟောရသည့်အချိန်များရှိသော်လည်း ဖတ်ရှုဖို့ သီအိုကရက်တစ်ကျောင်းတွင်တာဝန်ရသည့်အခါ ထိုသို့ပြုရန် လေ့ကျင့်မှုရသည်။ အခြားဟောပြောချက်များကို မှတ်ချက်များမှ ဟောပြောရန်ကြိုးစားပါ။
၁၇ အချို့ကျောင်းသားများသည် မှတ်စုကြည့်စရာမလိုဖို့ မိမိတို့၏ဟောပြောချက်ကို လုံးဝအလွတ်ရအောင် ကျက်ယူကြ၏။ သို့သော် ဤသို့ပြုခြင်းသည် မကောင်းပါ။ အကြောင်းမှာ ပြောင်းသာလွှဲသာမပြုနိုင်၊ ပင်ကိုအတိုင်းမဟုတ်သည့်အပြင် အရေးကြီးသောအပိုင်းကို မေ့ကောင်းမေ့တတ်၏။ ထို့ကြောင့် ဟောပြောချက်တစ်ခုလုံးမဟုတ်ဘဲ နိဒါန်းနှင့် နိဂုံးချုပ်ပါ အဓိကဝါကျအနည်းငယ်ကို အလွတ်ကျက်ထားလိုလျှင် ကျက်ထားနိုင်သည်။
၁၈ အကောင်းဆုံးနည်းမှာ လတ်တလောဟောပြောခြင်းပင်ဖြစ်၏။ ဤနည်းကို ကိုယ့်ဘာသာစဉ်းစားရန် လေ့ကျင့်မှုခံရသည့် အမှုဆောင်ရာတွင် အသုံးပြုသည်။ ထိုနည်းတူ အသင်းတော်အစည်းအဝေးများတွင် လတ်တလောဟောပြောနည်းကို အများဆုံးအသုံးပြုသင့်သည်။ ယင်းက အကျိုးအများဆုံးရှိစေမည့် တိုက်ရိုက်နည်းဖြင့် ဆိုလိုရာကို တင်ပြနည်းဖြစ်သည်။ ယင်းကို အမြဲလေ့ကျင့်ပေးပါ။ တစ်ခါတစ်ရံ လက်တန်းဟောပြောဖို့ အရေးကြုံတတ်သော်လည်း ကျွန်ုပ်တို့အသင့်ရှိနေမည်။ အကြောင်းမှာ ယေဟောဝါသည် ကျွန်ုပ်တို့အား လတ်တလောနှင့် လက်တန်းဟောပြောနိုင်ရန် တန်ဆာဆင်ထားဖို့ ကြိုတင်ပြင်ဆင်ထားတော်မူသည်။ ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ဤနည်းနှစ်နည်းစလုံးကို အသုံးပြုနိုင်သည်။