ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၈ စာ. ၁၃၅-၁၃၉
  • ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • ကြည့်မြင်ဆက်သွယ်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အောက်လိုင်း အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • လူထုဟောပြောချက်များ ပြင်ဆင်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၈ စာ. ၁၃၅-၁၃၉

သင်ခန်းစာ ၂၈

ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း

၁။ ပရိသတ်နှင့်ဆက်သွယ်မှု၏အရေးကြီးမှုနှင့် ယင်းတွင်ပါဝင်သည့် မှတ်ချက်များသုံးခြင်းတို့၏ အရာရောက်ပုံကို ရှင်းပြပါ။

၁ ပရိသတ်နှင့်ကောင်းစွာဆက်သွယ်မှုရှိခြင်းသည် သွန်သင်ပေးရာ၌ အလွန်အကူအညီဖြစ်စေသည်။ ယင်းသည် ပရိသတ်၏လေးစားမှုကိုရပြီး ပိုမိုထိရောက်စွာ သွန်သင်ပေးနိုင်စေသည်။ သူတို့နှင့် သင့်ဆက်သွယ်မှုက ဟောပြောသူအနေနှင့် သင်သည် သူတို့၏တုံ့ပြန်မှုတိုင်းကို ချက်ချင်းသိမြင်သည်အထိ နီးကပ်သောဆက်သွယ်မှုရှိသင့်သည်။ မှတ်ချက်များကို သင်သုံးပုံကလည်း ပရိသတ်နှင့် ဤသို့သောဆက်သွယ်မှု ရှိမရှိ ဆုံးဖြတ်ရာတွင် အရေးပါသောကဏ္ဍမှပါဝင်သည်။ မှတ်ချက်အလွန်များခြင်းသည် အဟန့်အတားဖြစ်နိုင်သည်; သို့သော် အခြေအနေအရ မှတ်ချက်များသည် သာမန်ထက်ရှည်ဖို့လိုအပ်လျှင်ပင် ယင်းကို ကျွမ်းကျင်စွာ အသုံးပြုခြင်းသည် အနှောင့်အယှက်မဖြစ်ပါ။ ဤသို့ဖြစ်ရသည့်အကြောင်းမှာ ကျွမ်းကျင်သည့်ဟောပြောသူသည် မှတ်ချက်များကို ကြည့်လွန်းခြင်း၊ သို့မဟုတ် မကြည့်သင့်ချိန်၌ ကြည့်ခြင်းကြောင့် ပရိသတ်နှင့် အဆက်အသွယ် ပြတ်တောက်သွားသည့်အဖြစ် မရောက်စေသောကြောင့်ဖြစ်သည်။ သင်၏စကားပြောသွန်သင်ချက်စာရွက်တွင် ယင်းကို အာရုံစိုက်ကာ “ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း” ဟူ၍ဖော်ပြထားသည်။

၂–၅။ ထိရောက်စွာ ပရိသတ်နှင့် ကြည့်မြင်ဆက်သွယ်မှုရှိရန် အဘယ်အရာက အကူအညီပေးသနည်း။

၂ ပရိသတ်နှင့် ကြည့်မြင်ဆက်သွယ်ခြင်း။ ကြည့်မြင်ဆက်သွယ်ခြင်းဟုဆိုရာတွင် သင့်ပရိသတ်ကို ကြည့်ခြင်းဖြစ်သည်။ ယင်းကား ပရိသတ်ကို ကြည့်ရုံကြည့်ခြင်းမဟုတ်ဘဲ ပရိသတ်ရှိ တစ်ဦးချင်းကို ကြည့်ခြင်းဖြစ်၏။ ဆိုလိုသည်ကား သူတို့၏ မျက်နှာအနေအထားကိုကြည့်ပြီး လိုအပ်သလို တုံ့ပြန်ခြင်းဖြစ်သည်။

၃  သင့်ပရိသတ်ကိုကြည့်ခြင်းကား တစ်ဖက်မှတစ်ဖက် တစ်ယောက်ကိုမျှမချန်ဘဲ အစီအရီလိုက်ကြည့်ခြင်းကို မဆိုလိုပါ။ ပရိသတ်ထဲမှ တစ်ဦးတစ်ယောက်ကိုကြည့်ပြီး ထိုသူ့အား ဝါကျတစ်ကြောင်းနှစ်ကြောင်း ပြောပါ။ ထို့နောက် အခြားတစ်ဦးကိုကြည့်ကာ သူ့အား ဝါကျအနည်းငယ်ပို၍ပြောဆိုပါ။ သူတစ်ပါး အနေရခက်သည့်အထိ တစ်ဦးဦးကို စိုက်မကြည့်ပါနှင့်။ ပရိသတ်တစ်ခုလုံးတွင် အနည်းငယ်သောသူတို့ကိုသာ အာရုံမစိုက်မိစေပါနှင့်။ ဤနည်းအတိုင်း ပရိသတ်တစ်ခုလုံးကို ရွှေ့ရွှေ့ကြည့်ပါ။ သို့သော် တစ်ဦးဦးနှင့်စကားပြောဆိုရာတွင် သူနှင့် တကယ်စကားပြောဆိုပါ။ အခြားတစ်ဦးထံ မျက်စိမလွှဲမီ သူ၏တုံ့ပြန်ပုံကို သတိပြုပါ။ မျက်စိရွေ့ရုံမျှနှင့် ချက်ချင်းမြင်နိုင်ရန် သင့်မှတ်ချက်များကို ဟောပြောစင်ပေါ်၊ သို့မဟုတ် လက်ထဲ၊ သို့မဟုတ် ကျမ်းစာပေါ် တင်ထားသင့်သည်။ သင့်မှတ်ချက်များကို ကြည့်ရန် ခေါင်းတစ်ခေါင်းလုံးကို ရွေ့ဖို့လိုမည်ဆိုလျှင် ပရိသတ်နှင့်ဆက်သွယ်မှု ပြတ်သွားနိုင်သည်။

၄ သင်သည် မှတ်ချက်များကို အကြိမ်ပေါင်း မည်မျှကြည့်သည်၊ အဘယ်အချိန်တွင် ကြည့်သည်ကိုပါ သွန်သင်ချက်ပေးသူက သတိပြုကြည့်ရှုပါလိမ့်မည်။ အရေးပါသောနိဂုံးရောက်ခါနီးတွင် သင့်မှတ်ချက်ကို ငုံ့ကြည့်နေပါက ပရိသတ်၏ တုံ့ပြန်မှုကို သင်တွေ့ မြင်လိမ့်မည်မဟုတ်ပါ။ မှတ်ချက်ကို တစ်ချိန်လုံးပြန်ကြည့်နေရလျှင်လည်း ဆက်သွယ်မှု ပြတ်တောက်လိမ့်မည်။ ယင်းကား စိတ်မတည်ငြိမ်သည့်အကျင့် သို့မဟုတ် ဟောပြောချက်အတွက် ပြင်ဆင်မှုနည်းကြောင်း ဖော်ပြသည်။

၅ တစ်ခါတစ်ရံ အတွေ့အကြုံရှိသောဟောပြောသူများသည် ဟောပြောချက်တစ်ခုလုံးကို စာမူကြည့်ဟောရန် တောင်းဆိုခံရသည့်အခါများရှိသည်။ ယင်းက ပရိသတ်နှင့်ကြည့်မြင်ဆက်သွယ်မှုကို အတော်အတန်ကန့်သတ်လိုက်သည်။ သို့သော် ပြင်ဆင်မှုကောင်းသဖြင့် အကြောင်းနှင့်ကောင်းစွာ အကျွမ်းတဝင်ရှိလျှင် စာမူကိုဖတ်စဉ်ပင် စာကြောင်းပျောက်မသွားဘဲ ပရိသတ်ကို မကြာခဏကြည့်နိုင်သည်။ ယင်းသည် မိမိတို့အပိုင်းမှ အသက်ဝင်အောင် စာဖတ်တတ်ရန် စေ့ဆော်မှုဖြစ်သည်။

၆–၉။ ပရိသတ်နှင့်ဆက်သွယ်မှုရှိနိုင်သည့် အခြားတစ်နည်းကိုလည်းကောင်း၊ တွန်းလှန်ရှောင်ဖယ်ရမည့် ထောင်ချောက်များကိုလည်းကောင်း တင်ပြပါ။

၆ တိုက်ရိုက်ပြောဆိုကာ ပရိသတ်နှင့် ဆက်သွယ်ခြင်း။ ယင်းသည် ကြည့်မြင်ဆက်သွယ်ခြင်းတမျှ အရေးကြီးသည်။ ဤတွင် ပရိသတ်ကို ပြောဆိုရာ၌ သင်အသုံးပြုသောစကားလုံးများပါဝင်သည်။

၇ တစ်ဦးတစ်ယောက်နှင့် သင် နှစ်ဦးချင်း စကားပြောဆိုသည့်အခါ “ခင်ဗျား” “ခင်ဗျားရဲ့” “ကျွန်တော်တို့” “ကျွန်တော်တို့ရဲ့” ဟူ၍တိုက်ရိုက်ပြောဆိုသည့်စကားလုံးများ အသုံးပြုလေ့ရှိသည်။ သင့်တော်သည့်အခါတိုင်း သာ၍ကြီးသောပရိသတ်ရှေ့ ၌လည်း ထပ်တူပြောဆိုနိုင်သည်။ သင့်ဟောပြောချက်ကို တစ်ကြိမ်လျှင် လူတစ်ဦးနှစ်ဦးနှင့် စကားပြောဆိုနေသကဲ့သို့ ယူမှတ်ရန်ကြိုးစားပါ။ ပရိသတ်ရှိသူတို့သည် သင့်ကို အမှန်ပင်စကားပြောဆိုနေသကဲ့သို့ သူတို့ကိုတုံ့ပြန်နိုင်ရန် အပြည့်အဝဂရုစိုက်ကြည့်ပါ။ ဤသို့အားဖြင့် သင့်ဟောပြောချက်ကို တစ်ဦးချင်းနှင့်သက်ဆိုင်အောင် ပြုရာကျမည်။

၈ သို့သော် သတိပြုစရာရှိသည်။ သင့်ပရိသတ်နှင့် ရင်းနှီးလွန်းခြင်းကို ရှောင်ကြဉ်ပါ။ လယ်ကွင်းလုပ်ငန်း၌ လူတစ်ဦးနှစ်ဦးနှင့် သိက္ခာရှိရှိ စကားစမြည်ပြောဆိုရာတွင်ရှိရမည့် ရင်းနှီးမှုထက်မပိုသင့်ပါ။ သို့သော် တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်စကားပြောခြင်းကိုကား ပြုလုပ်နိုင်ပြီး ပြုလုပ်သင့်သည်။

၉ အခြားအန္တရာယ်တစ်ခု။ ပုဂ္ဂလနာမ်စားများကို ချင့်ချင့်ချိန်ချိန် ရွေးချယ်အသုံးပြုရမည်။ သင့်ပရိသတ်ကို မလိုလားသည့်သဘော မသက်ရောက်စေပါနှင့်။ ဥပမာ၊ ဝတ္တရားပျက်ကွက်မှုအကြောင်း ဟောပြောချက်ပေးစဉ် သင့်ပရိသတ်သည် ဝတ္တရားပျက်ကွက်သူများဖြစ်သည်ဟူသည့် စကားအသုံးအနှုန်းမျိုးကို အသုံးပြုမည်မဟုတ်ပါ။ သို့မဟုတ် လုပ်ငန်းတော်အစည်းအဝေးတွင် နာရီမပြည့်ခြင်းအကြောင်း ဆွေးနွေးနေမည်ဆိုလျှင် “ခင်ဗျားတို့” ဟုအမြဲပြောဆိုမည့်အစား “ကျွန်တော်တို့” ဟူသည့်နာမ်စားကို အသုံးပြုခြင်းအားဖြင့် ဟောပြောချက်တွင် သင့်ကိုယ်ကို ထည့်သွင်းလိုက်နိုင်သည်။ ထောက်ထားစာနာခြင်းနှင့် စဉ်းစားဆင်ခြင်ခြင်းတို့ဖြင့် ယင်းကဲ့သို့သော အန္တရာယ်မျိုးကို လွယ်ကူစွာ ရှောင်ရှားသင့်သည်။

**********

၁၀၊ ၁၁။ အောက်လိုင်းအသုံးပြုတတ်ရန် အဘယ်အရာက ကျွန်ုပ်တို့ကို အားပေးသင့်သနည်း။

၁၀ အောက်လိုင်းကို သုံးခြင်း။ ဟောပြောခါစ လူသစ်အနည်းငယ်သာ အောက်လိုင်းမှ ဟောပြောသည်။ များသောအားဖြင့် ဟောပြောချက်တစ်ခုလုံးကို ကြိုတင်ရေးချထားပြီး ယင်းကိုဖတ်လေ့ရှိသည်၊ သို့မဟုတ် အလွတ်ကျက်ထားပြီး ဟောတတ်ကြသည်။ အစအဦး၌ သွန်သင်ချက်ပေးသူသည် ယင်းအပြုအမူကို လျစ်လျူရှုထားမည်ဖြစ်သော်လည်း သင့်စကားပြောသွန်သင်ချက်စာရွက်တွင် “အောက်လိုင်းအသုံးပြုခြင်း” အကြောင်းသို့ ရောက်လာသည့်အခါ မှတ်ချက်များမှဟောပြောရန် အားပေးပါမည်။ ယင်းကိုသင်ပိုင်နိုင်ပြီဆိုလျှင် သင်သည် လူထုဟောပြောချက်ပေးသူအဖြစ် သိသိသာသာတိုးတက်နေပြီဖြစ်ကြောင်း သိရှိမည်။

၁၁ စာမဖတ်တတ်သော ကလေးများနှင့် လူကြီးများပင် အယူအဆများကို စိတ်တွင်မြင်ယောင်စေသည့် ပုံဥပမာများကိုအသုံးပြု၍ ဟောပြောချက်ပေးကြသည်။ သင်သည်လည်း နိုင်ငံတော်ဓမ္မအမှုတွင် ပါသည့် ကျမ်းစာတင်ဆက်ပုံများကဲ့သို့ အောက်လိုင်းရိုးရိုးကလေးဖြင့် ဟောပြောချက်ကို ပြင်ဆင်နိုင်သည်။ သင်သည် လယ်ကွင်းဓမ္မအမှုတွင် စာမူမရှိဘဲ မှန်မှန်ဟောပြောလေ့ရှိသည်။ ထိုသို့ပြုမည်ဟု သင်ဆုံးဖြတ်သည်နှင့် ကျောင်းတွင်ပါဝင်ခါစကဲ့သို့ ပြုနိုင်ပါလိမ့်မည်။

၁၂၊ ၁၃။ အောက်လိုင်းမည်သို့ရေးဆွဲနိုင်ကြောင်း အကြံပေးပါ။

၁၂ ဤအရည်အချင်းရှိရန် ကြိုးစားခြင်းသည် စာမူကို အသုံးမပြုရန် အကူအညီပေးခြင်းဖြစ်သောကြောင့် ပြင်ဆင်မှုပြုလုပ်ချိန်တွင်ကော ဟောပြောချိန်တွင်ပါ ဟောပြောချက်ကို အလွတ်မကျက်ထားပါနှင့်။ ထိုသို့ပြုလျှင် ဤသင်ခန်းစာ၏ ရည်ရွယ်ချက် ပျက်ပြားသွားမည်ဖြစ်သည်။

၁၃  ကျမ်းချက်များကို အသုံးပြုနေသည်ဆိုလျှင် အဘယ်သို့၊ အဘယ်သူ၊ အဘယ်အခါ၊ အဘယ်နေရာ၊ အစရှိသည့် ကြိယာဝိသေသနပုဒ်မေးခွန်းများ မိမိကိုယ်ကိုမေးမြန်းပါ။ ထို့နောက် ယင်းတို့သည် သင့်အကြောင်းအရာနှင့် အံဝင်မည်ဆိုလျှင် ၎င်းမေးခွန်းများကို သင့်မှတ်ချက်များအဖြစ် အသုံးပြုပါ။ ဟောပြောချက်ပေးရာတွင် ကျမ်းချက်တစ်ချက်ကိုသာဖတ်ပြပြီး သင့်ကိုယ်ကိုလည်းကောင်း၊ အိမ်ရှင်ကိုလည်းကောင်း သင့်တော်သလို ဤမေးခွန်းများကို မေးမြန်းပြီး ဖြေဆိုပါ။ ဤမျှပင် လွယ်ကူပါသည်။

၁၄၊ ၁၅။ အဘယ်အကြောင်းများကြောင့် စိတ်ဓာတ်မကျသင့်သနည်း။

၁၄ အစဦးဆုံးဟောပြောသူများက အချက်အလက်အချို့ မေ့သွားမည်ကို စိုးရိမ်တတ်ကြသည်။ သို့ရာတွင် သင့်ဟောပြောချက်ကို ကျိုးကြောင်းဆီလျော်စွာ အသေးစိတ်တင်ပြပြောဆိုသွားပါက တစ်ချက်တလေ မေ့သည့်တိုင် မည်သူမှ သတိပြုမိမည်မဟုတ်ပါ။ ဤအဆင့်အထိ အချက်အလက်များ စုံလင်ခြင်းကို အာရုံပြုနေသည်မဟုတ်သေးပါ။ အောက်လိုင်းမှ ဟောပြောတတ်ရန် သင်ယူခြင်းသည် ယခုသင့်အတွက်ပို၍အရေးကြီးသည်။

၁၅ ဤဟောပြောချက်ကိုပေးရာတွင် တတ်သိထားနှင့်ပြီးသော အရည်အချင်းများစွာ ပျောက်ဆုံးသွားပြီဟု သင်ယူမှတ်မိနိုင်သည်။ စိတ်မပူပါနှင့်။ ယင်းတို့ကို ပြန်သတိရပါလိမ့်မည်။ စာမူမပါဘဲ ဟောပြောတတ်ပြီဆိုလျှင် ထိုအရည်အချင်းများကို ပိုကျွမ်းကျင်စွာ အသုံးပြုနိုင်ကြောင်း သတိပြုမိလိမ့်မည်။

၁၆၊ ၁၇။ မှတ်ချက်ရေးရာတွင် အဘယ်အရာကို သတိရသင့်သနည်း။

၁၆ ဓမ္မအမှုကျောင်းတွင် ဟောပြောရာ၌ အသုံးပြုသော မှတ်ချက်များအကြောင်း အနည်းအကျဉ်းပြောပြလိုသည်။ ယင်းတို့ကို အယူအဆများ ပြန်သတိရစေရန်အတွက် အသုံးပြုသင့်သည်။ အလွတ်ရွတ်ပြဖို့ရန်အတွက် မဟုတ်ပါ။ မှတ်ချက်များသည် လိုရင်းတိုရှင်းဖြစ်သင့်သည်။ သိုသိပ်၊ စနစ်ကျနပြီး စာလုံးရှင်းလင်းပီသသင့်သည်။ သင့်ဇာတ်ကွက်သည် ပြန်လည်ပတ်မှုတစ်ခုဖြစ်ပါက သင့်မှတ်ချက်ကို ကျမ်းစာထဲတွင်ဖြစ်ဖြစ် မမြင်သာအောင်ထားသင့်သည်။ စင်မြင့်ပေါ်မှ ဟောပြောစင်အသုံးပြု ဟောမည်ဖြစ်လျှင် မှတ်ချက်ထားရန်အတွက် ပြဿနာမရှိပါ။ သို့သော် မသေချာလျှင် မည်သည့်အခြေအနေမျိုးအတွက်မဆို အသင့်ပြင်ဆင်ထားပါ။

၁၇ အကူအညီဖြစ်သည့် အခြားနည်းတစ်နည်းမှာ သင့်မှတ်ချက်များအထက်တွင် ခေါင်းစဉ်ကို ရေးသားထားခြင်းဖြစ်သည်။ အဓိကအချက်များသည်လည်း ကွင်းကွင်းကွက်ကွက် ထင်ရှားနေသင့်သည်။ ယင်းတို့ကို စာလုံးကြီးဖြင့်လည်းကောင်း၊ မျဉ်းသားခြင်းဖြင့်လည်းကောင်း ရေးဖို့ကြိုးစားပါ။

၁၈၊ ၁၉။ အောက်လိုင်းအသုံးပြုခြင်းကို မည်သို့လေ့ကျင့်နိုင်သနည်း။

၁၈ ဟောပြောချက်ပေးရာတွင် မှတ်ချက်အနည်းငယ်ကိုသာ အသုံးပြုရခြင်းကြောင့် ပြင်ဆင်မှုလျှော့လုပ်နိုင်သည်ဟု မဆိုလိုပါ။ ဟောပြောချက်ကို ဦးဆုံး အသေးစိတ်ပြင်ဆင်ပါ။ အောက်လိုင်းကို သင့်စိတ်ကြိုက် ပြည့်စုံနိုင်သမျှ ပြည့်စုံပါစေ။ ထိုနောက် အောက်လိုင်းကို ပြန်ပြင်ဆင်ပြီး များစွာအကျဉ်းချုပ်ပါ။ ယင်းကား ဟောပြောချိန်တွင် သင်အမှန်တကယ်အသုံးပြုမည့် အောက်လိုင်းပင်တည်း။

၁၉ ယခု အောက်လိုင်းနှစ်ခုစလုံးကို သင့်ရှေ့ချထားပြီး အကျဉ်းချုပ်အောက်လိုင်းကိုသာကြည့်ကာ ပထမအဓိကအချက်ကို မှတ်မိသမျှပြောပါ။ ၎င်းနောက် အသေးစိတ်ရေးထားသည့်အောက်လိုင်းကို ပြန်ကြည့်ပြီး အဘယ်အချက်များ ကျန်ခဲ့သည်ကို သတိပြုပါ။ ဆက်ပြီး သင့်အကျဉ်းချုပ်အောက်လိုင်းရှိ ဒုတိယအဓိကအချက်ကို ထပ်တူပြုလုပ်ပါ။ အချိန်တန်လျှင် ပိုတိုသောအောက်လိုင်းနှင့် သင်အကျွမ်းတဝင်ရှိလာရာ မှတ်ချက်အနည်းငယ်ကိုကြည့်ရုံဖြင့် အသေးစိတ်ရေးထားသည့်အောက်လိုင်းပါ အချက်အလက်တိုင်းကို သင်မှတ်မိနိုင်ပါလိမ့်မည်။ လေ့ကျင့်မှုများလာပြီး အတွေ့အကြုံရင့်ကျက်လာသည့်အခါ လက်တန်းပြောဆိုခြင်းအကျိုးများကို သင်တန်ဖိုးထားလာမည်ဖြစ်၍ လိုအပ်မှသာ စာမူကိုအသုံးပြုတော့မည်။ ဟောပြောသည့်အခါ ပိုသက်သောင့်သက်သာရှိပြီး သင့်ပရိသတ်သည် သင့်ကိုပိုလေးစားမှု တင်ပြလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ