ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၀ စာ. ၁၄၇-၁၅၂
  • ဟောပြောချက်တစ်ခု၏ ရှေ့နောက်ညီညွတ်သော ရှင်းလင်းတင်ပြပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဟောပြောချက်တစ်ခု၏ ရှေ့နောက်ညီညွတ်သော ရှင်းလင်းတင်ပြပုံ
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • အောက်လိုင်းရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အကြောင်းအရာကို ကျိုးကြောင်းဆီလျော်စွာ အဆင့်ဆင့် တည်ဆောက်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၀ စာ. ၁၄၇-၁၅၂

သင်ခန်းစာ ၃၀

ဟောပြောချက်တစ်ခု၏ ရှေ့နောက်ညီညွတ်သော ရှင်းလင်းတင်ပြပုံ

၁–၃။ ဟောပြောချက်တစ်ခုတွင် ရှေ့နောက်ညီညွတ်မှုသည် အဘယ်အခန်းကဏ္ဍမှ အထောက်အကူပြုသနည်း။ ယင်းကို မည်သို့ရရှိနိုင်သနည်း။

၁ ရှေ့နောက်ဆက်စပ်ညီညွတ်သောဟောပြောချက်သည် ပရိသတ် နားလည်ရန် လွယ်ကူ၏။ တစ်ဖက်တွင် ရှေ့နောက်ဆက်စပ်ညီညွတ်မှု မရှိလျှင် မကြာမီ အာရုံပြောင်းသွားနိုင်သည်။ ဟောပြောချက်ပြင်ဆင်ရာ၌ ဤအချက်ကို သတိမူရမည်ဖြစ်ကြောင်း ထင်ရှားသည်; ထို့ကြောင့် စကားပြောသွန်သင်ချက်စာရွက်တွင် “စကားဆက်များဖြင့် ရှေ့နောက်ဆက်စပ်ညီညွတ်စေခြင်း” အကြောင်းကို အသေအချာဂရုပြုထိုက်ရာအဖြစ် ဖော်ပြထားသည်။

၂ ရှေ့နောက်ဆက်စပ်ညီညွတ်မှုဟုဆိုရာတွင် အတွင်းသဘော စည်းကပ်နေခြင်း၊ အချက်အလက်များကို ပေါင်းစည်းပြီး ကျိုးကြောင်းဆီလျော်သောအကြောင်းတစ်ခု ဖြစ်ပေါ်စေခြင်းကို ဆိုလိုသည်။ အချက်အလက်များကို ကျိုးကြောင်းဆီလျော်စွာ အစဉ်လိုက်စီစဉ်ပေးရုံဖြင့် တစ်ခါတစ်ရံ ယင်းသို့ များစွာပြုနိုင်သည်။ သို့သော် ဟောပြောချက်အများတွင် အကြောင်းအချက်များကို အစဉ်လိုက်စီစဉ်ပေးရုံထက်မက ဆက်စပ်ပေးရန် လိုအပ်သောအပိုင်းများရှိသည်။ ဤသို့သောအခြေအနေမျိုးတွင် ရှေ့နောက်ဆက်စပ်ညီညွတ်မှုရှိစေရန် တစ်ချက်မှတစ်ချက်သို့ ကူးသည့်ပေါင်းကူးတံတားတစ်ခုလိုသည်။ ရှေ့တွင်တင်ပြခဲ့သည့်အကြောင်းနှင့် သဘောတရားအသစ်များသည် မည်သို့ဆက်စပ်ကြောင်းကိုပြသရန် စကားလုံးများ သို့မဟုတ် စကားစုများကို အသုံးပြုကြရ၏။ ဤသို့အားဖြင့် အချိန် သို့မဟုတ် ရှုမြင်ချက် ပြောင်းလဲသွား၍ ဖြစ်ပေါ်လာသည့် အဆက်ပြတ်မှုများကို စေ့စပ်ပေးသည်။ ယင်းကား စကားဆက်များဖြင့် ရှေ့နောက်ဆက်စပ်ညီညွတ်စေခြင်းဖြစ်သည်။

၃  ဥပမာ၊ ဟောပြောချက်တစ်ခု၏နိဒါန်း၊ ကိုယ်မနှင့် နိဂုံးချုပ်တို့သည် တစ်ပိုင်းနှင့်တစ်ပိုင်း မတူသော သီးခြားအပိုင်းများဖြစ်ရာ ယင်းတို့ကို ပေါင်းကူးများနှင့် အချိတ်အဆက်မိမိ ပေါင်းစည်းပေးရသည်။ ထို့ပြင် ဟောပြောချက်တွင် အဓိကအချက်များကို စေ့စပ်ပေးရန်လိုသည်။ အထူးသဖြင့် ထိုအဓိကအချက်တို့သည် စဉ်းစားထားသောလိုရင်းချက်နှင့် တိုက်ရိုက်သက်ဆိုင်ပုံမရှိလျှင် ဟောပြောချက်၌ ထိုသို့ပေါင်းစည်းပေးဖို့လို၏။ တစ်ခါတစ်ရံ စာကြောင်းများ သို့မဟုတ် စာပိုဒ်များကို စကားဆက်များဖြင့် ဆက်စပ်ပေးဖို့လိုသည်။

၄–၇။ ပေါင်းကူးအသုံးအနှုန်းများကို အသုံးပြုခြင်းအဓိပ္ပာယ်ကား အဘယ်နည်း။

၄ ပေါင်းကူးအသုံးအနှုန်းများကို အသုံးပြုခြင်း။ စကားဆက်များ သို့မဟုတ် စကားစုများကို လျောက်ပတ်စွာ အသုံးပြုခြင်းအားဖြင့် သဘောတရားတစ်ခုမှတစ်ခုသို့ မကြာခဏ ပေါင်းကူးတံတားတည်ဆောက်နိုင်ပါသည်။ ယင်းတို့အနက် အချို့မှာ– လည်း၊ ထပ်မံ၍၊ ထို့ပြင်၊ ထိုထက်ကား၊ ထိုနည်းတူ၊ အလားတူ၊ ယင်းသို့ဖြစ်ရကား၊ သို့ဖြင့်၊ ဤအကြောင်းများကြောင့်၊ ထို့ကြောင့်၊ အထက်ပါအကြောင်းကြောင့်၊ ယင်းကြောင့်၊ သို့ဖြစ်သောကြောင့်၊ ထို့နောက်၊ သို့သော်လည်း၊ တစ်ဖက်တွင်၊ ဆန့်ကျင်ဘက်အနေနှင့် ပြောင်းပြန်ဘက်တွင်၊ ယခင်က၊ ယခုအချိန်အထိ၊ အစရှိသည်တို့ဖြစ်သည်။ ဤစကားလုံးများသည် စာကြောင်းများနှင့် စာပိုဒ်များကို ထိရောက်စွာ ဆက်စပ်ပေးသည်။

၅ သို့သော်လည်း ဤစကားပြောအရည်အချင်း၌ ယင်းကဲ့သို့သော ဆက်စပ်ပေးသည့်စကားရပ်များထက်မက ပါဝင်လေ့ရှိသည်။ စကားတစ်လုံး သို့မဟုတ် စကားစုတစ်စုနှင့် မလုံလောက်သည့်အခါ ပရိသတ်အား အဆက်ပြတ်နေရာများကို ဆက်စပ်ပေးရန် ပေါင်းကူးများလိုသည်။ ယင်းသည် စာကြောင်းတစ်ကြောင်းလုံး သို့မဟုတ် သာ၍ပြည့်စုံသော ပေါင်းကူးပေးသည့် ဆင်ခြင်စဉ်းစားထားချက်ပင် ဖြစ်နိုင်သည်။

၆ ဤအဆက်ပြတ်နေရာများကို ပေါင်းကူးတံတားထိုးပေးနိုင်သည့် နည်းတစ်နည်းမှာ ရှေ့တွင်တင်ပြထားသောအချက်၏သက်ဆိုင်ပုံကို ဆက်ဖော်ပြမည့်အကြောင်း၏ နိဒါန်းအဝင်ဖြစ်စေခြင်းဖြင့်ဖြစ်သည်။ ဤနည်းကို တစ်အိမ်မှတစ်အိမ် ဟောပြောချက်များတွင် မကြာခဏအသုံးပြုလေ့ရှိသည်။

၇ ထို့ပြင် ဆက်တိုက်လာသောအချက်များကိုသာ ဆက်စပ်ပေးဖို့လိုသည်သာမက တစ်ခါတစ်ရံ ဟောပြောချက်တွင် အလှမ်းကွာဝေးနေသည့် အချက်အလက်များကို ဆက်စပ်ပေးသင့်သည်။ ဥပမာ၊ ဟောပြောချက်၏နိဂုံးကို နိဒါန်းနှင့် ဆက်စပ်ပေးသင့်သည်။ ဟောပြောချက်အစတွင် ဖော်ပြခဲ့သော သဘောတရား သို့မဟုတ် ပုံဥပမာတစ်ခု၏သက်ဆိုင်ပုံကို နိဂုံးချုပ်တွင် ပြန်တင်ပြပုံက လှုံ့ဆော်မှုဖြစ်စေသည်၊ သို့မဟုတ် ဟောပြောချက်၏ရည်ရွယ်ချက်နှင့် မည်သို့ဆက်စပ်သည်ကို ဖော်ပြပေမည်။ ပုံဥပမာ သို့မဟုတ် သဘောတရားတစ်ခု၏ ရှုထောင့်တစ်ဖက်ကို ဤနည်းအတိုင်း ပြန်ဖော်ပြခြင်းအားဖြင့် စကားဆက်ဖြစ်စေပြီး ရှေ့နောက်ဆက်စပ်ညီညွတ်မှုရှိစေသည်။

၈။ ပရိသတ်သည် ရှေ့နောက်ညီညွတ်မှုအတွက် ပေါင်းကူးများ အသုံးပြုခြင်းအပေါ် မည်သို့သြဇာသက်ရောက်သနည်း။

၈ သင့်ပရိသတ်အတွက် ပြည့်စုံလုံလောက်သော ရှေ့နောက်ဆက်စပ်ညီညွတ်မှု။ စကားဆက် မည်မျှအသုံးပြုရန် လိုအပ်ကြောင်းကို ဆုံးဖြတ်ရန် သင့်ပရိသတ်အပေါ် မူတည်သည်။ အချို့ပရိသတ်များသည် ပေါင်းကူးများမလိုဟု ဆိုလိုနေခြင်းမဟုတ်ဘဲ ဆက်စပ်ကြောင်း တင်ပြလိုသောစိတ်ကူးများနှင့် အကျွမ်းတဝင်မရှိခြင်းကြောင့် ပေါင်းကူးများ ပိုမိုလိုအပ်ခြင်းဖြစ်သည်။ ဥပမာ၊ ယေဟောဝါသက်သေများသည် လက်ရှိအစီအစဉ်စနစ်ဆိုး၏အဆုံးနှင့်စပ်ဆိုင်သော ကျမ်းချက်ကို နိုင်ငံတော်အကြောင်းတင်ပြသည့်ကျမ်းချက်နှင့် လွယ်လင့်တကူဆက်စပ်ယူလေ့ရှိသည်။ သို့သော် နိုင်ငံတော်သည် စိတ်နေစိတ်ထားဖြစ်သည်၊ သို့မဟုတ် နှလုံးတွင်းရှိအရာတစ်ခုဟု ယူမှတ်ထားသူအတွက် ယင်းဆက်စပ်မှုကို လွယ်ကူစွာ သဘောပေါက်နိုင်လိမ့်မည်မဟုတ်ပါ။ ထိုအခါ ဆက်စပ်မှုကို ရှင်းလင်းစွာ သဘောပေါက်နိုင်ရန် ပေါင်းကူး စိတ်ကူးတစ်ခုကို တင်ပြပေးရန် လိုပေမည်။ ဤသို့သော ပြုပြင်ပြောင်းလဲပြောဆိုနည်းများကို အသုံးပြုဖို့ရန် ကျွန်ုပ်တို့၏အိမ်ပေါက်စေ့လုပ်ငန်းတွင် ဆက်တိုက်ကြုံရတတ်သည်။

**********

၉–၁၃။ ဆင်ခြင်တုံတရားနှင့်ညီသော ရှင်းလင်းဖော်ပြပုံကား အဘယ်နည်း။ အကြောင်းပြချက်တစ်ခုကို အကျယ်တဝင့်ဖော်ပြရန် အခြေခံနည်းနှစ်နည်းကား အဘယ်နည်း။

၉ စကားပြောနိုင်သောစွမ်းရည်၏ အလွန်နီးစပ်သောကဏ္ဍတစ်ခုကား “ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖော်ပြပုံ” ဖြစ်ပြီး ယင်းကိုလည်း သွန်သင်ချက်စာရွက်ပေါ်တွင် ဖော်ပြထားသည်။ ယင်းသည် နားဝင်အောင်ပြောဆိုခြင်း၏ အခြေခံလိုအပ်ချက်ဖြစ်သည်။

၁၀ ဆင်ခြင်တုံတရားကား အဘယ်နည်း။ ကျွန်ုပ်တို့အတွက်ဆိုလျှင် ဆင်ခြင်တုံတရားဟူသည် မှန်ကန်စွာတွေးတောခြင်း၊ သို့မဟုတ် အကျိုးအကြောင်းခိုင်လုံစွာ စဉ်းစားဆင်ခြင်ခြင်းသိပ္ပံပညာရပ်ဟုဆိုနိုင်သည်။ ယင်းသည် အကြောင်းတစ်ခု၏ ဆက်စပ်သောအပိုင်းများကို ရှင်းပြနည်းဖြစ်သောကြောင့် နားလည်တတ်ကျွမ်းစေသည်။ ယင်းအပိုင်းများသည် တစ်ခုနှင့်တစ်ခု အဘယ်ကြောင့်တွဲဖက်လုပ်ဆောင်ကြောင်း ဆင်ခြင်တုံတရားက ဖော်ပြသည်။ ယင်း၏အကြောင်းပြပုံသည် အစိတ်အပိုင်းအားလုံးကို တဖြည်းဖြည်းအစီအစဉ်တကျရှိစေပြီး ပေါင်းစည်းနေသည့်ပုံစံပေါ်မည်ဆိုလျှင် ရှင်းလင်းဖော်ပြပုံသည် ရှေ့နောက်ဆက်စပ်ညီညွတ်နေသည်။ ဆင်ခြင်တုံတရားနှင့်ညီသော ရှင်းလင်းဖော်ပြပုံသည် အရေးကြီးသောအရာအလိုက်၊ အချိန်ကာလဖြစ်စဉ်အလိုက်၊ သို့မဟုတ် ပြဿနာတစ်ခုကို တင်ပြပြီးနောက် ၎င်း၏ဖြေရှင်းချက်ကို ဖော်ပြခြင်း၊ အစရှိသည့်နည်းများအစဉ်အတိုင်း ဖြစ်နိုင်သည်။

၁၁ အကြောင်းတင်ပြချက်ကို ရုပ်လုံးဖော်ရာတွင် လိုက်လျှောက်နိုင်သည့် အခြေခံနည်းနှစ်နည်းရှိသည်။ (၁) အထောက်အထား ခိုင်လုံစေရန် ဖြစ်ရပ်မှန်များကို တင်ပြကာ ပရိသတ်ရှေ့ အမှန်တရားကို တိုက်ရိုက်ဖော်ပြပါ။ (၂) မှားယွင်းသည့်အဆိုကို ထိုးနှက်တိုက်ခိုက်လိုက်ရာ ယင်းအဆို ဖြိုဖျက်ခံလိုက်ရသည်နှင့် အမှန်တရားသည် အလိုအလျောက် အထင်အရှားကျန်နေလိမ့်မည်။ ထိုအခါ ဆွေးနွေးနေသည့် အမှန်တရားများ၏ လက်တွေ့ကျမှုကို လျော်ကန်စွာ တင်ပြဖို့သာ ကျန်ကြွင်းတော့မည်။

၁၂ ဟောပြောသူများသည် တစ်ဦးနှင့်တစ်ဦး အကြောင်းပြချက် တစ်ထေရာတည်းဖြစ်မည်မဟုတ်ပါ။ အကြောင်းတစ်ခုတည်းကို ခြားနားစွာရေးသားဖော်ပြခြင်းနှင့်ပတ်သက်၍ အလွန်ကောင်းသည့်နမူနာကား ခရစ်ဝင်ကျမ်းလေးကျမ်းဖြစ်သည်။ ယေရှု၏ဓမ္မအမှုကို တပည့်တော်လေးဦးသည် ကိုယ့်အမြင်နှင့်ကိုယ် ပြုစုခဲ့ကြသည်။ တစ်ခုချင်းစီသည် ခြားနားသော်လည်း သူတို့အားလုံးသည် ကျိုးကြောင်းညီညွတ်ပြီး ဆင်ခြင်တုံတရားနှင့်ညီညွတ်သော တင်ပြချက်များဖြစ်သည်။ သူတို့တစ်ဦးစီသည် အထူးရည်ရွယ်ချက်တစ်ခုကိုဖော်ဆောင်ရန် အကျယ်တဝင့်ဖော်ပြခဲ့ရာ တစ်ဦးချင်းစီ၏ ရည်မှန်းချက် ပေါက်ရောက်ခဲ့သည်။

၁၃  ယင်းနှင့်စပ်လျဉ်း၍ သွန်သင်ချက်ပေးသူသည် သင့်ရည်ရွယ်ချက်ကို သိမြင်ရမည်။ သင်သည် ထိုရည်ရွယ်ချက်အထမြောက်မမြောက် ဟူသည့်အပေါ်တွင်အခြေပြုကာ အချက်အလက်စီစဉ်မှုကို ကြိုးစားအကဲဖြတ်ရမည်ဖြစ်သည်။ အထူးသဖြင့် သင့်အကြောင်းအရာကို နိဒါန်းပျိုးပြီး နိဂုံးချုပ်၌ ယင်း၏သက်ဆိုင်ပုံကို တင်ပြရာတွင် သင့်ရည်ရွယ်ချက်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြခြင်းအားဖြင့် သွန်သင်ချက်ပေးသူနှင့် သင့်ပရိသတ်ကိုပါ အကူအညီပေးနိုင်မည်။

၁၄၊ ၁၅။ အကြောင်းအရာတစ်ခုကို ကျိုးကြောင်းညီညွတ်သောအစီအစဉ်ဖြင့် ဖော်ပြခြင်းသည် အဘယ်ကြောင့် ဤမျှအရေးကြီးကြောင်း တင်ပြပါ။

၁၄ ကျိုးကြောင်းညီညွတ်သော အစီအစဉ်ဖြင့် အကြောင်းအရာကို ဖော်ပြခြင်း။ ဦးဆုံး၊ သင့်အကြောင်းအရာ၊ သို့မဟုတ် အောက်လိုင်းကို စုစည်းရေးဆွဲရာတွင် အချက်အလက်များကို တင်ပြတိုင်း ၎င်း၏မူလလိုအပ်ချက်ကို စကားပလ္လင်မခံဘဲ မတင်ပြရန် သတိပြုပါ။ မိမိကိုယ်ကို ဤမေးခွန်းများ အမြဲမေးမြန်းပါ– ဆက်ပြီး ဘာပြောရင် သဘာဝအကျဆုံးလဲ။ ဒီအထိဆိုရင် မေးနိုင်မဲ့ ဆင်ခြင်တုံတရားနဲ့ အညီဆုံးမေးခွန်းက ဘာဖြစ်မလဲ။ ယင်းမေးခွန်းကို မေးပြီးနောက် ဖြေပါ။ သင့်ပရိသတ်သည် ဤသို့အမြဲပြောနိုင်ရမည်– “ပြောတဲ့အတိုင်းဆိုရင် ဒီလိုဖြစ်တယ်ဆိုတာကို နားလည်နိုင်ပြီ။” အုတ်မြစ်မချထားလျှင် ထိုအချက်သည် ဆင်ခြင်တုံတရားနှင့်ညီသောအစီအစဉ် မဟုတ်ဟူ၍ အများအားဖြင့် ယူမှတ်ခံရလိမ့်မည်။ တစ်ခုခုပျောက်နေသည်။

၁၅ ဟောပြောမည့်အကြောင်းအရာကို စီစဉ်ရာ၌ တစ်ခုနှင့်တစ်ခုအလိုလိုမှီခိုနေသောကဏ္ဍများကို ထည့်စဉ်းစားသင့်သည်။ ယင်းကဏ္ဍတို့၏ဆက်စပ်မှုကိုသိရန် ကြိုးစားပြီး အစဉ်အတိုင်း စီစဉ်ထားသင့်သည်။ သို့ပြုခြင်းသည် အိမ်တစ်လုံးကိုဆောက်ခြင်းနှင့်တူ၏။ တိုက်မြစ်မချဘဲ နံရံထူရန် မည်သူမျှ ကြိုးစားမည်မဟုတ်ပါ။ နံရံများကို အင်္ဂတေကိုင်ပြီးမှ ရေပိုက်များသွယ်မည်လည်းမဟုတ်ပါ။ ဟောပြောချက်တစ်ခုတည်ဆောက်ရာ၌လည်း ဤသို့ပင်ဖြစ်သင့်သည်။ အပိုင်းတစ်ပိုင်းစီသည် သူ့နေရာနှင့်သူ အစီအစဉ်လိုက်ဖြစ်ပြီး သိပ်သည်းကျစ်လျစ်သော ဟောပြောချက်တစ်ခု ဖြစ်လာစေရန် အထောက်အကူပြုသင့်သည်။ တစ်ပိုင်းစီသည် ရှေ့ကအပိုင်းကို ထပ်လောင်းဖြည့်စွက်ပေးပြီး လာမည့်အပိုင်းများအတွက် လမ်းခင်းပေးရမည်။ သင့်ဟောပြောချက်တွင်ပါသော ဖြစ်ရပ်မှန်များကို တင်ဆက်ပေးပုံအစီအစဉ်နှင့်ပတ်သက်၍ အကြောင်းရင်းတစ်ခု အမြဲရှိသင့်သည်။

၁၆–၂၀။ မိမိဟောပြောချက်တွင် ဆီလျော်သောအကြောင်းသာ ပါဝင်ကြောင်း မည်သို့အသေအချာသိနိုင်သနည်း။

၁၆ သက်ဆိုင်ရာအကြောင်းကိုသာ အသုံးပြုခြင်း။ သင်အသုံးပြုသောအချက် တစ်ချက်စီသည် ဟောပြောချက်နှင့် ဆက်စပ်ဆီလျော်ရမည်။ သို့မဟုတ်ပါက မဆက်စပ်သကဲ့သို့ဖြစ်ပြီး အံဝင်မည်လည်းမဟုတ်ပါ; ယင်းသည် ဆွေးနွေးတင်ပြနေသည့်အကြောင်းနှင့် မဆီမဆိုင်၊ လုံးဝဆက်စပ်မှုမရှိဘဲဖြစ်ချေမည်။

၁၇ သို့သော်လည်း ဆက်စပ်ဆီလျော်စွာ တင်ပြမည်ဆိုလျှင် ယင်းသည် အပေါ်ယံအားဖြင့် မသက်ဆိုင်ပုံရှိသဖြင့် သွန်သင်ချက်ပေးသူသည် ဆီလျော်မှုမရှိဟုဆိုမည်မဟုတ်ပါ။ ဤအချက်ကို တမင်တကာရွေးချယ်အသုံးပြုထားခြင်းဖြစ်မည်။ ယင်းသည် အကြောင်းအချက်နှင့်ကိုက်ညီမည်၊ ဟောပြောချက်အဝင်ဖြစ်သည့် ကျိုးကြောင်းဆီလျော်သည့်အစီအစဉ် အစပျိုးမည်ဆိုလျှင် သွန်သင်ချက်ပေးသူသည် ယင်းကိုလက်ခံပါလိမ့်မည်။

၁၈ ဟောပြောချက်ပြင်ဆင်ရာတွင် ဆီလျော်မှုမရှိသောအကြောင်းကို မည်သို့အလျင်အမြန်လွယ်လင့်တကူ သိမြင်နိုင်မည်နည်း။ ဤတွင် အကြောင်းအရာအောက်လိုင်းသည် အလွန်အကျိုးထိရောက်သည်။ ယင်းသည် သင်တင်ပြသော သိသင့်သိအပ်ရာကို ခွဲခြားသတ်မှတ်ပေးသည်။ တစ်ခုစီတွင်ဆက်စပ်သည့် အကြောင်းအရာအားလုံးပါသည့် ကတ်ပြားများ သို့မဟုတ် အလားတူအရာတစ်မျိုးမျိုးကို စမ်းသုံးကြည့်ပါ။ ယခု သာမန်အရ တင်ပြမည်ဟုသင်ယူမှတ်သည့် အစီအစဉ်အတိုင်း ဤကတ်များကို ပြန်စီပါ။ ယင်းက အကြောင်းအရာတစ်ခုကို မည်သို့တင်ပြရမည့်အကြောင်း ဆုံးဖြတ်စေရုံမက ခေါင်းစဉ်နှင့် မဆီလျော်သော မည်သည့်အရာကိုမဆို ခွဲခြားသတ်မှတ်နိုင်ရန် အကူအညီဖြစ်ပေလိမ့်မည်။ ယင်းတို့သည် အကြောင်းပြချက်အတွက် လိုအပ်မည်ဆိုလျှင် အစီအစဉ်နှင့်အံမဝင်သည့်အချက်များကို ပြုပြင်ပြောင်းလဲပေးရမည်။ သို့သော် လိုအပ်သည့်အချက်များ မဟုတ်ပါက ခေါင်းစဉ်နှင့် မဆီလျော်သည့်အတွက် ဖယ်ထုတ်သင့်သည်။

၁၉ ယင်းမှ အလျင်အမြန်တွေ့ရှိနိုင်သည်ကား သင့်ပရိသတ်နှင့် သင့်ရည်မှန်းချက်အပေါ်မူတည်ပြီး ရွေးချယ်ထားသော သင့်ဟောပြောချက်၏ ခေါင်းစဉ်ကသာ အချက်တစ်ချက်သည် ဆီလျော်၊ မဆီလျော်ကြောင်းကို ဆုံးဖြတ်ပေးကြောင်းဖြစ်သည်။ အချို့သောအခြေအနေများတွင် သင့်ပရိသတ်၏ နောက်ခံကိုထောက်ပြီး အချက်တစ်ချက်သည် သင့်ရည်ရွယ်ချက်ဖြစ်မြောက်ရေးအတွက် အရေးပါပေမည်။ သို့သော် အခြားပရိသတ်တစ်ခု သို့မဟုတ် အခြားခေါင်းစဉ်တစ်ခုအတွက်မူကား ယင်းအချက်သည် လိုအပ်ရာမဟုတ်၊ လုံးဝမဆီလျော်ဘဲ ဖြစ်နိုင်သည်။

၂၀ ယင်းကြောင့် သင်တာဝန်ကျသည့် အကြောင်းအရာတစ်ခုကို အဘယ်အတိုင်းအတာအထိ ပြည့်ဝစုံလင်စွာ တင်ပြသင့်သနည်း။ သင်တာဝန်ကျသောအကြောင်းအရာတွင်ပါရှိသည့် အချက်အလက်တိုင်းကို ငုံမိစေဖို့အတွက်နှင့် ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖော်ပြပုံကို အဆုံးအရှုံးမခံသင့်ပါ။ သို့သော် ကျောင်းသားဟောပြောချက်များသည် ကျောင်းအစီအစဉ်၏ သွန်သင်ချက်ပေးသည့်အပိုင်းဖြစ်သဖြင့် လက်တွေ့အကျဆုံးသောအချက်တို့ကို ထည့်သွင်းမည့် ဇာတ်ကွက်တစ်ခုရွေးချယ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် သင့်ခေါင်းစဉ်ရှင်းလင်းတင်ပြပုံအတွက် အကောင်အထည်ပေါ်လာဖို့ရန် မရှိမဖြစ်သော အဓိကအချက်များကို မချန်ထားနိုင်ပါ။

၂၁။ အဓိကစိတ်ကူး တစ်ခုကိုမျှ မချန်ထားရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၂၁ အဘယ်အဓိကစိတ်ကူးကိုမျှ မချန်ထားပါ။ စိတ်ကူးတစ်ခုသည် အဓိကစိတ်ကူးတစ်ခု ဖြစ်မဖြစ် မည်သို့သိနိုင်မည်နည်း။ ၎င်းမပါဘဲ သင့်ဟောပြောချက်၏ရည်ရွယ်ချက်ကို မဖြစ်မြောက်နိုင်လျှင် ယင်းသည် မရှိမဖြစ်သောအချက်ဖြစ်သည်။ အထူးသဖြင့် ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖော်ပြပုံနှင့်ပတ်သက်၍ ထိုသို့ဖြစ်သည်။ ဥပမာ၊ ကန်ထရိုက်တာတစ်ဦးသည် နှစ်ထပ်အိမ်တစ်လုံးကိုဆောက်ပြီးနောက် လှေကားမတပ်ဆင်ပေးလျှင် သင်မည်သို့ပြုမည်နည်း။ ထိုနည်းတူ အရေးကြီးအချက်များကို ချန်လှပ်ထားသည့် ဟောပြောချက်တစ်ခုသည် အဘယ်နည်းဖြင့်မျှ ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖော်ပြပုံ မဖြစ်နိုင်ပါ။ တစ်ခုခုလိုနေသည်ဖြစ်ရာ ပရိသတ်သည် မျက်စိလည်နေမည်။ သို့သော် ရှေ့နောက်ညီညွတ်၍ ဆင်ခြင်တုံတရားနှင့် ရှင်းလင်းဖော်ပြထားသော ဟောပြောချက်တစ်ခုဖြစ်လျှင် ထိုသို့ဖြစ်မည်မဟုတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ