ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၉ စာ. ၄၂-၄၆
  • အောက်လိုင်းရေးဆွဲခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်လိုင်းရေးဆွဲခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အောက်လိုင်းတစ်ခု ရေးဆွဲခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစဉ်နှင့် အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • အောက်လိုင်း အသုံးပြုခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • အဓိကအချက်များကို ပေါ်လွင်စေခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၉ စာ. ၄၂-၄၆

သင်ခန်းစာ ၉

အောက်လိုင်းရေးဆွဲခြင်း

၁–၄။ ဟောပြောချက်တစ်ခု၏ ခေါင်းစဉ်နှင့် အဓိကအချက်များကို အဘယ်သို့ဆုံးဖြတ်နိုင်သနည်း။

၁ ‘ရှေးဦးစွာမှစ၍ စေ့စေ့ရှာဖွေလိုက်ပြီးလျှင် . . . ဧကန်အမှန်ဖြစ်ကြောင်း ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်း ရေးထား၍ ကြားလိုက်မည်အကြံရှိ၏’ ဟူ၍ သူငယ်ချင်းသော်ဖိလုထံသို့ လုကာရေးလိုက်၏။ (လု. ၁:၃) သို့ဖြင့် မိမိအကြောင်းအရာနှင့်သက်ဆိုင်သော အချက်များအားလုံးကို စုဆောင်းပြီး ရှာဖွေလေ့လာသည့်နောက် သူသည် နားလည်နိုင်အောင် အစဉ်လိုက် စီမံထားဖို့ ပြုလုပ်၏။ ကျွန်ုပ်တို့ဟောပြောချက်များကိုလည်း ပြင်ဆင်ရာတွင် ဤနည်းအတိုင်း လိုက်နာပါက အကျိုးရှိမည်။ ဆိုလိုသည်မှာ အောက်လိုင်းတစ်ခု ရေးဆွဲခြင်းပင်ဖြစ်၏။

၂ အဓိကအချက်များကို ရွေးချယ်ခြင်း။ စကားပြောခြင်း အထူးသဖြင့် ဘုရားနှုတ်ကပါဌ်တော်ကိုဆွေးနွေးခြင်းသည် အခြားသူတစ်ဦး၏စိတ်ထဲသို့ အချက်အလက်များသွင်းပေးစေဖို့ ရည်ရွယ်ချက်ရှိသောကြောင့် ဟောပြောချက်တစ်ခု၌ ကျွန်ုပ်တို့တင်ပြလိုသောအချက်များကို ပထမဦးဆုံး ကျွန်ုပ်တို့၏စိတ်ထဲတွင် ကောင်းစွာရှင်းလင်းနေဖို့လို၏။ အချက်အလက်များ စုဆောင်းပြီးနောက် သင်ဟောပြောပြီးသောအခါ ပရိသတ်ကို သူတို့နှင့်အတူ ပါသွားစေလိုသည့်အချက်သည် အတိအကျဘာဖြစ်ကြောင်း သင်ဆုံးဖြတ်နိုင်ပြီဖြစ်၏။ ၎င်းတို့ကို ဝါကျတစ်ခုတည်းနှင့် ပြောဆိုဖို့ ကြိုးစားပါ။ ၎င်း၌ ပရိသတ်မှတ်မိနိုင်မည့် ဟောပြောချက်တစ်ခုလုံး၏ အကျဉ်းချုပ်ပါပါက ယင်းသည် သင့်တော်သော ခေါင်းစဉ်ဖြစ်၏။ ထို့ကြောင့် သင်ပြင်ဆင်ရာ၌ ၎င်းကို ပြန်ကိုးကားနိုင်ဖို့ ရေးချထားပါ။

၃  ယခု သင်စုဆောင်းထားသောအကြောင်းမှ အဓိကခေါင်းစဉ်ပေါ်စေရန် အဓိကအချက်များကို ရွေးချယ်ပါ။ ယင်းတို့သည် ဟောပြောချက်၏ အဓိကအချက်များဖြစ်သင့်သည်။ စာရွက်ပိုင်းများပေါ် ထိုအကြောင်းအရာကို သင်ရေးထားပါက ၎င်းတို့ကို အစီအစဉ်လိုက် စားပွဲပေါ်ချထားပါ။ ဤအဓိကအချက်များကို အထောက်အကူပေးမည့် အခြားအချက်များကို ရွေးချယ်ပြီး အစီအစဉ်လိုက်ထားရာတွင် အချို့အချက်များသည် သင့်ခေါင်းစဉ်နှင့် မဆီလျော်လျှင် မသုံးပါနှင့်။ ဤသို့ပြုခြင်းသည် ဟောပြောချက်နှင့် မသက်ဆိုင်၊ အရာမရောက်သည့်အချက်အလက်များနှင့် ပြည့်နေခြင်းထက် သာ၍ကောင်းသည်။ အကြံပြုထားသည့်အတိုင်းပြုခြင်းဖြင့် အချိတ်အဆက်မမိမှုများကို လွယ်လွယ်နှင့်တွေ့နိုင်ပြီးပြင်ဆင်နိုင်သည်။ အကြောင်းအရာတို့ကို ဆက်စပ်မှုရှိရှိ အသင့်တော်ဆုံး စီစဉ်ပါ။ သို့ဖြင့် အောက်လိုင်း၏ခေါင်းစဉ်တစ်ခုစီသည် အရှေ့ကတစ်ခုနှင့် ဆက်စပ်နေပြီး အဓိကအချက်ကို ပေါ်လွင်စေကြောင်း သတိပြုမိမည်။ ထိုအဓိကခေါင်းစဉ်များအောက် အချက်တိုင်းသည် လျော်ကန်စွာ ထောက်ခံပေးခြင်းအားဖြင့် ဟောပြောချက်သည် ဆင်ခြင်တုံတရားနှင့် လျော်ညီစွာ ဆက်စပ်နေပါမည်။

၄ သင်ဖွဲ့စည်းလိုက်သောအချက်များသည် သင့်ဟောပြောချက်ကိုယ်မ ဖြစ်သင့်သည်။ ယခု နိဒါန်းနှင့် နိဂုံးချုပ်လို၏။ အဘယ်သို့ သင့်ဆွေးနွေးမှုကို ဖွင့်လှစ်လိုကြောင်း စဉ်းစားပြီးနောက် သင်ပြင်ဆင်ထားသည့် တင်ပြချက်ပေါ်မူတည်ပြီး သင့်ဟောပြောချက်၏ရည်ရွယ်ချက်နှင့်အညီ နားထောင်သူများအား လှုံ့ဆော်ပေးမည့် နိဂုံးချုပ်တစ်ခု ရွေးချယ်ပါ။ ယခု နောက်ဆုံးအနေနှင့် အကြောင်းအရာကို စာရွက်ပေါ် ရေးချဖို့ အဆင်သင့်ရှိပေပြီ။ ရေးချရာတွင် နည်းအမျိုးမျိုးရှိ၏။

၅၊ ၆။ အချက်အလက်နှင့် ဝါကျအောက်လိုင်းဆိုရာ၌ အဘယ်နည်း။

၅ အောက်လိုင်းအမျိုးအစားများ။ အများသုံးနေကျ အောက်လိုင်းနှစ်မျိုးမှာ အချက်အလက်နှင့် ဝါကျများဖြစ်၏။ ဤနှစ်မျိုးကို ပေါင်းစပ်၍လည်း အများသုံးကြ၏။ အချက်အလက်နှင့်ဆိုင်သောအောက်လိုင်းကို ပြင်ဆင်ရာ၌ စာရွက်ထိပ်တွင် ခေါင်းစဉ်ကိုရေးချပါ။ နောက်အဓိကအချက်များကို ခေါင်းစဉ်အောက်၌ အတိုကောက် ဘယ်ဘက်မာဂျင်၌ စရေးပါ။ အဓိကအချက်တစ်ခုစီအတွက် ဒုတိယအချက်များကို မာဂျင်၏ ညာဘက်အတွင်း၌ ယင်းထောက်ခံသောအချက်အောက်၌ရေးနိုင်၏။ ဤဒုတိယအချက်၌ ထပ်မံအချက်များ ရှိသေးပါက အတွင်းသို့ ထပ်၍ရေးထားပါ။ သို့ဖြင့် စာရွက်ကိုကြည့်လိုက်သည်နှင့်ချက်ချင်း ပရိသတ်ကို သင်နားလည်စေလိုသည့် အဓိကအချက်များကို တွေ့ မြင်နိုင်၏။ သို့ဖြင့် ပရိသတ်ကိုသင်နားလည်စေလိုသည့် အဓိကအချက်များကို ထပ်တလဲလဲ လေးနက်စွာ တင်ပြနိုင်ကာ ပို၍စွဲမှတ်စေ၏။

၆ အခြားတစ်မျိုးမှာ ဝါကျအောက်လိုင်းဖြစ်၏။ ဤအောက်လိုင်းမျိုး၌ သင့်သီးခြားသဘောထားများကို ပြည့်စုံသောဝါကျ အတိုကောက်ဖြင့်ဖော်ပြထား၏။ အခြားအချက်များကိုမူ အတွင်းဘက်တွင်ရေးနိုင်၏။ ဟောပြောရာတွင် ယင်းဝါကျကို ဟောပြောသူက တစ်ခါတစ်ရံဖတ်ပြတတ်ပြီး အကျယ်ချဲ့ပြောသည်။ အောက်လိုင်းနှစ်မျိုးစလုံးသည် အကျိုးဖြစ်ထွန်း၏။ ဝါကျအောက်လိုင်းသည် ပို၍စိတ်ကူးအပြည့်ဖော်ပြမှုပါဝင်သောကြောင့် အများအားဖြင့် အပတ်များစွာ ကြိုတင်၍ပြင်ဆင်ထားသော သို့မဟုတ် ထပ်တလဲလဲဟောရသော လူထုဟောပြောချက်ကဲ့သို့သော လများစွာခြားသော ဟောပြောချက်များအတွက် ပိုကောင်းသည်။

၇၊ ၈။ ဟောပြောချက်ကို တကယ်တင်ပြရာ၌ သင့်အောက်လိုင်းကို အဘယ်သို့ အသုံးပြုမည်နည်း။

၇ သင်၏ပဏာမအောက်လိုင်းအတွက် အချက်အလက် သို့မဟုတ် ဝါကျအောက်လိုင်း တစ်မျိုးမဟုတ်တစ်မျိုးကို အသုံးပြုနိုင်သည်။ ယင်းကို ပြည့်စုံစေချင်သလောက် ပြည့်စုံစေနိုင်၏။ ဤနည်းအားဖြင့် ပရိသတ်အား ရယူစေလိုသော အသေးစိတ်အချက်ကောင်းအားလုံးကို ပါဝင်စေနိုင်သည်။ သို့သော် ဟောပြောချက်ပေးရာ၌ ပိုပြီးတိုတုတ်သောအောက်လိုင်းကို အချို့နှစ်သက်သည်။ ပြင်ဆင်သည့်အခါ အောက်လိုင်းနှစ်မျိုးစလုံးကို ရှေ့တွင်ထားပြီး ပဏာမအောက်လိုင်းပါ ပို၍အသေးစိတ်ကျသော အချက်အလက်များကို သတိရစေသည့်အထိ တိုတုတ်သောအောက်လိုင်းနှင့်လေ့ကျင့်ပါ။ တိုတုတ်သောအောက်လိုင်းမှ ဤအချက်များကို သင့်စိတ်တွင်ပေါ်စေနိုင်သောအခါ ဟောပြောချက်ပေးရန် သင်အသင့်ရှိပေပြီ။

၈ ယင်းတို့သည် အောက်လိုင်းဆွဲခြင်းဆိုင်ရာ ပေါ်လွင်ချက်အတိုချုပ်ဖြစ်သည်။ ယခု ဟောပြောချက်တစ်ခု၏ အဓိကအပိုင်းသုံးခုကို အသေးစိတ်သုံးသပ်ကြည့်လျှင် အကျိုးရှိပေမည်။

၉–၁၂။ (က) ဟောပြောချက်နိဒါန်း၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ (ခ) နိဒါန်းတစ်မျိုး၏ ဥပမာတစ်ခုပေးပါ။

၉ နိဒါန်း။ နိဒါန်းစကားများ၏ရည်ရွယ်ချက်မှာ နားထောင်နေသူများ၏စိတ်ဝင်စားမှုကို နှိုးဆွပေးခြင်းဖြစ်သင့်သည်။ ထိုအဖွင့်ဝါကျများက သင်ဟောပြောမည့်အကြောင်းကို စိတ်ဝင်စားစေသင့်သည်။ ယင်းသည် သူတို့အတွက် အဘယ်ကြောင့်အရေးကြီးကြောင်း သဘောပေါက်စေသင့်သည်။ အထူးသဖြင့် ပထမဦးဆုံးဝါကျကို အသေအချာဂရုစိုက်သင့်သည်။ ယင်းသည် နားထောင်နေသူများနှင့် နှစ်လိုဖွယ်ထိတွေ့မှုဖြစ်ဖို့အရေးကြီးသည်။ တစ်ဖက်သတ်ဆန်ခြင်း၊ အမျက်နှိုးဆွခြင်း မဖြစ်သင့်ပေ။

၁၀ နိဒါန်းအမျိုးမျိုးရှိ၏။ ပုံဥပမာတစ်ခုတင်ပြပေမည်၊ နားထောင်သူများ ကြားဖူးသော ကိုးကားချက်တစ်ခု၊ ဖြေရှင်းရန်လိုသည့် ပြဿနာတစ်ခု အစရှိသ၍ကိုတင်ပြနိုင်၏။ အကြောင်းအရာ၏ သမိုင်းနောက်ခံက ယင်းကိုယ်နှိုက်၏နိဒါန်းဖြစ်နိုင်၏။ မေးခွန်းများ တသီတတန်းမေးနိုင်သည်။ သင်တင်ပြမည့် အဓိကအချက်များကိုပင် တိုတိုတုတ်တုတ်ပြောနိုင်၏။

၁၁ နိဒါန်းသည် ဟောပြောချက်နှင့် ဆီလျော်ဖို့အရေးကြီး၏။ သို့ဖြင့် ထူးခြားသောပုံဥပမာတစ်ခုသည် အလွန်ထိရောက်နိုင်၏၊ အထူးသဖြင့် ဟောပြောသူသည် ဟောပြောချက်တစ်လျှောက် ယင်းမှကောက်နုတ်သွားလျှင်ဖြစ်သည်။ ပုံဥပမာကို ကောင်းစွာရွေးချယ်ထားလျှင် ယင်းက ဟောပြောချက်ကို ပိုမိုစိတ်ဝင်စားဖွယ်ဖြစ်စေမည်သာမက လိုက်၍မီရန်နှင့် သတိရဖို့ လွယ်ကူမည့်အပြင် ဆက်စပ်မှုတွင်လည်း ထောက်ကူမည်။

၁၂ နိဒါန်းကို တင်ပြပုံသည် ပရိသတ်တင်ပြမည့် စိတ်ဝင်စားမှုအတိုင်းအတာနှင့် များစွာသက်ဆိုင်မည်။ ဟောပြောသူသည် စကားမထစ်မငေါ့ဘဲ၊ ရပ်နားမနေဘဲ ခိုင်မာစွာ၊ စိတ်ချယုံကြည်စွာ ပြောသင့်၏။ ဤအကြောင်းကြောင့် အချို့က ချောမွေ့စွာအစပြုနိုင်ရန် ပထမစာကြောင်းတစ်ကြောင်းနှစ်ကြောင်းကို ရေးချထားခြင်းသည် အကူအညီဖြစ်ကြောင်း တွေ့ရှိခဲ့ပြီ။

၁၃–၁၆။ (က) ကိုယ်ထည်ကို မည်သို့တည်ဆောက်မည်ကိုရှင်းပြပါ။ (ခ) အချိန်သည် ကိုယ်ထည်၏ ပြင်ဆင်ခြင်းကို အဘယ်သို့ လွှမ်းမိုးရမည်နည်း။

၁၃  ဟောပြောချက်၏ကိုယ်ထည်ကို နည်းအမျိုးမျိုးဖြင့် တင်ပြနိုင်သည်။ အရေးမကြီးလှသည့် အချက်များကို ပထမပြော၍ အခိုင်မာဆုံးအချက်များကို နောက်ဆုံးမှပြောခြင်းဖြင့် အထွတ်အထိပ်သို့တက်သွားနိုင်သည်။ တမန်တော် ၇:၂-၅၃ အရ အကြောင်းအရာကို သက္ကရာဇ်စဉ်အလိုက် တင်ပြနိုင်သည်။ ခြုံငုံခေါင်းစဉ်ပြင်ဆင်ရာတွင် အဓိကအချက်များကိုအခြေခံ၍ ဟောပြောချက်တစ်ခုကို အဓိကအပိုင်းများသို့လည်း ခွဲခြားနိုင်သည်။ ဥပမာ၊ ခေါင်းစဉ်သည် “သေခြင်းမှ ရွေးနုတ်ဖိုး” ဖြစ်ပါက ဤအဓိကအချက်များ “သေခြင်း မည်သို့ဖြစ်ပျက်လာ၊” “လူသားသည် ရွေးနုတ်ဖိုး မပေးနိုင်၊” “မည်သူသာလျှင် ပေးနိုင်၊ အဘယ်ကြောင့်နည်း၊” နှင့် “ရွေးနုတ်ဖိုးကြောင့် ရရှိသော ကောင်းချီးများ” အစရှိသည်တို့အောက် တင်ပြပြောဆိုနိုင်သည်။

၁၄ ပေါလုက ပထမအသင်းတော်တစ်ခုလုံး၊ နောက် မိန်းမများ၊ နောက် ယောက်ျား၊ ကလေးများအား မှာကြားခဲ့သကဲ့သို့ တစ်ခါတစ်ရံ သင့်ဟောပြောချက်ကို အတန်းအစားခွဲခြားတင်ပြနိုင်သည်။ (ဧဖက် အခန်းကြီး ၅ နှင့် ၆ ရှု။) သို့မဟုတ် သင့်အကြောင်းအရာအရ အကြောင်းရင်းနှင့် အကျိုးဆက် ရှင်းပြပုံ၊ သို့မဟုတ် ပြဿနာတစ်ခုကိုတင်ပြလျက် အဖြေကို ဆက်ရှင်းပြပုံကို အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံ ဤနည်း နှစ်နည်းသုံးနည်းကို ပေါင်းပြီး ထိရောက်စွာ အသုံးပြုနိုင်၏။

၁၅ သက္ကရာဇ်စဉ်ဖြင့်အစမပြုဘဲ အဖြစ်အပျက်များကို တိုက်ရိုက်ပြောဆိုခြင်းသည် အသုံးပြုလေ့ရှိသောနည်းဖြစ်သည်။ သရုပ်ဖော်အကြောင်းအရာသည် ဟောပြောချက်ကို ပို၍ထပ်ဆင့်ပေးသည်။ အခြားဟောပြောချက်များကိုမူ လတ်တလောအရေးကိစ္စအချို့၏ အကျိုးအပြစ်အပေါ်၊ အချေအတင်ပြောဆိုမှုအပေါ်အခြေခံကာ စိတ်ဝင်စားဖွယ်နည်းဖြင့် အောက်လိုင်းရေးဆွဲနိုင်သည်။

၁၆ အချိန်ကိုလည်းထည့်စဉ်းစားကာ သင့်အောက်လိုင်း၌ အကြောင်းအရာမများလွန်းစေသင့်။ ၎င်းကိုတင်ပြဖို့ အချိန်မလုံလောက်ပါက အကြောင်းအရာကောင်းသည် တန်ဖိုးလျော့သွားမည်။ ထို့ပြင် မိမိသိထားသည့်အကြောင်းအကုန်ကို တစ်ချိန်တည်း ပြောရမည်မဟုတ်ပါ။ အခြားအချိန်တစ်ချိန်တွင် ထပ်တူအကြောင်းခေါင်းစဉ်ကို အခြားရှုထောင့်တစ်ဖက်မှလည်း ပြောဆိုနိုင်၏။ အဓိကအချက်တစ်ခုစီအတွက် လျောက်ပတ်သောအချိန်ကန့်သတ်ပြီး ထိုအချိန်အတွင်း သဘာဝကျစွာပြောဆိုနိုင်အောင် ပြုပြင်ပေးပါ။ အရေအတွက်မဟုတ်ဘဲ ယင်း၏ အရည်အချင်းက အရေးကြီးသည်။

၁၇–၂၀။ နိဂုံးချုပ်သည် အဘယ်ကြောင့် အရေးကြီး၍ ၎င်းကို အဘယ်သို့တည်ဆောက်မည်နည်း။

၁၇ နိဂုံးချုပ်။ မည်သည့်ဟောပြောချက်၏နိဂုံးချုပ်ကိုမဆို သေချာစွာစဉ်းစားပြင်ဆင်ဖို့လို၏။ ကိုယ်ထည်မှအချက်အားလုံးကို စုသိမ်းပြီး ပရိသတ်ကို ယုံကြည်စေ၍ ထိုယုံကြည်ချက်နှင့်အညီ လုပ်ကိုင်ဖို့ လှုံ့ဆော်ပေးသင့်၏။ သို့သော် တိုတိုနှင့်လိုရင်းဖြစ်ရမည်။

၁၈ သင်ပြင်ဆင်ပြီးသောခေါင်းစဉ်အရ သင်ရွေးချယ်သောပုံစံအမျိုးမျိုးရှိ၏။ အဓိကအချက်များကို ကျိုးကြောင်းညီညွတ်စွာ အစဉ်အတိုင်း အတိုချုပ်ပြီး နိဂုံးသို့ ဦးတည်ပြောနိုင်၏။ သို့မဟုတ် ထိုအကြောင်းသည် နားထောင်သူအတွက် အဘယ်သို့သက်ဆိုင်၍ သူ မည်သို့အသုံးပြုသင့်ကြောင်း ပြောနိုင်၏။ အချို့ဟောပြောချက်များ၌ အထူးသဖြင့် တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ဟောပြောချက်များပေးရာတွင် လှုံ့ဆော်မှုဖြစ်စေသော နိဂုံးချုပ်ရှိသင့်သည်။ ယင်းသည် အိမ်ရှင်အား၊ ဥပမာ၊ စာပေများလက်ခံဖို့ သို့မဟုတ် ကျမ်းစာသင်အံမှုလက်ခံဖို့ လှုံ့ဆော်ပေးနိုင်သည်။

၁၉ နိဂုံးချုပ်သည် နားထောင်သူ၏စိတ်ထဲ၌ ကျန်ရစ်စေရမည့် အဓိကအချက်သို့ဦးတည်ပေးသည့် အထွတ်အထိပ်တစ်ခုလည်း ဖြစ်ပေမည်။ ဟောပြောချက်ကို ထိရောက်စေဖို့ နိဂုံးကို နိဒါန်းတွင်ဖော်ပြခဲ့သည်နှင့် ဆက်စပ်နိုင်၏။ အဖွင့်ပုံဥပမာ သို့မဟုတ် ကိုးကားချက်ကိုပြန်ရည်ညွှန်းနိုင်၏။ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီး လိုက်နာဖို့အရေးကြီးပုံကို နိဂုံးချုပ်၌ ပြောလေ့ရှိသည်။ အဓိကဥပမာမှာ၊ ယောရှုမသေမီ သူ၏နှုတ်ခွန်းဆက်စကားကို ခြုံငုံ၍ပြောခဲ့သောစကားများဖြစ်သည်။​—ယောရှု ၂၄:၁၄၊ ၁၅။

၂၀ သို့ဖြင့် ကောင်းစွာပြင်ဆင်ထားသည့် အောက်လိုင်းဆွဲထားသော ဟောပြောချက်တစ်ခု၌ စိတ်ဝင်စားမှုကိုနှိုးဆွပေးသည့် နိဒါန်းရှိရမည်။ ခေါင်းစဉ်ကိုထောက်မသည့် သေချာစွာ ရွေးချယ်ထားသည့် အဓိကအချက်များကို ဖွဲ့စည်းထားမှုပါဝင်သင့်သည်။ ပေးခဲ့သော ကျမ်းဆိုင်ရာသြဝါဒနှင့် ညီလျော်စွာပြုကျင့်ဖို့ နားထောင်သူများအား နှိုးဆွပေးသော နိဂုံးဖြစ်သင့်သည်။ အောက်လိုင်းပြုလုပ်ရာ၌ ဤအချက်အားလုံးကို ပြင်ဆင်ရမည်။ သင့်ဟောပြောချက်ကိုကျွမ်းကျင်စွာ အောက်လိုင်းရေးဆွဲခြင်းက သင့်အားအချိန်သက်သာစေပြီး အဓိပ္ပာယ်ရှိသောဟောပြောချက်ဖြစ်စေကာ ကြားနာသူများ၏စိတ်တွင် တန်ဖိုးရှိသောသွန်သင်ချက်များ တာရှည်စွာစွဲမှတ်စေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ