ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၃ စာ. ၁၆၃-၁၆၇
  • စိတ်ထက်သန်ခြင်းနှင့် ဖော်ရွေပျူငှာခြင်းကို တင်ပြခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ထက်သန်ခြင်းနှင့် ဖော်ရွေပျူငှာခြင်းကို တင်ပြခြင်း
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • စိတ်ထက်သန်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • နွေးထွေးမှုနှင့် ခံစားမှု
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၃ စာ. ၁၆၃-၁၆၇

သင်ခန်းစာ ၃၃

စိတ်ထက်သန်ခြင်းနှင့် ဖော်ရွေပျူငှာခြင်းကို တင်ပြခြင်း

၁။ အဘယ်အရာက စိတ်ထက်သန်မှုကို လှုံ့ဆော်ပေးမည်နည်း။

၁ စိတ်ထက်သန်ခြင်းသည် ဟောပြောချက်တစ်ခု၏ အသက်ဖြစ်သည်။ သင်ကိုယ်နှိုက်က မိမိပြောဆိုသည့်အကြောင်းအပေါ် စိတ်ထက်သန်မှုမရှိလျှင် ပရိသတ်လည်း စိတ်ထက်သန်မည်မဟုတ်ပါ။ သင့်ကိုစိတ်မလှုပ်ရှားစေလျှင် သူတို့ကိုလည်း စိတ်လှုပ်ရှားစေလိမ့်မည်မဟုတ်ပါ။ သို့သော် ဟောပြောသူအနေနှင့် သင်သည် စိတ်ထက်သန်မှုကို တကယ်တင်ပြနိုင်ရန် သင်ပြောရမည့်အချက်ကို ပရိသတ်ကြားရဖို့လိုကြောင်း အခိုင်အမာယုံကြည်ရမည်။ ထိုသို့ဖြစ်စေရန် သင်သည် ဟောပြောချက်ကိုပြင်ဆင်ရာတွင် သူတို့ကိုထည့်စဉ်းစားကာ သူတို့အတွက် အကျိုးအရှိဆုံးအချက်များကိုရွေးပြီး ၎င်း၏တန်ဖိုးကို ပရိသတ်အနေနှင့် အလွယ်တကူတန်ဖိုးထားလေးစားနိုင်မည့်ပုံစံမျိုး ချပေးပါဟုဆိုလိုသည်။ ထိုသို့ပြုခဲ့ပြီဆိုလျှင် စိတ်အားထက်သန်စွာပြောဆိုဖို့ တိုက်တွန်းခံရပြီး သင့်ပရိသတ်ကလည်း တုံ့ပြန်ပါလိမ့်မည်။

၂–၅။ အားတက်သရောဟောပြောမှုသည် စိတ်ထက်သန်မှုကို မည်သို့ထုတ်ဖော်သနည်း။

၂ အားတက်သရောဟောခြင်းက စိတ်ထက်သန်မှုကိုပြ။ အားတက်သရောမြွက်ဆိုပုံက စိတ်ထက်သန်မှုကို အပီပြင်ဆုံး ဖော်ပြသည်။ ဥပေက္ခာပြုခြင်း၊ သို့မဟုတ် စိတ်မပါ့တပါသဘောထားမျိုးကို တင်ပြ၍မဖြစ်ပါ။ သင့်မျက်နှာအနေအထား၊ အသံနေအသံထားနှင့် ဟောပြောပုံတို့သည် အသက်ဝင်နေရမည်။ အားမာန်ပါပါနှင့်ဟောရမည်ဟု ဆိုလိုပါသည်။ ယုံကြည်စိတ်ချသည့်ပုံထွက်ရမည်ဖြစ်သော်လည်း တစ်ယူသန်မဖြစ်ရ။ စိတ်ထက်သန်သင့်သော်လည်း မည်သည့်အခါမျှ စိတ်မထိန်းနိုင်သည့်အထိ မဖြစ်သင့်ပါ။ စိတ်မထိန်းနိုင်ခြင်းသည် ပရိသတ်ကို ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။

၃  စိတ်ထက်သန်မှုသည် ဓာတ်ကူးတတ်သည်။ သင်သည် မိမိဟောပြောချက်တွင် စိတ်ထက်သန်မည်ဆိုလျှင် သင့်စိတ်ထက်သန်မှုသည် သင့်ပရိသတ်သို့ ဓာတ်ကူးသွားလိမ့်မည်။ သင်သည် ပရိသတ်နှင့် ဆက်သွယ်မှုကောင်းသဖြင့် ၎င်းကိုတွေ့ မြင်သောကြောင့် သင့်ထံပြန်ဓာတ်ကူးလာရာ သင့်စိတ်ထက်သန်မှုကို ဆက်၍ရှင်သန်နေစေပါ။ တစ်ဖက်တွင် သင်သည် တက်ကြွမှုမရှိ အသေကဲ့သို့ဖြစ်နေလျှင် သူတို့လည်း ထို့အတူဖြစ်လိမ့်မည်။

၄ ကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်တော်ဖြင့် ထွန်းလင်းသင့်သည်ဟု ပေါလုပြောခဲ့သည်။ သင် ထိုသို့ထွန်းလင်းမည်ဆိုလျှင် သင်၏အားတက်သရောဟောပုံကြောင့် ပရိသတ်သို့ ဘုရားသခင်၏ဝိညာဉ်တော်သွန်းဖြိုးကာ သူတို့အား လက်တွေ့လုပ်ကိုင်ရန် လှုံ့ဆော်တိုက်တွန်းပေးသည်။ အာပေါလုသည် ဟောပြောရာတွင် အဆိုပါဝိညာဉ်တော်ထင်ရှားရာ သူ့ကို အဟောအပြောကောင်းသူဟုခေါ်ထားသည်။​—ရော. ၁၂:၁၁; တ. ၁၈:၂၅; ယောဘ ၃၂:၁၈-၂၀; ယေရ. ၂၀:၉။

၅ ဟောပြောချက်တစ်ခုနှင့်စပ်လျဉ်း၍ စိတ်ထက်သန်မှုရှိရန် ယင်းသည် ဟောပြောထိုက်သောအကြောင်းဖြစ်သည်ဟု ယုံကြည်စိတ်ချရမည်။ ဟောပြောသူအနေနှင့် သင်ကိုယ်နှိုက်ကို ဦးစွာလှုံ့ဆော်ပေးမည့်အကြောင်းများပါသည်ဟု ကိုယ်တိုင်ခံစားရသည့်အထိ ပြင်ဆင်ပါ။ အကြောင်းအရာအသစ်ဖြစ်ဖို့မလိုသော်လည်း သင်တင်ဆက်ပုံကို ဆန်းသစ်ပေးနိုင်သည်။ သင့်ပရိသတ်ကို ဝတ်ပြုရေးတွင် အားရှိစေမည့်၊ ပို၍ကောင်းသောအမှုဆောင်များ၊ ပို၍ကောင်းသောခရစ်ယာန်များဖြစ်စေမည့်အကြောင်း သင်၌ရှိသည်ဟု သင်ခံစားရမည်ဆိုလျှင် စိတ်ထက်သန်မှုရှိဖို့ ကျိန်းသေသည်။ အမှန်လည်း စိတ်ထက်သန်လိမ့်မည်။

၆–၉။ ဟောပြောသည့်အကြောင်းသည် စိတ်ထက်သန်စွာဟောပြောခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။

၆ အကြောင်းအရာနှင့်ဆီလျော်သော စိတ်ထက်သန်မှု။ သင့်ဟောပြောချက်တွင် အပြောင်းအလဲလုပ်ရန်နှင့် ပရိသတ်ကိုအကျိုးဖြစ်စေရန် ဟောပြောချက်တစ်လျှောက်လုံး စိတ်ထက်သန်လွန်းမှု တစ်ပြေးတည်းမထားသင့်။ ထိုသို့ဖြစ်လျှင် ပရိသတ်သည် ဘာကိုမျှလက်တွေ့စတင်မလုပ်မီကတည်းက မောပန်းနေပေမည်။ ထို့ကြောင့် သင့်ဟောပြောချက်နှင့်အညီ အပြောင်းအလဲလုပ်ရန် အချက်အလက်အလုံအလောက် ပြင်ဆင်ထားဖို့လိုကြောင်း ယင်းက ထပ်၍အလေးပေးဖော်ပြသည်။ ဆိုလိုသည်မှာ သင်တင်ပြသောအချက်အလက်အချို့သည် အခြားအချက်အလက်များထက် ပိုမိုစိတ်ထက်သန်စွာ ပြောဆိုရန် လိုအပ်ပေမည်။ ယင်းတို့ကို သင့်ဟောပြောချက်တစ်လျှောက်လုံး အချိတ်အဆက်မိမိ ကျွမ်းကျင်စွာ တင်ပြသွားသင့်သည်။

၇ အထူးသဖြင့် အဓိကအချက်များကို စိတ်အားထက်သန်စွာပြောဆိုသင့်သည်။ သင့်ဟောပြောချက်တွင် အဓိကအထွတ်အထိပ်အချက်များရှိရမည်။ ယင်းတို့သည် သင့်ဟောပြောချက်၏ ပေါ်လွင်ချက်များဖြစ်သောကြောင့် သင့်ပရိသတ်ကိုလှုံ့ဆော်ပေးရန် သင်၏အချေအတင်တင်ပြချက်၊ အကြောင်းပြချက် သို့မဟုတ် အကြံဉာဏ်ပေးချက်များ၏ သက်ဆိုင်ပုံကို ပရိသတ်သဘောပေါက်ရန်ဖန်တီးသည့် အချက်များဖြစ်လေ့ရှိသည်။ ယခုဆိုလျှင် သင့်ပရိသတ်သည် ယုံကြည်လက်ခံနိုင်ပြီဖြစ်ရာ သူတို့ကို တိုက်တွန်းပေးဖို့၊ သင့်ကောက်ချက်များ၏အကျိုးများကို ဖော်ပြဖို့၊ ဤခံယူချက်များကို လိုက်လျှောက်ခြင်းဖြင့် ရရှိမည့်ပျော်ရွှင်မှုနှင့် အခွင့်အရေးများကို တင်ပြပေးဖို့လိုသည်။ ယင်းသို့ပြုရန် စိတ်ထက်သန်စွာဟောဖို့ လိုအပ်သည်။

၈ သို့သော် အခြားအချိန်အခါများတွင် အေးတိအေးစက်ဖြစ်သွားရန်မဟုတ်ပါ။ အကြောင်းအရာအပေါ် မည်သည့်အခါမျှ သင့်စိတ်ထက်သန်မှု သို့မဟုတ် စိတ်ဝင်စားမှုကို မလျော့နည်းစေသင့်ပါ။ အနည်းငယ်ရှင်းလင်းထားသောစားကျက်တွင် အေးအေးလူလူ မြက်စားနေသောသမင်တစ်ကောင်ကို မြင်ယောင်လိုက်ပါ။ ၎င်းသည် အေးဆေးနေသယောင်ထင်ရသော်လည်း အန္တရာယ်အရိပ်အယောင်တွေ့သည်နှင့်ပင် တစ်ရှိန်ထိုးခုန်ထွက်ပြေးနိုင်ရန် ၎င်း၏သေးသွယ်သောခြေတို့တွင် မမြင်ရသောခွန်အားရှိပြီး အေးအေးဆေးဆေးနေသော်လည်း အစဉ်နိုးကြားလျက်ရှိနေ၏။ သင်သည်လည်း စိတ်အထက်သန်ဆုံးနှင့် မဟောသည့်အချိန်တွင် နိုးကြားနေနိုင်သည်။

၉ ယင်းတို့အားလုံးကား ဘာကိုဆိုလိုသနည်း။ အားတက်သရောဟောပြောခြင်းကို ဟန်ပြလုပ်၍မရပါ။ ယင်းအတွက် အကြောင်းရင်းရှိသင့်ပြီး ယင်းအကြောင်းရင်းကို သင့်ဟောပြောချက်မှ ယူရမည်။ သင့်စိတ်ထက်သန်မှုသည် သင်ဟောပြောသည့်အကြောင်းအရာနှင့် ဆီလျော်မဆီလျော်ဆိုသည်ကို သွန်သင်သူကစဉ်းစားမည်။ ပိုလွန်းသလော၊ နေရာလွဲနေသလော။ တစ်ဦးချင်း၏ကိုယ်ရည်ကိုယ်သွေးကို သူထည့်တွက်မည်ဖြစ်သော်လည်း သင်သည် ရှက်တတ်၍ မဝံ့မရဲဖြစ်မည်ဆိုလျှင် အားပေးပါလိမ့်မည်၊ သင်ပြောဆိုသမျှတွင် စိတ်လှုပ်ရှားလွန်းနေပုံရလျှင် သတိပေးပါမည်။ ထို့ကြောင့် သင့်စိတ်ထက်သန်မှုသည် သင်ဟောပြောသောအကြောင်းနှင့် ကိုက်ညီပြီး သင်၏တက်ကြွစွာဟောပြောမှုသည် ဟောပြောချက်တစ်လျှောက်လုံး မျှမျှတတရှိစေရန် သင့်အကြောင်းအရာကို ပြောင်းလဲပေးပါ။

**********

၁၀–၁၂။ ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှုတို့ကား အဘယ်နည်း။

၁၀ စိတ်ထက်သန်ခြင်းသည် ဖော်ရွေပျူငှာမှု၊ ခံစားမှုတို့နှင့် အလွန်ဆက်စပ်နေသည်။ သို့ရာတွင် ယင်းတို့ကို သီးခြားစိတ်လှုပ်ရှားမှုများဖြင့်တင်ပြတတ်ကြပြီး ပရိသတ်အပေါ် အကျိုးသက်ရောက်မှု တစ်မျိုးစီဖြစ်ထွန်းစေသည်။ သင်သည် ဟောပြောသူတစ်ဦးအနေနှင့် များသောအားဖြင့် သင်ဟောပြောသည့်အကြောင်းအရာကြောင့် စိတ်အားထက်သန်ပေမည်။ သို့သော် ပရိသတ်ကို ကူညီလိုသောဆန္ဒဖြင့် သူတို့အကြောင်းစဉ်းစားလိုက်သောအခါ သင်သည် ဖော်ရွေပျူငှာနေပါသည်။ စကားပြောသွန်သင်ချက်စာရွက်၌ “ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှု” ဟုဖော်ပြထားသောအရည်အချင်းကို အလေးအနက် ဂရုပြုသင့်သည်။

၁၁ ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှုတင်ပြလျှင် သင်သည် မေတ္တာကရုဏာနှင့် အကြင်နာတရားရှိသူဖြစ်ကြောင်း ပရိသတ်ခံစားရမည်။ ချမ်းအေးသောညတစ်ည၌ မီးနားကပ်နေချင်သကဲ့သို့ ပရိသတ်ကို သင်ဆွဲဆောင်နိုင်ပေမည်။ စိတ်ပါလက်ပါဟောပြောခြင်းက လှုံ့ဆော်မှုဖြစ်စေသော်လည်း ကြင်နာမှုလည်း လိုအပ်သည်။ စိတ်ကိုသွေးဆောင်ရုံဖြင့် အမြဲမလုံလောက်ပါ; နှလုံးကိုလည်း လှုံ့ဆော်ပေးရမည်။

၁၂ ဥပမာ၊ ဂလာတိ ၅:၂၂၊ ၂၃ ပါချစ်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့အကြောင်းဖတ်ရှုသောအခါ သင်ကိုယ်တိုင်က ထိုအရည်အချင်းများမရှိဘဲဖတ်ခြင်းသည်သည် သင့်တော်ပါမည်လော။ ၁ သက်သာလောနိတ် ၂:၇၊ ၈ တွင်ပါ ပေါလု၏စကားများကတင်ပြသည့် ချစ်ခင်ကြင်နာသောသဘောကိုလည်း သတိပြုပါ။ ယင်းတို့သည် ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှုသဘောထားများတင်ပြဖို့လိုသော အသုံးအနှုန်းများဖြစ်သည်။ ၎င်းကို မည်သို့တင်ပြသင့်သနည်း။

၁၃၊ ၁၄။ မျက်နှာထားပေါ်တွင် ဖော်ရွေပျူငှာမှုကို မည်သို့တင်ပြနိုင်သနည်း။

၁၃ မျက်နှာထား၌ ဖော်ရွေပျူငှာမှုပြခြင်း။ သင့်ပရိသတ်အပေါ် ဖော်ရွေပျူငှာစိတ်ရှိမည်ဆိုလျှင် သင့်မျက်နှာတွင် ပေါ်သင့်သည်။ မျက်နှာတွင်မပေါ်လျှင် သင်သည် ရိုးသားဖြူစင်စွာ ဖော်ရွေပျူငှာမှုရှိကြောင်း ပရိသတ်ယုံကြည်မည်မဟုတ်ပါ။ သို့သော် ဟန်ဆောင်မှုကင်းသင့်သည်။ ယင်းကို မျက်နှာဖုံးစွပ်ကဲ့သို့ စွပ်ထား၍မရပါ။။ ဖော်ရွေပျူငှာမှုနှင့် ခံစားမှုကို အမူပိုခြင်းနှင့် အာရုံထိခိုက်လွယ်ခြင်းတို့နှင့် မရောထွေးသင့်ပါ။ ကြင်နာသောမျက်နှာထားက ဟန်ဆောင်မှုမရှိ ရိုးသားဖြူစင်မှုကိုတင်ပြလိမ့်မည်။

၁၄ သင်သည် အများအားဖြင့် ဖော်ရွေသောပရိသတ်များရှေ့ ဟောပြောမည်ဖြစ်သည်။ ထို့ကြောင့် ပရိသတ်ကို အမှန်ကြည့်ပြီးဟောပြောပါက သူတို့ကိုဖော်ရွေမှုတင်ပြမည်ဖြစ်သည်။ သက်သောင့်သက်သာရှိပြီး ခင်မင်ရင်းနှီးစိတ် ပေါ်လာလိမ့်မည်။ ပရိသတ်မှ ဖော်ရွေသောမျက်နှာထားရှိသူတစ်ဦးကိုရွေးလိုက်ပါ။ သူ့အား ခဏကြည့်ပြီးစကားပြောဆိုပါ။ နောက်တစ်ယောက်သို့ မျက်နှာလွှဲပြောင်းကြည့်ပြီးဟောပြောပါ။ ဤသို့ပြုခြင်းဖြင့် သင်သည် ပရိသတ်နှင့် ကောင်းစွာဆက်သွယ်မှုရှိမည်သာမက ပရိသတ်နှင့်ရင်းနှီးမှုရှိဖို့ ဆွဲဆောင်ခံရလိမ့်မည်။ သင်၏ ဖော်ရွေပျူငှာသောမျက်နှာထားကလည်း သင့်ပရိသတ်ကို ပြန်၍ဆွဲဆောင်မှုဖြစ်စေမည်။

၁၅–၁၉။ ဟောပြောသူ၏ အသံအနေအထားတွင် ဖော်ရွေပျူငှာမှုနှင့် ခံစားချက်ကို အဘယ်အရာကပေါ်လွင်စေမည်ဖြစ်ကြောင်း တင်ပြပါ။

၁၅ ဖော်ရွေပျူငှာမှုနှင့် ခံစားချက်ကို အသံအနေအထားတွင် ပေါ်လွင်စေခြင်း။ တိရစ္ဆာန်များပင်လျှင် သင်၏အသံနေအသံထားကိုလိုက်၍ သင့်စိတ်လှုပ်ရှားမှုများကို အတော်ပင် အကဲခတ်နိုင်ကြောင်း ကောင်းစွာသိရှိရ၏။ သို့ဖြစ်လျှင် ဖော်ရွေပျူငှာ၍ ခံစားမှုရှိသော သင့်အသံကို ပရိသတ်ရှိသူများသည် ပို၍ပင် တုံ့ပြန်တတ်မည်။

၁၆ သင်သည် ပရိသတ်နှင့် အဆက်အသွယ်ပြတ်တောက်နေမည်၊ ပရိသတ်၏တုံ့ပြန်မှုထက် ပြောဆိုရန်စကားလုံးကို အဓိကရှာနေမည်ဆိုလျှင် တက်ကြွနိုးကြားသောပရိသတ်ရှေ့တွင် ယင်းကိုဖုံးကွယ်နိုင်မည်မဟုတ်ချေ။ သို့သော် သင်သည် ပရိသတ်ကို တကယ်စိတ်ဝင်စားပြီး သင့်ကဲ့သို့ သူတို့ပါတွေးခေါ်ဆင်ခြင်စေရန် သင်အမှန်အလိုရှိလျှင် သင့်ခံစားမှုသည် သင်အသံထွက်မှုတိုင်းတွင် ပေါ်လွင်နေပေမည်။

၁၇ သို့ရာတွင် ယင်းသည် တကယ်စိတ်ဝင်စားမှုဖြစ်ရမည်ကားအမှန်။ စစ်မှန်သောဖော်ရွေပျူငှာမှုသည် စိတ်ထက်သန်မှုထက်ပင် ပို၍ဟန်ဆောင်၍မရပါ။ ဟောပြောသူသည် ဟန်ဆောင်စကားချိုခြင်းကို ဘယ်သောအခါမျှမတင်ပြသင့်ပါ။ ဖော်ရွေပျူငှာမှုနှင့် ခံစားမှုကို အမူပိုခြင်း သို့မဟုတ် အပေါစားအာရုံထိခိုက်လွယ်သူများ၏ အယောင်ဆောင် အသံတုန်ခါပြောဆိုခြင်းနှင့်လည်း မရောထွေးသင့်ပါ။

၁၈ သင့်တွင် မာကျောသည့်လေသံရှိလျှင် သင့်အပြောအဆိုဖြင့် ဖော်ရွေပျူငှာမှုပြဖို့ခက်မည်။ ဤကဲ့သို့သောအားနည်းချက်ကို သတိထားကာ ကြိုးစားဖျောက်ဖျက်သင့်သည်။ ယင်းသည် အသံအရည်အချင်းနှင့်ပတ်သက်သည်ဖြစ်၍ အချိန်ယူပြုပြင်ရလိမ့်မည်။ သို့သော် သင့်အသံအနေအထားကို ဂရုစိုက်ပြီး ကြိုးစားပြုပြင်သွားပါက သင့်အသံသည်ပိုမိုဖော်ရွေပျူငှာလာပါလိမ့်မည်။

၁၉ ပုံမှန်သဘောအရ သင့်အတွက် အကူအညီဖြစ်မည်ကား စကားလုံးများကို တုံးတိတိ ပြတ်ပြတ်ပြောခြင်းသည် အသံမာကျောစေကြောင်းကို သိထားခြင်းဖြစ်သည်။ စကားလုံးများကို ဆွဲ၍ပြောဆိုတတ်ရန် သင်ယူပါ။ ယင်းက အသံကိုပျော့ပျောင်းစေပြီး အသံနေအသံထားဖြင့် အလိုအလျောက်ဖော်ရွေပျူငှာလာစေမည်။

၂၀၊ ၂၁။ ဟောပြောချက်၏အကြောင်းအရာက ဟောပြောရာတွင် ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှုကို မည်သည့်နည်းဖြင့် ဩဇာသက်ရောက်သနည်း။

၂၀ အကြောင်းအရာနှင့် သင့်တော်သောဖော်ရွေပျူငှာခြင်းနှင့် ခံစားမှု။ စိတ်ထက်သန်မှုကိစ္စမှာကဲ့သို့ ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှုတို့ဖြင့်ထည့်ပြောရန်မှာ သင်ပြောဆိုမည့်အကြောင်းအပေါ် များစွာမူတည်သည်။ ယင်းနှင့်စပ်လျဉ်းသည့် ဥပမာတစ်ခုကား မဿဲ ၂၃ တွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့ကို ယေရှုပြစ်တင်ရှုတ်ချမှုမှတ်တမ်းဖြစ်သည်။ ကိုယ်တော်သည် ရင့်သီးသော ပြစ်တင်ရှုတ်ချသည့်စကားလုံးများကို လေးအိလေးတွဲပုံစံမျိုးဖြင့် မိန့်တော်မူလိမ့်မည်ဟု မယူမှတ်နိုင်ပါ။ သို့သော် ဒေါသအမျက်ကိုဖော်ပြနေစဉ် ယေရှု၏ကရုဏာမေတ္တာကိုဖော်ပြသည့် ဖော်ရွေပျူငှာ ကြင်နာသောသဘောအပြည့်ပါသော ဤစကားများကိုပါ ကိုယ်တော်မိန့်တော်မူခဲ့သည်– “ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။” ဤတွင် ကြင်နာသောသဘောကို ဖော်ပြမည်ကား အမှန်ပင်ဖြစ်သည်။ သို့သော်ဆက်၍ “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏” ဟုပြောရာ၌ ထပ်တူစိတ်သဘောထားမျိုး မပါပါ။ ဤလေသံမူကား အော့အန်ရွံရှာသောလေသံမျိုးဖြစ်မည်။

၂၁ ထို့ကြောင့် အဘယ်အချိန်အခါတွင် ဖော်ရွေပျူငှာခြင်းနှင့်ခံစားမှုကို တင်ပြရန် သင့်တော်မည်နည်း။ ယင်းကို လယ်ကွင်းဓမ္မအမှု၊ သို့မဟုတ် ကျောင်းသားဟောပြောချက်တွင် သင်ပြောဆိုသည့်အကြောင်း အများအပြားတွင် ဖော်ပြနိုင်သည်။ သို့သော် အထူးသဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း၊ အားပေးခြင်း၊ ဆုံးမခြင်း၊ ကိုယ်ချင်းစာနာမှုတင်ပြခြင်း အစရှိသည့်အခါမျိုးများတွင်ဖြစ်သည်။ ဖော်ရွေပျူငှာမှုတင်ပြရန် သတိရသည့်အခါ လိုအပ်သည့်နေရာတွင် စိတ်အားထက်သန်မှုကို သုံးရန်မမေ့ပါနှင့်။ အရာခပ်သိမ်း၌ မျှတသောအမြင်ရှိထားပြီး သင်ပြောဆိုလေသမျှကို အတတ်နိုင်ဆုံး ခံစားချက်အပြည့်တင်ပြပြောဆိုပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ