သင်ခန်းစာ ၁၁
နွေးထွေးမှုနှင့် ခံစားမှု
စိတ်လှုပ်ရှားမှုသည် လူ့ဘဝ၏ အခြေခံအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် သူ၏စိတ်လှုပ်ရှားမှုများကို ဖော်ပြသည့်အခါ သူ့နှလုံးတွင် အဘယ်အရာရှိကြောင်း၊ သူ၏အတွင်းထဲတွင် အဘယ်သို့သောလူစားဖြစ်ကြောင်း၊ အခြေအနေများနှင့်လူတို့အပေါ် သူမည်သို့ခံစားကြောင်း ထုတ်ဖော်ပြသည်။ သူတို့၏ဘဝအသက်တာတွင် ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံများနှင့် အချို့အဖြစ်အပျက်များတွင် ယဉ်ကျေးမှုဆိုင်ရာသြဇာလွှမ်းမိုးမှုများကြောင့် လူအများတို့သည် မိမိတို့၏စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထားတတ်ကြသည်။ သို့သော် ယေဟောဝါသည် ကျွန်ုပ်တို့အား အတွင်းလူထဲတွင် အပြုသဘောဆောင်သော အရည်အသွေးများကို ပြုစုပျိုးထောင်ရန်နှင့် ထိုတွင်ရှိသည့်အရာကို လျောက်ပတ်စွာဖော်ပြရန် အားပေးတိုက်တွန်းသည်။—ရော. ၁၂:၁၀; ၁ သက်. ၂:၇၊ ၈။
ကျွန်ုပ်တို့ဟောပြောသည့်အခါ ကျွန်ုပ်တို့အသုံးပြုသောစကားလုံးများက မည်သည့်စိတ်လှုပ်ရှားမှုများဖြစ်နေသည်ကို မှန်မှန်ကန်ကန် ခွဲခြားဖော်ပြပေးပေမည်။ သို့သော် ကျွန်ုပ်တို့ပြောသည့်စကားလုံးများကို လိုက်ဖက်သောခံစားမှုဖြင့် မဖော်ပြလျှင် ကြားသောသူများက ကျွန်ုပ်တို့စိတ်ရင်းနှင့်ပြောမပြောကို သံသယဝင်လာကြပေမည်။ အခြားတစ်ဖက်တွင် စကားလုံးများကို လျောက်ပတ်သောခံစားမှုဖြင့် ဖော်ပြပေးလျှင် ကျွန်ုပ်တို့၏စကားသည် နားထောင်နေသူများ၏နှလုံးကို ထိမိစေနိုင်သည့် နှစ်လိုဖွယ် အဆီအနှစ်ပြည့်သောစကား ဖြစ်သွားစေနိုင်သည်။
နွေးထွေးမှုကို ဖော်ပြခြင်း။ နွေးထွေးသည့် ခံစားမှုများသည် လူတို့အကြောင်းစဉ်းစားရာများနှင့် မကြာခဏ ဆက်စပ်နေတတ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယေဟောဝါ၏ ချစ်ဖွယ်အရည်အသွေးများအကြောင်း ဟောပြောသည့်အခါနှင့် ယေဟောဝါ၏ ကောင်းမြတ်မှုကို တန်ဖိုးထားလေးမြတ်ကြောင်း ကျွန်ုပ်တို့ဖော်ပြကြသည့်အခါတို့တွင် ကျွန်ုပ်တို့အသံသည် နွေးထွေးသင့်ပေသည်။ (ဟေရှာ. ၆၃:၇-၉) လူသားချင်းတို့အား ဟောပြောနေသည့်အခါ ကျွန်ုပ်တို့၏စကားပြောဆိုပုံသည် နှစ်လိုဖွယ်နွေးထွေးမှုကိုလည်း တင်ပြသင့်ပေသည်။
လူနူတစ်ယောက်သည် ယေရှုထံသို့ရောက်လာကာ ကုသပေးရန် အသနားခံလေသည်။ “ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေ” ဟု ကိုယ်တော်မိန့်တော်မူသောအခါ ယေရှု၏လေသံကို စဉ်းစားကြည့်ပါ။ (မာ. ၁:၄၀၊ ၄၁) သွေးသွန်နာကို ဆယ့်နှစ်နှစ်ကြာခံစားနေရသည့် အမျိုးသမီးတစ်ယောက်သည် ယေရှုနောက်မှနေ၍ တိတ်တဆိတ်ချဉ်းကပ်ကာ ကိုယ်တော်၏ဝတ်ရုံစွန်းအား တို့ထိလိုက်သည့်မြင်ကွင်းကိုလည်း စိတ်တွင်မြင်ယောင်ကြည့်လိုက်ပါ။ မိမိမရှောင်ပုန်းနိုင်တော့မှန်း သိရှိသည့်အခါ ထိုအမျိုးသမီးသည် တုန်လှုပ်စွာ ရှေ့သို့ထွက်လာပြီး ယေရှု၏ခြေတော်ရင်း၌ ပျပ်ဝပ်လိုက်သည်၊ ထို့နောက် ကိုယ်တော်၏ဝတ်လုံကို တို့ထိခဲ့ရသည့်အကြောင်းရင်းနှင့် မည်သို့ပျောက်ကင်းသွားခဲ့ကြောင်းကို လူအားလုံးရှေ့တွင် ထုတ်ဖော်ဝန်ခံလိုက်သည်။ “သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့” ဟု သူ့အား ယေရှုမိန့်တော်မူလိုက်ပုံကို စဉ်းစားကြည့်လိုက်ပါ။ (လု. ၈:၄၂ခ-၄၈) ထိုဖြစ်ရပ်များတွင် ယေရှုပြသခဲ့သည့် နွေးထွေးမှုသည် ယနေ့အထိ ကျွန်ုပ်တို့နှလုံးကို ထိမိစေလျက်ရှိသည်။
ယေရှုကဲ့သို့ပင် ကျွန်ုပ်တို့လည်း လူတို့ကို သနားကြင်နာပြီး သူတို့ကို အမှန်တကယ် ကူညီပေးလိုသည့်အခါ သူတို့အား ဟောပြောပုံဖြင့် ပြသပေသည်။ ထိုကဲ့သို့သော နွေးထွေးသည့် ဖော်ပြချက်သည် ရိုးသားစစ်မှန်ပြီး အမူပိုခြင်းမဟုတ်ချေ။ ကျွန်ုပ်တို့၏ နွေးထွေးမှုသည် လူတို့တုံ့ပြန်ပုံကို လွန်စွာကွာခြားစေနိုင်သည်။ လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ပြောဆိုသည့်အကြောင်းအများစုတွင် ဤအသုံးအနှုန်းမျိုးကို အသုံးပြုသည်၊ အထူးသဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း၊ အားပေးခြင်း၊ ဆုံးမခြင်းနှင့် ကိုယ်ချင်းစာနာမှုတင်ပြခြင်း အစရှိသည့်အခါမျိုးများတွင်ဖြစ်သည်။
အခြားသူများအပေါ် နွေးထွေးသည့်ခံစားမှု သင့်တွင်ရှိမည်ဆိုလျှင် သင့်မျက်နှာ၌ ယင်းကိုပေါ်စေပါ။ နွေးထွေးမှုကို အထင်အရှားပြသည့်အခါ ချမ်းအေးသည့်ညတစ်ည၌ မီးပုံနားကပ်နေချင်သကဲ့သို့ ပရိသတ်ကို သင်ဆွဲဆောင်ထားပေမည်။ သင့်မျက်နှာပြင်ပေါ်တွင် နွေးထွေးမှု မပေါ်ပါက သူတို့အပေါ် သင်အမှန်ဂရုစိုက်နေသည်ဟု ပရိသတ် ယုံကြည်မည်မဟုတ်။ နွေးထွေးမှုကို မျက်နှာဖုံးစွပ်ကဲ့သို့ စွပ်ထား၍မရပါ၊ ယင်းသည် စစ်မှန်ရမည်။
သင့်အသံတွင်လည်း နွေးထွေးမှု ထင်ရှားသင့်သည်။ သင့်အသံသည် မာကျောကြမ်းတမ်းလျှင် သင့်စကားတွင် နွေးထွေးမှုကို ဖော်ပြရန် ခက်ခဲနိုင်ပေမည်။ သို့သော် အချိန်နှင့်သတိရှိရှိဖြင့် ကြိုးပမ်းလျှင် သင်လုပ်ဆောင်နိုင်ပါသည်။ ဖြစ်တတ်သည်မှာ စကားကို တုံးတိတိ ပြတ်ပြတ်ပြောခြင်းသည် အသံမာကျောစေကြောင်း သတိရရန်ဖြစ်သည်။ ပိုပျော့ပျောင်းသောအသံများကို ဆွဲ၍ စကားလုံးများကိုပြောဆိုတတ်ရန် သင်ယူပါ။ ယင်းက သင့်စကားကို နွေးထွေးလာစေမည်။
သို့ရာတွင် ပို၍အရေးကြီးသည်မှာ သင်၏ အဓိကစိတ်ဝင်စားရာအချက်ဖြစ်သည်။ အကယ်၍ သင့်အတွေးများကို သင်ဟောပြောမည့်သူများအပေါ် စိတ်ရင်းခံဖြင့်အာရုံစိုက်ထားပြီး သူတို့အားအကျိုးပြုနိုင်သည့် အရာတစ်ခုခုကို တင်ပြပေးရန် ထက်သန်သည့်ဆန္ဒရှိမည်ဆိုလျှင် ထိုခံစားမှုသည် သင့်ဟောပြောပုံတွင် ထပ်ဟပ်နေပေလိမ့်မည်။
စိတ်ပါလက်ပါဟောပြောခြင်းက လှုံ့ဆော်မှုဖြစ်စေပြီး တစ်ချိန်တည်းတွင် ကြင်နာတတ်သောခံစားမှုလည်း လိုအပ်ပေသည်။ စိတ်ကိုသွေးဆောင်ရုံဖြင့် အမြဲမလုံလောက်ပါ; နှလုံးကိုလည်း လှုံ့ဆော်ပေးရမည်။
အခြားခံစားမှုများကို ဖော်ပြခြင်း။ စိတ်လှုပ်ရှားမှုများကို ကျွန်ုပ်တို့ရွေးချယ်သောစကားလုံးများ၊ ကျွန်ုပ်တို့၏လေသံ၊ ကျွန်ုပ်တို့ပြောဆိုသည့်ပြင်းအား၊ ကျွန်ုပ်တို့၏မျက်နှာထားနှင့် ကိုယ်ဟန်အမူအရာများဖြင့် ဖော်ပြသည်။
စိတ်သောကရောက်နေသူတစ်ဦးသည် စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် စိတ်ဓာတ်ကျဆင်းမှုကဲ့သို့သော စိတ်လှုပ်ရှားမှုများကို ဖော်ပြပေမည်။ ရွှင်လန်းမှုသည် ကျွန်ုပ်တို့၏အသက်တာတွင် ထင်ပေါ်သင့်သော စိတ်လှုပ်ရှားမှုတစ်ခုဖြစ်၍ ယင်းကို အခြားသူများနှင့်စကားပြောဆိုရာတွင် ကျွန်ုပ်တို့လှိုင်လှိုင်ဖော်ပြကြသည်။ အခြားတစ်ဖက်တွင်မူ အချို့သောစိတ်လှုပ်ရှားမှုများကို ချုပ်ထိန်းထားဖို့ လိုအပ်သည်။ ယင်းတို့သည် ခရစ်ယာန်ကိုယ်ရည်ကိုယ်သွေးနှင့် မအပ်စပ်ပါ။ (ဧ. ၄:၃၁၊ ၃၂; ဖိ. ၄:၄) စိတ်လှုပ်ရှားမှုအမျိုးအစားအားလုံးကို ကျွန်ုပ်တို့ရွေးချယ်သည့်စကားလုံးများ၊ ကျွန်ုပ်တို့၏လေသံ၊ ကျွန်ုပ်တို့ပြောဆိုလိုက်သည့်ပြင်းအား၊ ကျွန်ုပ်တို့၏မျက်နှာထားနှင့် ကိုယ်ဟန်အမူအရာတို့ဖြင့် ဖော်ပြနိုင်သည်။
သမ္မာကျမ်းစာက လူသားတို့၏စိတ်လှုပ်ရှားမှုအမျိုးမျိုးကို မှတ်တမ်းတင်ထားပေးသည်။ တစ်ခါတစ်ရံ စိတ်လှုပ်ရှားမှုများကို ဖော်ပြရုံသာဖော်ပြသည်။ အခြားအချိန်၌ စိတ်လှုပ်ရှားမှုများကို ဖော်ပြသော အဖြစ်အပျက်များကို ပြောပြသည် သို့မဟုတ် အဆိုပြုချက်များကို ကိုးကားပြသည်။ ထိုသို့သောအကြောင်းအရာကို အသံထွက်ဖတ်ရှုသည့်အခါ သင့်အသံသည် ယင်းစိတ်လှုပ်ရှားမှုများကို ထင်ဟပ်မည်ဆိုလျှင် သင်နှင့်တကွ နားထောင်နေသူများကို သာ၍ထိထိမိမိ အကျိုးသက်ရောက်မှုရှိပေလိမ့်မည်။ ယင်းကိုလုပ်ဆောင်ရန် သင်ဖတ်ရှုနေသောဇာတ်ကောင်များနေရာတွင် သင့်ကိုယ်ကိုထားလိုက်ရန် လိုအပ်သည်။ သို့ရာတွင် ဟောပြောချက်သည် ပြဇာတ်မဟုတ်ပါ၊ ထို့ကြောင့် ပုံကြီးမချဲ့ရန် သတိပြုပါ။ စာသားများသည် နားထောင်နေသူများ၏စိတ်တွင် အသက်ဝင်နေစေရန်ပြုပါ။
အကြောင်းအရာနှင့်ဆီလျော်ခြင်း။ စိတ်ထက်သန်မှုမှာကဲ့သို့ပင် သင့်အပြောအဆိုတွင်နှင့် သင်ဖော်ပြသည့် အခြားခံစားမှုတို့တွင် နွေးထွေးမှုကို ထည့်သွင်းရန်မှာ သင်ပြောဆိုနေသည့်အကြောင်းအပေါ် များစွာမူတည်သည်။
မဿဲ ၁၁:၂၈-၃၀ ကိုဖွင့်ပြီး ဘာပြောသည်ကို မှတ်သားထားပါ။ ထို့နောက် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့အား ယေရှုပြစ်တင်ရှုတ်ချမှုကို မဿဲ အခန်းကြီး ၂၃ တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဖတ်ပါ။ ကိုယ်တော်သည် ခါးသီးသော ပြစ်တင်ရှုတ်ချသည့်စကားလုံးများကို လေးအိလေးတွဲပုံစံမျိုးဖြင့် မိန့်တော်မူလိမ့်မည်ဟု မယူမှတ်နိုင်ပါ။
မိမိ၏ညီ ဗင်ယာမိန်အတွက် ယုဒအသနားခံခြင်းနှင့်စပ်လျဉ်းသည့် ကမ္ဘာဦး အခန်းကြီး ၄၄ ပါမှတ်တမ်းတွင် အဘယ်ခံစားမှုမျိုးလိုအပ်သည်ဟု သင်ထင်သနည်း။ အခန်းငယ် ၁၃ တွင် သုံးနှုန်းထားသည့်စိတ်လှုပ်ရှားမှု၊ အခန်းငယ် ၁၆ တွင် ကပ်ဘေးဆိုက်ရသည့်အကြောင်းရင်းနှင့်ပတ်သက်၍ ယုဒမည်သို့ခံစားရပုံနှင့် ကမ္ဘာဦး ၄၅:၁ တွင် ဖော်ပြထားသည့်အတိုင်း ယောသပ်ကိုယ်တိုင် မည်သို့တုံ့ပြန်ခဲ့ပုံတို့ကို သတိပြုပါ။
သို့ဖြစ်၍ ကျွန်ုပ်တို့ဖတ်ရှုနေသည်ဖြစ်စေ သို့မဟုတ် စကားပြောနေသည်ဖြစ်စေ ထိုသို့ ထိရောက်စွာလုပ်ဆောင်ရန် စကားလုံးများနှင့်ယူဆချက်များကိုသာမက ယင်းတို့နှင့်တွဲဖက်သင့်သောခံစားမှုကိုပါ စဉ်းစားဆင်ခြင်ရမည်။