သင်ခန်းစာ ၃၅
လယ်ကွင်းဓမ္မအမှုအတွက် အံဝင်သောအကြောင်းအရာ
၁–၃။ ကျွန်ုပ်တို့ပြောဆိုသောအကြောင်းအရာကို လယ်ကွင်းဓမ္မအမှုအတွက် အံဝင်စေရန် ပြုတတ်ခြင်းသည် အဘယ်ကြောင့်တန်ဖိုးရှိသနည်း။
၁ ယနေ့ ခရစ်ယာန်ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့လုပ်ကိုင်ရသောလုပ်ငန်း အများအပြားတွင် ကျမ်းစာအသိပညာ အလွန်နည်းသောသူများကို ဘုရားသခင့်နှုတ်ကပါဌ်တော်အကြောင်း ဟောပြောသွန်သင်ရခြင်း ပါဝင်သည်။ သူတို့အနက် အချို့ဆိုလျှင် တစ်ခါမျှ ကိုယ်ပိုင်ကျမ်းစာမရှိခဲ့ဖူးကြချေ; အခြားသူများမှာမူ ကျမ်းစာကို စင်ပေါ်သာထိုးထားတတ်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့ပြောပြသောအကြောင်းမှ သူတို့အကျိုးအပြည့်အဝခံစားရဖို့ဆိုလျှင် သူတို့၏အခြေအနေနှင့် အံဝင်အောင်ပြောဆိုရန်လိုသည်။ သတင်းတရားကို ကျွန်ုပ်တို့ပြောင်းလဲသည်မဟုတ်သော်လည်း သူတို့ကောင်းစွာနားလည်နိုင်မည့်နည်းဖြင့် အထူးကြိုးစားတင်ပြခြင်းကိုဆိုလိုသည်။ အမှန်မှာ ဤသို့အံဝင်စေရန် တောင်းဆိုခံရခြင်းသည် ကျွန်ုပ်တို့ကိုယ်တိုင် ဂဃနဏ မည်မျှနားလည်သည်ကို စမ်းသပ်ခြင်းဖြစ်သည်။
၂ အံဝင်စေခြင်းဟူသည် အခြေအနေအသစ်များနှင့် ကိုက်ညီရန် ပြုပြင်မွမ်းမံခြင်းကိုဆိုလိုသည်။ ကိုယ်တိုင် သို့မဟုတ် အခြားသူတစ်ဦး စိတ်ကျေနပ်သည်အထိ တစ်စုံတစ်ခုညှိပေးခြင်းကိုဆိုလိုသည်။ လယ်ကွင်းဓမ္မအမှုအတွက် အံဝင်သောအကြောင်းကိုသုံးသပ်ရာတွင် လယ်ကွင်းဓမ္မအမှု၌ တင်ဆက်သည့်အကြောင်း သို့မဟုတ် အခြားမည်သည့်ဟောပြောချက်ကိုမဆို သီးခြားပရိသတ်နှင့် အထူးသဖြင့် လယ်ကွင်းဓမ္မအမှုတွင် တွေ့ဆုံသော လူသစ်များအတွက် ရိုးရိုးကလေးနှင့် နားလည်ရလွယ်ကူစေရန် ဟောပြောရန်လိုခြင်းကို အလေးအနက်ပေါ်လွင်စေသင့်သည်။ ထို့ကြောင့် ဤအရည်အချင်းရှိရန် ကျောင်းတွင် ကြိုးစားရာ၌ သင့်ပရိသတ်ကို တစ်အိမ်မှတစ်အိမ်သက်သေခံရင်း တွေ့ရသူသောသူများကဲ့သို့ အမြဲယူမှတ်သင့်သည်။
၃ ဤအရည်အချင်းရှိရန် သင်ကြိုးစားစဉ် သင့်ဟောပြောချက်သည် အိမ်ပေါက်စေ့ဟောပြောချက်မျိုးဖြစ်ရမည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ဟောပြောချက်အားလုံးသည် ကျောင်းအတွက် သင်၏နောက်ဆုံးညွှန်ကြားချက်ပါ အောက်လိုင်းကဲ့သို့ တင်ဆက်ပုံအားလုံးတူညီရမည်ဖြစ်သည်။ ဆိုလိုနေသည်ကား သင်သည် မည်သည့်တင်ဆက်ပုံကိုပင် အသုံးပြုစေကာမူ သင်တင်ပြသောအချေအတင် တင်ပြချက်များနှင့် အသုံးပြုသောစကားသည် လယ်ကွင်းတွင် သင်တွေ့ဆုံသောသူတို့အား ပြောဆိုအသုံးပြုမည့်နည်းအတိုင်းဖြစ်မည်။ ကျွန်ုပ်တို့သည် များသောအားဖြင့် လယ်ကွင်းဓမ္မအမှုတွင် ဟောပြောလေ့ရှိသောကြောင့် လယ်ကွင်းဓမ္မအမှုတွင် တွေ့ဆုံသူအများစု နားလည်နိုင်မည့်နည်းဖြင့် ရိုးရိုးကလေးပြောဆိုတတ်ဖို့လိုကြောင်းသိရှိရန် သတိပြုဖို့ အထောက်အကူရမည်ဖြစ်သည်။ သင်ခန်းစာ ၂၁ တွင် ဤအရည်အချင်းကို သင်အတော်အတန်ပြင်ဆင်ခဲ့ရပေပြီ။ ယခုတွင်မူ ယင်း၏ထူးခြားသောလိုအပ်ချက်နှင့် အရေးပါမှုကြောင့် သီးသန့်ဆွေးနွေးတင်ပြဦးမည်ဖြစ်သည်။
၄၊ ၅။ ကျွန်ုပ်တို့အသုံးပြုသောအသုံးအနှုန်းများကို လူထုနားလည်စေနိုင်ရန် အဘယ်ကြောင့်ပြောဆိုရမည့်အကြောင်း ရှင်းပြပါ။
၄ လူထုနားလည်နိုင်ရန် သုံးနှုန်းခြင်း။ ဤအရည်အချင်းရှိဖို့လိုကြောင်း တစ်အိမ်မှတစ်အိမ် ဓမ္မအမှု နှင့် သင်အံမှုအသစ်များတွင် ညီအစ်ကိုအချို့အသုံးပြုသော အသုံးအနှုန်းများတွင်ပေါ်သည်။ ကျမ်းစာကို ကျွန်ုပ်တို့သိနားလည်ထားခြင်းကြောင့် အများမသိသောဝေါဟာရကို ကျွန်ုပ်တို့ရရှိထားပြီ။ ကျွန်ုပ်တို့အနေနှင့် “အကြွင်းအကျန်၊” “အခြားသိုး၊” အစရှိသည့်စကားလုံးများကို အသုံးပြုတတ်ကြသည်။ စကားပြောရာတွင် ယင်းတို့ကို အသုံးပြုပါက လယ်ကွင်းလုပ်ငန်း၌ တွေ့ဆုံသူများအတွက် အဘယ်အဓိပ္ပာယ်မျှရှိမည်မဟုတ်ပါ။ ယင်းတို့ကို နားလည်နိုင်ရန် သင့်တော်သောအဓိပ္ပာယ်တူစကားလုံး သို့မဟုတ် နားလည်နိုင်သော ရှင်းလင်းချက်လို၏။ “အာမဂေဒုန်” နှင့် “နိုင်ငံတော်တည်ထောင်ခြင်း” စသည်တို့ကို ညွှန်းသည့်အခါလည်း ယင်းတို့၏အဓိပ္ပာယ်ကို မရှင်းပြလျှင် လုံးဝသဘောပေါက်လိမ့်မည်မဟုတ်ပါ။
၅ ဤအချက်ကိုသုံးသပ်ရာတွင် သွန်သင်ချက်ပေးသူသည် မိမိကိုယ်ကို မေးမြန်းနေပေလိမ့်မည်။ သမ္မာတရားနှင့် အကျွမ်းမဝင်သောသူတစ်ဦးသည် ထိုအချက် သို့မဟုတ် ထိုအသုံးအနှုန်းကို နားလည်ပါမည်လော။ သူသည် သင့်အား သီအိုကရက်တစ် အသုံးအနှုန်းများ မသုံးချင်တော့အောင်လုပ်မည်မဟုတ်ပါ။ ယင်းတို့သည် ကျွန်ုပ်တို့၏ဝေါဟာရအဝင်ဖြစ်ပြီး စိတ်ဝင်စားခါစ လူသစ်များကိုလည်း ၎င်းတို့နှင့် အကျွမ်းဝင်လာစေလိုသည်။ သို့သော် ယင်းစကားလုံးများကိုသုံးခဲ့လျှင် ရှင်းလင်းတင်ပြပေးမပေး သူသတိထားပါလိမ့်မည်။
၆–၈။ ကျွန်ုပ်တို့၏ဟောပြောချက်များကို ပြင်ဆင်ရာတွင် သင့်တော်သောအချက်များကို အဘယ်ကြောင့် ဂရုတစိုက် ရွေးချယ်ရမည်နည်း။
၆ သင့်တော်သောအချက်များကို ရွေးချယ်ခြင်း။ အခြေအနေအရ သင်အသုံးပြုသော အသုံးအနှုန်းများ ကွာခြားသည့်နည်းတူ လယ်ကွင်းလုပ်ငန်းတွင် တင်ဆက်ရန် သင်ရွေးချယ်သော အကြောင်းအချက်များလည်း ကွာခြားလိမ့်မည်။ ဤသို့ဖြစ်ရခြင်းမှာ စိတ်ဝင်စားခါစ လူသစ်တစ်ဦးနှင့် မဆွေးနွေးလိုသေးသောအကြောင်းများ ရှိတတ်သောကြောင့်ဖြစ်သည်။ ဤကဲ့သို့သောအချိန်အခါမျိုးတွင် သင်ရွေးချယ်တင်ပြသောအကြောင်းအရာသည် သင့်တာဝန်လုံးလုံးဖြစ်၏။ သို့သော် သင့်အား ကျောင်းသားတာဝန်ပေးသောအခါ ဟောရမည့်အကြောင်းအရာကို သင့်အတွက် ကြိုတင်သတ်မှတ်ထားသည်။ သင်ရွေးချယ်နိုင်သည်ကား သင်ရရှိသောတာဝန်အတွင်းရှိ အကြောင်းအရာမှသာဖြစ်သည်။ သင်သည် မည်သို့ပြုသင့်သနည်း။
၇ ဦးဆုံးအနေနှင့် သင်အသုံးပြုနိုင်သောအချက်များသည် အကန့်အသတ်သာရှိသောကြောင့် သင့်ဟောပြောချက်အတွက် သင့်တော်သောအချက် အများဆုံးပါဝင်နိုင်မည့်ဇာတ်အိမ်တစ်ခုကို ရွေးချယ်ဆုံးဖြတ်ရန်ဖြစ်သည်။ သင့်ကိုသွန်သင်ချက်ပေးသူသည် သင်ရွေးချယ်ထားသောအချက်များနှင့် ယင်းတို့သည် သင့်ဟောပြောချက်၏အခြေအနေနှင့် မည်သို့ကိုက်ညီသည်ကို စိတ်ဝင်စားလိမ့်မည်။ ဤသို့ဖြစ်ရခြင်းကား ဤတွင်သုံးသပ်နေသောအရည်အချင်းတွင် လယ်ကွင်းလုပ်ငန်းကဏ္ဍအသီးသီး၌ အကြောင်းအရာတစ်မျိုးစီကို အသုံးပြုဖို့လိုကြောင်း သင်တင်ပြနေရသောကြောင့်ဖြစ်သည်။ ဥပမာ၊ အိမ်ပေါက်စေ့ဟောပြောချက်တွင်ကဲ့သို့ စိတ်ဝင်စားခါစလူသစ်တစ်ဦးအား စည်းဝေးဖိတ်ခေါ်ရာတွင် အကြောင်းအရာတစ်မျိုးတည်းကို အသုံးပြုမည်မဟုတ်ပါ။ ထို့ကြောင့် သင့်တာဝန်သည် အိမ်ရှင်နှင့် ဆွေးနွေးခန်းဖြစ်စေ သို့မဟုတ် ပုံမှန်စင်မြင့်ပေါ်မှဟောပြောချက်ဖြစ်စေ သင်ပြောသည့်အရာနှင့် တာဝန်ရသည့်အကြောင်းအရာမှ ရွေးချယ်သောအချက်များဖြင့် မည်သို့သောပရိသတ်ကို သင်ပြောဆိုနေကြောင်း ပေါ်လွင်စေပါ။
၈ တင်ပြသောအချက်အလက်များသည် သင့်တော်မသင့်တော် ဝေခွဲနိုင်ရန် သွန်သင်ချက်ပေးသူသည် သင့်ဟောပြောချက်၏ဦးတည်ချက်ကိုကြည့်မည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် သင့်ရည်ရွယ်ချက်မှာ များသောအားဖြင့် သွန်သင်ရန်နှင့် အိမ်ရှင်ကိုထပ်၍လေ့လာဖို့ လှုံ့ဆော်ပေးရန်ဖြစ်၏။ ပြန်လည်ပတ်မှုတွင်မူ သင့်ဦးတည်ချက်မှာ စိတ်ဝင်စားမှုကိုပြုစုပျိုးထောင်ပေးရန်နှင့် ဖြစ်နိုင်လျှင် ကျမ်းစာသင်အံမှုစတင်ရန်ဖြစ်၏။ သင်အံမှုပြီးနောက် ပြောဆိုသောစကားဖြစ်လျှင် အိမ်ရှင်ကို စည်းဝေးတက်ရန်၊ သို့မဟုတ် လယ်ကွင်းလုပ်ငန်း၌ပါဝင်သည့် အနေအထားရောက်ရန် စသည်တို့ဖြစ်သည်။
၉၊ ၁၀။ ကျွန်ုပ်တို့ရွေးချယ်ထားသောအချက်များသည် သင့်တော်၊ မသင့်တော် မည်သို့ဆုံးဖြတ်နိုင်မည်နည်း။
၉ အမှုဆောင်ခြင်းလုပ်ငန်း တစ်မျိုးတည်းတွင်ပင် သင့်ပရိသတ်ပေါ်မူတည်ပြီး အချက်များရွေးချယ်မှုကွာနိုင်သည်။ ထို့ကြောင့် ယင်းကိုလည်း ထည့်စဉ်းစားသင့်သည်။ ဟောပြောရန် သင်တာဝန်ရထားသောအကြောင်းပါ အချက်အလက်များသည် ဟောရမည့်ဦးတည်ချက်နှင့် မဆီလျော်ပါက ယင်းတို့ကိုအသုံးမပြုသင့်ပါ။
၁၀ ဤအချက်များကြောင့် ဟောပြောချက်ကိုမပြင်မီ ဇာတ်အိမ်ကို ရွေးချယ်ရမည်ဖြစ်၏။ သင့်ကိုယ်ကို ဤသို့မေးပါ– ငါဘာကိုအထမြောက်စေလိုသလဲ။ ဒီရည်ရွယ်ချက်အထမြောက်ဖို့ ဘယ်အချက်တွေလိုပြီး ဟောပြောချက်ရဲ့အခြေအနေနဲ့ ကိုက်ညီဖို့ ဒီအချက်တွေကို ဘယ်လိုပြုပြင်ပေးရမလဲ။ ဤအချက်များကို သင်ဆုံးဖြတ်ပြီးပြီဆိုလျှင် လယ်ကွင်းဓမ္မအမှုအတွက် အံဝင်သောအကြောင်းအရာဖြစ်စေရန် သင့်တော်သောအချက်များကို အခက်အခဲမရှိ ရွေးချယ်တင်ပြနိုင်ပါမည်။
၁၁–၁၃။ တင်ဆက်ထားသောအကြောင်းအရာ၏ လက်တွေ့တန်ဖိုးရှိမှုကို ပေါ်လွင်စေရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၁ အကြောင်းအရာ၏ လက်တွေ့တန်ဖိုးရှိမှုကို ပေါ်လွင်စေခြင်း။ အကြောင်းအရာ၏ လက်တွေ့အသုံးကျမှုကို ပေါ်လွင်စေခြင်းဟုဆိုရာ၌ အိမ်ရှင်နှင့်ပတ်သက်နေကြောင်း၊ သူလိုအပ်ကြောင်း သို့မဟုတ် အသုံးပြုနိုင်ကြောင်း ရှင်းလင်းစွာ၊ မမှားမယွင်းတင်ပြခြင်းဖြစ်သည်။ ဟောပြောချက်စကတည်းက “ငါနှင့်ပတ်သက်နေပါလား” ဟု အိမ်ရှင်သိမှတ်ရမည်။ ပရိသတ်အာရုံစိုက်ဖို့ရန် ဤသို့ပြုဖို့လိုသည်။ သို့သော် အာရုံဆွဲထားနိုင်ရန် ဟောပြောချက်တစ်လျှောက်လုံး ကိုယ်တိုင်နှင့်သက်ဆိုင်သည်ဟူသောသဘောထားကို ဆက်တင်ပြသွားဖို့လိုသည်။
၁၂ ဤတွင် ပရိသတ်နှင့်ဆက်သွယ်ခြင်း၊ ပရိသတ်ကို စဉ်းစားဆင်ခြင်ရန် ကူညီပေးခြင်းထက်မက ပါဝင်သည်။ ယခုထပ်ဆင့်၍ ဟောပြောချက်သည် သင့်အိမ်ရှင်နှင့် မည်သို့အံဝင်ကြောင်း တင်ပြပါ။ လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့ပါဝင်ရသည့်ရည်ရွယ်ချက်မှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ သမ္မာတရားကို သွန်သင်ပေးရန်နှင့် ကယ်တင်ခြင်းလမ်းကို သူတို့အားသိရှိစေရန် ကူညီပေးဖို့ဖြစ်၏။ ထို့ကြောင့် သင်ပြောသည့်စကားကို နားထောင်ခြင်း၊ ကျင့်သုံးခြင်း၏ လက်တွေ့အကျိုးကျေးဇူးများကို သင့်အိမ်ရှင်သိမြင်နိုင်ရန် လိမ္မာပါးနပ်စွာနှင့် ထောက်ထားညှာတာစွာ တင်ပြရမည်ဖြစ်သည်။
၁၃ ဤအရည်အချင်းဆိုင်ရာ ယင်းကဏ္ဍကို နောက်ဆုံးတင်ပြပြောဆိုသော်လည်း အရေးပါမှု အနည်းဆုံးဖြစ်သောကြောင့် မဟုတ်ပါ။ ယင်းသည် အရေးပါသောအချက်ဖြစ်၍ လျစ်လျူရှုထားစရာမဟုတ်ပါ။ လယ်ကွင်းဓမ္မအမှုအတွက် အရေးကြီးသောကြောင့် ဤအရည်အချင်းရှိရန် ကြိုးစားအားထုတ်ပါ။ သင်ပြောနေသည့်အကြောင်းသည် အိမ်ရှင်၏အသက်တာတွင် တန်ဖိုးရှိကြောင်း မြင်အောင်မပြောနိုင်လျှင် သူ၏အာရုံကို ကြာကြာဆွဲထားနိုင်လိမ့်မည်မဟုတ်ပေ။