သင်ခန်းစာ ၃၆
သင့်လျော်သောနိဂုံးနှင့်အချိန်
၁–၃။ သင့်ဟောပြောချက်၏နိဂုံးကို ခေါင်းစဉ်နှင့် မည်သို့ဆက်သွယ်ပေးနိုင်သနည်း။
၁ သင့်နောက်ဆုံးစကားကို ဦးဆုံးမှတ်မိတတ်ကြ၏။ ထို့ကြောင့် သင့်ဟောပြောချက်၏နိဂုံးကို ဂရုစိုက်ပြင်ဆင်အပ်သည်။ နိဂုံးသည် အသင်မှတ်မိစေလိုသော အဓိကအချက်များကို တဖြည်းဖြည်း အာရုံစူးစိုက်စေပြီး ခေါင်းစဉ်ကို အပြီးသတ်ပေါ်လွင်စေအပ်သည်။ သင့်စကားစီကုံးပုံနှင့် ဟောပြောပုံက ပရိသတ်ပြုမူလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်။ ယင်းကြောင့် စကားပြောသွန်သင်ချက်ပုံစံမှ “သင့်တော်ထိရောက်သောနိဂုံး” အကြောင်းရောက်သောအခါ ၎င်းကိုဂရုပြုရန် တိုက်တွန်းပါသည်။
၂ ဟောပြောချက်ခေါင်းစဉ်နှင့် တိုက်ရိုက်ဆက်သွယ်သောနိဂုံး။ နိဂုံးနှင့် ဟောပြောချက်ခေါင်းစဉ်ကို ဆက်သွယ်မှုဆိုင်ရာ အယူအဆများကို အခန်း ၂၇ တွင်ပြန်သုံးသပ်ဖို့အကြံပြုပါသည်။ သင့်နိဂုံးတွင် ဟောပြောချက်ခေါင်းစဉ်ကို စကားလုံးများစွာဖြင့် ပြန်လည်ဖော်ပြခြင်းသည် ကျောင်းသားအချို့၊ အထူးသဖြင့် လူသစ်များသည် အကူအညီဖြစ်စေနိုင်သော်လည်း ထိုသို့ပြုရန် မလိုပါ။ သို့သော် ယင်းကို အာရုံစိုက်စေသင့်သည်။ ၎င်းနောက် ခေါင်းစဉ်ကိုအခြေခံကာ ပရိသတ်လုပ်နိုင်သည့်အရာကို တင်ပြပါ။
၃ နိဂုံးကို ခေါင်းစဉ်နှင့် တိုက်ရိုက်မဆက်သွယ်ပေးလျှင် အကြောင်းအရာကို အချောသတ်ပြီး ပေါင်းစည်းပေးရာရောက်မည်မဟုတ်ပါ။ အဓိကအချက်များ၏အကြမ်းဖျင်းကို တင်ပြပြီး အချုပ်နိဂုံးကို အသုံးပြုသည့်တိုင်အောင် နောက်ဆုံးစကားတစ်ခွန်းနှစ်ခွန်းပြောပြီး အဓိကအယူအဆ သို့မဟုတ် ဟောပြောချက်ခေါင်းစဉ်ကို ဖော်ပြလိုဦးမည်မှာ သေချာသည်။
၄–၉။ သင့်နိဂုံးသည် ကြားနာသူများ ပြုရမည့်အမှုကို အဘယ်ကြောင့်တင်ပြရမည်နည်း။
၄ နိဂုံးသည် ကြားနာသူများ ပြုရမည့်အမှုကို တင်ပြ။ ဟောပြောရာတွင် သင်၏ထားနေကျရည်ရွယ်ချက်မှာ အပြုအမူတစ်ခုခုပြုလုပ်ရန်၊ ရှုထောင့်တစ်ခုခုလက်ခံလာရန်ဖြစ်ရကား ဟောပြောချက်နိဂုံးစဉ်းစားထားရာများသည် ထိုအချက်များကို ပေါ်လွင်စေသင့်သည်။ ထို့ကြောင့် နိဂုံး၏ရည်ရွယ်ချက်ကား အဘယ်အမှုပြုရမည်ကို ပရိသတ်အား တင်ပြခြင်းနှင့် ထိုသို့ပြုလုပ်ရန် တိုက်တွန်းခြင်းဖြစ်သည်။
၅ ယင်းကြောင့် နိဂုံးသည် သင့်ဟောပြောချက်၏ ရည်ရွယ်ချက်ကို ရှင်းလင်းစေရုံမက ထက်သန်မှု၊ ယုံကြည်စိတ်ချမှု၊ လှုံ့ဆော်အားတို့ ပါသင့်သည်။ တိုတုတ်သောဝါကျများသည် နိဂုံးစကားကို အားရှိစေကြောင်း တွေ့ရလေ့ရှိသည်။ သို့ရာတွင် ဝါကျအထားအသို မည်သို့ပင်ရှိစေကာမူ မိမိပြောသည့်အတိုင်း ပြုလုပ်သင့်ကြောင်း ခိုင်လုံသောအကြောင်းပြချက်များအပြင် ထိုသို့ပြုလုပ်ခြင်းဖြင့် ခံစားရသောအကျိုးများကိုပါ ထည့်ပြောသင့်သည်။
၆ နိဂုံးသည် ဟောပြောခဲ့သည့်အချက်နောက်မှ ဆီလျော်စွာလိုက်ပါလာသင့်သည်။ ထို့ကြောင့် သင့်နိဂုံးစကားသည် ဟောပြောချက်ကိုယ်မတွင် ပြောခဲ့သည့်အချက်အတိုင်း ကျင့်သုံးကြဖို့ သင့်ပရိသတ်ကို တိုက်တွန်းရန်ဖြစ်သည်။ နိဂုံးသည် ပရိသတ်မည်သည့်အမှုပြုရမည်ကို လေးနက်စွာရှင်းလင်းပေးမည်၊ သို့ဖြင့် ဟောပြောချက်တွင် တင်ပြခဲ့သောအကြောင်းများကို အခြေခံပြီး ထိုအတိုင်းပြုလုပ်ကြရန်၊ အထူးသဖြင့် အားမာန်ပါပါတင်ပြခဲ့သော သင့်နိဂုံးက ထိုသို့ပြုဖို့ လှုံ့ဆော်ရန်ဖြစ်သည်။
၇ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် နိဂုံးအားနည်းတတ်ကြသည်။ အိမ်ရှင်သည် ကျွန်ုပ်တို့မျှော်လင့်သည့်အတိုင်း မပြုသောအခါတွင် ဖြစ်လေ့ရှိသည်။ ဥပမာ၊ စာပေတစ်ခုခုမယူ၊ ပြန်လာမည်ကို လက်မခံလို၊ အလားတူအခါတို့တွင်ဖြစ်သည်။
၈ ကျောင်းသားတာဝန် ဟောပြောချက်တွင်လည်း အကြောင်းအရာကို ချုပ်ဆိုရုံချုပ်ဆိုပြီး ပရိသတ်ကို တစ်ခုခုပြုရန် မလှုံ့ဆော်လျှင် နိဂုံးအားနည်းသွားမည်။ အကြောင်းအရာ၏သက်ဆိုင်ပုံ သို့မဟုတ် ယင်းတွင် အထူးတန်ဖိုးရှိကြောင်း အခြားတစ်နည်းနည်းဖြင့် ပရိသတ်အား တင်ပြသင့်သည်။
၉ အချို့ဟောပြောသူများသည် ဟောပြောချက်၏အဓိကကျမ်းချက်နှင့် ခေါင်းစဉ်တို့ကို အခြေပြုလျက် ဟောပြောချက်တစ်ခုလုံးကို တိုတောင်းသောအချုပ်စကားဖြင့် နိဂုံးချုပ်သောအခါ အလွန်ထိရောက်ကြောင်း တွေ့ရှိကြရသည်။ အိမ်တံခါးဝတွင်ပြုသည့်နည်းတူ ဆွေးနွေးခဲ့ရာ ကျမ်းချက်အနည်းငယ်ဖြင့် ဟောပြောချက်ကို အချုပ်တင်ပြလျှင် အချက်အလက် ရှင်းလင်းလိုက်ရာ ရောက်ရုံမက ပရိသတ်က တစ်ခုခုမှတ်သားသွားနိုင်ပြီး ပေါ်လွင်သောအချက်များကို ပြန်ပြောရာတွင် အသုံးချနိုင်ပါလိမ့်မည်။ ဤကား နိဂုံး၏အဓိကရည်ရွယ်ရင်းဖြစ်သည်။ ဤနည်းသည် ၎င်းရည်ရွယ်ရင်းကို တင်ပြရာ၌ သင့်လျော်ရုံမက ထိလည်းထိရောက်၏။
**********
၁၀–၁၄။ နိဂုံး၏အရှည်အကြောင်း အကြံပေးပါ။
၁၀ အတော်အသင့်ရှည်လျားသောနိဂုံး။ အများအားဖြင့် နိဂုံးအရှည်ကို နာရီဖြင့် ဆုံးဖြတ်တတ်ကြ၏။ စင်စစ်မှာ ထိုသို့မဆုံးဖြတ်အပ်။ နိဂုံးသည် ထိရောက်ပြီး ရည်ရွယ်ချက်ပြီးမြောက်စေပြီဆိုလျှင် အတော်အသင့်ရှည်လျားသောနိဂုံးဟု ဆိုနိုင်၏။ သို့ဖြစ်၍ ၎င်း၏အကျိုးကိုထောက်၍ သင့်တော်သောအတိုင်းအရှည်ကို ဆုံးဖြတ်သင့်သည်။ စကားပြောသွန်သင်ချက်စာရွက်တွင် “အတော်အသင့်ရှည်လျားသောနိဂုံး” ဟူသည့်အချက်သို့ရောက်သောအခါ သင့်ကိုသွန်သင်ချက်ပေးသူသည် ယင်းသို့ဆုံးဖြတ်လိမ့်မည်။
၁၁ အကြောင်းအရာ၏ကိုယ်မနှင့် နိဂုံးတို့၏အချိုးကို ယှဉ်ကြည့်ဖို့ ဒေသနာကျမ်းတစ်အုပ်လုံး၏ နိဂုံးဖြစ်သော ဒေသနာ ၁၂:၁၃၊ ၁၄ ကို ယေရှု၏တောင်ပေါ်ဒေသနာအတွက် မဿဲ ၇:၂၄-၂၇ ပါ ကိုယ်တော်၏နိဂုံးစကားတို့နှင့် နှိုင်းယှဉ်ပါ။ ဤတွင် နိဂုံးအရှည်နှစ်မျိုးတွေ့ရ၏။ သို့သော် နှစ်မျိုးစလုံး လိုရင်းရောက်ကြပါသည်။
၁၂ ပရိသတ်မထင်မမှတ်ဘဲ နိဂုံးမချုပ်သင့်။ ပြောလိုက်သောစကားလုံးများသည် ဟောပြောချက်အဆုံးရောက်ကြောင်း အထင်အရှားညွှန်ပြသင့်ရုံမက အပြီးသတ်သည့်မှတ်ချက်လည်း ပါသင့်သည်။ သင့်ပြောစကားနှင့် ပြောပုံအားဖြင့် ဆွေးနွေးခန်းကို အဆုံးသတ်သင့်သည်။ မလိုအပ်ဘဲ စကားကြောရှည်မနေသင့်။ ဟောပြောချက်ကို မပေါင်းစည်းနိုင်၊ နိဂုံးချုပ်စိတ်ဝင်စားမှုကို ဆွဲမထားနိုင်လျှင် တစ်ဖန်ကြိုးစားရလိမ့်မည်။ ရှည်နေသေး၏။
၁၃ သင်သည် တက်သစ်စဟောပြောသူဖြစ်လျှင် နိဂုံးကို သင့်ပြီဟု ကိုယ်ထင်သည်ထက် တိုအောင်လုပ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရိုးရိုးနှင့် လိုရင်းဖြစ်ပြီး အပြုသဘောပါပါစေ။ အတောမသတ်နိုင်အောင် မဖြစ်စေနှင့်။
၁၄ အခန်းဆက်ဟောပြောချက် သို့မဟုတ် လုပ်ငန်းတော်စည်းဝေးတွင် ဟောပြောချက်ပေးရလျှင် သင့်နိဂုံးကို လာမည့်ဟောပြောချက်၏နိဒါန်းနှင့် ဆက်စပ်ရမည်ဖြစ်၍ တိုတိုဖြစ်သင့်သည်။ သို့ရာတွင် တစ်ပိုင်းစီအနေနှင့် ဟောပြောချက်၏လိုရင်းရောက်သော နိဂုံးတစ်ခုစီရှိသင့်သည်။ ရှိလျှင် အတော်အသင့်ရှည်လျားသောနိဂုံးဖြစ်သည်။
**********
၁၅–၁၈။ အချိန်ကို ဂရုမစိုက်လျှင် ဘာဖြစ်မည်နည်း။
၁၅ အချိန်။ နိဂုံး၏အရှည်သာ အရေးပါသည်မဟုတ်; ဟောပြောချက်အကန့်တိုင်း အချိန်ကိုက် ဂရုစိုက်သင့်၏။ ယင်းကြောင့် စကားပြောသွန်သင်ချက်စာရွက်တွင် “အချိန်” ဟူ၍ သီးသန့်ထည့်ထားသည်။
၁၆ ဟောပြောချက်၏ သင့်တော်သောအချိန်၏အရေးကြီးမှုကို အထင်မသေးသင့်ချေ။ ဟောပြောချက်ကို ကောင်းစွာပြင်ဆင်ခဲ့လျှင် အချိန်ကိုပါထည့်သွင်းစဉ်းစားရမည်။ သို့ရာတွင် ဟောပြောသူသည် အကြောင်းအရာရှိသမျှကို မရမကထည့်ပြောဖို့ ကြိုးစားသောကြောင့် အချိန်ကျော်သွားလျှင် မိမိ၏ဦးတည်ချက် အမှန်တကယ်မပြီးမြောက်ပါ။ အကြောင်းမှာ ပရိသတ်သည် ဂနာမငြိမ် စဖြစ်လာပြီး နာရီတကြည့်ကြည့်ဖြစ်ကာ သူပြောနေသည့်အရာကို အမှန်တကယ်အာရုံမစိုက်တော့ပါ။ ဟောပြောချက်၏ရည်ရွယ်ချက် ပြီးမြောက်စေခြင်းငှာ အရေးပါလှသော သက်ဆိုင်ပုံနှင့် လှုံ့ဆော်မှုပြုမည့်နိဂုံးကို လက်လွှတ်ရလိမ့်မည်။ လက်မလွှတ်တမ်းတင်ပြနိုင်သည့်တိုင် ဟောပြောသူသည် အချိန်ကျော်နေသောကြောင့် ပရိသတ် အကျိုးမခံစားရသည်ကများ၏။
၁၇ ဟောပြောသူအချိန်ကျော်နေပြီဆိုလျှင် ပရိသတ်သာမက ဟောပြောသူပါ နေမထိထိုင်မသာဖြစ်လာတတ်သည်။ အချိန်ကုန်သွားပြီ၊ ပြောစရာလည်းမကုန်သေးကြောင်း ဟောပြောသူသိသောအခါ ကတိုက်ကရိုက်ပြောပစ်သဖြင့် ထိရောက်မှုပျက်ပြားရလေသည်။ ယင်းကြောင့် ဣန္ဒြေပျက်လာလေသည်။ တစ်ဖက်တွင် ပေးထားသောအချိန်ပြည့်သည်အထိ အကြောင်းအရာအလုံအလောက်မရှိကြောင်း တွေ့ရလျှင်လည်း ဆွဲ၍ပြောရသဖြင့် သူ၏တင်ဆက်မှုသည် အဆက်အစပ်မရှိ၊ တောင်စဉ်ရေမရ ဖြစ်တတ်ပြန်သည်။
၁၈ အချိန်စေ့လျှင် ကျောင်းကြီးကြပ်မှူးက အချက်ပေးမည်မှန်သော်လည်း ဟောပြောချက်မပြီးသေးဘဲနှင့် ဖြတ်ပစ်လိုက်ရသောအခါ ကျောင်းသားကော၊ ပရိသတ်ပါ စိတ်ကသိကအောက်ဖြစ်ရပါသည်။ ဟောပြောသူအနေနှင့် ဟောပြောလိုသောအကြောင်းအရာကို စိတ်ဝင်စားမှုအပြည့်ရှိအပ်သည်။ ပရိသတ်သည် နိဂုံးနားမထောင်လိုက်ရလျှင် လေထဲ၌ တွဲလောင်းဆွဲခံထားရသကဲ့သို့ ခံစားရမည်။ အမြဲပင် အချိန်ကျော်လေ့ရှိသူသည် သူတစ်ပါးကို မစာနာကြောင်း သို့မဟုတ် ပြင်ဆင်မှုမရှိကြောင်းပြသည်။
၁၉၊ ၂၀။ လုပ်ငန်းတော်စည်းဝေးနှင့် စည်းဝေးကြီးအစီအစဉ်များတွင် အချိန်ကိုက်ခြင်းသည် အဘယ်ကြောင့် အထူးအရေးကြီးသနည်း။
၁၉ ဟောပြောသူများစွာပါဝင်သော အစီအစဉ်မျိုးတွင် အချိန်ကိုက်ဖို့အထူးအရေးကြီးသည်။ ဥပမာ၊ လုပ်ငန်းတော်အစည်းအဝေး၌ အပိုင်းငါးပိုင်းရှိပေမည်။ ဟောပြောသူတစ်ဦးလျှင် တစ်မိနစ်စီသာ အချိန်ကျော်လျှင် စည်းဝေးငါးမိနစ်ကျော်သွားလိမ့်မည်။ တစ်ဦးစီကြည့်သော် မဆိုစလောက်သာအချိန်ကျော်၏။ သို့နှင့်အချို့သည် အပြန်ဘတ်စကားရနိုင်ရန် စည်းဝေးမပြီးဘဲ ထွက်သွားရလိမ့်မည်။ သို့မဟုတ် အကြိုလာသူ မယုံကြည်သောအိမ်ထောင်ဖက်က စည်းဝေးပြီးသည်ထိ စောင့်ရသောကြောင့် စိတ်တိုစရာဖြစ်စေပါသည်။ ခြုံကြည့်လျှင် မကောင်းပါ။
၂၀ အခန်းဆက်ဟောပြောချက်ဟောရသူသည် ကန့်သတ်သောအချိန်ကို အပြည့်မယူလျှင်လည်း အခက်တွေ့တတ်သည်။ ဥပမာ၊ စည်းဝေးကြီးတွင် နာရီဝက်ဟောပြောချက်တာဝန်ရသည့် ညီအစ်ကိုက မိနစ်နှစ်ဆယ်နှင့်ရပ်လိုက်လျှင် နောက်ဟောပြောသူ ချက်ချင်းစဖို့ အသင့်မရှိပါက အစီအစဉ် ကမောက်ကမဖြစ်သွားနိုင်သည်။
၂၁–၂၄။ အချိန်ကိုက်ခြင်းနှင့်ပတ်သက်သောပြဿနာများနှင့် ဖြစ်ပေါ်ရပုံအကြောင်းအချို့ကို အကျဉ်းချုပ်တင်ပြပါ။
၂၁ အချိန်ကျော်သွားစေသည့် အကြောင်းရင်းတစ်ခုမှာ အကြောင်းအရာ များလွန်းခြင်းဖြစ်သည်။ ယင်းသည် ဟောပြောချက်ပြင်ဆင်သောအခါ ပြုပြင်သင့်သည့်အချက်ဖြစ်သည်။ စကားပြောသွန်သင်ချက်ပုံစံမှ ယခင်အချက်များကိုပိုင်ပြီဆိုလျှင် အချိန်တွင် အခက်တွေ့တော့မည်မဟုတ်ပါ။ အဓိကအချက်များကို သီးသန့်ခွဲထုတ်တတ်ပြီး ကောင်းမွန်သောအောက်လိုင်းရေးဆွဲထားပြီဆိုလျှင် အလိုအလျောက် အချိန်ကိုက်ဖြစ်နေသည်ကို တွေ့ရပေမည်။ အချိန်သည် ဆွေးနွေးခဲ့ပြီးသည့် စကားပြောအရည်အချင်းများပေါ် များစွာမူတည်သောကြောင့် သွန်သင်ချက်ပုံစံ၏နောက်ဆုံးပိုင်းနားတွင် ဆွေးနွေးတင်ပြထားခြင်းဖြစ်သည်။
၂၂ အများအားဖြင့် အချိန်၏ပြဿနာမှာ အချိန်ကျော်ခြင်းဖြစ်သည်။ ကောင်းစွာပြင်ဆင်ခဲ့သောဟောပြောသူသည် အများအားဖြင့် သိမှတ်ဖွယ်ရာအကြောင်း များစွာရှိတတ်သည်။ သို့သော် ကန့်သတ်ရာအချိန်ထက် ပိုမယူမိရန် သတိပြုရမည်။
၂၃ သို့ရာတွင် တက်သစ်စ သို့မဟုတ် အတွေ့အကြုံနုသေးသူများသည် အချိန်မပြည့်သည့်ဘက်ယိမ်းတတ်သည်။ သူတို့အနေနှင့် ရသည့်အချိန်ကိုအပြည့်သုံးတတ်လိုစိတ်ရှိမည်။ အဦးပိုင်းတွင် ဟောပြောချက်ကို ကိုယ်လိုချင်သလောက် အရှည်အတိအကျမှန်းဖို့ အနည်းငယ် အခက်တွေ့ပေမည်။ သို့သော် ပေးထားသောအချိန်နှင့် အနီးဆုံးကိုက်အောင် ကြိုးစားအပ်ပေသည်။ သို့ရာတွင် ကျောင်းသားသည် ပေးထားသောအချိန် သိသိသာသာမပြည့်သည်မှအပ ကျေနပ်ဖွယ်ကောင်းအောင် ချောမောပြေပြစ်ပြည့်ဝစွာ ဟောပြောနိုင်လျှင် အချိန်အားနည်းသည်ဟု ယူမှတ်ခံရမည်မဟုတ်ပါ။
၂၄ ဟောပြောသူ၏အချိန်တွင် အားနည်းမနည်းဆိုသည်မှာ ပရိသတ်အပေါ် သူ့တင်ဆက်မှု မည်မျှထိရောက်သည် ဆိုသည့်အချက်ဖြင့် အကောင်းဆုံး ဆုံးဖြတ်နိုင်၏။ ကျောင်းကြီးကြပ်မှူးက အချိန်စေ့ကြောင်း အချက်ပြလျှင် ကျောင်းသားအနေနှင့် ဝါကျဆုံးအောင် လွတ်လွတ်လပ်လပ်ပြောဆိုသင့်သည်။ ၎င်းဝါကျကို ပရိသတ်က ချောမောပြေပြစ်သောဆွေးနွေးခန်းတစ်ခုကို ကြားလိုက်ရပါသည်ဟု ခံစားသွားစေရန် ထိုဝါကျက သူ၏ဟောပြောချက်ကို ထိရောက်သောနိဂုံးဖြစ်သွားစေနိုင်သောအခါ အချိန်နှင့်ပတ်သက်ပြီး အားနည်းသည်ဟု မယူမှတ်သင့်ပေ။
၂၅–၂၉။ မိမိဟောပြောချက်ကို သင့်တော်စွာအချိန်ကိုက်စေရန် မည်သို့ အသေအချာ ပြုလုပ်နိုင်မည်နည်း။
၂၅ အချိန်ကိုက်ပြီးရန် မည်သို့ပြုနိုင်သနည်း။ အခြေခံသဘောအရ ပြင်ဆင်မှုသည် အဓိကဖြစ်၏။ ဟောပြောမည့်အကြောင်းအရာကိုသာမက တင်ပြပုံကိုပါ ပြင်ဆင်ဖို့ အရေးကြီး၏။ ဟောပြောပုံကို အလုံအလောက်ပြင်ဆင်ထားမည်ဆိုလျှင် အချိန်ကိုက်ဖို့အကြောင်း များပါသည်။
၂၆ အောက်လိုင်းဆွဲထားသည့် သင့်ဟောပြောချက်ဖြင့် အဓိကအချက်များကို ရှင်းလင်းစွာဖော်ပြသည်။ အဓိကအချက်များအောက်တွင် အကျုံးဝင်သည့်အချက်ငယ်များစွာ ပါဝင်ပေမည်။ အချို့အချက်များသည် အခြားအချက်များထက် ပိုအရေးကြီးမည်အမှန်။ တင်ဆက်ပြောဟောရာတွင် အဘယ်အချက်များသည် အရေးပါပြီး လိုအပ်လျှင် အဘယ်အချက်များကို ချန်လှပ်ထားနိုင်ကြောင်း သိထားပါ။ ဟောရင်း အချိန်နောက်ကျနေလျှင် အဓိကအချေအတင်ပြောဆိုချက်များကိုသာတင်ပြသွားပြီး ဒုတိယအတန်းစားအချက်များကိုမူ ချန်ထားနိုင်၏။
၂၇ ယင်းကို လယ်ကွင်းဓမ္မအမှုတွင် ကျွန်ုပ်တို့အမြဲပြုလုပ်ရသည့်အရာဖြစ်သည်။ အိမ်ပေါက်ဝသို့ရောက်သည့်အခါ အိမ်ရှင်နားထောင်လျှင် မိနစ်အနည်းငယ်ပြောဟောတတ်ကြသည်။ သို့သော် အတိုချုံး၍ လိုအပ်လာပါက တစ်မိနစ်၊ နှစ်မိနစ်နှင့် ပြောဟောရန် ကျွန်ုပ်တို့အသင့်ရှိကြသည်။ ယင်းကို မည်သို့ပြုလုပ်ကြသနည်း။ အဓိကအချက် သို့မဟုတ် အချက်အလက်များနှင့် လိုအပ်သည့် အရေးအကြီးဆုံးသောအကြောင်းကို စိတ်တွင်ထားခြင်းဖြင့် ထိုသို့ပြုနိုင်၏။ ချဲ့ပြောဆိုရာတွင် အသုံးပြုနိုင်ရန် ဒုတိယအရေးကြီးသောအချက်များကိုလည်း စိတ်ထဲတွင် ထားမည်ဖြစ်သော်လည်း လိုအပ်လာလျှင် ၎င်းတို့ကို ချန်ထားနိုင်သည်။ စင်မြင့်ပေါ်မှ ဟောပြောချက်ပေးရာတွင်လည်း ထပ်တူအစီအစဉ်ကို လိုက်နာနိုင်သည်။
၂၈ စင်မြင့်မှဟောမည်ဆိုလျှင် အချိန်တစ်ဝက်ရောက်သောအခါ ဘယ်လောက်အထိ ရောက်သင့်သည်ဟု ဟောပြောချက်ဘေးတွင် တေးထားလျှင် အကူအညီဖြစ်လေ့ရှိသည်။ ပိုရှည်သောဟောပြောချက်ဖြစ်လျှင် လေးပုံတစ်ပုံစီ ခွဲထားနိုင်၏။ ဟောပြောစဉ် အောက်လိုင်းပေါ်တွင် အချိန်မှတ်သားချက်များကို ကျော်သွားသောအခါနှင့် ကိုက်မကိုက် နာရီဖြင့်စစ်သွားပါ။ အချိန်နောက်ကျနေလျှင် ဤအချိန်သည် ဒုတိယအချက်ငယ်များကို စ၍ဖြတ်တောက်ရမည့်အချိန်ပင်တည်း။ ဟောပြောချက်ပြီးခါနီးမှစဖြတ်တောက်လျှင် နိဂုံးချုပ် ကတိုက်ကရိုက်ဖြစ်ရာ ထိရောက်တော့မည်မဟုတ်ပါ။ သို့သော် ဟောပြောသူသည် နာရီကိုမကြာခဏကြည့်နေကြောင်း ထင်ရှားနေလျှင် သို့မဟုတ် အချိန်ကျော်နေ၍ အလျင်စလိုဟောနေရကြောင်း ပရိသတ်ကိုပြောလျှင် အလွန်အာရုံပျံ့လွင့်သွားစေသည်။ ပရိသတ်ကိုမထိခိုက်စေဘဲ သဘာဝကျကျလုပ်သွားပါ။
၂၉ အချိန်မီအတွင်း ဟောနိုင်ဖို့ နိဒါန်းအရှည်သည် အတော်အသင့်ဖြစ်ဖို့ အဓိကသော့ချက် တစ်ခုစီကို သင့်တော်သောအချိုးအစားဖြင့် အသေးစိတ်ရှင်းပြသွားဖို့နှင့် နိဂုံးအတွက် လုံလောက်သောအချိန်ချန်ထားဖို့လိုသည်။ သင့်အချိန် ကုန်လုပြီဖြစ်ကြောင်း သတိပြုမိမှသာ ထည့်စဉ်းစားစရာမဟုတ်ပါ။ စဟောပြောကတည်းက အချိန်ကို ဂရုစိုက်မည်ဆိုလျှင် အချိုးအစားကျနသောဟောပြောချက်ဖြစ်ပါလိမ့်မည်။