ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၃၇ စာ. ၁၈၁-၁၈၇
  • ဣန္ဒြေတည်ငြိမ်ခြင်းနှင့် ပြင်ပကိုယ်အသွင်အပြင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဣန္ဒြေတည်ငြိမ်ခြင်းနှင့် ပြင်ပကိုယ်အသွင်အပြင်
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • **********
  • တည်ငြိမ်ခြင်း
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ကောင်းမွန်သော ကိုယ်အသွင်အပြင်
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၃၇ စာ. ၁၈၁-၁၈၇

သင်ခန်းစာ ၃၇

ဣန္ဒြေတည်ငြိမ်ခြင်းနှင့် ပြင်ပကိုယ်အသွင်အပြင်

၁–၉။ ဣန္ဒြေတည်ငြိမ်ခြင်းနှင့် ယုံကြည်စိတ်ချမှုကို ရှင်းပြပါ။ ယင်းတို့ကို မည်သို့ရရှိနိုင်ကြောင်း ပြောပြပါ။

၁ တည်ငြိမ်သောဟောပြောသူသည် သက်သောင့်သက်သာရှိသောဟောပြောသူဖြစ်သည်။ အခြေအနေကို နိုင်နင်းထိန်းထားနိုင်သောကြောင့် အေးဆေးတည်ငြိမ်သည်။ တစ်ဖက်တွင်မူ တည်ငြိမ်မှုမရှိလျှင် ယုံကြည်စိတ်ချမှု ပျောက်နေကြောင်းပြ၏။ ထိုအရည်အချင်းနှစ်ခုသည် တွဲဖက်နေသည်။ ယင်းကြောင့် စကားပြောသွန်သင်ချက်စာရွက်တွင် “ယုံကြည်စိတ်ချခြင်းနှင့် ဣန္ဒြေတည်ငြိမ်ခြင်း” ဟူ၍ တစ်ချက်တည်းကဲ့သို့ ဖော်ပြထား၏။

၂ ဟောပြောသူတွင် ယုံကြည်စိတ်ချမှုနှင့် တည်ငြိမ်မှု အရည်အချင်းများ ရှိသင့်ရှိထိုက်သည်မှန်သော်လည်း ယုံကြည်စိတ်ချလွန်းခြင်းဖြစ်သည့် မြောက်ကြွမြောက်ကြွ သို့မဟုတ် ဟန်နှင့်ပန်နှင့်လျှောက်ခြင်း၊ သို့မဟုတ် ထိုင်နေသောအခါ နမော်နမဲ့ဖြင့် အလွန့်အလွန် စိမ်ပြေနပြေ ပျင်းရိပျင်းတွဲ ထိုင်ခြင်း၊ တစ်အိမ်မှတစ်အိမ် ဟောပြောရာ၌ တံခါးတိုင်ကို မထီတရီမှီနေခြင်းမျိုးနှင့် မရောထွေးသင့်ပါ။ သင်၏တင်ဆက်ဟောပြောပုံတွင် မိမိကိုယ်ကို ယုံကြည်စိတ်ချလွန်းသည့်သဘောထားပေါ်မည်ဆိုလျှင် ကျောင်းကြီးကြပ်မှူးသည် သင့်ကိုသီးသန့်သွန်သင်ပေးမည်မှာ သေချာသည်။ အကြောင်းမှာ သင့်ဓမ္မအမှုတွင် ထိရောက်မှုကို အတားအဆီးဖြစ်စေနိုင်မည့် အထင်အမြင်မျိုးကို သင်ဖျောက်ဖျက်နိုင်ရန် အကူအညီပေးဖို့ သူစိတ်ဝင်စား၍ဖြစ်သည်။

၃  သို့ရာတွင် သင်သည် ဟောပြောခါစလူသစ်ဖြစ်မည်ဆိုလျှင် စင်မြင့်သို့ချဉ်းကပ်သွားသည်နှင့် ရှက်ကြောက်စိတ်ဝင်လာပေမည်။ ဟောပြောချက်ထိရောက်မည်မဟုတ်ဟု သင့်ကိုအထင်ရှိစေနိုင်သည့် ရင်တထိတ်ထိတ်ဖြစ်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်း ဖြစ်ပေမည်။ ထိုသို့ဖြစ်စရာမလိုပါ။ အပတ်တကုတ်ကြိုးစားခြင်းအားဖြင့်လည်းကောင်း၊ ယင်းအရည်အချင်းများ အဘယ်ကြောင့်ကင်းမဲ့ရကြောင်း သိထားခြင်းအားဖြင့်လည်းကောင်း ယုံကြည်စိတ်ချခြင်းနှင့် ဣန္ဒြေတည်ငြိမ်ခြင်း အရည်အချင်းကို ရရှိနိုင်ပါသည်။

၄ ဟောပြောသူအချို့သည် ယုံကြည်စိတ်ချမှု အဘယ်ကြောင့်မရှိကြသနည်း။ များသောအားဖြင့် အကြောင်းတစ်ခုတည်း သို့မဟုတ် အကြောင်းနှစ်ခုစလုံးကြောင့်ဖြစ်၏။ ပထမကား၊ ပြင်ဆင်မှုမရှိခြင်း၊ သို့မဟုတ် သူတို့အကြောင်းအရာအပေါ် အမြင်မှားနေခြင်းဖြစ်သည်။ ဒုတိယကား၊ မိမိ၏ဟောပြောခြင်းအရည်အချင်းကို အပျက်သဘောထားနေခြင်းဖြစ်သည်။

၅ အဘယ်အရာက သင့်အားယုံကြည်စိတ်ချမှုရှိစေမည်နည်း။ အခြေခံမှာ သင့်ရည်ရွယ်ချက်ကို သင်အောင်မြင်စေနိုင်မည်ဟူသောအသိ သို့မဟုတ် ယုံကြည်ချက်ဖြစ်သည်။ အခြေအနေကို နိုင်နင်းထိန်းထားနိုင်ကြောင်း စိတ်ချခြင်းဖြစ်သည်။ စင်မြင့်ပေါ်တွင် ယင်းသို့ဖြစ်ရန် အတွေ့အကြုံ အတော်အသင့်ရှိဖို့လိုသည်။ သင်သည် ဟောပြောချက်အတော်အတန်ပေးခဲ့ပြီဖြစ်သောကြောင့် ဤအကြိမ်လည်း အောင်မြင်ပါလိမ့်မည်ဟု အတော်အသင့် စိတ်ချနိုင်ပေသည်။ သို့သော် သင်သည် ဟောပြောခါစရှိဦးတော့ ယခင်ကဟောခဲ့သော သင့်ဟောပြောချက်များသည် သင့်အတွက် အားပေးမှုဖြစ်သင့်သည်။ စကားပြောသွန်သင်ချက်စာရွက်ပေါ်ရှိ ဤအရည်အချင်းကိုမီပြီဖြစ်ရာ သင့်ဟောပြောချက်ကို ကျေနပ်လောက်အောင် ပြောဟောနိုင်ပါမည်ဟု အတော်အသင့်စိတ်ချသင့်ပေပြီ။

၆ သင်သည် အတွေ့အကြုံရင့်ကျက်သူဖြစ်ဖြစ်၊ မဖြစ်ဖြစ် ယုံကြည်စိတ်ချခြင်းအရည်အချင်းရှိရန် အရေးကြီးသောနောက်လိုအပ်ချက်တစ်ချက်မှာ သင့်အကြောင်းအရာကို သိကျွမ်းထားခြင်းနှင့် ၎င်းအကြောင်းအရာသည် အကျိုးရှိသည်ဟု လုံးဝယုံကြည်ခြင်းဖြစ်၏။ ဟောပြောချက်ကိုသာမက ဟောပြောပုံကိုပါ ဂရုတစိုက် ကြိုတင်ပြင်ဆင်ရန်လို၏။ သင့်ဘုရားရေးရာတိုးတက်မှုနှင့် တက်ရောက်လာသူ သင့်ညီအစ်ကိုများအတွက် သွန်သင်ချက်ဖြစ်ကြောင်း သင်သဘောပေါက်လျှင် စင်မြင့်ပေါ်သို့ ဆုတောင်းလျက် တက်သွားပါမည်။ အကြောင်းအရာတွင် သင်နစ်မျောနေပြီး သင့်ကိုယ်ကိုနှင့် ရင်တထိတ်ထိတ်ဖြစ်မှုကို မေ့ပျောက်ပါလိမ့်မည်။ လူကိုမဟုတ်ဘဲ ဘုရားစိတ်တော်နှင့်တွေ့ရဖို့အရေးကို သင်စဉ်းစားနေပေမည်။​—ဂလ. ၁:၁၀; ထွ. ၄:၁၀-၁၂; ယေ. ၁:၈။

၇ ဆိုလိုသည်ကား သင်ပြောဆိုမည့်အရာမှန်သမျှအပေါ် လုံးဝယုံကြည်စိတ်ချနေရမည်။ သင်ပြင်ဆင်မှုပြုလုပ်ရာတွင် ယင်းသို့ဖြစ်ရန် သေချာစေပါ။ စိတ်ဝင်စားစရာဖြစ်သည့် တက်ကြွသောဟောပြောချက်ကို သင်အတတ်နိုင်ဆုံးပြင်ဆင်ပြီးနောက်တွင်ပင် သင့်ဟောပြောချက်သည် စိတ်ဝင်စားစရာမကောင်း၊ အသက်မဝင်ဟူ၍ ယူမှတ်နေသေးလျှင် တက်ကြွသောပရိသတ်ရှေ့တွင် သင်တက်ကြွလာလိမ့်မည်ဟု သတိရပါ။ ထို့ကြောင့် သင့်တင်ပြပုံအားဖြင့် ပရိသတ်ကို အသက်ဝင်စေရန် ကြိုးစားပြီး သူတို့၏စိတ်ဝင်စားလာမှုက သင့်အတွက် ယုံကြည်စိတ်ချမှုဖြစ်စေပေမည်။

၈ ဆရာဝန်တစ်ဦးသည် ရောဂါလက္ခဏာကိုရှာတတ်သကဲ့သို့ သင့်ကိုသွန်သင်ချက်ပေးသူသည် တည်ငြိမ်မှုမရှိရခြင်း၏လက္ခဏာများကို သတိပြုလိမ့်မည်။ ဆရာဝန်ကောင်းတစ်ဦးသည် ရောဂါလက္ခဏာများအစား ရောဂါဖြစ်စေမှုကို အဓိကကုသသကဲ့သို့ သွန်သင်ချက်ပေးသူသည် သင့်ကို ယုံကြည်စိတ်ချမှုနှင့်မတည်ငြိမ်မှု ပျောက်ကင်းစေသည့် အကြောင်းရင်းများကို ဖျောက်ဖျက်နိုင်ရန် ကြိုးစားကူညီပေးပါမည်။ သို့ရာတွင် မတည်ငြိမ်မှုလက္ခဏာများကိုသိထားပြီး ယင်းတို့ကို ထိန်းချုပ်တတ်လာလျှင် ထိုလက္ခဏာများ၏ အခြေခံအကြောင်းရင်းကို ချိုးနှိမ်ရန် အကူအညီရမည်ဖြစ်သည်။ ယင်းတို့က အဘယ်နည်း။

၉ ယေဘုယျအားဖြင့်ပြောရမည်ဆိုလျှင် အောင့်အည်းထားသည့် စိတ်လှုပ်ရှားမှုများ သို့မဟုတ် စိတ်တင်းခြင်းကို ဖော်ပြသည့်နည်းနှစ်ခုရှိသည်။ ၎င်းတို့ကို ကိုယ်ခန္ဓာအမူအယာနှင့် စကားပြောပုံဆိုပုံ ဟူ၍သတ်မှတ်နိုင်သည်။ ၎င်းကို အနည်းနှင့်အများတင်ပြလျှင် ထိုသူ၌ ဣန္ဒြေတည်ငြိမ်မှုမရှိဟုဆိုကြသည်။

၁၀၊ ၁၁။ ကိုယ်ဟန်အမူအရာက ယုံကြည်စိတ်ချမှုမရှိကြောင်း မည်သို့ထုတ်ဖော်သနည်း။

၁၀ ကိုယ်ဟန်အမူအရာဖြင့် ဣန္ဒြေတည်ငြိမ်ကြောင်း ထင်ရှားပြ။ ဣန္ဒြေတည်ငြိမ်မှုရှိကြောင်း ဦးဆုံး ကိုယ်ဟန်အမူအရာတွင် ထင်ရှားသည်။ သင့်မှာ ယုံကြည်စိတ်ချမှုမရှိလျှင် ဤအရာများကို ပြသတတ်သည်။ ဦးဆုံး လက်နှစ်ဖက်ကို ဤသို့ပြုတတ်သည်– လက်နှစ်ဖက်ကို နောက်ပြန်ချိတ်ထားခြင်း၊ ဘေး၌တောင့်ထားခြင်း၊ ဟောပြောစင်ကို ကြပ်တည်းစွာဆုပ်ကိုင်ထားခြင်း; လက်ကို အိတ်ထဲနှိုက်လိုက်၊ ထုတ်လိုက်လုပ်ခြင်း၊ အင်္ကျီကြယ်သီးကို တပ်လိုက်ဖြုတ်လိုက်လုပ်ခြင်း၊ အကြောင်းမရှိဘဲ ပါး၊ နှာခေါင်း၊ မျက်မှန်တို့ကိုကိုင်ခြင်း; မပွင့်တပွင့်လက်ဟန်အမူအရာများပြုခြင်း; နာရီ၊ ခဲတံ၊ လက်စွပ် သို့မဟုတ် မှတ်စုများကို ကစားခြင်းတို့ဖြစ်သည်။ ထို့နောက် ခြေထောက်နှစ်ဖက်ကို အဆက်မပြတ် ဟိုရွှေ့ဒီရွှေ့လုပ်ခြင်း၊ ကိုယ်ခန္ဓာကို ယိမ်းထိုးနေခြင်း; နောက်ကျောကို တောင့်ထားခြင်း သို့မဟုတ် ဒူးညွတ်ကွေးခြင်း; နှုတ်ခမ်းများကို မကြာခဏတံတွေးဆွတ်ခြင်း၊ ထပ်ခါတလဲ တံတွေးမျိုခြင်း၊ အသက်ရှူနှုန်းမြန်ခြင်းတို့ဖြစ်သည်။

၁၁ ဤကြောက်လန့်ခြင်းသာဓကအားလုံးကို သတိထားကြိုးစား ထိန်းချုပ်နိုင်ပါသည်။ သို့မဟုတ် လျော့နည်းစေနိုင်သည်။ လိုအပ်သလိုကြိုးစားမည်ဆိုလျှင် သင့်ကိုယ်ဟန်အမူအရာတွင် ဣန္ဒြေတည်ငြိမ်မှုရှိလာမည်။ ထိုကြောင့်အသက်ကို သဘာဝအတိုင်းပုံမှန်ရှူပြီး စိတ်လျှော့ထားဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ စတင်စကားမပြောမီ ရပ်တန့်ပါ။ သင့်ပရိသတ်သည် သင့်အပေါ်တုံ့ပြန်မည်မှာ သေချာသည်။ ယင်းက သင်လိုလားသော မိမိကိုယ်ကိုယုံကြည်စိတ်ချမှုရဖို့ ထောက်ကူပါလိမ့်မည်။ သင်ဟောမည့်အကြောင်းအရာအပေါ် အာရုံစိုက်ပါ၊ ပရိသတ်နှင့် သင့်ကိုယ်သင် စိုးရိမ်တွေးတောမနေပါနှင့်။

၁၂–၁၄။ အသံနေအသံထားက ယုံကြည်စိတ်ချမှုမရှိကြောင်း ဖော်ပြလျှင် ဣန္ဒြေတည်ငြိမ်ခြင်းရှိရန် မည်သို့ပြုလုပ်နိုင်မည်နည်း။

၁၂ ထိန်းသိမ်းထားသောအသံဖြင့် ဣန္ဒြေတည်ငြိမ်မှုကိုပြခြင်း။ အသံမြင့်လွန်းခြင်း၊ အသံတုန်ခြင်း၊ ထပ်တလဲလဲချောင်းဟန့်ခြင်း၊ စိတ်တင်းထားခြင်းကြောင့် အသံသြဇာပျောက်ကာ သိသိသာသာ အသံတိမ်ဝင်ခြင်းတို့က ကြောက်လန့်ခြင်းကိုထင်ရှားစေသည့် အသံဖြင့်ထင်ရှားသောလက္ခဏာများဖြစ်သည်။ ဤအခက်အခဲများနှင့် အကျင့်ပါသောအမူအရာများကို ကြိုးစားဖျောက်ဖျက်ခြင်းဖြင့် အောင်မြင်နိုင်သည်။

၁၃  စင်မြင့်သို့တက်သွားသည့်အခါ သို့မဟုတ် မှတ်စုများကို စနစ်တကျစီစဉ်သည့်အခါ အလျင်စလိုမရှိဘဲ စိတ်လျှော့ထားကာ သင်ပြင်ဆင်ထားသောအချက်များကို ဝေမျှပေးခွင့်ရသည့်အတွက် ပျော်ရွှင်ပါ။ စတင်ဟောပြောချိန်တွင် ကြောက်ကြောက်လန့်လန့်ဖြစ်နေမည်ဆိုလျှင် နိဒါန်းတွင် ခါတိုင်းထက်ဖြည်းဖြည်းနှေးနှေးနှင့် သာမန်ထက်အသံနိမ့်နိမ့် ပြောဆိုရန် အထူးကြိုးစားပါ။ ယင်းသို့ပြုခြင်းက သင့်ကြောက်လန့်စိတ်ကို ထိန်းချုပ်နိုင်ရန် အကူအညီဖြစ်စေမည်။ ကိုယ်ဟန်အမူအယာနှင့် ရပ်တန့်မှုရှိခြင်းကလည်း စိတ်လျှော့ထားဖို့ ကူညီပေးပါလိမ့်မည်။

၁၄ သို့သော် ယင်းတို့ကိုလေ့ကျင့်ရန် စင်မြင့်ပေါ်တက်ခွင့်ရချိန်အထိ မစောင့်ပါနှင့်။ နေ့စဉ်စကားပြောဆိုရာ၌ ဣန္ဒြေတည်ငြိမ်မှုရှိရန်နှင့် ထိန်းထားနိုင်ရန် လေ့ကျင့်ပေးပါ။ သို့ပြုလျှင် စင်မြင့်ပေါ်တွင်ဖြစ်စေ၊ အလိုအပ်ဆုံးနေရာဖြစ်သည့် လယ်ကွင်းဓမ္မအမှုတွင်ဖြစ်စေ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုရှိရန် များစွာအထောက်အကူပြုပါလိမ့်မည်။ တည်ငြိမ်သောဟောပြောချက်သည် ပရိသတ်ကို သက်သာအေးဆေးစေပြီး အကြောင်းအရာကို အာရုံစိုက်ထားနိုင်စေသည်။ စည်းဝေးတွင် မှန်မှန်အဖြေပေးခြင်းကလည်း လူအုပ်ရှေ့ စကားပြောဆိုသည့် အလေ့အကျင့်ရှိရန် အကူအညီရလိမ့်မည်။

**********

၁၅။ ပြင်ပကိုယ်အသွင်အပြင်ကောင်းသည် အဘယ်ကြောင့်အလွန်အရေးကြီးသနည်း။

၁၅ ဣန္ဒြေတည်ငြိမ်ရန် ကိုယ့်အသွင်အပြင်ကောင်းသည် အထောက်အကူပြုနိုင်သည်။ အခြားအကြောင်းများအတွက်လည်း ကိုယ်အသွင်အပြင်သည် အရေးကြီးသည်။ ဓမ္မအမှုဆောင်သည် ၎င်းကို အရည်အသွေးမီအောင် ဂရုမစိုက်လျှင် သူတို့သည် မိမိပြောနေသည့်အကြောင်းအရာကို အမှန်တကယ် အာရုံမစိုက်ဖြစ်ရန် မိမိအသွင်အပြင်က ပရိသတ်ကို အာရုံလွဲသွားစေကြောင်း သတိပြုမိမည်။ မိမိကို အာရုံစိုက်စေလိုသူ မဟုတ်သည်မှာ သေချာသည်။ လူတစ်ဦးသည် မိမိအသွင်အပြင်ကို အလွန်အမင်းဂရုမစိုက်ဘဲနေမည်ဆိုလျှင် မိမိကြောင့် အခြားသူများ မိမိ၏အဖွဲ့အစည်းအပေါ် အထင်သေးသွားပြီး မိမိတင်ပြနေသောသတင်းတရားကိုပင် ငြင်းပယ်ပါလိမ့်မည်။ ထိုသို့မဖြစ်သင့်ချေ။ ထို့ကြောင့် စကားပြောသွန်သင်ချက်စာရွက်တွင် “ပြင်ပကိုယ်ဟန်အသွင်အပြင်” ကို နောက်ဆုံးဖော်ပြထားသော်လည်း ယင်းသည် အရေးမပါဆုံးဖြစ်သည်ဟု မယူမှတ်သင့်ပါ။

၁၆–၂၁။ လျောက်ပတ်သောဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ အဘယ်သြဝါဒပေးထားသနည်း။

၁၆ လျောက်ပတ်သောဝတ်စားဆင်ယင်မှု။ အစွန်းရောက်လွန်းသော ဝတ်ဆင်မှုကို ရှောင်သင့်သည်။ ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးသည် မိမိအပေါ် အာရုံစိုက်စေသည့် ကာလပေါ်အဝတ်အစားများကို လိုက်ဝတ်ဆင်မည်မဟုတ်။ ပြင်လွန်းဆင်လွန်းခြင်း၊ သို့မဟုတ် အဝတ်အစားကို အာရုံပြုသည့်အထိ အရောင်တောက်လွန်းသည့် အဝတ်အစားများဝတ်ဆင်ခြင်းကို ရှောင်ကြမည်။ ထို့အပြင် ဖိုသီဖတ်သီ ဝတ်စားမှုမျိုးမဖြစ်ရန် သူသတိပြုပါမည်။ ဝတ်ကောင်းစားလှဖြစ်ဖို့ရန် လူတစ်ဦးသည် အသစ်ကျပ်ချွတ်ဝတ်စုံကိုဝတ်ဖို့ရန်မလိုဘဲ အမြဲသပ်ရပ်သန့်ရှင်းစွာနေနိုင်ပါသည်။ ဘောင်းဘီရှည်ကို မီးပူတိုက်ထားသင့်သည်။ လည်စည်းကို နေရာတကျဖြစ်စေသင့်သည်။ ယင်းတို့ကို မည်သူမဆို ပြုလုပ်နိုင်ပါသည်။

၁၇ ၁ တိမောသေ ၂:၉ တွင်တမန်တော်ပေါလု မှတ်တမ်းတင်ထားသော ဝတ်ဆင်မှုနှင့်ပတ်သက်သည့် ဩဝါဒသည် ယနေ့ခရစ်ယာန်မိန်းမများအတွက် လျောက်ပတ်ပေ၏။ ထို့နည်းတူ ညီအစ်ကိုများလည်း မိမိကိုအာရုံစိုက်စေသည့်ပုံစံမျိုးဖြင့် သူတို့မဝတ်ဆင်သင့်ပါ။ တစ်ကြိမ်တည်းတွင် ဣန္ဒြေမဲ့ကြောင်းထင်ရှားသည့် လောကီစတိုင်များကို အစွန်းရောက်သည့်အထိ မဝတ်ဆင်သင့်ပါ။

၁၈ ဝတ်ဆင်မှုတွင် လူတိုင်း တစ်မျိုးတစ်ပုံစံတည်း ဝတ်ဆင်မည်မဟုတ်ကြောင်းကို သတိရသင့်သည်။ ထိုသို့ဖြစ်ဖို့ သူတို့ထံမှ မမျှော်လင့်ပါ။ လူတို့သည် အကြိုက်ချင်းမတူကြပါ။ ယင်းသည်လည်း လုံးလုံးလျောက်ပတ်ပေသည်။ သင့်တော်လျောက်ပတ်သော ဝတ်ဆင်မှုဟု ယူမှတ်ခြင်းသည်လည်း အရပ်ဒေသအလိုက် ကွာခြားသည်။ သို့သော် ပရိသတ်အနေနှင့် အထင်လွဲမှားစေသော၊ အစည်းအဝေးလာတက်သူများ ထိမိလဲစရာဖြစ်စေသော ဝတ်ဆင်မှုမျိုးကို အမြဲရှောင်ဖို့ကောင်း၏။

၁၉ ကျောင်းသားဟောပြောချက်နှင့် လုပ်ငန်းတော်စည်းဝေးတွင် တာဝန်ကျသောညီအစ်ကိုများအတွက် သင့်တော်သည့်အဝတ်အစားမှာ လူထုဟောပြောချက်ပေးသောညီအစ်ကိုကဲ့သို့ ဝတ်စားသင့်သည်။ သင့်ဒေသတွင် လူထုဟောပြောချက်ပေးသော ညီအစ်ကိုများအတွက် လည်စည်းနှင့် ဝတ်စုံကုတ်အင်္ကျီ ဝတ်ဆင်ရန်ထုံးစံဖြစ်လျှင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင်ပါ ထိုသို့ဝတ်ဆင်သင့်၏။ အကြောင်းမှာ သင်သည် လူထုဟောပြောချက်ပေးနိုင်ရန် လေ့ကျင့်ခံနေရသောကြောင့်ဖြစ်၏။

၂၀ ကြော့ရှင်းသပ်ရပ်စွာဆင်ယင်ခြင်းကိုလည်း ဂရုစိုက်ရန်လို၏။ ခေါင်းမဖြီးထားလျှင် အထင်သေးစရာဖြစ်စေသည်။ ဤတွင် သပ်ရပ်သည့်အသွင်အပြင်ရှိရန် အတော်အသင့်ဂရုစိုက်ရမည်။ ထိုနည်းတူ စည်းဝေးတွင် အသင်းတော်ရှိ အမျိုးသားများသည် တာဝန်ကျသည့်အခါ သူတို့သည် မုတ်ဆိတ်ကောင်းစွာရိတ်ထားသင့်၏။

၂၁ လျောက်ပတ်သောဝတ်စားဆင်ယင်မှုနှင့်ပတ်သက်ပြီး ချီးမွမ်းထိုက်လျှင် စင်မြင့်ပေါ်မှ ချီးမွမ်းနိုင်၏။ ဝတ်စားဆင်ယင်မှုကို ဂရုစိုက်သူများအား ဤသို့ချီးမွမ်းခြင်းက သူတို့၏ပုံသက်သေကောင်းကို အခြားသူများ တုပရန် အားပေးမှုဖြစ်သည်။ သို့သော် ဤဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ တိုးတက်ပြုပြင်စရာလိုမည်ဆိုလျှင် ကျောင်းကြီးကြပ်မှူးသည် စင်မြင့်ပေါ်မှမဟုတ်ဘဲ ကျောင်းသားကို သီးသန့်ကြင်နာစွာ အကြံပေးသွန်သင်ပါမည်။

၂၂–၂၈။ ကိုယ်ဟန်အနေအထားက ပြင်ပကိုယ်အသွင်အပြင်ကို မည်သို့ဖြစ်စေနိုင်ကြောင်း ဆွေးနွေးတင်ပြပါ။

၂၂ လျောက်ပတ်သောကိုယ်ဟန်အနေအထား။ ပြင်ပကိုယ်အသွင်အပြင်တွင် လျောက်ပတ်သောကိုယ်ဟန်အနေအထားလည်း ပါဝင်သည်။ ဤတွင်တစ်ဖန် လူတိုင်း ကိုယ်ဟန်အနေအထားတစ်မျိုးတည်း မရှိကြပါ။ ညီအစ်ကိုများကို တစ်ပုံစံတည်းဖြစ်ဖို့ရန် ပုံမသွင်းသင့်ပါ။ သို့ရာတွင် သတင်းတရားကို အာရုံမစိုက်စေဘဲ ပုဂ္ဂိုလ်တစ်ဦးကို အာရုံပိုစိုက်စေမည့် မလိုလားသော အစွန်းရောက်မှုများကို ပြုပြင်ရန် သို့မဟုတ် ဖျောက်ဖျက်ပစ်ရန် ဂရုစိုက်သင့်၏။

၂၃  ဥပမာ၊ လူတိုင်း ခြေထောက်ထားပုံ တစ်ပုံစံတည်းမရှိပါ။ များသောအားဖြင့်ဆိုလျှင် မည်သို့ရပ်သည်ကား အရေးမကြီးပါ။ တည့်တည့်ရပ်ဖို့သာလိုသည်။ သို့သော် ခြေထောက်များကိုကားပြီးရပ်နေလျှင် သူ့ကိုယ်သူ မြင်းပေါ်ရောက်နေသည်ဟု ထင်နေသလောဟူ၍ ပရိသတ်ယူဆစရာဖြစ်စေရာ အာရုံပြောင်းသွားစေမည်။

၂၄ ထိုနည်းတူ ဟောပြောသူသည် မတ်မတ်မရပ်ဘဲ ပျော့အိပျော့တွဲ ရပ်မည်ဆိုပြန်လျှင်လည်း သူ့ခင်မျာ ဖျားနေပုံရသည်ဟု ပရိသတ်အထင်ရှိစရာဖြစ်စေရာ သူဟောသည့်အကြောင်းအရာမှ အာရုံလွဲသွားစေမည်။ သူတို့၏အတွေးသည် ဟောပြောချက်ပေါ်မဟုတ်ဘဲ ဟောပြောသူအပေါ်ရောက်နေမည်။

၂၅ ခြေထောက်တစ်ချောင်းတည်းနှင့်ရပ်ကာ အခြားတစ်ဖက်နှင့် လိမ်ထားလျှင် အိတ်ထဲလက်သွင်းပြီး ရပ်သည့်နည်းတူ တည်ငြိမ်မှုမရှိကြောင်း ထင်ရှားလှ၏။ ၎င်းတို့ကို ရှောင်သင့်၏။

၂၆ ထိုနည်းတူစွာ အမှုဆောင်ရာတွင် ကြေညာသူသည် အိမ်တံခါးဘောင်ကို မမှီသင့်သကဲ့သို့ ဟောပြောစင်ရှိလျှင် ဟောပြောသူသည် တစ်ခါတစ်ရံ သူ့လက်ကိုဟောပြောစင်ပေါ်တင်ခြင်းသည် မမှားသော်လည်း ယင်းကိုအားမပြုထားသင့်ပါ။ ယင်းသို့ပြုခြင်းသည် ကိုယ်ဟန်အမူအရာကောင်းမဟုတ်ပါ။

၂၇ သို့သော် တစ်ဦးနှင့်တစ်ဦး မတူကြသည်ကို ပြန်သတိပေးဖို့လိုပါသည်။ ရပ်ပုံချင်းမတူကြပေ။ ဟောပြောချက်မှ အာရုံလွင့်စေသော မလိုလားအပ်သည့် အစွန်းရောက်ပြုမူနည်းများကိုသာ သီအိုကရက်တစ်သင်တန်းကျောင်းတွင် ဂရုစိုက်မည်ဖြစ်သည်။

၂၈ ကိုယ်ဟန်အနေအထားပြုပြင်ခြင်းသည် အမှန်ပင် ကြိုတင်ပြင်ဆင်အပ်သောအရာတစ်ခုဖြစ်သည်။ ဤအချက်တွင် သင်တိုးတက်စရာလိုလျှင် ကြိုတင်စဉ်းစားထားပြီး စင်မြင့်ပေါ်တက်ပြီး စတင်မဟောပြောမီ လျောက်ပတ်သော ကိုယ်ဟန်အနေအထားကို ယူထားဖို့ဖြစ်၏။ လျောက်ပတ်သော ကိုယ်ဟန်အနေအထားကို နေ့စဉ်လေ့ကျင့်ခြင်းအားဖြင့်လည်း ယင်းကို ပြုပြင်ပေးနိုင်သည်။

၂၉–၃၁။ ကျွန်ုပ်တို့၏ အသုံးအဆောင်ပစ္စည်းများသည် အဘယ်ကြောင့်သပ်ရပ်သင့်သနည်း။

၂၉ သပ်ရပ်သောအသုံးအဆောင်ပစ္စည်းများ။ တံခါးဝတွင် စကားပြောဆိုနေစဉ်၊ သို့မဟုတ် စင်မြင့်ပေါ်မှ ဟောပြောနေစဉ် မိမိအသုံးပြုနေသည့် ကျမ်းစာအုပ်ထဲမှ စာရွက်များထွက်ကျမည်ဆိုလျှင် အမှန်အာရုံပြောင်းစေသည်။ အထင်အမြင်မကောင်းပါ။ ယင်းကြောင့် ကျမ်းစာထဲတွင် လုံးဝဘာမျှမထည့်ရဟု မဆိုလိုသော်လည်း ဟောပြောချက်မှ အာရုံလွင့်စေသည့် အနှောင့်အယှက်များ ပေါ်လာသောအခါ လျောက်ပတ်သောအသွင်အပြင်ကို ပိုဂရုစိုက်ရန်လိုနေကြောင်း တင်ပြသည်။ သင့်ကျမ်းစာ၏အသွင်အပြင်ကိုလည်း ဂရုစိုက်သင့်သည်။ အသုံးပြုပါများသောကြောင့် ကျေမွဟောင်းနွမ်းပြီး ပစ်စလက်ခတ်ထားသည့်ပုံစံမျိုး ပေါ်စေနိုင်သည်။ ထို့ကြောင့် စင်မြင့်ပေါ်တွင်၊ သို့မဟုတ် လယ်ကွင်းဓမ္မအမှုတွင် အသုံးပြုသော ကျမ်းစာအုပ်သည် ကျွန်ုပ်တို့အကူအညီပေးလိုသူများကို စိတ်ကသိကအောက်ဖြစ်သွားစေမည်လောဟု ဝေခွဲကြည့်သင့်သည်။

၃၀ စာအုပ်ထည့်သောအိတ်နှင့်ပတ်သက်၍လည်း ထို့အတူဖြစ်သည်။ စာအုပ်ထည့်သောအိတ်တွင် သပ်ရပ်စွာထည့်နိုင်သည့် နည်းများစွာရှိပါသည်။ သို့သော် တံခါးဝ၌ စာအုပ်တစ်အုပ်ထုတ်သောအခါ စာရွက်တစ်ပုံကြီးကြား စမ်းရှာရခြင်း၊ မဂ္ဂဇင်းတစ်စောင် ထုတ်လိုက်သောအခါ အခြားအရာများ ထွက်ကျခြင်းတို့ဖြစ်လျှင် ဂရုစိုက်ပြုပြင်စရာလိုနေပေပြီ။

၃၁ ဟောပြောသူ၏ အင်္ကျီအိတ်တွင် ဖောင်တိန်နှင့် ခဲတံများ အစရှိသည်တို့ဖြင့် ပြည့်လေးနေလျှင် ပရိသတ်အတွက် အာရုံပြောင်းစရာဖြစ်စေနိုင်သည်။ ထိုအရာများကို အဘယ်နေရာတွင်ထားရမည်အကြောင်း စည်းမျဉ်းမထုတ်သင့်သော်လည်း ဟောပြောချက်မှ အာရုံပြောင်းပြီး ဟောပြောသူကို ဂရုစိုက်လာပါက လိုအပ်သလိုပြုပြင်သင့်၏။

၃၂–၃၄။ ကျွန်ုပ်တို့၏ အသွင်အပြင်တွင် မျက်နှာထားသည် အဘယ်ကဏ္ဍမှပါဝင်သနည်း။

၃၂ မသင့်လျော်သောမျက်နှာထားအသွင်ကို ရှောင်ခြင်း။ ဟောပြောချက်ပြင်ဆင်ရာတွင် ဟောပြောသည့်အကြောင်းအရာ၏ သဘောကို ထည့်စဉ်းစားသင့်သည်။ ဥပမာ၊ သေခြင်းနှင့် ဖျက်ဆီးခြင်းအကြောင်းဟောပြောလျှင် ပြုံးရွှင်သောမျက်နှာထားသည် မသင့်လျော်ပါ။ ထိုနည်းတူပင် စနစ်သစ်၏ပျော်ရွှင်စရာအခြေအနေများအကြောင်းဟောပြောနေလျှင် ပရိသတ်ကို မျက်မှောင်ကုတ်၍ကြည့်ပြီး ဟောပြောခြင်းသည် မသင့်တော်ပါ။

၃၃  များသောအားဖြင့် မျက်နှာထားပုံသည် ပြဿနာမဟုတ်ပါ။ အချို့သူများသည် အခြားသူများထက် မျက်နှာထားကို အလေးအနက်ထားတတ်ကြသည်။ သို့သော် ဂရုစိုက်ရမည့်အချက်မှာ ဟောပြောချက်မှ အာရုံလွဲသွားစေသည့် အစွန်းရောက်မှုဖြစ်သည်။ မျက်နှာထားကြောင့် ဟောပြောသူ၏ရိုးသားဖြူစင်မှုအပေါ် ပရိသတ် သံသယဝင်စေမည်ဆိုလျှင် ယင်းသည် လုံးဝမလိုလားသောမျက်နှာထား ဖြစ်ပေမည်။

၃၄ ထို့ကြောင့် ဟောပြောချက်ပြင်ဆင်ရာ၌ ယင်းကိုတင်ပြသင့်သည့်သဘောကို ထည့်စဉ်းစားရန်လို၏။ ဆိုးယုတ်သူများကို ဖျက်ဆီးခြင်းအကြောင်းဖြစ်သည့် လေးနက်သောအကြောင်းအရာဖြစ်လျှင် လေးနက်စွာဟောပြောသင့်၏။ သင်သည် အကြောင်းအရာကို စဉ်းစားနေပြီး စိတ်စွဲလမ်းနေမည်ဆိုလျှင် အများအားဖြင့် သင့်မျက်နှာထားပေါ် အလိုလိုပေါ်လာမည်။ ပျော်ရွှင်စရာအကြောင်းဖြစ်ပြီး ပရိသတ်ဝမ်းသာရမည့်အကြောင်းဖြစ်လျှင် ပျော်ရွှင်ဖွယ်ရာနည်းဖြင့် ဟောပြောသင့်၏။ သင်သည် စင်မြင့်ပေါ်တွင် သက်သောင့်သက်သာရှိမည်ဆိုလျှင် ထိုရွှင်လန်းမှုကို သင့်မျက်နှာပေါ် ဖော်ပြလေ့ရှိမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ