အခန်း ၈
မိဘများအနေနှင့် သင့်တာဝန်
၁-၃။ (က) ကလေးတစ်ယောက် ထွန်းကားလာသောအခါ မိဘတို့အခြေအနေ မည်သို့ဖြစ်လာနိုင်သနည်း။ (ခ) မိခင်ရော ဖခင်ပါ မိမိတို့မိဘတာဝန်ကို နားလည်ထားရန် အဘယ်ကြောင့် အရေးကြီးသနည်း။
ဘဝတွင် မဆိုစလောက်သာ ဂယက်ရိုက်နိုင်သောအဖြစ်အပျက်များရှိသလို ကြီးကျယ်သောဂယက်၊ အစဉ်တည်သွားသည့်အကျိုးသက်ရောက်မှုများကို ဖြစ်စေသည့် အဖြစ်အပျက်များလည်းရှိ၏။ ကလေးတစ်ယောက် ထွန်းကားလာခြင်းသည် ဒုတိယအစားတွင် ပါသည်မှာ အထူးဆိုဖွယ်မရှိ။ ဇနီးမောင်နှံနှစ်ဦးအဖို့ ဘဝသည် နဂိုအခြေအနေသို့ ဘယ်နည်းနှင့်မျှ ပြန်မသွားနိုင်တော့ပါ။ ၎င်းလူသစ်သည် ပိစိညောက်တောက်သာဖြစ်သော်လည်း သူ့ကိုမြင်နေရ၊ သူ့အသံကလေးကို ကြားနေရသဖြင့် သူ့ကို မေ့ပစ်၍ မရနိုင်ချေ။
၂ ထိုအခါ မိဘများဘဝ ပို၍သာယာစိုပြေလာဖို့အကြောင်းရှိသည်။ သို့သော် အခက်အခဲတစ်ရပ်လည်း ပေါ်လာ၏။ အကောင်းဆုံးဖြစ်စေလိုလျှင် ၎င်းအခက်အခဲကို မိဘနှစ်ပါးစလုံး ပူးပေါင်းရင်ဆိုင်ရန်လိုသည်။ ကလေးတစ်ယောက်ဖြစ်ထွန်းလာရန် အသင်မိဘနှစ်ဦးစလုံး လိုအပ်သလို၊ ကလေးပေါက်ဖွားလာသည့်နောက် ဆက်လက်ကြီးထွားလာရေးအတွက် အသင်တို့နှစ်ဦးစလုံး၌ အရေးပါသည့်တာဝန်ကိုယ်စီရှိကြပေသည်။ နှိမ့်ချသောစိတ်ဖြင့် ပူးပေါင်းလုပ်ကိုင်ခြင်း၊ တကယ့်တွဲဖက်လုပ်ဆောင်ခြင်းသည် ယခင်ထက်မက လိုအပ်လာလေသည်။
၃ မိဘတစ်ဦး၏တာဝန်၊ ၎င်းတာဝန်များ တစ်ခုနှင့်တစ်ခု မည်သို့သဟဇာတဖြစ်နိုင်သည်ဟူသည့်အချက်များကို နားလည်ထားလျှင် ကလေး၏လိုအပ်ရာများကို ဖြည့်စွက်ပေးနိုင်မည်ဖြစ်၍ ရွှင်လန်းဖွယ်ရလဒ်များ ရရှိပါလိမ့်မည်။ မျှတမှုရှိရန် လို၏။ ဦးနှောက်သည် အကျိုးသင့်အကြောင်းသင့်ဖြစ်ရန် အားထုတ်သော်လည်း စိတ်က တိမ်းယိမ်းအောင်ဖန်တီး၏။ အစွန်းသို့သွားချင် သွားမည်။ နည်းလွန်းရာမှ များလွန်းသည့်အဖြစ်သို့လည်းကောင်း၊ များလွန်းသည့်အဖြစ်မှ နည်းလွန်းသည့်အဖြစ်သို့လည်းကောင်း ကူးပြောင်းတတ်၏။ ဖခင်အနေနှင့် ဦးစီးမှုအာဏာကိုသုံးစွဲလျှင် ကောင်းသော်လည်း လွန်မင်းလျှင် နိုင်လိုမင်းထက်ဖြစ်သွားနိုင်သည်။ သားသမီးများလေ့ကျင့်ရေးတွင် မိခင်ပါ ပါဝင်ထမ်းရွက်လျှင်ကောင်းသော်လည်း ဖခင်ကို ဘေးဖယ်သည့်အထိ တစ်ယောက်တည်း တာဝန်ကျုံးယူလိုက်လျှင် မိသားစုအဆောက်အဦကို လှန်ပစ်ရာရောက်လိမ့်မည်။ အကောင်းသည် အကောင်းဖြစ်၏၊ သို့သော် အကောင်းသည် တစ်ဖက်စွန်းကျလျှင် အဆိုးဖြစ်သွားနိုင်သည်။—ဖိလိပ္ပိ ၄:၅။
မိခင်၏အရေးပါသော တာဝန်ပိုင်း
၄။ မိခင်ထံမှ သူငယ်လိုအပ်သောအရာအချို့ကား အဘယ်နည်း။
၄ ဖွားစသူငယ်သည် အသက်ရှင်ရေးအတွက် မိခင်ပေါ် လုံးလုံးလျားလျား အားထားရ၏။ သူငယ်လိုအပ်ရာများကို မေတ္တာရှေ့ထား ဖြည့်စွက်ပေးပါက သူငယ်၌ လုံခြုံသောစိတ်ခံစားရ၏။ (ဆာလံ ၂၂:၉၊ ၁၀) သူငယ်ကို ကောင်းစွာကျွေးမွေး၊ သန့်ရှင်းနွေးထွေးစွာထားရန် လိုသည်; သို့ရာတွင် ကာယရေးလိုအပ်ရာများကို ပေးရုံနှင့်မလုံလောက်ချေ။ စိတ်လှုပ်ရှားမှုဘက်ဆိုင်ရာ လိုအပ်ရာများကို ဖြည့်စွက်ပေးရန်လည်း ထပ်တူထပ်မျှအရေးပါ၏။ သူငယ်သည် မေတ္တာမခံစားရလျှင် လုံခြုံသောစိတ်ရှိမည်မဟုတ်။ ကလေးငိုသောအခါ ၎င်းလိုအပ်ချက်မည်မျှတိုင်ကြီးမားသည်ကို မိခင်သိဖို့မကြာပါ။ သို့ရာတွင် ကလေးအငိုကို အရေးမစိုက်၊ အမြဲလျစ်လျူရှုထားလျှင် ကလေးဖျားလာမည်။ စိတ်လှုပ်ရှားမှုဘက်တွင် သူငယ်ကို မဖြည့်စွက်ပေးဘဲ အတန်ကြာနေလျှင် တစ်သက်လုံး စိတ်လှုပ်ရှားမှုဘက် မဖွံ့ဖြိုးတော့ဘဲ ဖြစ်သွားနိုင်၏။
၅-၇။ မကြာသေးမီက သုတေသနပြုချက်အရ ကလေးသည် မိခင်၏မေတ္တာနှင့် အရေးစိုက်မှုကြောင့် မည်သို့ဖြစ်သနည်း။
၅ အောက်ပါအချက်မှန်ကန်ကြောင်း ဒေသများစွာတို့မှစမ်းသပ်ချက်က အတည်ပြုခဲ့ကြပြီ: စကားပြောခြင်း၊ ပွတ်သပ်ခြင်း၊ ပွေ့ဖက်ခြင်း စသည်ဖြင့် မေတ္တာပြမခံရလျှင် ကလေးသည် ဖျားလာရုံမက သေပင်သေနိုင်သည်။ (ဟေရှာယ ၆၆:၁၂; ၁ သက်သာလောနိတ် ၂:၇ နှိုင်းယှဉ်။) အခြားသူများ ထိုသို့ကလေးကို ယုယမည်မှန်သော်လည်း ကလေးကို ဝမ်းဖြင့်လွယ်ခဲ့သည့်မိခင်၊ ကလေး ပထမ နှစ်လသုံးလခန့်ရှိစဉ် ပြုစုယုယခဲ့သောမိခင်အနေနှင့် ထိုသို့သာ၍ပြုသင့်သူဖြစ်သည်။ မိခင်နှင့်ကလေးနှစ်ဦးကြား အပြန်အလှန်ပြုမူချက်ရှိလာ၏။ မွေးစကလေး ရင်သွေးလေးကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုသောမိခင်၏ ဗီဇစိတ်သည် နို့စို့ချင်သောကလေးသူငယ်၏ ပင်ကိုယ်စိတ်နှင့် လိုက်ဖက်ညီနေပေသည်။
၆ နို့စို့သူငယ်၏ဦးနှောက်သည် အလွန်ထက်မြက်ကြောင်း၊ ထိတွေ့ခံစား ကြားရမြင်ရ၊ အနံ့ရသောအခါ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်လာကြောင်းသုတေသနအရ တွေ့ရှိရပါသည်။ ကလေးနို့စို့နေစဉ် မိခင်၏အသားအရေ၊ အနံ့အသက်ကို တွေ့ထိ၏။ မိခင်နို့တိုက်နေစဉ် သူငယ်သည် မိခင်မျက်နှာကို တစိမ့်စိမ့်ကြည့်လျက်သာနေ၏။ မိခင်၏စကားပြောသံ၊ သီချင်းဆိုသံကိုသာမက နှလုံးခုန်သံကိုပါ ကြားရ၏။ ၎င်းအသံမှာ မိခင်ဝမ်းထဲ၌ရှိစဉ်ကတည်းက ကြားခဲ့ရသောအသံဖြစ်ပေသည်။ နော်ဝေးနိုင်ငံမှထုတ်ဝေသည့်စာပေတစ်ခု၌ ကလေးစိတ်ပညာဆရာ အဲန် မာရစ်တ် ဒူးဗ် အောက်ပါအတိုင်းထုတ်ဖော်ပြောကြားခဲ့သည်။
“သူငယ်အိမ်ကလေးများ၏ လှုပ်ရှားပုံကိုကြည့်ရုံနှင့် ဦးနှောက် အဘယ်မျှလှုပ်ရှားဆောင်ရွက်သည်ကို တွေ့နိုင်သည်ဖြစ်ရကား အရေပြားထိတွေ့မှု၊ နို့တိုက်ခြင်းနှင့်ဆက်စပ်သောထိတွေ့မှု အတိုင်းအတာများလျှင် စိတ်၏လှုပ်ရှားဆောင်ရွက်မှုကို ပို၍နိုးကြွစေသည်ဟု ယုံကြည်နိုင်စရာအကြောင်းရှိပေသည်။ ထိုသို့စိတ်လှုပ်ရှားဆောင်ရွက်မှုများခြင်းကလည်း လူကြီးဘဝရောက်သောအခါ အသိဉာဏ်ကို ပို၍ဖွံ့ဖြိုးစေနိုင်သည်။”
၇ သို့ဖြစ်သောကြောင့် ကလေးသည် မိခင်၏ကောက်ချီခြင်း၊ ပွတ်သပ်ခြင်း၊ ရေချိုးပေးခြင်းတို့ကြောင့် မိခင်နှင့်ထိတွေ့ဖန်များလာသောအခါ ခံစားရသောနှိုးဆွမှုသည် ကလေးဖွံ့ဖြိုးကြီးထွားရေး၊ အနာဂတ် လူတစ်လုံးသူတစ်လုံးဖြစ်ရေးအတွက် အလွန်အရေးပါသောကဏ္ဍဘက်မှ ဆောင်ရွက်ပေးပေသည်။ ညနက်သန်းခေါင်ထပြီး ငိုနေသောကလေးကို ချော့သိပ်ရသည်မှာ ပျော်စရာအကောင်းဆုံးဟု မဆိုနိုင်သော်လည်း နောက်နောင် အကျိုးရမည်ဟူသည့်အသိစိတ်ကလေးက ပျက်သွားသည့်အိပ်ရေးအတွက် အတော်ပင် အစားထိုးဖြေသိမ့်နိုင်စရာဖြစ်ပေသည်။
အချစ်ခံရသဖြင့် ချစ်တတ်လာခြင်း
၈-၁၀။ (က) ကလေးသည် မိခင်မေတ္တာမှ အဘယ်အချက်ကို သင်ယူသနည်း။ (ခ) ယင်းသည် အဘယ်ကြောင့်အရေးပါသနည်း။
၈ ကလေးသူငယ်၏စိတ်လှုပ်ရှားမှုဘက် ဖွံ့ဖြိုးရေးအတွက် အချစ်ခံရခြင်းသည်အလွန်အရေးပါ၏။ သူသည် အချစ်ခံရ၊ အချစ်နမူနာများနှင့် ထိတွေ့ရာမှ ချစ်တတ်လာသည်။ ဘုရားသခင်ကို ချစ်ခြင်းနှင့်ပတ်သက်၍ ၁ ယောဟန် ၄:၁၉ က “ဘုရားသခင်သည် ငါတို့ကို ရှေ့ဦးစွာချစ်တော်မူသောကြောင့် ငါတို့သည် ဘုရားသခင်ကိုချစ်ကြ၏” ဟုဆိုသည်။ အချစ်ပဏာမ သင်ခန်းစာပို့ချသူမှာ အဓိကအားဖြင့် မိခင်ဖြစ်သည်။ မိခင်သည် ကလေးကိုယ်ပေါ်သို့ညွှတ်ကာ ရင်ဘတ်ကို အသာအယာ ကလိထိုးပြီး ‘တူးတူးရေ၊ ဝါး’ ဟုပြောလိုက်လျှင် ကလေးအနေနှင့် စကားလုံးကိုကား နားလည်မည်မဟုတ်။ (ပြောမည်ဆိုလျှင် အဓိပ္ပာယ်ရှိသည့်စကားလည်း မဟုတ်ပါ။) သို့သော် ဆော့ကစားသည့်လက်နှင့် စကားသံက ‘ချစ်တယ်၊ ချစ်တယ်’ ဟုပြောနေသည်ကို သဘောပေါက်သောကြောင့် ပျော်မြူးလူးလွန့်၍ တခိခိဖြစ်နေမည်။ မိခင်၏မေတ္တာဓာတ်ကို ထိတွေ့၍ ရင်၌နွေးလျက်နေပေမည်။
၉ နို့စို့သူငယ်နှင့် ကလေးငယ်တို့သည် မေတ္တာခံစားရသောအခါ ၎င်းကိုမြတ်နိုး၏။ မေတ္တာကိုတုပ၍လည်း မေတ္တာကို လက်တွေ့ပြ၏။ မိမိတို့လက်ကလေးများဖြင့် မိခင်လည်ပင်းကိုဖက်ကာ မိခင်ကိုအားရပါးရနမ်းတတ်၏။ သို့ပြုသောအခါ မိခင်ထံမှ တုံ့ပြန်မှုကိုရရှိသဖြင့် နှလုံးထဲ၌ ပီတိဖြာလျက် ကြည်နူးလျက်နေ၏။ မေတ္တာအပေးအယူလုပ်သောအခါ ဝမ်းမြောက်မှုကို ခံစားရကြောင်း၊ မေတ္တာတည်းဟူသော မျိုးစေ့ကိုကြဲလျှင် မေတ္တာတည်းဟူသောအသီးကို ပြန်ရိတ်ရမည်ဟူသည့် သင်ခန်းစာကို သဘောပေါက်နားလည်လာကြသည်။ (တမန်တော် ၂၀:၃၅; လုကာ ၆:၃၈) ငယ်ရွယ်စဉ်အချိန်တွင် မိခင်အပေါ် တွယ်တာမှုမရှိလျှင် ကြီးလာသောအခါ အခြားသူတို့အပေါ် တွယ်တာရန်၊ ကတိပြုရန် အလွန်ခက်ခဲလာကြောင်း သာဓကရပ်များက ထင်ရှားစေ၏။
၁၀ ကလေးသည် မွေးလာသည်နှင့်တပြိုင်နက် စူးစမ်းလာပြီဖြစ်ရာ ပထမနှစ်အနည်းငယ်သည် အလွန်ပင် အရေးပါ၏။ ထိုနှစ်များအတွင်း၌ မိခင်မေတ္တာသည် အလွန့်အလွန် အရေးကြီး၏။ မိခင်သည် အလိုမလိုက်ဘဲ မေတ္တာကိုပြပြီး မေတ္တာသင်ပေးနိုင်လျှင် တည်မြဲသောအကျိုးကို ဖြစ်ထွန်းစေမည်; မအောင်မြင်လျှင် ပယ်မရသည့် ဆိုးကျိုးကို ဖြစ်စေလိမ့်မည်။ မိခင်ကောင်းဖြစ်ရေးသည် အမျိုးသမီးတစ်ဦးအဖို့ အခက်ဆုံး၊ အကျိုးအရှိဆုံးလုပ်ငန်းတစ်ရပ်ဖြစ်သည်။ ၎င်းသည် ပင်ပန်းခက်ခဲဖွယ်ဖြစ်သလောက် လောကပေးသော အဘယ် “လုပ်ငန်း” က ၎င်းလောက်အရေးပါ၍ တည်မြဲသောချမ်းမြေ့မှုကိုပေးစွမ်းနိုင်မည်နည်း။
ဖခင်၏ အရေးပါသောတာဝန်ပိုင်း
၁၁။ (က) ဖခင်သည် ကလေးစိတ်ထဲ၌ မိမိတာဝန်ကို မည်သို့အစပျိုးနိုင်သနည်း။ (ခ) ၎င်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။
၁၁ ကလေးနို့စို့ဘဝတွင်ရှိစဉ် မိခင်သည် ကလေး၏အသက်တာတွင် ပို၍အရေးပါသောကဏ္ဍပိုင်းမှ ပါဝင်သည်မှာ သဘာဝဖြစ်သည်။ သို့သော် ကလေးမွေးလာသည့်နောက် ဖခင်လည်း ကလေး၏ ကမ္ဘာအစိတ်အပိုင်းတစ်ခုဖြစ်ဖို့ကောင်းသည်။ ကလေး နို့စို့အရွယ်လောက်သာရှိပါစေ၊ ဖခင်သည် ပတ်သက်နိုင်၊ ပတ်သက်လာသင့်သည်။ ကလေးကို တစ်ခါတစ်ရံထိန်းခြင်း၊ ကလေးနှင့် ကစားဖော်ပြုခြင်း၊ ကလေးငိုသောအခါ ချော့သိပ်ခြင်း စသည်တို့ကို ပြုနိုင်သည်၊ ပြုအပ်သည်။ ဤနည်းအားဖြင့် ဖခင်သည် ကလေး၏စိတ်ထဲ၌ သံမှိုစွဲသကဲ့သို့ စွဲမြဲတည်တံ့သွားမည်။ အချိန်ကုန်လွန်လာသည်နှင့်အမျှ ဖခင်၏တာဝန်သည် တစ်စစ အရေးပါသည့်အပိုင်းဖြစ်လာသင့်သည်။ အကယ်၍ အချိန်ဆွဲနေလျှင် ပြဿနာတစ်ခု အစပြု၍ ယင်းပြဿနာသည်လည်း ကလေးငယ်မြီးကောင်ပေါက်ဖြစ်လာမှ ဘွားကနဲပေါ်လာလိမ့်မည်။ ထိုအခါကျမှ ဆုံးမလျှင် အခက်တိုးလိမ့်မည်။ အထူးသဖြင့် လူပျိုဘော်ဝင်စအရွယ် သားငယ်သည် ဖခင်၏အထောက်အမကို လိုမည်ဖြစ်သော်လည်း သားအဖစပ်ကြား ကောင်းမွန်သောဆက်ဆံရေးလမ်းကြောင်း ခင်းကျင်းမထားခဲ့လျှင် နှစ်အတော်အတန်အတွင်း ဖြစ်ပေါ်ခဲ့သည့်ချောက်ကမ်းပါးကို ရက်သတ္တပတ် တစ်ပတ်နှစ်ပတ်နှင့် ပေါင်းကူးတံတားခင်း၍ မရနိုင်ချေ။
၁၂၊ ၁၃။ (က) အိမ်ထောင်၌ ဖခင်တာဝန်ကား မည်သို့နည်း။ (ခ) ဖခင်သည် တာဝန်ကို နည်းမှန်လမ်းကျ ထမ်းဆောင်လျှင် အာဏာပိုင်နှင့်ပတ်သက်သော ကလေး၏အမြင်ပေါ် အဘယ်သို့ကောင်းကျိုး သက်ရောက်စေနိုင်သနည်း။
၁၂ ယောက်ျားကလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ၊ ဖခင်၏ ယောက်ျားအရည်အသွေးသြဇာကြောင့် ပြည့်စုံမျှတသည့် လူတစ်လုံးသူတစ်လုံးဖြစ်လာနိုင်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖခင်သည် အိမ်ထောင်ဦးစီးဖြစ်ရန်ဟု ဆိုထားသည်။ စားဝတ်နေရေးပေးရမည့်တာဝန် ဖခင်၌ရှိ၏။ (၁ ကောရိန္သု ၁၁:၃; ၁ တိမောသေ ၅:၈) သို့ရာတွင် “လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည်။” “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ သူတို့ကိုမွေးမြူကြလော့” ဟုကလေးများနှင့်ပတ်သက်၍ ဖခင်အား မိန့်မှာထားပါသည်။ (တရားဟောရာ ၈:၃; ဧဖက် ၆:၄၊ ကဘ) မိမိသားသမီးများကိုချစ်သော ဗီဇကြောင့်သာမဟုတ်၊ ဖန်ဆင်းရှင်ပေါ် တာဝန်သိတတ်သည့်စိတ်ကြောင့် မိမိ၏ဘုရားပေးတာဝန်ကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်သွားသင့်ပေသည်။
၁၃ မိခင်၏ ချစ်ကြင်နာမှု၊ ယုယမှု၊ သနားခြင်းတို့နှင့်အတူ ဖခင်သည်လည်း အခြေခိုင်စေသောသြဇာ၊ ကြံ့ခိုင်စေသော၊ ပညာလမ်းညွှန်ကျသော ဩဇာသက်ရောက်စေနိုင်သည်။ ကလေးသည် ကြီးပြင်းလာသောအခါ လူနှင့်ဘုရားတည်းဟူသော အာဏာပိုင်နှစ်ပါးစလုံးအပေါ် မည်သို့သဘောထားမည်၊ ၎င်းကို လေးစား မလေးစား၊ အခြားတစ်ယောက် ညွှန်ကြားမှုအောက်တွင် ဒေါသတငွေ့ငွေ့မထွက်၊ အာ မခံ ပုန်မကန်ဘဲ လုပ်ကိုင်နိုင်၊ မလုပ်ကိုင်နိုင်ဟူသည့်အချက်သည် ဖခင်ဖြစ်သူကိုယ်တိုင် ဘုရားပေးတာဝန်ကို မည်သို့ကိုင်တွယ်သည်ဟူသည့်အချက်ပေါ် များစွာမူတည်၏။
၁၄။ ဖခင်၏ပုံသက်သေကောင်းသည် မိမိသား သို့မဟုတ် သမီးအပေါ် အဘယ်ကောင်းကျိုး သက်ရောက်စေနိုင်သနည်း။
၁၄ သားဖြစ်လျှင် ကြီးပြင်းလာသောအခါ စိတ်ပျော့သူ၊ မပြတ်သားသူအစားမျိုး ဖြစ်မည်လော၊ သို့တည်းမဟုတ် ယောက်ျားဂုဏ်ရည်ပြည့်ဝသူ၊ စွဲမြဲသူ၊ ပိုင်နိုင်သောသတ္တိရှင်၊ တာဝန်ကို ခေါင်းမရှောင်သူ ဖြစ်မည်လော၊ ဖခင်၏လုပ်ဆောင်ကိုင်တွယ်ပုံ စံနမူနာပေါ် များစွာမူတည်ပေသည်။ သားသည် ကျပ်တည်းလျက် အကျိုးသင့်၊ အကြောင်းသင့် မစဉ်းစား ခက်ထန်မာကြောသောယောက်ျား၊ ဖခင်ဖြစ်လာမည်လော၊ သို့မဟုတ် အဘက်ဘက်မြင်၍ ထိုးထွင်းနားလည်ကြင်နာတတ်သောယောက်ျား၊ ဖခင်ဖြစ်လာမည်လော။ ၎င်းနှင့်များစွာသက်ဆိုင်သည်။ အိမ်ထောင်၌ သမီးရှိလျှင် နောင် ကြီးပြင်းလာသောအခါ ယောက်ျားတို့အပေါ် မည်သို့သဘောထားမည်၊ အိမ်ထောင်ရေးအောင်မြင်မည်၊ မိမိဖခင်၏သြဇာနှင့်ဆက်ဆံပုံက ဖန်တီးနိုင်သည်။ ဖခင်၏ ယင်းသို့သောသြဇာသည် နို့စို့အရွယ်ကတည်းက သက်ရောက်စပြုပါသည်။
၁၅၊ ၁၆။ (က) သွန်သင်ခြင်းနှင့်ဆိုင်သော အဘယ်တာဝန်ကို ကျမ်းစာကဖခင်ပေါ် တင်ထားသနည်း။ (ခ) ယင်းတာဝန်ကို မည်သို့ထမ်းဆောင်နိုင်သနည်း။
၁၅ တရားဟောရာ ၆:၆၊ ၇ ပါဘုရားသခင့်လူမျိုးတော်အား ညွှန်ကြားသည့် အောက်ပါအချက်၌ ဖခင်တစ်ဦး အဘယ်အတိုင်းအတာအထိ သွန်သင်ရန်တာဝန်ရှိသည်ဟူသောအချက်ကို တွေ့မြင်နိုင်သည်။ “ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။”
၁၆ ကလေး၏ဦးနှောက်အတွင်းသို့ ဘုရားသခင့်နှုတ်ကပါဌ်တော်စကားလုံးများကိုသာမဟုတ်၊ ၎င်းစကားလုံးများက ဆိုလိုသောအချက်လက်ကိုပါ ရိုက်သွင်းပေးရန်လိုသည်။ အခွင့်လမ်းများ အစဉ်ပွင့်လျက်ရှိပါသည်။ ဥယျာဉ်ထဲမှပန်း၊ လေထဲမှပိုးမွှား၊ သစ်ပင်ပေါ်မှ ကျေးငှက်နှင့်ရှဉ့်၊ ပင်လယ်ကမ်းခြေမှ ကနုကမာ၊ တောင်ပေါ်မှ ကတော့ပုံထင်းရူးပင်၊ ညအချိန် ကောင်းကင်ပြင်မှ မှိတ်တုတ်မှိတ်တုတ် ကြယ်ကလေး—ယင်းအံ့ဖွယ်ရာအားလုံး ဖန်ဆင်းရှင်အကြောင်း ဖော်ကျူးလျက်နေ၏။ ၎င်းတို့ပြောသောစကားကို ကလေးတို့နားလည်အောင် အဓိပ္ပာယ်ဖွင့်ပေးရမည်။ ဆာလံဆရာက “မိုးကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍ တစ်ညကိုတစ်ည သွန်သင်၏” ဟုဆိုသည်။ (ဆာလံ ၁၉:၁၊ ၂) ယင်းအရာဝတ္တုများကို အသုံးပြုပြီး အထူးသဖြင့်စည်းမျဉ်းများကို ရှင်းလင်း၍ အလေးအနက်ပေါ်လွင်စေရာ၌လည်းကောင်း၊ ဘုရားသခင့်သြဝါဒ၏ ပညာနှင့်အကျိုးကို ပြသရာ၌လည်းကောင်း၊ နေ့စဉ်အသက်တာရေးရာများမှ ဥပမာများ ထုတ်နှုတ်တတ်ရန် မျက်စိရှင်ရှင်ထားလျှင် ဖခင်သည် ကလေး၏ဦးနှောက်နှင့်နှလုံးထဲ၌ အနာဂတ်အတွက် အလွန်အရေးပါသည့်အုတ်မြစ်ဖြစ်သော အောက်ပါအရာကို ချပေးနိုင်သည်။ ၎င်းအရာမှာ ဘုရားသခင်တည်ရှိရုံမက ‘ကိုယ်တော်ကို စိတ်ထက်သန်စွာ ရှာသောသူတို့အား အကျိုးပေးတော်မူသည်’ ကိုပါ သက်ဝင်ယုံကြည်ရန် ဖြစ်သည်။—ဟေဗြဲ ၁၁:၆။
၁၇၊ ၁၈။ (က) ဖခင်တစ်ဦး မိမိသားသမီးများကို မည်သို့ဆုံးမအပ်သနည်း။ (ခ) ဥပဒေ တသီတတန်းထုတ်ခြင်းထက် အဘယ်အရာက ပို၍ ထိရောက်သနည်း။
၁၇ ဆုံးမခြင်းသည်လည်း ဖခင်၏တာဝန်ဖြစ်သည်။ “အဘ မဆုံးမသောသား တစ်စုံတစ်ယောက်ရှိသလော” ဟု ဟေဗြဲ ၁၂:၇ ကမေး၏။ သို့သော်စိတ်တိုစရာ၊ ကြောက်လန့်စရာ မဖြစ်ရအောင် သတိနှင့်ရှောင်၍ ပဲ့ပြင်ရာ၌ တစ်ဖက်လွန်မင်းမပြုသင့်။ “အဘတို့၊ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာမပြုကြနှင့်။ ထိုသို့ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟုဖခင်တို့အား ဘုရားသခင့်နှုတ်ကပါဌ်တော်က မှာကြားပေသည်။ (ကောလောသဲ ၃:၂၁) ကန့်သတ်ချုပ်ချယ်ရမည့်နေရာတွင် ချုပ်ချယ်သင့်သည်မှန်သော်လည်း ဥပဒေအမျိုးမျိုး ချဲ့၍နေလျှင် ကလေးအဖို့ ဝန်လေးစရာ၊ စိတ်ဓာတ်ကျဆင်းစရာ ဖြစ်လာနိုင်သည်။
၁၈ ရှေးဖာရိရှဲတို့သည် ဥပဒေဝါသနာထုံ၏; ဥပဒေတောင်ပုံရာပုံထုတ်၍ ကြောင်သူတော်အုပ်စုများကို မွေးထုတ်ခဲ့ကြသည်။ ဥပဒေထပ်ဆင့်ထုတ်လိုက်လျှင် ပြဿနာပြေလည်သွားမည်ဟု လူတို့ အထင်မှားတတ်ကြ၏; ဘဝတွေ့ကြုံမှုများအရ နှလုံးထဲသို့ စိမ့်ဝင်အောင် ဖျောင်းဖျခြင်းကသာ အောင်မြင်ခြင်းသော့ချက်ဖြစ်ကြောင်း ထင်ရှားနေပါသည်။ သို့ဖြစ်သောကြောင့် ဥပဒေကို ချွေတာပြီးထုတ်ပါ; မူများကို သွတ်သွင်းပေးပါ၊ ဘုရားသခင်ကိုယ်တော်တိုင် ချိန်ရွယ်တော်မူသောပစ်မှတ်ကို ချိန်ရွယ်၍ပြုပါ: “ငါသည် ငါ့ပညတ်တို့ကို သူတို့စိတ်ထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။”—ဟေဗြဲ ၈:၁၀။
ဖခင်နှင့် မိခင်တို့သည် တွဲဖက်ဖြစ်ကြ
၁၉။ အိမ်တွင်း၌ အပြောအဆိုကောင်းစွာရှိနိုင်ရေးအတွက် အဘယ်အရာက စိတ်ချစေနိုင်သနည်း။
၁၉ ဖခင်သည် များသောအားဖြင့် ဝင်ငွေရှာသူဖြစ်သဖြင့် အလုပ်မှ အိမ်ပြန်လာသောအခါ မောပန်းလေ့ရှိသည်။ အခြားလုပ်ဆောင်စရာတာဝန်များ ရှိသေး၏။ သို့သော် ဇနီးနှင့်ကလေးများအတွက် အချိန်ပေးရမည်။ မိမိအိမ်ထောင်နှင့် စကားအပြောအဆိုရှိဖို့လိုသည်။ မိသားစုဆွေးနွေးမှု၊ မိသားစုစီမံကိန်း၊ မိသားစု ပျော်စရာရွှင်စရာ၊ မိသားစုပျော်ပွဲစားထွက်ခြင်း စသည်အတွက် အချိန်ဖယ်ထားရန်လိုသည်။ ဤနည်းအားဖြင့် အိမ်ထောင်စည်းလုံးမှုနှင့် ခိုင်မြဲမှုတောင့်တင်းလာမည်။ သားသမီးများ မထွန်းကားစဉ်အချိန်က မိမိတို့ဇနီးမောင်နှံနှစ်ဦး အိမ်ပြင်တွင် အချိန်များစွာပျော်ပါး၍ နေခဲ့ကောင်းနေခဲ့ကြမည်ဖြစ်သော်လည်း ထိုအတိုင်း ဆက်ပြီးစခန်းသွားလျှင် တောင်ပြေးမြောက်ပြေးပြီး ညနက်သန်းခေါင်မှ အိမ်ရောက်မည်ဖြစ်သောကြောင့် မိဘဝတ္တရား ကျေပွန်ရာရောက်မည်မဟုတ်။ မိမိတို့သားသမီးများအပေါ် အလွန်မတရားပြုရာကျလိမ့်မည်။ ယင်းသို့ စည်းမဲ့တာဝန်မဲ့ပြုသည့် အကျိုးအပြစ်ကို အနှေးနှင့်အမြန် ခံရကြလိမ့်မည်။ ကလေးများသည် လူကြီးများနည်းတူ တည်ငြိမ်မှုနှင့် စည်းကမ်းရှိလျှင် များစွာကောင်းစား၏; ၎င်းသည် ကာယ၊ ဉာဏနှင့် စိတ္တ ကျန်းမာရေးကို အထောက်အကူပြု၏။ နေ့စဉ်အိမ်ထောင်ရေးဘဝကိုယ်၌က ငိုစရာ၊ ရယ်စရာနှင့် ပြည့်နေပြီဖြစ်ရကား မိဘများက ထပ်၍ဖန်တီးရန် မလိုတော့ချေ။—မဿဲ ၆:၃၄; ကောလောသဲ ၄:၅ နှိုင်းယှဉ်။
၂၀။ သားသမီးများ ဆုံးမသည့်ကိစ္စတွင် မိဘနှစ်ပါး မည်သို့ပြုလျှင် ပူးပေါင်းလုပ်ဆောင်ရာရောက်မည်နည်း။
၂၀ ကလေးများအား ဆက်ဆံခြင်း၊ သွန်သင်ခြင်း၊ စည်းမျဉ်းကန့်သတ်ခြင်း၊ ဆုံးမခြင်း ချစ်ခြင်းတို့တွင် ဖခင်နှင့်မိခင် နှစ်ဦး ပူးပေါင်းဆောင်ရွက်အပ်သည်။ “ကွဲပြားသောအိမ်သည် မရပ်တည်နိုင်။” (မာကု ၃:၂၅) မည်သို့ဆုံးမမည်နှင့်ပတ်သက်၍ နှီးနှောတိုင်ပင်အပ်သည်; သို့ပြုလျှင် ဆုံးမရာ၌ အမိတစ်မျိုး၊ အဖကတစ်ဖုံ ဖြစ်နေသည်ကို ကလေးများ တွေ့မြင်ခွင့်ရစေတော့မည်မဟုတ်။ သို့မဟုတ်လျှင် ကလေးများလာ၍ ‘ကွဲအောင်လုပ်ပြီး အောင်ပန်းဆွတ်’ ရန်ခေါ်ဖိတ်သည်နှင့်တူချေမည်။ မှန်သည်၊ ရံဖန်ရံခါ မိဘတစ်ပါးပါးက စိတ်မြန်လက်မြန်၊ ဒေါသတကြီးနှင့် လွန်မင်းစွာဆုံးမ အပြစ်ပေးမိကောင်းပေးမိသည့်အခါ ရှိနိုင်သည်။ သို့မဟုတ် အချက်အလက်စုံ သုံးသပ်လိုက်သောအခါ မလိုအပ်ဘဲ ဆုံးမမိသည့်အဖြစ်မျိုး ရှိနိုင်သည်။ ယင်းအချက်နှင့်ပတ်သက်၍ မိဘနှစ်ပါး တိတ်တဆိတ် တိုင်ပင်ညှိနှိုင်းနိုင်ပေသည်။ ၎င်းနောက် မှားခဲ့သောမိဘက ကလေးနှင့်ဖြေရှင်းနိုင်သည်။ သို့မဟုတ် တိတ်တဆိတ်တိုင်ပင်ညှိနှိုင်းမဖြစ်လျှင် မိမိအိမ်ထောင်ဖက်ကို ထောက်ခံပါက မတရားမှုကို ထောက်ခံရာရောက်မည်ဟု ယူမှတ်သောမိဘက ‘မေ (မောင်) ဘာကြောင့် စိတ်ဆိုးရသလဲဆိုတာ မောင် (မေ) နားလည်ပါတယ်။ မောင် (မေ) သာဖြစ်ရင်လဲ စိတ်ဆိုးမိမှာအမှန်ပဲ။ ဒါပေမဲ့ မေ (မောင်) သတိမထားမိတဲ့အချက်ကလေးတစ်ခုရှိတယ်။ အဲ့ဒါက ဘာလဲဆိုတော့ . . . ’ ဟူ၍ပြောပြီး အမှတ်မထားမိသည့်အချက်ကို ဖြေရှင်းနိုင်ပါသည်။ သို့ပြုလျှင် ဆုံးမခံနေရသည့်ကလေးရှေ့၊ စိတ်ဝမ်းကွဲပြားမှု၊ သဘောချင်းမညီညွတ်မှုကိုမပြဘဲ အေးဆေးငြိမ်သက်သည့်သြဇာ သက်ရောက်စေနိုင်သည်။ မှုတ်သွင်းခံ နယပုံပြင်ကျမ်း (Proverbs) က “မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ [တိုင်ပင်သောသူမူကား၊ ကဘ] ပညာရှိ၏” ဟုဆိုသည်။—သု. ၁၃:၁၀; ဒေသနာ ၇:၈ ကိုလည်းရှု။
၂၁။ မိဘတစ်ဦးသာ ဆုံးမအပ်သလော။ အဘယ်ကြောင့်နည်း။
၂၁ ဟေဗြဲကျမ်းစာများက ဆုံးမခြင်းသည် မိဘနှစ်ပါးတာဝန်ဖြစ်သည်ဟု ဖော်ပြ၏: “ငါ့သား၊ အဘ၏နည်းဥပဒေကို နားထောင်လော့။ အမိ၏ တရားကိုလည်း မပယ်နှင့်။” ခရစ်ယာန်ဂရိကျမ်းစာများ၌လည်း အလားတူစွာ ရေးသားထား၏: “သားသမီးတို့၊ သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကိုနားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။” အချို့ဖခင်တို့သည် ကလေးဆုံးမခြင်းကို မိန်းမအလုပ်ဟု ယူဆကြသည်။ မိန်းမဖြစ်သူကလည်း ဆန့်ကျင်ဘက်အမြင်မျိုး ထားရှိလျက် ‘နေဦး မင်းတို့ဖေဖေလာမှ အကြောင်းသိမယ်’ ဟုခြိမ်းခြောက်ရုံသာပြု၏။ သို့သော် အိမ်ထောင်သာယာလိုလျှင်လည်းကောင်း၊ မိဘတစ်ဦးစီ ကလေး၏မေတ္တာနှင့်လေးစားမှုကို ရယူလိုလျှင်လည်းကောင်း တာဝန် မျှဝေထမ်းရွက်ရန်လိုသည်။—သု. ၁:၈; ဧဖက် ၆:၁။
၂၂။ ကလေးတစ်စုံတစ်ရာ တောင်းဆိုလာသောအခါ အဘယ်အရာကို ရှောင်အပ်သနည်း။ အဘယ်ကြောင့်နည်း။
၂၂ ကလေးတို့သည် မိဘများ ယင်းကိစ္စတွင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သည်ကိုလည်းကောင်း၊ မိမိတို့တာဝန်ကိုယ်စီ ထမ်းရွက်လိုသောဆန္ဒရှိသည်ကိုလည်းကောင်း တွေ့မြင်ရန်လိုသည်။ ကလေး တစ်စုံတစ်ရာ တောင်းသောအခါ ဖခင်က ‘မင်းအမေဆီမှာ သွားပြောချေ’ ဟုပြောလွှတ်လိုက်ပြီး မိခင်ကလည်း ဖခင်အပေါ် အမြဲတာဝန်လွှဲချနေလျှင် မိမိက ‘မသွားရ၊ မလုပ်ရ’ ဟုပြောရမည့်ကိစ္စတစ်ခုတွင် မောင်ဗရုတ်ကြိုက်သလို လုပ်နိုင်မည်ကို တွေ့ရလတ္တံ့။ ဖခင်က ‘သားအပြင်ထွက်ပြီး တအောင့်လောက်ကစားနိုင်ပါတယ်၊ ဒါပေမဲ့ ဘယ်အချိန်မှာ ထမင်းစားမလဲဆိုတာ မေမေ့ကိုမေးကြည့်လိုက်ဦး၊ ကြားလား’ ဟုပြောရသည့်အခါမျိုးတော့ရှိသည်ပေါ့။ မိခင်ဖြစ်သူကလည်း တောင်းဆိုချက်တစ်ခုငြင်းစရာမရှိသော်လည်း မိမိခင်ပွန်း မည်သို့သဘောရှိသည်ကို ဖွင့်ဟစေအပ်သည်ဟု ယူမှတ်သည့်အခါမျိုးလည်း ရှိပေသည်။ သို့သော် မိမိတို့အား ရန်တိုက်ပေးပြီး လိုချင်ရာကို အရကြံရန် ကလေးအား အခွင့်မပေးမိဖို့၊ အားမပေးမိဖို့ မိဘနှစ်ပါးစလုံး သတိဝီရိယထားအပ်သည်။ ဇနီးဖြစ်သူလည်း မိမိရပိုင်သောအာဏာကို ပြိုင်ဆိုင်သည့်သဘောဖြင့် မသုံးစွဲခဲ့ရန်လည်းကောင်း၊ မိမိခင်ပွန်းအကျိုးဆုတ်ယုတ်စေပြီး ကလေးကို အလိုလိုက်ခြင်းဖြင့် ကလေးတွယ်တာမှုရဖို့ မကြံမိရန်လည်းကောင်း သတိနှင့်ရှောင်အပ်သည်။
၂၃။ အိမ်ထောင်၌ ဖခင်တစ်ဦးတည်းသာ အမှုကိစ္စများကို ဆုံးဖြတ်ရမည်လော။
၂၃ တကယ်ဆိုရလျှင် မိသားစုနှင့်ဆိုင်သောဆုံးဖြတ်ချက်ကိုချရာတွင် အိမ်သားတစ်ဦးစီ၌ မိမိဆုံးဖြတ်ချက်ကို အထူးအလေးပေးအပ်သည့်အပိုင်း ကိုယ်စီရှိကြပေမည်။ ဖခင်သည် အိမ်ထောင်တစ်ခုလုံး၏အကျိုးနှင့်သက်ဆိုင်သည့်မေးခွန်းများကို စီမံပိုင်းဖြတ်ရန် တာဝန်ရှိသည်။ သို့ပြုရာ၌ အခြားအိမ်သူအိမ်သားများနှင့် ဦးစွာညှိနှိုင်း၍ ၎င်းတို့၏ဆန္ဒတို့ကို ထည့်သွင်းစဉ်းစားအပ်သည်။ မိခင်ဖြစ်သူသည် မီးဖိုဆောင်မှစ၍ အခြားအိမ်မှုရေးရာများနှင့်ပတ်သက်၍ ဆုံးဖြတ်ကောင်းဆုံးဖြတ်ပေမည်။ (သု. ၃၁:၁၁၊ ၂၇) သားသမီးများလည်း ကြီးပြင်းလာသည်နှင့်အမျှ မိမိတို့ကစားလိုသည့်နေရာ၊ မိမိတို့ ဝတ်လိုသောအဝတ်အစား၊ သို့မဟုတ် အခြားကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချပိုင်ခွင့် ရချင်ရမည်။ သို့ဆိုသော်လည်း ကောင်းမြတ်သောမူများအတိုင်း လုပ်မလုပ်၊ ကလေးတို့ လုံခြုံရေးရှိမရှိ၊ အခြားသူများ အခွင့်အရေးကို ထိပါး မထိပါးဟူသည့်အချက်ကို မိဘများ လုံလောက်အောင် ကြပ်မတ်ပေးရန်လိုသည်။ ယင်းသို့ပြုလျှင် ကလေးတို့သည် တစ်စစ ဆုံးဖြတ်ချက်ချခွင့်ရသွားကြမည်။
မိဘကို ရိုသေရန် လွယ်ကူသလော
၂၄။ သားသမီးများ မိဘတို့ကို ရိုသေရမည်ဟူသည့်အချက်က မိဘများအပေါ် အဘယ်တာဝန်ကျရောက်သနည်း။
၂၄ “မိဘကို ရိုသေစွာပြုလော့” ဟူ၍ ကလေးများအား ဆုံးမထားပါသည်။ (ဧဖက် ၆:၂; ထွက်မြောက်ရာ ၂၀:၁၂) ထိုသို့ရိုသေလျှင် ဘုရားသခင့်ပညတ်တော်ကိုပါ ရိုသေရာရောက်သည်။ သင့်အား ရိုသေရလွယ်ကူအောင် သင်ဖန်တီးပေးသလော။ အသင်မိန်းမများ၊ သင့်ခင်ပွန်းကို ရိုသေလေးစားပါဟု မှာထားတော်မူပြီး သူက ဘုရားသခင့်နှုတ်ကပါဌ်တော် တောင်းဆိုထားသည်နှင့်အညီ မနေထိုင်လျှင် သူ့ကိုရိုသေရန် မခက်ပေလော။ အသင်ယောက်ျားများ သင့်ဇနီးကို ချစ်အပ်သောကူဖော်လောင်ဖက်အဖြစ် မြတ်နိုးလေးစားပါဟု မှာထားတော်မူပြီ။ သို့သော် သူမက အကူအညီမပေးဘဲနေလျှင် သင့်အတွက် မခက်ပေလော။ သို့ဖြစ်၍ မိဘများဖြစ်ကြသော သင်တို့အား ရိုသေပါဟူသောဘုရားသခင့်ပညတ်တော်ကို ကလေးတို့ နာခံလွယ်အောင် ပြုလုပ်ပေးပါ။ အေးချမ်းသောအိမ်ထောင်၊ ကောင်းမွန်သောစံချိန်စည်းမျဉ်း၊ ကောင်းသောကျင့်ကြံပုံနမူနာ၊ မွန်မြတ်သောသွန်သင်လေ့ကျင့်မှုနှင့် လိုအပ်လာတိုင်း မေတ္တာနှင့်ဆုံးမခြင်းတို့ကို ပြုလုပ်ပေးပါလေ။
၂၅။ ကလေးများကို မည်သို့လေ့ကျင့်ရမည်နှင့်ပတ်သက်၍ မိဘနှစ်ပါး သဘောကွဲပြားနေလျှင် အဘယ်ပြဿနာများ ပေါ်လာနိုင်သနည်း။
၂၅ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက် သာ၍ကောင်း၏” ဟုရှောလမုန်ဆိုသည်။ အကြောင်းမှာ၊ “ကြိုးစားအားထုတ်လျှင် ကောင်းသောအကျိုးကို ရတတ်၏။” (ဒေသနာ ၄:၉) လူနှစ်ဦးလမ်းလျှောက်သွားစဉ် တစ်ဦးလဲလျှင် ကျန်တစ်ဦးက ထူလိမ့်မည်။ ထိုနည်းတူ အိမ်ထောင်၌လည်း ဇနီးမောင်နှံတို့သည် ဆိုင်ရာတာဝန်ထမ်းရွက်ရာ၌ တစ်ဦးကိုတစ်ဦး ထောက်မအားပေးနိုင်သည်။ မိဘတို့နယ်ပယ်များစွာ၌ ၎င်းတာဝန်များ တစ်ထပ်တည်း ကျလျက်နေ၏။ သို့ဖြစ်ခြင်းကလည်း အိမ်ထောင်စည်းလုံးမှုအတွက် ကောင်းပေသည်။ ကလေးတို့ကြောင့် မိဘနှစ်ပါး ပို၍ရင်းနှီးလာသင့်သည်။ ပူးပေါင်းလေ့ကျင့်ရေးလုပ်ငန်း၌ စည်းလုံးလျက်နေသင့်သည်။ သို့သော် တစ်ခါတစ်ရံ ကလေးကို မည်သို့လေ့ကျင့်ဆုံးမရမည်နှင့်စပ်လျဉ်း၍ စိတ်သဘောကွဲနိုင်သည်။ တစ်ခါတစ်ရံ ဇနီးဖြစ်သူက ကလေးပေါ် အချစ်ပိုလွန်းအားကြီးသဖြင့် ယောက်ျားသည် အရေးမလုပ်ရကောင်းလားဟု စိတ်မာန်ဆိုးနေမည်။ ယင်းကြောင့် ယောက်ျားသည် ကလေးအပေါ် စိတ်ထားပြောင်းသွားနိုင်သည်။ သို့မဟုတ်လျှင်လည်း ကလေးပေါ် အချစ်ပိုပြီး မိန်းမကို အရေးမလုပ်ဘဲနေတော့မည်။ ဇနီးမောင်နှံနှစ်ဦး တစ်ဖက်စောင်းနင်းဖြစ်လာသောအခါ များစွာအကျိုးဆုတ်ယုတ်နိုင်သည်။
၂၆။ မွေးစကလေးအား မိခင် အထူးအရေးပေးသည်ကို သူ့ထက်ကြီးသောကလေး ဝန်မတိုစေရန် မည်သို့ပြုနိုင်သနည်း။
၂၆ ကလေးနောက်တစ်ယောက်မွေးလာသောအခါ အခြားပြဿနာတစ်ရပ် ပေါ်လာနိုင်၏။ မိခင်သည် မွေးကင်းစကလေးအတွက် အချိန်များစွာ ကုန်ပါလိမ့်မည်။ ကလေးအကြီးက ငါ့ကိုပစ်ထားပါလားဟူသော မနာလိုစိတ်ဖြစ်မလာရအောင် ဖခင်ဖြစ်သူက ကလေးအကြီးကို အထူးအရေးပေးနိုင်သည်။
၂၇။ အိမ်ထောင်ဖက်တစ်ဦးက မယုံကြည်သူဖြစ်လျှင် ကလေးများကို ဝိညာဉ်ရေးဘက် အဘယ်သို့ပြုစုနိုင်သနည်း။
၂၇ နှစ်ဦးသည် တစ်ဦးထက်သာ၍ကောင်းသည်မှာ ဆိုဖွယ်မရှိ။ တစ်ဦးသည်လည်း တစ်ဦးမျှမရှိသည်နှင့်စာလျှင် သာ၍ကောင်း၏။ မိခင်သည် အခြေအနေကြောင့် ဖခင်အကူအညီမပါဘဲ တစ်ဦးတည်း ကလေးကို ကျွေးမွေးပျိုးထောင်ရကောင်း ပျိုးထောင်ရမည်။ ဖခင်လည်း ထို့အတူ အခက်ကြုံချင်ကြုံမည်။ ဘာသာရေးအရ အိမ်ထောင်ကွဲသည်မှာ မနည်းပါ။ မိဘတစ်ပါးက ယေဟောဝါဘုရားသခင်၏ကျေးကျွန်ဖြစ်၍ ကျမ်းစာသြဝါဒအပေါ်အကြွင်းမဲ့ယုံကြည်သော်လည်း ကျန်တစ်ဦးမူ မယုံကြည်။ အပ်နှံထားသူ ခရစ်ယာန်သည် လင်ယောက်ျားဖြစ်ပါက အိမ်ထောင်ဦးစီးအနေဖြင့် ကလေးများသွန်သင်လေ့ကျင့်ဆုံးမခြင်းနည်းလမ်းနှင့်ပတ်သက်၍ ချုပ်ကိုင်နိုင်စွမ်း ပို၍ရှိပေမည်။ သို့ရာတွင် ကြီးမားသောစိတ်ရှည်မှု၊ စိတ်ချုပ်တည်းမှုနှင့် ခံနိုင်ရည်များစွာ လိုဖွယ်ရှိသည်။ အရေးကြီးသည့်ကိစ္စတွင် တည်ကြည်ပြတ်သားဖို့လို၏။ သို့သော် စိတ်ဆိုးစရာရှိလျှင်ပင် အကျိုးသင့်အကြောင်းသင့်ဖြစ်ပြီး ကြင်နာမှုရှိအပ်ပေသည်။ တတ်နိုင်သည့်အခါ လျှော့တန်လျှော့သင့်သည်။ ယုံကြည်သူမှာ ဇနီးဖြစ်လျှင် လင်သား၏အုပ်စိုးမှုအောက်၌ရှိသည့်အတွက် မိမိလင်သား၏စိတ်သဘောထားပေါ်မူတည်ပြီး မီးစင်ကြည့် ကရပါလိမ့်မည်။ ကျမ်းစာကို စိတ်မဝင်စားရုံတစ်မယ်တည်းလော။ သို့မဟုတ် မိန်းမ၏ ယုံကြည်ချက်ဝတ်ပြုရေးကို တိုက်ခံသလော။ သားသမီးများအား သူမသွန်သင်ပို့ချသည်ကို ဆန့်ကျင်သလော။ ယင်းသို့ သူမအား တိုက်ခံလျှင် သူမသည် တမန်တော်ပေတရုအကြံပြုသည့်လမ်းစဉ်ကို အားထားရပါလိမ့်မည်။ ၎င်းမှာ မယား၏စံနမူနာကောင်းသော တာဝန်ထမ်းရွက်ပုံနှင့် ရိုသေလေးစားသည့်စိတ်ကြောင့် ယောက်ျားကို ‘စကားတစ်ခွန်းမျှမပြောဘဲ မိမိအလိုသို့အနိုင်သွေးဆောင်နိုင်’ ဖွယ်ရှိသည်။ အခွင့်အရေးရှိသမျှကို အသုံးချ၍ သားသမီးများအားလည်း ကျမ်းစာမူများနှင့်အညီ လေ့ကျင့်သွန်သင်သွားမည်ဖြစ်သည်။—၁ ပေတရု ၃:၁-၄။
အိမ်တွင်းအခြေအနေ
၂၈၊ ၂၉။ မည်သို့သောအိမ်ထောင်အခြေအနေကို လိုချင်ကြသနည်း။ အဘယ်ကြောင့်နည်း။
၂၈ မိဘနှစ်ပါးတာဝန်မှာ မေတ္တာလွှမ်းသော အိမ်တွင်းအခြေအနေကို ဖန်တီးရန်ဖြစ်သည်။ ကလေးများ ၎င်းလွှမ်းမိုးမှုကိုခံရလျှင် မိဘများအားပြောရန် မဝံ့မရဲဖြစ်သည့်အတွက် မပြောဘဲနေသဖြင့် မိမိသံသယများနှင့် အမှားများ စုပုံခြင်း ဖြစ်မည်မဟုတ်။ မိဘများနှင့် စကားပြောနိုင်မည်၊ ပြောလျှင် မိဘများကလည်း မိမိတို့အပေါ် နားလည်မှုရှိမည်ကို သိကြ၏။ မေတ္တာကြောင့်ကြစိတ်ဖြင့် ကိုင်တွယ်ဖြေရှင်းပေးမည်ကိုလည်း သိကြ၏။ (၁ ယောဟန် ၄:၁၇-၁၉; ဟေဗြဲ ၄:၁၅၊ ၁၆ နှိုင်းယှဉ်။) အိမ်သည်လည်း အမိုးအကာမျှသာမဟုတ်၊ အားထားခိုလှုံရာလည်း ဖြစ်လာမည်။ မိဘများ၏ကြင်နာမြတ်နိုးမှုမေတ္တာငွေ့ကြောင့် သားသမီးများ စိတ်ဓာတ်သန်မာထွားကြိုင်း ဝေဆာလာမည်ဖြစ်သည်။
၂၉ ရေမြှုပ်တစ်တုံးကို ရှာလကာရည်ထဲသို့ထည့်လျှင် ရေကိုစုပ်ယူဖို့ မမျှော်လင့်နိုင်။ ၎င်းပတ်ဝန်းကျင် (ရှာလကာရည်) ကိုသာ စုပ်ယူမည်ဖြစ်သည်။ ကလေးများ ထို့အတူဖြစ်သည်။ မိမိတို့ပတ်ဝန်းကျင်ရှိ လူတို့၏စိတ်သဘောထားကိုသိ၍ သူတို့လုပ်ကိုင်ကျင့်ကြံပုံကိုမြင်၏။ ရေမြှပ်နှင့်တူပေသည်။ ကလေးတို့သည် သင့်ခံစားချက်ကိုသိမြင်သည်။ တင်းမာသောစိတ်နေစိတ်ထားလော၊ ပျော့ပျောင်းအေးငြိမ်းသည့် စိတ်ဓာတ်လော၊ သူတို့လေးတွေ ခွဲခြားနားလည်နိုင်ပါသည်။ နို့စို့ကလေးများပင် အိမ်တွင်းအခြေအနေကို စုပ်ယူရိပ်စားနိုင်သည်ဖြစ်ရကား ယုံကြည်မှု၊ မေတ္တာ၊ ဝိညာဉ်ရေးရာနှင့် ယေဟောဝါဘုရားသခင်ပေါ် အားထားခြင်းဟူသောအခြေအနေသည် အလွန်တရာအဖိုးတန်လှ၏။
၃၀။ မိမိတို့သားသမီးများအတွက် ကောင်းမွန်သောလမ်းညွှန်ကို ပေးလျက်ရှိမရှိ သိနိုင်ရန် မိဘများ မိမိတို့ကိုယ်ကို အဘယ်မေးခွန်းများ မေးနိုင်သနည်း။
၃၀ သင့်ကိုသင် မေးပါ: သင့်သားသမီးများအား အဘယ်စံချိန်များနှင့်အညီ ကျင့်ကြံစေလိုသနည်း။ အသင်မိဘနှစ်ပါးကိုယ်တိုင် ၎င်းတို့ကို မီနိုင်သလော။ သင့်အိမ်ထောင်သည် အဘယ်အရာတွက် ရပ်တည်သနည်း။ သင်သည် သင့်သားသမီးများအတွက် မည်သို့သောပုံသက်သေမျိုးဖြစ်သနည်း။ သင်သည် မြည်တမ်းသလော။ အပြစ်ရှာသလော။ သူတစ်ပါးကို ဝေဖန်ရှုတ်ချသလော။ အကျိုးယုတ်သည့်ဘက်မှ စဉ်းစားသလော။ ထိုသို့သောကလေးများကို သင်လိုချင်သလော။ သို့မဟုတ် သင့်အိမ်ထောင်အတွက် မြင့်မားသောစံချိန်ထားရှိသလော။ ၎င်းစံချိန်နှင့်အညီ သင်နေထိုင်သလော။ သင့်သားသမီးများလည်း အလားတူပြုရန် တောင်းဆိုသလော။ ဤအိမ်ထောင်မှ အိမ်သားတစ်ဦးဖြစ်လျှင် သတ်မှတ်ထားသောတောင်းဆိုချက်အတိုင်း ဖြစ်ရမည်၊ သတ်မှတ်ထားသည့် ကျင့်ကြံပုံကိုမှ လက်ခံမည်၊ ပယ်ထားသောကျင့်ကြံပြုမူသဘောထားပုံများကို လက်မခံဟူသည့်အချက်ကို သူတို့နားလည်သလော။ ကလေးတို့သည် ချစ်ခင်ကြင်နာသောဆက်ဆံရေးကိုခံစားလိုကြသည်ဖြစ်၍ အိမ်ထောင်စံချိန်နှင့်အညီ သူတို့နေထိုင်ကြသောအခါ သူတို့ကို အသင်သဘောတွေ့ကြောင်း လက်ခံကြောင်း သိရှိစေပါ။ လူတို့သည် မိမိတို့အား ဖြစ်စေလိုသည့်ပုံစံအတိုင်းဖြစ်အောင် ပြုမူနေထိုင်သည့်သဘော ရှိကြ၏။ သင့်ကလေးကို ဆိုးသည်ဟုပြောပါ။ သင်ပြောသည့်အတိုင်း မှန်ကြောင်း ဆိုးပြလိမ့်မည်။ သူ့ထံမှ အကောင်းမျှော်လင့်ပါ။ အကောင်းဖြစ်အောင်နေထိုင်ဖို့ သူ့ကိုအားပေးရာရောက်လိမ့်မည်။
၃၁။ မိဘလမ်းညွှန်မှုနောက်တွင် အဘယ်အရာ အစဉ်ထောက်ခံလျက်ရှိရမည်နည်း။
၃၁ လူတစ်ယောက်၏စကားအားဖြင့်မဟုတ်ဘဲ သူ့အပြုအမူအားဖြင့် သူ့ကိုပိုင်းဖြတ်လေ့ရှိကြသည်။ ကလေးများလည်း ထိုနည်းတူ အပြောအဆိုထက် အပြုအမူကိုကြည့်၏။ သို့ဖြစ်၍ အရေခြုံပြီဆိုလျှင် သူတို့ချက်ချင်း ရိပ်မိသည်။ စကားများလွန်းလျှင် ကလေးများရှုပ်ထွေးသွား၏။ သင့်အပြောနှင့်အလုပ် ညီပါစေ။—၁ ယောဟန် ၃:၁၈။
၃၂။ မည်သူ့သြဝါဒကို အစဉ်သဖြင့် လိုက်နာအပ်သနည်း။
၃၂ သင်သည် ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ၊ သင့်တာဝန်မှာ ခက်ခဲသောတာဝန်ဖြစ်ပါ၏။ သို့သော် အသက်ပေးရှင်၏သြဝါဒအတိုင်း လိုက်နာပါက ယင်းအခက်အခဲကို ချမ်းမြေ့မှုရလဒ်နှင့်အတူ ရင်ဆိုင်နိုင်ပါသည်။ သင့်အား အပ်နှင်းထားသောတာဝန်ကို ကိုယ်တော်အတွက် ပြုသကဲ့သို့ သဘောထားပြီး ကျေပွန်စွာ ထမ်းရွက်ပါလေ။ (ကောလောသဲ ၃:၁၇) အလွန်အမင်း ဘာကိုမျှမပြုနှင့်။ မျှမျှတတရှိပါ။ သင့်ကလေးများအပါအဝင် ‘လူခပ်သိမ်းရှေ့ အကျိုးသင့်အကြောင်းသင့် ပြုလုပ်တတ်သောသဘော သင်၌ရှိကြောင်း ထင်ရှားပါစေ။’—ဖိလိပ္ပိ ၄:၅။
[စာမျက်နှာ ၁၀၀ ပါ ရုပ်ပုံ]
မိခင်၏ အကြည့်၊ အထိနှင့် လေသံလေးများက “ချစ်လိုက်တာကွာ” ဟု ရင်သွေးအား သိစေသည်
[စာမျက်နှာ ၁၀၄ ပါ ရုပ်ပုံ]
သင့်သားသမီးတို့နှင့်အတူ အလည်အပတ်များသွားသလော။