အခန်း ၇
သားသမီးရခြင်း—တာဝန်လည်းဖြစ် ဆုလည်းဖြစ်
၁-၄။ (က) သားအိမ်အတွင်း၌ ကလေးလေး အံ့သြဖွယ်ရာဖြစ်ပွားလာပုံအချို့ကား အဘယ်နည်း။ (ခ) ဤအကြောင်းများသိထားခြင်းက သင့်အား ဆာလံ ၁၂၇:၃ ကိုလေးမြတ်စေရန် အဘယ်သို့ကူညီသနည်း။
သားသမီးရခြင်းသည် နှလုံးတုန် ရင်ဖိုစရာလည်းဖြစ်၊ လူကြီးဆန်သွားစရာလည်းဖြစ်ပေသည်။ လူသားလောကတွင် ဤအဖြစ်နှင့်ကင်းသည့်နေရာဟူ၍ မရှိချေ။ သို့ပါလျက် ကလေးတိုင်းသည် အံ့သြဖွယ်ရာရှုပ်ထွေးပွေလီစွာ ဖြစ်လာခဲ့ကြသည်။ ဤအကြောင်း ကျွန်ုပ်တို့အနည်းအကျဉ်း နားလည်လာပါက မှုတ်သွင်းခံ ဆာလံဆရာက “ဖွားမြင်သောသားသမီးတို့သည် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုချ၍ ပေးသနားတော်မူသောအမွေဥစ္စာ ဖြစ်ကြ၏” ဟု အဘယ်ကြောင့် ရေးခဲ့ကြောင်း သင်သဘောပေါက်လာမည်။ (ဆာလံ ၁၂၇:၃) မည်သို့ဖြစ်လာသည်ကို ကြည့်ကြစို့။
၂ ယောက်ျားတစ်ဦး၏ သုတ်ပိုးနှင့် အမျိုးသမီးတစ်ဦး၏ မမျိုးဥတို့ ပေါင်းစပ်ကြသည်။ ထိုဆဲလ်နှစ်ခုသည် တစ်ခုတည်းဖြစ်လာကာ အစိတ်စိတ်အမြွှာမြွှာ စတင်စိတ်ဖြာတော့သည်။ နှစ်ခုဖြစ်လာသည်။ နှစ်ခုသည် လေးခု၊ လေးခုမှသည် ရှစ်ခုစသည်ဖြင့် အရွယ်ရောက်သူတစ်ဦး၌ ဆဲလ် ၆၀,၀၀၀,၀၀၀,၀၀၀,၀၀၀ ဖြစ်လာသည်အထိ ပွားတော့သည်။ အစတွင် ဆဲလ်အသစ်တို့သည် တစ်မျိုးတည်းဖြစ်ကြသည်။ ထိုနောက်မှ အရိုးဆဲလ်၊ ကြွက်သားဆဲလ်၊ နဗ်ကြောဆဲလ်၊ အသည်းဆဲလ်၊ အရည်ပြားဆဲလ် စသည်ဖြင့် အမျိုးအစားအလိုက် ကွဲလာကြသည်။
၃ မျိုးပွားခြင်းနှင့် ကွဲပြားခြားနားခြင်းတို့၏ ပဟေဠိအချို့ကို အဖြေဖော်နိုင်ပြီးဖြစ်သော်လည်း များစွာကျန်ရှိနေပေသေးသည်။ မူရင်းဆဲလ်ကို စိတ်ဖြာသွားအောင် ဘာကလုပ်သနည်း။ စိတ်ဖြာခြင်းများ ဆက်ဖြစ်နေစဉ် ဆဲလ်များကို အမျိုးအစား စတင်ကွဲပြားသွားအောင် ဘာကလုပ်သနည်း။ ဤအမျိုးလိုက်ရှိသောဆဲလ်တို့ကို အသည်း၊ နှာခေါင်း၊ ခြေသန်း စသည်ဖြင့်ဖြစ်လာအောင် သီးခြားပုံသဏ္ဌာန်၊ အရွယ်အစားနှင့် လှုပ်ရှားပုံကို ဘာကစုစည်းသနည်း။ ဤအပြောင်းအလဲတို့သည် ကြိုတင်သတ်မှတ်ထားသည့်အချိန်များ၌ ဖြစ်ကြသည်။ ထိုအချိန်ဇယားကို ဘာကထိန်းချုပ်သနည်း။ ၎င်းအပြင် အမိဝမ်းတွင်းရှိ ကြီးထွားနေသော သန္ဓေသားလောင်းသည် အမိနှင့်မတူသောဗီဇရှိလေသည်။ တကယ်ဆိုလျှင် သူမ၏ကိုယ်ခန္ဓာသည် အရည်ပြားအစားထိုးခြင်း သို့မဟုတ် ကလီစာများအစားထိုးခြင်းတို့တွင် မိမိတစ်သျှူးမဟုတ်သော တစ်သျှူးတို့ကို လက်သင့်မခံချေ။ ဤဗီဇသဘောအရ မျိုးခြားသောသန္ဓေလောင်းကိုမူ ရက်ပေါင်း ၂၈၀ ပျိုးထောင်ပေးနေမည့်အစား အဘယ်ကြောင့်ပယ်ထုတ်မပစ်သနည်း။
၄ သုတ်ပိုးနှင့် မမျိုးဥတို့မှဖြစ်လာသော ဆဲလ်တစ်ခုအတွင်းသို့ အစီအစဉ်များ ယေဟောဝါထည့်သွင်းထားသောကြောင့် ဤအံ့သြဖွယ်ရာဖြစ်ရပ်တို့သည် အချိန်နှင့် အချိန်နှင့် ဖြစ်လာကြလေသည်။ “မစုံလင်သေးသော အကျွန်ုပ်၏ အလုံးအထွေးကိုလည်း ကိုယ်တော်သည် ကြည့်ရှု၍ မြင်တော်မူပြီး ထိုအရာတို့ကို ပြုပြင်၍ အကုန်အစင် မှတ်သားလျက်ရှိကြပါ၏” ဟူ၍ ဖန်ဆင်းရှင်အား လျှောက်ကြားရာတွင် ယင်းအကြောင်း ဆာလံဆရာဖော်ပြပေသည်။—ဆာလံ ၁၃၉:၁၆။
ကြီးထွားလာခြင်းနှင့် ဖွားသန့်စင်ခြင်း
၅-၈။ သန္ဓေတည်ပြီး သီတင်းလေးပတ်နှင့် မီးဖွားသည့်အချိန်စပ်ကြားတွင် ဝမ်းတွင်း၌ဖြစ်ပွားသည့်အရာအချို့ကား အဘယ်နည်း။
၅ သန္ဓေသားသည် ချက်ချင်းကြီးထွားလာသည်။ သီတင်းလေးပတ်ဆိုလျှင်ပင် ၎င်း၌ ဦးနှောက်၊ နဗ်ကြော စနစ်များနှင့် နှလုံးခုန်အားဖြင့် သွေးကြောများ၌ သွေးလည်ပတ်မှုစနစ်များ ရှိနေပေပြီ။ သီတင်းခြောက်ပတ်အထိ အနှစ်အိတ်က တာဝန်ယူသွေးထုတ်လုပ်ပေးပြီး ၎င်းနောက်တွင် အသဲက တာဝန်ပြောင်းယူကာ နောက်ဆုံး အရိုးချဉ်ဆီများက ထုတ်လုပ်ပေးလေသည်။ ပဉ္စမအပတ်တွင် လက်များ၊ ခြေထောက်များ ဖြစ်လာသည်။ နောက်သုံးပတ်အကြာတွင် လက်ချောင်းခြေချောင်းကလေးများ ဖြစ်လာသည်။ သတ္တမအပတ်အရောက်တွင် အဓိကကြွက်သားများ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည်တို့နှင့်အတူ ဖြစ်နေပြီးပြီ။
၆ “ကျွန်ုပ်ကို လျှို့ဝှက်စွာ ပြုပြင်တော်မူသောအချိန်၌ ကျွန်ုပ်၏အရိုးတို့သည် ကိုယ်တော်ထံမှ ဖုံးကွယ်မနေခဲ့ပါ” ဟု ဆာလံဆရာ ဆက်ပြောသည်။ (ဆာလံ ၁၃၉:၁၅၊ ကဘ) သီတင်းကိုးပတ်မြောက်တွင် အရိုးနုသည် အရိုးဖြစ်လာပြီး အရိုးစုလည်း ဖြစ်လာသည်။ ၎င်းကို သန္ဓေသားလောင်းဟု မခေါ်တော့ဘဲ သန္ဓေသားဟု စတင်ခေါ်တော့သည်။ “ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကိုပင် ဖန်ဆင်း . . . တော်မူပြီ။” (ဆာလံ ၁၃၉:၁၃) ဤမြတ်သောအစီအစဉ်တွင် ကျောက်ကပ်တို့သည် စတုတ္ထလတွင်ဖြစ်လာပြီး သွေးကို စတင်သန့်စင်တော့သည်။
၇ ဤအချိန်လောက်တွင် ကြီးထွားနေသောကလေးသည် စတင်လူးလှိမ့်တတ်သည်။ လက်ဖဝါး၊ ခြေဖဝါးကလေးများတွင် ယားသည့်အာရုံ ခံစားတတ်လာပြီး ထိုအခါမျိုးတွင် လက်ချောင်း ခြေချောင်းကလေးများ ကွေးချီဆန့်ချီ လုပ်တတ်သည်။ ဆုပ်ကိုင်တတ်လာပြီး လက်မ ကလေးကိုလည်းစုပ်ကာ နောင်တွင် အမေ့နို့စို့နိုင်ရန် ကြွက်သားများသန်လာသည်။ သူကြို့ထိုးတတ်လာပြီး မိခင်က ၎င်းဆောင့်သည်ကို ခံစားရသည်။ ခြောက်လအရောက်တွင် အခြားကိုယ်အင်္ဂါများစွာတို့ ဖြစ်ပြီးပေပြီ။ နှာခေါင်းများပွင့်နေပြီး မျက်ခုံးမွှေးများ ပေါက်နေပြီ။ မကြာမီ မျက်စိဖွင့်မည်။ နားများလည်း ကြားတော့မည်။ အမိဝမ်းတွင်း၌ပင် ကျယ်လောင်သောအသံကြောင့် ဤကလေးလန့်သွားနိုင်သည်။
၈ သီတင်းပတ် ၄၀ ကျော်များ၌ အလုပ်စတော့သည်။ မိခင်၏သားအိမ်ကြွက်သားများ ကျုံ့လာကာ ကလေးလည်း လောကကြီးထဲ တိုးဝင်လာတော့သည်။ ဤအခါတွင် ကလေး၏ခေါင်းသည် ပုံပန်းပျက်သည်အထိ ဖျစ်ညှစ်ခံရသည်။ သို့သော် သူ၏ဦးခေါင်းခွံသည် အသားမသေသေးသောကြောင့်မွေးဖွားအပြီးတွင် နဂိုရ်ပုံစံ ပြန်ရောက်နိုင်သည်။ ယခုအချိန်အထိတော့ မိခင်ကသာ ကလေးအတွက် အောက်စီဂျင်၊ အစားအစာ၊ ကာကွယ်မှု၊ အနွေးဓာတ်နှင့် အညစ်အကြေးစွန့်ခြင်းအားလုံး လုပ်ပေးလာခဲ့သည်။ ယခုမူ ကလေးသည် သူ့ဟာသူ အလျင်အမြန်လုပ်ရတော့မည်၊ သို့မဟုတ် သေနိုင်သည်။
၉။ ကလေးလေး ဝမ်းအပြင်၌ အသက်ဆက်နိုင်ရန် အဘယ်အပြောင်းအလဲများ လျင်မြန်စွာဖြစ်ပျက်ရမည်နည်း။
၉ သွေးများ အောက်စီဂျင်ရရန် အဆုတ်များ စတင်လေရှူရမည်။ သို့သော် ဤသို့လုပ်နိုင်ရန် ချက်ချင်းလက်ငင်း ကြီးမားသောပြောင်းလဲမှု နောက်တစ်ခုရှိရပေမည်။ သွေးလည်ပတ်မှုလမ်းကြောင်း ပြောင်းလဲရမည်။ သန္ဓေသားသည် ဝမ်းတွင်း၌ရှိစဉ်က သူ့နှလုံးနံရံတွင် အပေါက်တစ်ခုရှိခဲ့သည်။ ထိုနံရံသည် ဘယ်အခန်းနှင့် ညာအခန်းကို ခြားထားပြီး များစွာသောသွေးတို့ကိုလည်း အဆုတ်သို့မသွားရန် တားခဲ့သည်။ အဆုတ်သို့ထွက်လာသည့်သွေးတို့ကိုလည်း သွေးကြောကြီးတစ်ခုသည် အဆုတ်ကိုကျော်သွားစေသည်။ ဝမ်းထဲရှိစဉ် သွေး ၁၀ ရာခိုင်နှုန်းကသာ အဆုတ်ကိုရောက်သည်။ မွေးပြီးသောအခါမူ သွေးအားလုံး အဆုတ်သို့ ချက်ချင်းပင် သွားရမည်ဖြစ်သည်။ သို့ဖြစ်နိုင်ရန် အဆုတ်ကို ကျော်သွားသောသွေးကြောကြီးသည် ကျုံ့သွားကာ ၎င်းမှဖြတ်သွားသော သွေးအားလုံး အဆုတ်သို့သွားရတော့သည်။ ထိုအချိန်တွင် နှလုံးနံရံမှအပေါက်သည် ပိတ်သွားသည်။ နှလုံးညာအခန်းမှထွက်လာသော သွေးအားလုံးသည် အောက်စီဂျင်ရရန် အဆုတ်သို့သွားတော့သည်။ ကလေးလေးအသက်ရှူသည်။ သွေးတို့လည်း အောက်စီဂျင်ရကာ ကလေးအသက်ဆက်ရှင်သည်။ “အမိဝမ်းထဲမှာ အကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီ။ အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်” ဟုဆာလံဆရာ စာဖွဲ့ခဲ့သည့်အတိုင်းဖြစ်ပါသည်။—ဆာလံ ၁၃၉:၁၃၊ ၁၄။
၁၀။ သားအိမ်အတွင်း၌ ကလေးလေး အံ့သြဖွယ်ရာဖြစ်လာပုံကို ထောက်ပြီး မိဘများ သူတို့ရင်သွေးများကို မည်သို့သဘောထားသင့်သနည်း။
၁၀ ယေဟောဝါဘုရားသခင်ထံမှ ဤဆုလာဘ်ကို အိမ်ထောင်သည်လင်မယားတို့ ကျေးဇူးတင်လိုက်ရမည်ဖြစ်ခြင်း။ နှစ်ဦးစလုံးမှဖြစ်သော်လည်း နှစ်ဦးစလုံးနှင့်မတူသော လူသားကလေးတစ်ဦးကို ဖွားမြင်စေနိုင်သောအစွမ်းအတွက်ဖြစ်သည်။ မှန်ပေသည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ဆုချ၍ ပေးသနားရာ” ဖြစ်ပေသည်။
လူမမယ်ကလေးကို ပြုစုခြင်း
၁၁။ အိမ်ထောင်ပြုရန်စိတ်ကူးနေသူများ မိမိတို့ကိုယ်ကို အဘယ်မေးခွန်းများ မေးရမည်နည်း။ အဘယ်ကြောင့်နည်း။
၁၁ သံဝါသပြုခြင်းသည် လင်နှင့်မယားအကြား၌သာ ရှိရမည်ဟူသောဥပဒေကို စာရိတ္တအတွက်ချည်းသာ ယေဟောဝါချမှတ်ခဲ့သည်မဟုတ်။ မွေးလာမည့်ကလေးလေးများကိုလည်း ကိုယ်တော်စိတ်ထဲရှိခဲ့သည်။ ကလေးငယ်သည် တစ်ဦးကိုတစ်ဦးချစ်ပြီး သားသမီးများကို ယုယမည့်အဖေနှင့်အမေလိုသည်။ မွေးစကလေးလေးတစ်ယောက်သည် ဖော်ရွေမှုနှင့် လုံခြုံမှုရှိသောအိမ်တစ်အိမ်နှင့် သူ့ကိုလိုလားပြီး သူကြီးထွားရန်၊ ဥပဓိရုပ်ပီပြင်လာရန် အသိုင်းအဝိုင်းကို ဖန်တီးပေးမည့်အဖေ၊ အမေတို့ကို လိုအပ်ပါသည်။ ငါတို့ ကလေးလိုချင်လို့လား။ သူ့ကို ကာယစိတ်လှုပ်ရှားမှုနှင့် ဝိညာဏဘက်တွေမှာ ပြုစုကျွေးမွေးနိုင်မလား။ ပုံသက်သေကောင်းပြပြီး လေ့ကျင့်နိုင်မလား။ အနစ်နာခံစရာများ အနစ်နာခံကာ မိဘတာဝန်ဝတ္တရားများ ယူနိုင်မလား ဟူသောမေးခွန်းများကို ကလေးယူရန် စိတ်ကူးနေသောလင်မယားတို့ ကိုယ့်ကိုယ်ကိုမေးရပေမည်။ ကလေးဘဝကဆိုလျှင် ကျွန်ုပ်တို့ကိုချုပ်ချယ်လွန်းသည်ဟု ထင်ခဲ့ကြသည်။ သို့သော် ကိုယ်တိုင် မိဘများဖြစ်လာကြသောအခါ သားသမီးမွေးမြူခြင်းသည် တကယ်အချိန်ကုန်သောအလုပ်ဖြစ်ကြောင်း သိလာကြသည်။ သို့လျက်နှင့် မိဘတို့၏တာဝန်ဝတ္တရားတို့နှင့်အတူ ကြီးမားသောပျော်ရွှင်မှုလည်းရှိပေသည်။
၁၂-၁၄။ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ရှိလာပြီဆိုလျှင် (က) သူမ အစားအစာ၊ (ခ) အရက် (ဂ) စိတ်လှုပ်ရှားမှုများ ချုပ်ထိန်းခြင်းတို့သည် ကျန်းမာသောကလေးလေးဖြစ်လာရန် မည်သို့ထောက်ကူသနည်း။
၁၂ လင်မယားတို့က ဆုံးဖြတ်၍သော်လည်းကောင်း၊ ထုံးစံဓမ္မတာအရသော်လည်းကောင်း ဆုံးဖြတ်ချက်ချပြီးပေပြီ။ သင့်ဇနီးသည်သည် ယခုကိုယ်ဝန်ရှိနေပြီ။ ဤ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ပေးသနားရာဆုလာဘ်” ကို သင်စတင်ပြုစုရပေတော့မည်။ အချို့အစားအစာများကိုသင်သက်သက်စားရမည်ဖြစ်သလို အချို့အစားအစာများကို ရှောင်ရမည် သို့မဟုတ်လည်း ဆင်ခြင်ရမည်။ သံဓာတ်ပါသောအစားအစာများa ကိုစားဖို့လိုပေသည်။ ဝမ်းတွင်း၌ရှိစဉ် ကလေးလေးသည် မွေးဖွားပြီးနောက် ခြောက်လအတွက် သံဓာတ်များကို စုဆောင်းနေသောကြောင့်ဖြစ်သည်။ သင့်ကလေး အရိုးများတည်ဆောက်နိုင်ရန် ကယ်စီယမ်အရိုးဓာတ်ပါသည့် နို့ (ဒိန်ခဲလည်း ကောင်းသည်) ပိုသောက်ရန်လည်း လိုပါသည်။ သင်အလွန်အမင်း ဝမလာရန်လည်း ညီမျှသောကာဘိုဟိုက်ဒရိတ်ဓာတ်b ကိုလည်း ရရှိရပေမည်။ မှန်သည်။ နှစ်ဦးအတွက် သင်စားနေရသည်မှန်သော်လည်း တစ်ဦးမှာ အလွန့်အလွန် သေးငယ်ပါသည်။
၁၃ သင့်နေပုံထိုင်ပုံပေါ်မူတည်ပြီး အခြားအကြောင်းများကို ဂရုစိုက်ရန်လိုလျှင်လည်းလိုမည်၊ မလိုလျှင်လည်း မလိုဘဲနေမည်။ အရက်သေစာသောက်စားပါက သန္ဓေသားထံပါ အရက်များရောက်သည်။ ထို့ကြောင့် သတိပြုရမည်။ လွန်ပါက ကာယနှင့်ဉာဏချို့တဲ့မှုများ ဖြစ်စေနိုင်သည်။ အမေများ အရက်လွန်စွာသောက်ကြသောကြောင့် အချို့ကလေးတို့သည် မူးလျက်သား မွေးလာကြသည်။ ဆေးလိပ်သောက်လျှင်လည်း သန္ဓေသား၏သွေးကြောထဲသို့ နီကိုတင်းဓာတ်ထည့်ပေးသလိုဖြစ်ပြီး သွေးထဲတွင်လည်း အောက်ဆီဂျင်ကို ကာဘွန်မိုနောက်ဆိုက်နှင့် အစားထိုးစေသည်။ ထို့ကြောင့် ကလေးငယ်သည် မမွေးမီကပင် ကျန်းမာရေး အလားအလာမကောင်းဘဲ ဖြစ်နေသည်။ ဆေးလိပ်သောက်သူ အမျိုးသမီးများ၌ ဆက်ခါဆက်ခါ ကိုယ်ဝန်ပျက်ခြင်းနှင့် သားခြောက်မွေးခြင်းတို့သည် အများအားဖြင့် ဖြစ်တတ်သည်။ မိခင်မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ကလေးငယ်လည်း မူးယစ်ဆေးဝါးစွဲပြီးမွေးလာနိုင်သည်။ ဆေးဝါးအဖြစ်သုံးသော မူးယစ်ဆေးဝါးလည်း အန္တရာယ်ရှိပေသည်။ ဒုက္ခိတကလေးအဖြစ် မွေးလာနိုင်သည်။ ကော်ဖီကို အလွန်အကျွံသောက်ခြင်းပင် အန္တရာယ်ပေးနိုင်စရာရှိသည်ဟု ယူဆနိုင်သည်။
၁၄ ၎င်းအပြင် မိခင်စိတ်ညစ်၊ စိတ်ဆင်းရဲခြင်းဖြင့် ဟော်မုန်းဓာတ်ထုတ်လုပ်ခြင်းကို ထိခိုက်စေပြီး သန္ဓေသားကို လွန်လွန်ကဲကဲလှုပ်ရှားစေကာ မွေးလာသောအခါ၌လည်း ခြေဆော့လက်ဆော့နှင့် မျောက်ရှုံးလေးဖြစ်စေပါလိမ့်မည်။ ကြီးထွားနေသောကလေးလေးသည် မိခင်ဝမ်းတွင်း၌ ဖုံးကွယ်နေသည်မှန်သော်လည်း ပြင်ပလောကနှင့် အဆက်အသွယ်လုံးဝမရှိဟုထင်လျှင် မှားပေလိမ့်မည်။ မိခင်မှတစ်ဆင့် အာနိသင်ခံစားနိုင်သည်။ မိခင်သည် ၎င်းနှင့်ပြင်ပကမ္ဘာကိုဆက်သွယ်ထားသည့် တစ်ခုတည်းသောအဆက်အသွယ် ဖြစ်သည်။ ဤသည်က သူမကို ‘အဓိကနေရာ’ တွင်ရှိစေပြီး ဆိုးကျိုးသက်ရောက်သည်ဖြစ်စေ၊ ကောင်းကျိုးသက်ရောက်သည်ဖြစ်စေ သူမနှင့်သာဆိုင်ပေသည်။ မိမိကိုယ်ကို မိမိဂရုစိုက်ပုံနှင့် အခြေအနေတို့ကို တုံ့ပြန်ပုံအပေါ်တွင် ခြားနားမှုတည်နေသည်။ ဤကိစ္စတွင် သူမနှင့်နီးစပ်သောပုဂ္ဂိုလ်တို့၏ အလိုက်သိတတ်မှုနှင့် အထူးသဖြင့် သူမခင်ပွန်း၏မေတ္တာနှင့်ယုယမှု လိုအပ်သည်မှာ ပြောစရာပင်မလိုတော့ပေ။—၁ ဓမ္မရာဇဝင် ၄:၁၉ နှိုင်းယှဉ်။
သင်ချမှတ်ရမည့် ဆုံးဖြတ်ချက်
၁၅၊ ၁၆။ ကလေးမွေးဖွားမည့်နေရာနှင့် မွေးဖွားပုံများနှင့်ပတ်သက်ပြီး အဘယ်ဆုံးဖြတ်ချက်များချရန်လိုသနည်း။
၁၅ ရင်သွေးလေးကို အိမ်၌မွေးမည်လော၊ ဆေးရုံ၌မွေးမည်လော။ အချို့ကိစ္စများ၌တော့ ရွေးနေ၍ဖြစ်မည်မဟုတ်။ ဒေသအများတွင် ဆေးရုံဟူ၍ပင် ရှိမည်မဟုတ်။ အချို့ဒေသများ၌ဆိုလျှင် အိမ်၌မွေးခြင်းသည် အလွန်ကြုံရခဲပြီး သားဖွားဆရာမ စသည်ဖြင့် အတွေ့အကြုံရှိရှိ ကူညီပေးမည့်သူ မရှိသောကြောင့် စိတ်ချရသည်မဟုတ်ချေ။ ဖြစ်နိုင်သည့်နေရာဒေသတိုင်း၌ သာမန်မွေးဖွားနိုင်မည်လော၊ ခက်ခက်ခဲခဲ မွေးဖွားရမည်လောဟူ၍ သိနိုင်ရန် ကိုယ်ဝန်ဆောင်စဉ်အတောအတွင်း ဆရာဝန်တစ်ဦးဦးကိုပြသလျှင် ကောင်းပေသည်။
၁၆ ထုံဆေးထိုး၍ မွေးမည်လော၊ သဘာဝအတိုင်း မွေးမည်လော။ ကောင်းကျိုးဆိုးကျိုးများ ချင့်ချိန်ပြီးနောက် သင်နှင့်သင့်ခင်ပွန်းတို့ ဆုံးဖြတ်ကြရပေမည်။ သဘာဝအတိုင်း မီးဖွားခြင်းသည် အလွန်အရေးကြီးသောအချိန်တွင် ခင်ပွန်းသည်ပါ အားမနေရဘဲ ဖြစ်တတ်သည်။ မွေးပြီးပြီးချင်း ကလေးနှင့်မိခင်အတူ နေရသည်။ ခက်ခက်ခဲခဲမွေးရမည်မဟုတ်ဟု စမ်းသပ်မှုအားဖြင့် သိရပါက ဤကောင်းကျိုးများကို လေးလေးနက်နက်စဉ်းစားသင့်သည်ဟု တချို့ယုံကြည်သည်။ ငြိမ်သက်အေးချမ်းသောအခြေအနေများနှင့် သဘာဝအတိုင်း မီးဖွားသောကလေးတို့သည် စိတ်လှုပ်ရှားမှုပြဿနာနှင့် စိတ္တဇရောဂါတို့အဖြစ် နည်းကြသည်ဟု လေ့လာသူတချို့ ဆိုကြသည်။
၁၇-၁၉။ မွေးဖွားပြီးလျှင်ပြီးချင်း ကလေးကို မိခင်နှင့်အတူထားလျှင်ကောင်းကြောင်း အဘယ်လေ့လာချက်အရ တွေ့ရှိရသနည်း။
၁၇ ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလထုတ် ယနေ့ဆိုက်ကိုလော်ဂျီ က ဆိုသည်:
“ကလေးငယ်တစ်ဦး၏ ပထမနှစ် တစ်နှစ်သည် နောက်ပိုင်း ၎င်း၏ ကာယနှင့်စိတ်ဖွံ့ဖြိုးမှုတွင် ရေရှည်အာနိသင် သက်ရောက်နိုင်ကြောင်း ဒဿနိကပညာရှင်များ သိခဲ့သည်မှာ နှစ် ဆယ်ချီနေပေပြီ။ ယခုဆိုလျှင် ကလေး၏ပထမရက်၊ ပထမ မိနစ် ၆၀ ပင်လျှင် ထပ်တူထပ်မျှအာနိသင်ရှိနိုင်သလို ဖြစ်နေသည်။ မွေးဖွား ပြီးလျှင်ပြီးချင်း မိခင် ကလေးအပေါ်ထားသော လှိုက်လှဲမှု၊ ယုယမှုတို့သည် အထူးအရေးကြီးပေသည်။ ပထမနာရီပိုင်းသည် ကလေးအပေါ်ထားရှိသော မိခင်ကိုယ်တိုင်၏ စိတ်သဘောထား၊ ၎င်းအပေါ်ဂရုစိုက်မှု အတိုင်းအတာနှင့် မိခင်တာဝန်ကျေပွန်မှုတို့ကို ပုံသွင်းနိုင်ကြောင်း မကြာမီ လေ့လာမှုများက ဖော်ပြသည်။”
၁၈ မီးဖွားရာတွင် မိခင်လုပ်သူသည် အများသုံးထုံဆေးမထိုးခဲ့ပါမူ ကလေးငယ်သည် နိုးနိုးကြားကြားနှင့်ရှိမည်။ မျက်စိများဖွင့်ကာ ဟိုဟိုဒီဒီကြည့်မည်။ လှုပ်ရှားမှုများကို လိုက်ကြည့်မည်။ အသံကြားရာဘက်သို့ လှည့်ကြည့်မည်။ အထူးသဖြင့် စူးရှသောအမျိုးသမီးအသံကို ပို၍ဂရုပြုမည်။ မိခင်နှင့်ကလေး မျက်လုံးချင်းအဆက်အသွယ် လျင်လျင်မြန်မြန်ရရှိမည်။ ဤအချက်သည် အရေးကြီးသည်။ ရင်သွေးကလေးများ မိမိတို့ကိုကြည့်လျှင် သူတို့ကို ပို၍ချစ်လာသည်ဟု သုတေသနပြုချက်အချို့တွင် မိခင်တို့ ပြောဖူးကြသည်။ မိခင်နှင့်ကလေး မွေးလျှင်မွေးပြီးချင်း အသားချင်းထိတွေ့မှုသည် နှစ်ဦးစလုံးအဖို့ များစွာအကျိုးရှိသည်။
၁၉ ဆေးရုံများ၌ ကြည့်ရှုစောင့်ရှောက်သောကလေးတို့၏ မပြေလည်မှုများကို အကြောင်းရင်းရှာလျှင် ပထမနာရီပိုင်း၌ မြစ်ဖျားခံကြောင်း လေ့လာသူအချို့ပြောကြသည်။ မွေးဖွားပြီးလျှင်ပြီးချင်း ဆေးရုံ၏ပြုစုစောင့်ရှောက်ပေးခဲ့သောကလေးနှင့် မိခင်နှင့်အတူ ထားပေးခဲ့သောကလေးများကို တစ်လသားအရွယ်တွင် နှိုင်းယှဉ်ကြည့်ပါက သဘာဝအတိုင်း မိခင်နှင့်ထားပေးခဲ့သောကလေးတို့သည် သာကြောင်းတွေ့ရှိရသည်။ “အသက်ငါးနှစ်အရွယ်တွင်ပို၍ပင်ကွာသည်။ မိခင်တို့နှင့်အတူနေခဲ့ရသောကလေးတို့သည် ဉာဏ်ရည်ပြကိန်း ပို၍မြင့်မားပြီး ဆေးရုံများ၏ထုံးစံအတိုင်း ပြုစုခံရသောကလေးများထက် ဘာသာစကားစမ်းသပ်မှုများတွင် ပို၍သာကြောင်းလည်း တွေ့ရသည်” ဟု ယနေ့ဆိုက်ကိုလော်ဂျီ ကဖော်ပြသည်။
၂၀။ ဤကိစ္စများ၌ မှန်ကန်စွာဆုံးဖြတ်နိုင်ရန် အခြားအဘယ်အကြောင်းကိုလည်း သတိရ ရဦးမည်နည်း။
၂၀ မည်သို့ပင်ဆိုနေစေကာမူ အခြေအနေများကို လေးလေးနက်နက်သုံးသပ်ရမည်။ ကျွန်ုပ်တို့၏ကနဦးမိဘနှစ်ပါးသည် ကျွန်ုပ်တို့အား မစုံလင်မှုအမွေများ ထားရစ်ခဲ့သည်ကို မမေ့အပ်။ ဤသည်က ဓမ္မတာအတိုင်း “သဘာဝကျကျမွေးဖွား” မရအောင် လုပ်နေပေသည်။ အမွေခံခဲ့ရသည့်ချွတ်ယွင်းမှုများက ခက်ခဲရှုပ်ထွေးမှုများကို ဖြစ်စေပါသည်။ (ကမ္ဘာဦး ၃:၁၆; ၃၅:၁၆-၁၉; ၃၈:၂၇-၂၉) အခြားသူတို့ကဲ့သို့ “ရိုးရိုး” မွေးမည် မမွေးမည် သင့်ဆုံးဖြတ်ချက်သည် သင့်ကိုယ်ပိုင်အခြေအနေနှင့် သင့်ကိစ္စတွင် အကောင်းဆုံးဟု သင်ယူဆသည့်အပေါ်တွင် မူတည်ပါစေ။
၂၁၊ ၂၂။ မိခင်နို့တိုက်ကျွေးခြင်း၏ ကောင်းကျိုးများကား အဘယ်နည်း။
၂၁ ရင်သွေးကို မိခင်နို့တိုက်မည်လော။ သို့တိုက်ခြင်းဖြင့် နှစ်ဦးစလုံးအတွက် အကျိုးရှိသည်။ ကလေးလေးများအတွက် မိခင်နို့သည် အကောင်းဆုံးဖြစ်သည်။ အစာကြေလွယ်သည်။ ရောဂါပိုးများမှလည်း ကာကွယ်သည်။ ဝမ်းပျက်ခြင်း၊ အသက်ရှူရာ၌ အခက်အခဲပြဿနာများမှလည်း ကာကွယ်သည်။ ပထမရက်အနည်းငယ်က မိခင်နို့၏လျှို့ဝှက်ချက်ဖြစ်သော ကိုလိုစတရမ်အဝါရောင်နို့ရည်သည် ကလေးလေးများအတွက် အလွန်ကိုကောင်းပေသည်။ (၁) အဆီနှင့် ကာဘိုဟိုက်ဒရိတ်နည်းသောကြောင့် အစာကြေလွယ်သည်။ (၂) ရက်အနည်းငယ်နောက်ပိုင်းထွက်မည့် မိခင်နို့ထက် ရောဂါကာကွယ်ဓာတ်များ ပိုပါဝင်သည်။ (၃) ဓာတ်သက်စေသည့်သဘော အနည်းအကျဉ်းပါက မမွေးဖွားမီက ကလေး၏ အူမကြီးအတွင်း စုခဲ့သောဆဲလ်များ၊ အကျိချွဲများနှင့် သည်းခြေအရည်များကို စွန့်ပစ်ရာတွင် အကူအညီဖြစ်စေသောကြောင့်ဖြစ်သည်။
၂၂ မိခင်နို့တိုက်ခြင်းသည် မိခင်ကိုလည်း အကျိုးပြုသည်။ ကလေးနို့စို့သောကြောင့် သားအိမ်ကျုံ့ခြင်းကို အားပေးကာ မိခင်လည်းသွေးထွက်သက်သာသည်။ နို့စို့ခြင်းသည် မိခင်နို့ကို အားပေးကာ ပိုထွက်စေသည်။ နို့လုံလောက်အောင်ထွက်မည်မဟုတ်ဟု ပူခဲ့သောမိခင်များ နို့လုံလုံလောက်လောက်ထွက်ကြောင်း တွေ့ရှိကြသည်။ မိခင်များ နို့မှန်မှန်တိုက်ပေးခြင်းသည် တချို့ကိစ္စများ၌ မမျိုးဥလွှတ်ခြင်းနှင့် ရာသီလာခြင်းများကို ရပ်ဆိုင်းထားကာ သဘာဝပဋိသန္ဓေတားဆေးဖြစ်နေသည်။ အမေရိကန် ကင်ဆာအသင်းက “မိမိနို့ တိုက်သောမိခင်တို့သည် ရင်သားကင်ဆာအဖြစ်နည်းသည်” ဟုဆိုသည်။ မိခင်နို့တိုက်ခြင်းသည် မိသားစုဘတ်ဂျက်ကိုလည်း အထောက်အကူပြုသေးသည်။
ကလေးကြီးထွားမှုဦးတည်ချက်ကို သင်မည်သို့ထိန်းမည်နည်း
၂၃။ ဆာလံ ၁၂၇:၄၊ ၅ တွင် သားသမီးလေ့ကျင့်ခြင်းနှင့်ပတ်သက်ပြီး အဘယ်စည်းမျဉ်းများ ချထားသနည်း။
၂၃ “အသက်ပျိုစဉ် ဖွားမြင်သောသားသမီးတို့သည် သူရဲလက်၌ရှိသောမြားကဲ့သို့ဖြစ်ကြ၏။ မိမိမြားတောင့်ကို သူတို့နှင့် ပြည့်စေသောသူသည် မင်္ဂလာရှိ၏။” (ဆာလံ ၁၂၇:၄၊ ၅) မြားတစ်ချောင်း၏တန်ဖိုးသည် လေးမှပစ်လွှတ်ချိန်တွင် မည်သို့ချိန်ရွယ်သည်ဟူသည့်အပေါ်တွင် မူတည်သည်။ ပစ်မှတ်ကိုထိမှန်ရန် မြားကို ဂရုတစိုက်ကျင်လည်စွာ ချိန်ရွယ်ရမည်။ ထိုနည်းလည်းကောင်းပင် မိဘများအနေနှင့် သင့်ကလေးဘဝကို မည်သို့စတင်ပေးမည်အကြောင်း ဆုတောင်းကာ ပညာရှိရှိနှင့်သုံးသပ်ရန် အရေးကြီးပေသည်။ သူ (ဝါ) သူမ သည် သင့်အုပ်ထိန်းမှုအောက်မှလွတ်သောအခါ သမာသမတ်ရှိရှိ ရင့်ကျက်သော၊ လေးစားခံရသော၊ ဘုရားသခင်ကို ဂုဏ်ပြုနိုင်သောလူကြီးတစ်ဦး ဖြစ်လာမည်လော။
၂၄။ (က) မိမိတို့ကလေးများအတွက် အဘယ်အိမ်အခြေအနေကို မိဘတို့ကြိုးစားပြီးရအောင်လုပ်ပေးရမည်နည်း။ (ခ) ဤအချက် အဘယ်ကြောင့်အရေးကြီးသနည်း။
၂၄ ရင်သွေးကို မည်သို့စောင့်ထိန်းလေ့ကျင့်ရမည်အကြောင်း သူလေးမမွေးမီကပင် ဆုံးဖြတ်ပြီးဖြစ်ရမည်။ သဘောပြောရလျှင် မိဘနှစ်ပါးသည် သားဦးကလေး၏ကမ္ဘာဖြစ်ပေသည်။ ထိုကမ္ဘာသည် မည်သို့သောကမ္ဘာဖြစ်မည်နည်း။ “စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေပျက်အောင် ပြောဆိုခြင်းတို့ကိုလည်းကောင်း၊ ခပ်သိမ်းသောမနာလိုခြင်းကိုလည်းကောင်း သင်တို့မှ ပယ်ရှားကြလော့။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြလော့” ဟူသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒကို မိဘများလိုက်နာကြောင်း ပြသောကမ္ဘာဖြစ်မည်လော။ (ဧဖက် ၄:၃၁၊ ၃၂) အိမ်ထောင်အခြေအနေ ရှိလျှင် ရှိသလို ကလေးလေးအပေါ် ရောင်ပြန်ဟပ်ပေသည်။ သင့်ရင်သွေး၏ကမ္ဘာကို ငြိမ်းချမ်းသော၊ လုံခြုံသော၊ ဖော်ရွေသော၊ ချစ်သောကမ္ဘာလေးဖြစ်အောင် ကြိုးစားပါ။ မြူးပျော်နေသောကလေးလေးသည် ဤအရည်အချင်းများကို အတုမြင် အတတ်သင်ကာ သူလေး၏စိတ်လှုပ်ရှားမှုတို့လည်း ထိုအတိုင်း သရုပ်ပေါ်လာပေမည်။ သင့်ခံစားမှုများကို သတိပြုမိမည်။ သင့်ကိုအတုခိုးမည်။ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ဗီဇမျိုးရိုးဥပဒေတို့သည် ဝမ်းအတွင်း၌ ကလေးငယ်ကို ကြီးထွားအောင် အံ့မခန်းဖွယ်ပြုလုပ်ခဲ့ပြီ။ ဝမ်းအပြင်၌ သူ့ကို သင်မည်သို့ပုံသွင်းမည်နည်း။ သင့်အိမ်အခြေအနေပေါ် များစွာမူတည်သည်။ ကလေးငယ် မည်သို့သောလူစားဖြစ်လာမည်မှာ မျိုးရိုးဗီဇနှင့်ဆိုင်သလောက် ဤအချက်နှင့်လည်း ဆိုင်ပေသည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ၊ လိုက်သွားလိမ့်မည်။”—သု. ၂၂:၆။
၂၅၊ ၂၆။ မိဘတို့ မိမိတို့သားသမီးတို့အား အချိန်များများပေး ဂရုစိုက်ရန် အဘယ်ကြောင့်သင့်တော်သနည်း။
၂၅ အဘယ်ယောက်ျားတစ်ယောက်၊ မိန်းမတစ်ယောက်မျှ မြက်ပင်ကလေးတစ်ပင်ကို မလုပ်နိုင်ချေ။ သို့သော် သူတို့နှစ်ဦးပေါင်းကာ မကုန်ဆုံးနိုင်အောင်ရှုပ်ထွေးသော၊ ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မျှမတူသော သီးခြားလူတစ်ဦးကို ထုတ်လုပ်နိုင်ပေသည်။ အံ့သြဖွယ်ရာ စွမ်းဆောင်မှု ဖြစ်ပါသည်။ အံ့ဩစရာကောင်းလှသည်ဖြစ်ရကား ၎င်းနှင့်ဒွန်တွဲနေသော မြင့်မြတ်မှုနှင့် တာဝန်ဝတ္တရားတို့ကို များစွာသောလူတို့ မရိုမသေလုပ်နေကြသည်ကို ယုံရခက်ပေသည်။ လူတို့သည် သာယာသောပန်းခြံရဖို့အရေး ပန်းများစိုက်၊ ရေလောင်း၊ မြေသြဇာကျွေး၊ ပေါင်းပင်သုတ်သင်ပေးကြသည်။ ကလေးတို့ တင့်တောင့်တင့်တယ်ဖြစ်အောင် ကျွန်ုပ်တို့ပို၍အချိန်နှင့်လုံ့လစိုက်ရန် မသင့်ပေလော။
၂၆ အကြင်လင်မယားနှစ်ဦးတို့သည် သားသမီးရပိုင်ခွင့်ရှိပေသည်။ ကလေးတို့သည် အပြန်အလှန်အနေနှင့် အမည်ခံလောက်သာမဟုတ်ဘဲ တကယ်တမ်းမိဘနှစ်ပါး ရှိပိုင်ခွင့်ရှိသည်။ ဘုရားသခင်ထံဆက်ကပ်အပ်နှံထားသော ခရစ်ယာန်တစ်ဦးသည် တပည့်တစ်ယောက်ရရှိရေးအတွက် အချိန်နှင့်ခွန်အား အမြောက်အမြားအသုံးပြုခဲ့ပါလျက်နှင့် အခါတိုင်း အောင်မြင်သည်ဟူ၍မရှိပါ။ ခရစ်ယာန်မိဘတို့အနေနှင့် ‘ယေဟောဝါ၏စိတ်သဘောတော်နှင့် စည်းကမ်းများအရ သားသမီးတို့ကို ပျိုးထောင်ပေး’ ရန်အချိန် သာ၍ပေးဖို့မလိုပေလော။ (ဧဖက် ၆:၄) ကလေးတစ်ယောက်ကို အသက်ပေးပိုင်ရှင် ယေဟောဝါဘုရားသခင့်ကျေးကျွန်ကောင်းတစ်ဦးဖြစ်စေပါက အလွန်ဝမ်းသာပီတိဖြစ်စရာမဟုတ်ပါလော။ သို့ဖြစ်ပါက သူကလေးကို မွေးဖွားလိုက်ရခြင်းသည် များစွာအကျိုးကျေးဇူးခံစားစရာဖြစ်ပါလိမ့်မည်။—သု. ၂၃:၂၄၊ ၂၅။
၂၇။ ကလေးကြီးပြင်းလာမှုကို ထိန်းကျောင်းရာတွင် သူလေး၏ ကိုယ်ပိုင်ဥပဓိရုပ်ကို အဘယ်ကြောင့်ထည့်တွက်ရမည်နည်း။
၂၇ ဆာလံ ၁၂၈:၃ က ကလေးတို့ကို သံလွင်ပင်တို့နှင့်နှိုင်းယှဉ်သည်: “သင်၏မယားသည် သင့်အိမ်နားမှာ များစွာအသီးသီးသောစပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊ သားသမီးတို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသောသံလွင်ပင်များကဲ့သို့လည်းကောင်း ဖြစ်ကြလိမ့်မည်။” သစ်ပင်တို့ကို လေ့ကျင့်ပေးခြင်းဖြင့် ပုံစံအမျိုးမျိုး ပုံသွင်းနိုင်ပါသည်။ တချို့ကို နံရံနှင့်ကပ်ပြီး အပြားလိုက်ပေါက်စေနိုင်သည်။ တချို့ကို မြေပေါ်ဝပ်ဝပ်ကလေး ဖြန့်ပြီး ပေါက်စေနိုင်သည်။ တချို့ကိုဆိုလျှင် ဘောင်ဆိုင်ပင်များကဲ့သို့ အမြစ်များဖြတ်ပေး၊ ကြပ်စည်းပေးခြင်းဖြင့် ပုပုညှက်ညှက်လေးများဖြစ်စေနိုင်သည်။ “အတက်ကိုကွေးလျှင် ကွေးသည့်ဘက်သို့သာ အပင်ပေါက်လိမ့်မည်” ဟူသော ရှေးရိုးဆိုစကားက ကလေးငယ်တစ်ဦး၏လက်ဦးဆရာ မည်မျှအရေးကြီးကြောင်း ဖော်ပြသည်။ ချင့်ချိန်တတ်မှု ဤနေရာတွင်လိုသည်။ တစ်ဖက်တွင်ကလေးသည် ဖြောင့်မတ်သောစံချိန်များနှင့်အညီ အသက်ရှင်သွားရန် နည်းပေးလမ်းပြမှုလိုသည်။ တစ်ချိန်တည်းတွင် မည်သို့သောဥပဓိရုပ်ဖြင့် မည်သို့သောလူစားဖြစ်ရမည်ဟု မိဘတို့ မှန်းဆထားသည့်အတိုင်း တထေရာတည်းဖြစ်ရမည်ဟု မမျှော်မှန်းသင့်။ သံလွင်ပင်ကို သဖန်းသီး မသီးစေနိုင်ပါ။ ရင်သွေးကို လေ့ကျင့်ပေးပါ။ သို့သော် သူ့သီးခြားဥပဓိရုပ်နှင့် ပါရမီတို့ သဘာဝအတိုင်း မပီပြင်လာစေသည့်တိုင် ကြိုတင်သတ်မှတ်ထားသည့်ပုံစံ အတင်းအဓမ္မမသွတ်သွင်းပါနှင့်။ သင်မွေးဖွားထားသည့်ရင်သွေးကို သင်သေသေချာချာသိနိုင်ရန် အချိန်ယူပါ။ သို့ပြီးမှသာ ပင်ပျိုကလေးကဲ့သို့ သင့်ရင်သွေးကို လမ်းမှန်အတိုင်း ကြီးပြင်းစေရန် လိုအပ်သလောက် ခိုင်မာသောလမ်းညွှန်မှုနှင့် ကာကွယ်ထောက်မမှု ပေးပါ။ တစ်ချိန်တည်းတွင် သူကလေးအစွမ်းကုန် မွန်မြတ်လာစေနိုင်သည်အထိ ညင်သာပါ။
ယေဟောဝါထံမှ ဆု
၂၈။ ကမ္ဘာဦး ၃၃:၅၊ ၁၃၊ ၁၄ ၌ သားသမီးများကို ယာကုပ် သက်ညှာသည့်အကြောင်း ရေးထားချက်မှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။
၂၈ ရှေးခေတ်က ယာကုပ်သည် သားသမီးတို့အား ဂရုတစိုက်ကြည့်ရှုစောင့်ရှောက်ထိန်းသိမ်းခဲ့သည်။ ခရီးတစ်ခုကို သွားရမည်ဟု ဆိုလာသောအခါ ခရီးသည် သူတို့အတွက် ဝေးလွန်းမည်ထင်ပါသည်။ ခရီးစီစဉ်သူအား ဤသို့ပြောသည်။ “သခင်သိသည်အတိုင်း ဤသူငယ်တို့သည် နုငယ်ပါ၏။ သားငယ်ပါသောသိုး၊ ဆိတ်၊ နွားမတို့သည် ကျွန်တော်၌ပါ ပါ၏။ တစ်နေ့ခြင်းတွင် အနှင်လွန်လျှင် ရှိသမျှတို့သည် သေကြပါလိမ့်မည်။ ထို့ကြောင့် သခင်သည် ကိုယ်တော်၏ကျွန်ရှေ့မှာ ကြွနှင့်တော်မူပါ။ ကျွန်တော်မူကား ကျွန်တော်ဆောင်ခဲ့သော တိရစ္ဆာန်များ၊ သူငယ်များ၊ တတ်နိုင်သမျှအတိုင်း သခင်နေရာ စိရပြည်သို့ ရောက်အောင် တဖြည်းဖြည်းပို့ဆောင်ပါမည်။” ၎င်းမတိုင်မီက အစ်ကိုဧသောနှင့်တွေ့၍ “ဤသူတို့သည် အဘယ်သူနည်း” ဟုမေးခံရသောအခါ “ကိုယ်တော်၏ကျွန်အား ဘုရားသခင်ပေးသနားတော်မူသောသူငယ်ဖြစ်ကြပါ၏” ဟုပြန်ဖြေလေသည်။ (ကမ္ဘာဦး ၃၃:၅၊ ၁၃၊ ၁၄) ယနေ့ မိဘတို့သည် ယာကုပ်ကဲ့သို့ ရင်သွေးများအပေါ် ကရုဏာရှိစွာနှင့် ညှာတာရမည့်အပြင် ယေဟောဝါပေးသနားရာများအဖြစ် သူကဲ့သို့ပင်သဘောထားရပေမည်။ အိမ်ထောင်မကျမီကတည်းက ယောက်ျားဖြစ်သူသည် မိမိသားမယားများကို ကျွေးမွေးနိုင်မည်မနိုင်မည် အလေးအနက်စဉ်းစားထားပြီး ဖြစ်ရမည်မှန်ပါသည်။ “ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဖို့ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကိုဆောက်လော့” ဟူ၍ ကျမ်းစာသြဝါဒ ရှိပါသည်။ (သု. ၂၄:၂၇) အထူးသဖြင့် ဤသြဝါဒနှင့်အညီ ယောက်ျားတစ်ယောက်သည် မင်္ဂလာဆောင်ရန်နှင့် အိမ်ထောင်သည်ဘဝအတွက် ကြိုတင်ပြင်ဆင်ရပေမည်။ သို့သာဆိုပါက မမျှော်လင့်ဘဲရလာသော ကိုယ်ဝန်ကိုပင် စီးပွားရေးကပ်ဆိုက်ပြီဟူသောသဘောမျိုးမဖြစ်ဘဲ ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ပါသည်။
၂၉။ ကလေးယူခြင်းအကြောင်းကို ကြိုတင်လေးနက်စွာ အဘယ်ကြောင့်တွက်ချက်ရမည်နည်း။
၂၉ သားဦးလေးအတွက်သာမဟုတ်ဘဲ နောက်ထပ်ရင်သွေးများကိုပါ ယူမည်မယူမည်ကို လေးလေးနက်နက် စဉ်းစားထိုက်ပါသည်။ ရခဲ့သောကလေးများကို မိဘနှစ်ပါး ကျွေးမွေးပြုစုလေ့ကျင့်ပေးရခက်နေပါသလော။ သို့ဖြစ်ပါက ဖန်ဆင်းရှင်ကို လေးစားသည့်သဘော၊ မေတ္တာသဘောက အိမ်ထောင်ဦးရေကို တိုးပွားနှုန်း လျော့ကျသွားစေရန် ချုပ်တည်းမှုကို ဖြစ်စေသင့်ပါသည်။
၃၀။ (က) ကလေးကို တကယ်တမ်းဘုရားသခင်ပိုင်သည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ပြောနိုင်သနည်း။ (ခ) ဤသည်က မိဘတို့၏အမြင်ကို အဘယ်သို့ထိခိုက်သနည်း။
၃၀ တကယ်တော့ မည်သူ့ရင်သွေးနည်း။ တစ်နည်းအားဖြင့် သင့်ရင်သွေးသာဖြစ်သည်။ သို့သော် တစ်နည်းအားဖြင့် ကလေးကို ယေဟောဝါပိုင်သည်။ ၎င်းတာဝန်များ သင့်မိဘရရှိခဲ့သည့်နည်းတူ သင်သည်လည်း ယင်းတာဝန်များ ရရှိပေသည်။ သို့သော် သင်သည် သင့်မိဘတို့ကြိုက်နှစ်သက်သလို လုပ်နိုင်ခဲ့သည့် သူတို့ပစ္စည်းမဟုတ်ခဲ့ပေ။ သင့်ကလေးလည်း ဤသဘောမျိုးသာဖြစ်ပါသည်။ ပဋိသန္ဓေတည်သည့်အချိန်နှင့် ကလေးလေး ဝမ်းတွင်းကြီးထွားမှုတို့ကို မထိန်းသိမ်း မချုပ်ကိုင်နိုင်ပါ။ အံ့သြဖွယ်ရာ တိုးတက်ဖြစ်ပေါ်မှုကို သူတို့မမြင်နိုင်၊ ပြည့်ပြည့်ဝဝလည်း နားမလည်နိုင်ပါ။ (ဆာလံ ၁၃၉:၁၃၊ ၁၅; ဒေသနာ ၁၁:၅) ကိုယ်ခန္ဓာမစုံလင်မှုက သားပျက်ကျစေ၊ ကလေးခြောက်မွေးစေပါက သေဆုံးခဲ့သည့်ကလေးကို သူတို့ပြန်အသက်မသွင်းနိုင်ပါ။ ထို့ကြောင့် ဘုရားသခင်သာ ကျွန်ုပ်တို့အားလုံး၏အသက်သခင်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးကိုကိုယ်တော်ပိုင်ကြောင်း နှိမ့်ချစွာအသိအမှတ်ပြုရပေမည်။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် မြေကြီးနှင့် မြေကြီးတန်ဆာတို့ကိုလည်းကောင်း၊ လောကဓာတ်နှင့် လောကသားတို့ကိုလည်းကောင်း ပိုင်တော်မူ၏။”—ဆာလံ ၂၄:၁။
၃၁၊ ၃၂။ (က) ဘုရားသခင်ရှေ့ မိဘတို့ အဘယ်တာဝန်ရှိသနည်း။ (ခ) ထိုတာဝန်ကို ကျေပွန်အောင်ဂရုတစိုက် ထမ်းဆောင်ခြင်းမှ အဘယ်အကျိုးများသက်ရောက်သနည်း။
၃၁ လောကထဲသို့ ခေါ်ဆောင်လာသောကလေးအတွက် သင်တာဝန်ရှိပေသည်။ သူ့ကို မည်သို့အုပ်ထိန်းပုံကိုလည်း ဖန်ဆင်းရှင်အား အစီရင်ခံရမည်။ ကိုယ်တော် မြေကြီးကိုဖန်ဆင်းထားသည်။ လူနေရာဒေသဖြစ်ဖို့ ရည်ရွယ်ခဲ့ပြီး ပထမလူသားမောင်နှံအားလည်း ထိုရည်ရွယ်ချက်ကို ဖြစ်မြောက်စေနိုင်သောအရည်အချင်း ပေးခဲ့သည်။ သူတို့ ကိုယ်တော်ထံမှ ခွာထွက်လိုက်ခြင်းသည် ကောင်းကင်ပေါ် မြေကြီးပေါ်တွင်ရှိသော အိမ်ထောင်တစ်ခုလုံးအပေါ် ဘုရားသခင်အချုပ်အခြာအာဏာထားပိုင်ခွင့်ရှိသည်ကို စိန်ခေါ်အံတုခဲ့သူဘက် ရောက်သွားစေသည်။ သင့်သားသမီးတို့ကို ဖန်ဆင်းရှင်အား သစ္စာရှိသူများအဖြစ် ကြီးပြင်းလာစေရန် လေ့ကျင့်ပေးခြင်းဖြင့် သင်နှင့်သင့်မိသားစုသည် ဘက်ပြိုင်အံတုသူကို မှားယွင်းကြောင်း၊ ယေဟောဝါဘုရားသခင်သာ မှန်ကန်ကြောင်း သက်သေထူနိုင်ပေမည်။ “ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင် ငါ့စိတ်ကို ရွှင်လန်းစေလော့” ဟူ၍ သု. ၂၇:၁၁ ပြောသည်အတိုင်း ဖြစ်ပေလိမ့်မည်။
၃၂ သင့်သားသမီးများအပေါ်ရှိသော တာဝန်နှင့်အတူ ဘုရားသခင်အပေါ်ရှိသောတာဝန်ကို ကျေပွန်ခြင်းသည် ပြီးမြောက်အောင်မြင်မှုခံစားချက် သင်ခံစားလာအောင် လုပ်နိုင်သည်။ “ဝမ်း၏အသီးအပွင့်သည် ဆုကျေးဇူးပေတည်း” ဟူသောဆာလံ ၁၂၇:၃ ၏အဆိုကို သင်လှိုက်လှိုက်လှဲလှဲ လေးမြတ်စွာပြောဆိုနိုင်ပေလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a အသား၊ အစိမ်းနှင့်အဝါရောင် ဟင်းသီးဟင်းရွက်များကဲ့သို့သောအရာများ။
b ကစီဓာတ်ပါသော အစားအစာနှင့် သကြားဓာတ်လည်း အသင့်အတင့်ပါသောအရာများ။
[စာမျက်နှာ ၉၃ ပါ ရုပ်ပုံ]
ယခုကတည်းကရင်းနှီးလျှင် နောက်ပိုင်း လူမျိုးဆက်ကွာဟမှုမဖြစ်