အခန်း ၁၃
ဇရာအို ကာလပိုင်း
၁၊ ၂။ (က) သားသမီးများ အိမ်ခွဲထွက်သွားသောအခါ မည်သည့်အရာ ဖြစ်လာနိုင်စရာရှိသနည်း။ (ခ) တစ်စစ အသက်အရွယ်ကြီးရင့်သည့်ပြဿနာကို အချို့ မည်သို့ဖြေရှင်းရန် အားထုတ်ကြသနည်း။
ကာယ သို့မဟုတ် စိတ္တလှုပ်ရှားမှု တစ်ခုခုသည် ကျွန်ုပ်တို့ဘဝအသက်တာ၌ မရှိပါက ပျင်းရိငြီးငွေ့စရာဖြစ်လာသည်။ ဘဝသည် ဟာတာတာဖြစ်ပြီး ကျွန်ုပ်တို့လည်း ဂနာမငြိမ်ဖြစ်လာပေမည်။ ယင်းပြဿနာမျိုးသည် သားသမီးများကြီးပြင်းလာကာ အိမ်ခွဲသွားသောအခါ ရံဖန်ရံခါ ဖြစ်လေ့ဖြစ်ထရှိသည်။ ကုန်လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူတို့ဘဝတွင် မိဘဝတ္တရားအမျိုးမျိုးနှင့် ပြည့်နှက်နေခဲ့ရာမှ ယခု အဆိုပါ လှုပ်ရှားဆောင်ရွက်စရာများနှင့် သားသမီးကျွေးမွေးပြုစုရသည့်တာဝန်များ ရုတ်တရက် ပြီးဆုံးသွားလေသည်။
၂ ၎င်းပြင် နှစ်၊ လများ ကုန်လွန်သည်နှင့်အမျှ ရုပ်ပိုင်းပြောင်းလဲမှုသည်လည်း လိုက်လာတော့သည်။ အသားအရေတွန့်လာသည်။ ဆံပင် မီးခိုးရောင် ပြောင်းသွားသည်။ သို့မဟုတ် ကျွတ်၍ ပါးသွားသည်။ ယခင်က လုံးဝသတိမထားမိသော အကိုက်အခဲ နာကျင်မှုတို့လည်း သိသာပေါ်လွင်လာသည်။ အဖြစ်မှန်တရားမှာ ကျွန်ုပ်တို့ဇရာထောင်းလာပြီဖြစ်သည်။ အချို့တို့သည် အမှန်တရားကို မရင်ဆိုင်လိုသဖြင့် မိမိတို့ နုပျိုလျက်ရှိသည်ဟု မရမက ကြိုးစားတင်ပြလိုကြသည်။ သူတို့သည် ချက်ချင်းပင် လူမှုရေးဘက်တွင် အထူးတတ်တက်ကြွကြွလုပ်ဆောင်လာကြသည်။—ပါတီပွဲများ မနားမနေ တက်ကြ၊ သို့မဟုတ် အားကစားဘက် အထူးစိတ်ထက်သန်ကြနှင့် ဖြစ်လာကြသည်။ ယင်းသို့သောလှုပ်ရှားမှုတို့က သူ့အတွက် လုပ်စရာအလုပ်များ ဖြစ်လာသည်မှန်သော်လည်း အဓွန့်ရှည်တည်မြဲသော ရောင့်ရဲမှုကို ရစေပါသလော။ လူတစ်ယောက်၏ ဘဝအသက်တာ၌ တကယ့်အနှစ်သာရ ရှိရအောင် ၎င်းတို့သည် လိုအပ်ချက်အစစ်အမှန်ဖြစ်သည်ဟူ၍ ထိုသူကို ခံစားသိရှိစေနိုင်သလော။
၃။ အပန်းဖြေခြင်းသည် အတော်အတန် ပျော်စရာကောင်းသော်လည်း ကျွန်ုပ်တို့ ဘာရှောင်ကြဉ်သင့်သနည်း။
၃ အပန်းဖြေမှုသည် အတော်အတန် စိတ်လက်ပေါ့ပါး လန်းဆန်းစေနိုင်သည်မှာ အထူးပြောနေစရာမလိုပါ။ ယခုလို အသက်အရွယ်ကြီးရင့်သည့်ကာလပိုင်း၌ သားသမီးများငယ်ရွယ်သေးစဉ်က သင်မလုပ်နိုင်သည့်အလုပ်အချို့ကို လုပ်ဖို့အချိန်ရလာသည်ကို သင်တွေ့ရပေမည်။ သို့သော်လည်း အပျော်အပါးလိုက်စားခြင်းကို အထူးအရေးပေးမိမည်ဆိုလျှင် ကြီးလေးသောပြဿနာ ဖြစ်လာနိုင်သည်။—၂ တိမောသေ ၃:၄၊ ၅; လုကာ ၈:၄-၈၊ ၁၄။
သစ္စာ၏အလှ
၄၊ ၅။ အသက်ကြီးသောသူတစ်ယောက်သည် ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းရှိသေးကြောင်း သက်သေတင်ပြမည်ဆိုလျှင် မည်သို့ဖြစ်လာနိုင်သနည်း။
၄ လူ့ဘဝ၏ ဤကာလပိုင်းတွင် မိမိတို့သည် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်မြဲ ဆွဲဆောင်နိုင်သေးကြောင်း သက်သေပြရန်လိုသည်ဟု ထင်သူအများရှိသည်။ သို့နှင့် မိတ်ဆုံစားပွဲ၌ဖြစ်ဖြစ်၊ အခြားတစ်နေရာရာ၌ဖြစ်ဖြစ် လိင်ခြားသူတစ်ယောက်ယောက်နှင့် ပရောပရီနေပေမည်။ အထူးသဖြင့် ယောက်ျားတို့သည် ငယ်ရွယ်သည့်မိန်းကလေးတို့နှင့် “ချစ်ကြိုက်” တတ်ကြသည်။ ယခုကဲ့သို့ “စာရိတ္တတရားအသစ်” ခေတ်စားနေသည့်ကာလမျိုး၌ အမျိုးသမီးအများကလည်း မိမိတို့ ညှို့ဓာတ်ရှိသေးကြောင်း သက်သေပြသည့်အနေဖြင့် “နောက်မီးလင်း” ကြသည်။ အချို့သည် အိမ်ထောင်သက်ကြာလာသော်လည်း အိမ်ထောင်ဖက်အသစ်တစ်ယောက်နှင့် “ဘဝသစ်” ထူထောင်လိုသောစိတ်ကူး ရှိတတ်ကြသည်။ သို့နှင့် မိမိလုပ်ရပ်အတွက် ထုချေစရာကိုထောက်ပြကြသည်။—သူတို့သည် များသောအားဖြင့် မိမိတို့၏အိမ်ထောင်ဖက်နှင့် ဖြောင့်မတ်သောမူများအပေါ် သစ္စာမဲ့ခြင်းအပါအဝင် မိမိတို့၏ အပြစ်အနာအဆာကိုမူကား လွယ်လွယ်နှင့် ဥပေက္ခာပြုကြသည်။
၅ ယေရှုက “မည်သူမဆို မတရားသောမေထုန် [ပေါ်နီယာ၊ ကြီးမားသည့် ဖိုမဖောက်ပြန်မှု] ကြောင့်မှတစ်ပါး မယားကိုကွာ၍ တစ်ပါးသောမိန်းမနှင့် အိမ်ထောင်ဖက်ပြုလျှင် သူ့အိမ်ယာကိုပြစ်မှားသူ . . . ဖြစ်သည်” ဟုမိန့်ကြားတော်မူခဲ့ကြောင်း သိကြမည်။ ဤနေရာတွင် ယေရှုက “မည်သည့်အကြောင်းကြောင့်မဆို” မိမိအိမ်ထောင်ဖက်နှင့် ကွာရှင်းခြင်းသည် မသင့်ကြောင်း ပြဆိုထားသော်လည်း သူတို့သည် လောကီတရားဥပဒေက ခွင့်ပြုသော အဘယ်ကွာရှင်းမှုအကြောင်းတစ်ခုခုကိုမဆို လိုလိုလားလားကျင့်သုံးကြသည်။ (မဿဲ ၁၉:၃-၉) ထိုနောက် အိမ်ထောင်ဖက်အသစ်နှင့်ပေါင်းသင်းကာ အများအားဖြင့် ကွာရှင်းခြင်းကိစ္စမစမီကတည်းက သူတို့ပတ်သက်ခဲ့သောသူနှင့် ဖြစ်သည်။ ယင်းသို့သောအကျင့်ကို ဘုရားသခင့်နှုတ်ကပါဌ်တော် မည်သို့ဆိုထားသည်ကို ကောင်းစွာသိရှိကြသော်လည်း ဘုရားသခင်သည် မဟာကရုဏာကျေးဇူးတော်ကြောင့် လူတို့ကို “နားလည်” တော်မူမည်ဟု တွေးတောကြပေမည်။
၆။ မင်္ဂလာပဋိညာဉ်ကို မလေးမခန့်ပြုခြင်းကို ယေဟောဝါ မည်သို့သဘောထားတော်မူသနည်း။
၆ ယင်းသို့သော စာရိတ္တပျက်ပြားသည့်အတွေးအခေါ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ရှောင်ရှားနိုင်ရန် ပရောဖက်မာလခိအားဖြင့် ဣသရေလလူမျိုးတို့အား ယေဟောဝါမိန့်တော်မူသောစကားကို စဉ်းစားသုံးသပ်လျှင် ကောင်းပေမည်: “တစ်ဖန် သင်တို့ပြုသောအမှုဟူမူကား ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ယဇ်ပလ္လင်ကို မျက်ရည်ကျခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့် ဖုံးအုပ်ကြပြီ။ ထို့ကြောင့် ပူဇော်သက္ကာကို မှတ်တော်မမူ။ သင်တို့လက်မှ နှစ်သက်သောစိတ်နှင့် ခံတော်မမူ။ ‘အဘယ်ကြောင့်နည်း’ ဟု သင်တို့မေးလျှင် သင့်အသက်ပျိုစဉ်အခါ လက်ထပ်၍ နောက်တစ်ဖန် သစ္စာမစောင့် ပြစ်မှားသောမယားတစ်ဖက်နှင့် သင့်တစ်ဖက်၌ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် သက်သေဖြစ်တော်မူ၏။ ထိုမယားသည် သင်၏အဆွေခင်ပွန်း၊ သင်ဖွဲ့သောပဋိညာဉ်နှင့်ဆိုင်သောမယား ဖြစ်သတည်း။ . . . သို့ဖြစ်၍ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။ မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှားသောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] မိန့်တော်မူ၏။” (မာလခိ ၂:၁၃-၁၆) မှန်သည်။ မိမိ၏အိမ်ထောင်ဖက်အား သစ္စာဖျက်ခြင်း၊ ကြမ်းကြုတ်စွာပြုခြင်း၊ အိမ်ထောင်မင်္ဂလာပဋိညာဉ်ကို မလေးမခန့်ပြုခြင်းသည်—ဘုရားသခင်ပြစ်တင်ရှုတ်ချတော်မူသည့်အရာများ ဖြစ်သည်; ၎င်းအရာတို့သည် အသက်ပေးသခင်နှင့် သူတစ်ဦးတို့၏ ဆက်ဆံရေးကို ထိခိုက်ပျက်စီးစေနိုင်သည်။
၇။ မင်္ဂလာပဋိညာဉ်ကို မလေးမခန့်ပြုခြင်းသည် အဘယ်ကြောင့်ပျော်ရွှင်မှု မရနိုင်သနည်း။
၇ ဤကား ပိုကောင်းသောဘဝအသက်တာလမ်းစဉ်ဖြစ်သလော။ ခဲယဉ်းပါသည်။ ယင်းသို့ သူပြုသော ထိမ်းမြားမင်္ဂလာအသစ်သည် ချိနဲ့သောအုတ်မြစ်ပေါ် တည်ဆောက်ထားသည်။ အကြောင်းတစ်ခုမှာ သူတို့သည် အထူးအဖိုးတန်သောဆက်ဆံရေး၌ပင် စိတ်ချယုံကြည်နိုင်သည့်သူမဟုတ်ကြောင်း တင်ပြနေခြင်းဖြစ်သည်။ သူ့အနေဖြင့် အိမ်ထောင်ဖက်ဟောင်း၌ မရှိသောစွဲမက်စရာအချို့ကို အိမ်ထောင်ဖက်အသစ်၏ ဥပဓိရုပ်၌ တွေ့ရမည်မှာ ဆိုဖွယ်မရှိ။ သို့သော်လည်း မိမိတို့စွဲမက်စရာများကိုရနိုင်ရန် မိမိတို့ကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာစရာ၊ ရင်နာစရာများကို အရေးမလုပ်ဘဲ မိမိတို့ပျော်ရွှင်မှုကို ရှာယူကြသည်။ ဤကား အိမ်ထောင်မင်္ဂလာချမ်းမြေ့သာယာရေးအတွက် အထောက်အကူပြုသောအရည်အသွေးတစ်မျိုးမဟုတ်သည်မှာ သေချာသည်။
၈။ အိမ်ထောင်ရေးတွင် ရုပ်ဆင်းရူပကာထက် အဘယ်အရာက ပို၍ တန်ဖိုးရှိသနည်း။
၈ အိမ်ထောင်ဖက်ပေါ် သစ္စာစောင့်လေးစားခြင်းအလှသည် မည်သည့်ရုပ်ဆင်းရူပကာအလှထက်မဆို များစွာသာလွန်သည်။ ရုပ်ဆင်းရူပကာအလှအပဆိုသည်မှာ အသက်ကြီးလာသည်နှင့်အမျှ ပျက်ပြယ်ကျဆင်းသွားသည်မှာ သင်္ခါရတရားပင်ဖြစ်သော်လည်း သစ္စာစောင့်ခြင်းအလှမှာမူ နှစ်၊ လ ကုန်သည်နှင့်အမျှ တိုး၍သာ လာသည်။ သူတစ်ပါး၏ စိတ်ချမ်းသာမှုအတွက် လုပ်ဆောင်ခြင်းနှင့် တစ်ဖက်သား၏အကျိုးကို မိမိအကျိုးထက် ဦးစားပေးခြင်းဖြင့် အဓွန့်ရှည်တည်တံ့သော ရောင့်ရဲမှုရရှိနိုင်ပေသည်။ အကြောင်းမှာ “ခံယူခြင်းအရာထက် ပေးကမ်းခြင်းအရာသည် သာ၍မင်္ဂလာရှိ” သောကြောင့်ဖြစ်သည်။ (တမန်တော် ၂၀:၃၅) လူနှစ်ယောက် နှစ်များစွာ အကြင်လင်မယားအဖြစ် ပေါင်းသင်းလာပြီး သူတို့အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိကာ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုကြမည်ဆိုလျှင်လည်းကောင်း၊ အလုပ်အကိုင်၊ ရည်ရွယ်ချက်ပန်းတိုင်နှင့် မျှော်လင့်ချက်တို့ကို အချင်းချင်းဝေမျှ ခံစားပြီး အေးအတူ ပူအမျှ နေကြမည်ဆိုလျှင်လည်းကောင်း—မေတ္တာစိတ်ဖြင့် ယင်းသို့ပြုကြမည်ဆိုလျှင်—သူတို့ဘဝအသက်တာသည် အမှန်ပင် စည်းလုံးမှုရှိလာကာ သံယောဇဉ်လည်း တိုး၍ခိုင်မြဲလာပေမည်။ သူတို့၌ တူညီသည့်နေရာများစွာ ရှိပေမည်—စိတ္တ၊ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးဘက်တွင် ဖြစ်သည်။ စိတ်ကူးယဉ်အချစ်ကြောင့် လက်မထပ်မီက အချင်းချင်း အပြစ်အနာအဆာများကို မမြင်ခဲ့ကြချေ။ သို့သော် ၎င်းမေတ္တာနေရာ၌ နှလုံးသားမှပေါက်ဖွားလာသည့် မေတ္တာက အစားထိုးဝင်ရောက်လာသဖြင့် တစ်ဖက်သား၏ အားနည်းချက်ကို ကူညီပေးရမည့်အခွင့်အရေး၊ ဖြည့်စွက်ပေးရမည့် အခွင့်အရေးအဖြစ် သဘောထားလာစေသည်။ နှစ်ဦးနှစ်ဝစပ်ကြား အချင်းချင်း ယုံကြည်စိတ်ချမှုနှင့် လုံခြုံမှု ဖြစ်လာသည်။ အကြောင်းမူကား မည်သည့်အခက်အခဲပင် ရင်ဆိုင်ရရင်ဆိုင်ရ မိမိတို့ တစ်စိတ်တစ်သဘောတည်း အစဉ်ရှိမည်ဟူသော အသိစိတ်ကြောင့် ဖြစ်သည်။ မိက္ခာ ၆:၈ ဆိုသကဲ့သို့: “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] တောင်းတော်မူသနည်း။”
ကြီးပြင်းလာသည့်သားသမီးများ—ဆက်ဆံရေး အသစ်တစ်ရပ်
၉-၁၁။ (က) မိဘနှင့် သားသမီးများ၏ဆက်ဆံရေးကို ရာသက်ပန်အဖြစ် ဘုရားသခင် ရည်ရွယ်တော်မူသလော။ (ခ) ဤအချက်က မိဘတို့ အရွယ်ရောက် သားသမီးများကို ပေးသောအကြံအပေါ် မည်သို့ သက်ရောက်မှုရှိသနည်း။ (ဂ) သားသမီးများ မင်္ဂလာဆောင်ပြီးဖြစ်သော် မိဘများ မည်သူ၏ ဦးစီးခေါင်းဆောင်မှုကို လေးစားသင့်သနည်း။
၉ လင်နှင့်မယားတို့သည် သေတစ်ပန်သက်တစ်ဆုံး ပေါင်းသင်းနေထိုင်သွားရမည်ဖြစ်သော်လည်း မိဘနှင့် သားသမီးတို့အဖို့မူကား ဖန်ဆင်းရှင်၏အစီအစဉ်မှာမူ ဤသို့မဟုတ်ပေ။ သားသမီးများ ကြီးပြင်းစဉ်ကာလအတွင်း သင်တို့ကို နေ့စဉ်နှင့်အမျှ လိုအပ်ကြသည်မှာ အမှန်ဖြစ်သည်။ သူတို့၏ကာယဘက် လိုအပ်ရာများအတွက်သာ ကြည့်ရှုပေးရသည်မဟုတ်ဘဲ ပဲ့ပြင်လမ်းညွှန်ပေးဖို့လည်း လိုအပ်သည်။ သူတို့ရှောရှောရှူရှူ နားမထောင်ဘူးဆိုလျှင် သူတို့ ကောင်းကျိုးအတွက် အချို့အလုပ်များကို မလုပ်မနေ ကြပ်မတ်ပေးရဖွယ်ရှိသည်။ သို့ရာတွင် သူတို့အိမ်ထောင်နှင့် သူတို့ဖြစ်သွားသောအခါ သင်တို့နှင့်သူတို့စပ်ကြား ဆက်ဆံရေးသည်လည်း အတော်အတန်ပြောင်းလဲသွားလေသည်။ (ကမ္ဘာဦး ၂:၂၄) သူတို့အပေါ် စိတ်သဘောပြောင်းလဲသွားသည်ကို ပြောလိုသည်မဟုတ်သော်လည်း တာဝန်ဝတ္တရားဘက်တွင် ပြောင်းလဲသွားပြီ။ သို့ဖြင့် သူတို့အတွက် အလုပ်လုပ်ပေးသည့်ပုံစံသည်လည်း ပြောင်းလဲဖို့လိုလာသည်။
၁၀ ရံဖန်ရံခါ သူတို့အကြံပေးစကား လိုတတ်သည်။ လူ့ဘဝအတွေ့အကြုံ ရင့်ကျက်သူတို့၏အကြံပေးစကားကို သူတို့လက်ခံမည်ဆိုလျှင် ဉာဏ်ပညာရှိရာရောက်မည်။ (သု. ၁၂:၁၅; ၂၃:၂၂) သို့ရာတွင် ကိုယ့်အိုးကိုယ့်အိမ်နှင့်ဖြစ်နေသော သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ အကြံပေးသည့်အခါ အကြံပေးပုံပေးနည်းက ယခုအခါ ဆုံးဖြတ်ရမည့်အခွင့်မှာ သူတို့၌ရှိကြောင်း အသိအမှတ်ပြုကြောင်း ထင်ရှားသိသာစေမည်ဆိုလျှင် ဉာဏ်အမြော်အမြင်ရှိရာရောက်ပေမည်။
၁၁ သားသမီးများ အိမ်ထောင်နှင့်ဖြစ်နေကြပြီဆိုလျှင် အထက်ပါအတိုင်း အသိအမှတ်ပြုခြင်းသည် အထူးအရေးကြီးပေသည်။ နိုင်ငံအချို့တွင် ရိုးရာဓလေ့အရ ချွေးမသည် ယောက္ခမအုပ်စိုးမှုအောက်၌ ရှိကြသည်။ အခြားနိုင်ငံတို့၌မူကား ထိမ်းမြားပြီး တော်ရသော ဆွေမျိုးများက မိသားစုအရေး ပို၍သြဇာရှိကြသည်။ သို့သော် ယင်းသို့သောအခြေအနေတို့က တကယ်သာယာပျော်ရွှင်မှု ဖြစ်စေသလော။ မိသားစုကို တည်ထောင်တော်မူသည့် ဖန်ဆင်းရှင်က အဘယ်အရာသည် အကောင်းဆုံးဖြစ်ကြောင်း သိတော်မူ၍ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” ဟုမိန့်တော်မူသည်။ (ကမ္ဘာဦး ၂:၂၄) ယခုအခါ ဆုံးဖြတ်ချက်ချရမည့်တာဝန်မှာ ခင်ပွန်းမိဘလက်၌ မရှိသကဲ့သို့မယား မိဘတို့လက်၌လည်း မရှိဘဲ လင်ယောက်ျားလက်၌သာ ရှိသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်က “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟုဆိုသည်။ (ဧဖက် ၅:၂၃) ယင်းအစီအစဉ်ကို အသင်လေးစားလိုက်နာမည်ဆိုလျှင် အရွယ်ရောက်ပြီး သားသမီးနှင့် နောက်ပိုင်း မြေးများအတွက် အလုပ်လုပ်ပေးရာတွင် များစွာပျော်စရာကောင်းပေမည်။
သူတစ်ပါးအကျိုးဆောင်ခြင်းဖြင့် ပျော်ရွှင်မှုရယူခြင်း
၁၂။ (က) သားသမီးများ ကိုယ့်အိမ်ကိုယ့်ယာနှင့် ဖြစ်သွားကြပြီးနောက် မိဘတို့သည် မိမိတို့အချင်းချင်းစပ်ကြား ပို၍ မေတ္တာခိုင်မြဲလာအောင် မည်သို့လုပ်ဆောင်နိုင်သနည်း။ (ခ) မိမိတို့ဘဝကို သာ၍ အနှစ်သာရပြည့်ဝလာစေရန် သူတို့အနေဖြင့် မည်သို့ပြုလုပ်နိုင်သနည်း။
၁၂ ကျွန်ုပ်တို့အားလုံး တူညီသောလိုလားမှုတစ်ခုရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့ဘဝအသက်တာသည် အသုံးကျသည်၊ အနှစ်သာရရှိသည်ဟူ၍ သိရှိခြင်းဖြစ်သည်။ ယင်းလိုလားချက်ပြည့်စုံမှုသည် သင့်ကိုယ်ရေးကိုယ်တာကောင်းကျိုးချမ်းသာထက် အရေးကြီးသည်။ သင့်သားသမီးများအပြင် ဘဝအသက်တာလိုလားချက်ကို ပြည့်စုံစေရန် သင့်အကူအညီလိုအပ်သည့် အခြားသူများစွာရှိသေးသည်။ သင့်ကိုယ်တိုင်၏ အိမ်ထောင်ဖက်ကို မည်သို့ဆိုမည်နည်း။ သင့်သားသမီးများ ကြီးပြင်းစဉ်ကာလအတွင်း သူတို့ကို များစွာဂရုစိုက်ခဲ့ရပေသည်။ သို့သော် ယခုမှာ သင်တို့လင်မယားနှစ်ယောက်တို့သည် အချင်းချင်း ဝတ်ကြီးဝတ်ငယ်ပြုနိုင်သည့်အခွင့်အရေး ပိုမိုရရှိလာသည်။ သို့ပြုခြင်းဖြင့် သင်တို့နှစ်ဦး၏ဆက်ဆံရေးကို ပို၍ခိုင်မြဲစေနိုင်သည်။ သို့ရာတွင် ကောင်းမှုပြုခြင်းကို သင့်အိမ်သူအိမ်သားများအဖို့သာ အဘယ်ကြောင့် ပိုင်းခြားကန့်သတ်ထားမည်နည်း။ ၎င်းကို ‘တိုးချဲ့’ နိုင်သည်။ ဖျားနာနေသော အိမ်နီးချင်းကို အကူအညီပေးခြင်းအားဖြင့်လည်းကောင်း၊ အထီးကျန်ဖြစ်နေသော သက်ကြီးရွယ်အိုတို့နှင့် အဖော်ပြုရန် အချိန်ပေးခြင်းအားဖြင့်လည်းကောင်း၊ မိမိတို့အပြစ်ကြောင့်မဟုတ်ပါဘဲနှင့် ဆင်းရဲချို့ငဲ့နေသည့်သူများအဖို့ ပစ္စည်းဥစ္စာဖြစ်စေ၊ အခြားနည်းအားဖြင့်ဖြစ်စေ ကူညီမစခြင်းအားဖြင့်လည်းကောင်း ထိုသို့ပြုနိုင်သည်။ (၂ ကောရိန္သု ၆:၁၁၊ ၁၂) သမ္မာကျမ်းစာ၌ ဒေါ်ကာဟုခေါ်သော အမျိုးသမီးတစ်ယောက်သည် မုဆိုးမများအကျိုးအတွက် “ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့် ပြည့်စုံ” သဖြင့် လူတကာ၏ ချစ်ခင်တွယ်တာခြင်း ခံရသည့်အကြောင်း ရေးသားထားသည်။ (တမန်တော် ၉:၃၆၊ ၃၉) ဆင်းရဲဒုက္ခရောက်နေသူတို့အား ကျေးဇူးပြုသောသူတို့ကို ကျမ်းစာက ချီးမွမ်းထားသည်။ (သု. ၁၄:၂၁) “ဒုက္ခရောက်နေသော ဖတဆိုးနှင့် မုဆိုးမတို့ကို ကြည့်ရှုပြုစုခြင်း” အမှုသည် ဘုရားနှစ်သက်တော်မူသော သန့်ရှင်းစင်ကြယ်သောဝတ်ပြုကိုးကွယ်မှု၏အရေးပါသောကဏ္ဍဖြစ်ကြောင်း ကျမ်းစာက ထပ်ဆင့်ဖော်ပြသည်။ (ယာကုပ် ၁:၂၇) ၎င်းပြင် “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့လျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏” ဟူ၍လည်း ကျွန်ုပ်တို့အားလုံးကို အားပေးထားသည်။—ဟေဗြဲ ၁၃:၁၆။
၁၃။ မည်သို့သောစေတနာရည်ရွယ်ချက်က သူတစ်ပါးကို ကူညီပေးခြင်းကို ထိုက်တန်သောအလုပ် ဖြစ်စေသနည်း။
၁၃ လူလူချင်း စာနာပြီး အကျိုးဆောင်လုပ်ငန်း၌ အာရုံစိုက် လုပ်ဆောင်ရုံသက်သက်သည် ပျော်ရွှင်မှုသော့ချက်ဖြစ်သလော။ အမှန်ဆိုလျှင် ဝိညာဉ်ရေး ရည်ရွယ်ချက်စေတနာနှင့်မဟုတ်လျှင် သော်လည်းကောင်း၊ မေတ္တာပြရာတွင် ဘုရားသခင်ကို အတုယူသည့်ဆန္ဒဖြင့်မဟုတ်လျှင်သော်လည်းကောင်း အဆိုပါ လုပ်ဆောင်မှုတို့သည် အချည်းနှီးဖြစ်သွားနိုင်စေသည်။ (၁ ကောရိန္သု ၁၃:၃; ဧဖက် ၅:၁၊ ၂) အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်ကျေးဇူးပြုသည်ကို လူတို့ကျေးဇူးမသိတတ်သည့်အခါဖြစ်စေ၊ သင့်ရက်ရောမှုစေတနာကို လူတို့ အခွင့်အရေးယူရန် ကြိုးစားသည့်အခါမျိုးနှင့် ကြုံရသည့်အခါဖြစ်စေ သင်အကြီးအကျယ် စိတ်ပျက်သွားနိုင်သောကြောင့်ဖြစ်သည်။
၁၄၊ ၁၅။ အဘယ်အရာက ဘဝကို သာယာပျော်ရွှင် ရောင့်ရဲစေသနည်း။
၁၄ အခြားတစ်ဖက်၌ လူတစ်ယောက် မိမိဘဝအသက်တာကို ဘုရားဝတ်ပြုရာတွင် အမှန်ပင်အသုံးပြုခဲ့မည်ဆိုလျှင် မိမိပြုလုပ်သမျှမှာ ဖန်ဆင်းရှင် နှစ်သက်ရာဖြစ်သည်ဟူသော အသိစိတ်ကြောင့် ကြီးစွာကျေနပ်ဝမ်းမြောက်ပေလိမ့်မည်။ ထို့အပြင် သူတစ်ပါးအကျိုးဆောင်သည်ဆိုရာ၌ သူသည် ရုပ်ပစ္စည်းအားဖြင့်မျှသာမဟုတ်ဘဲ သူ၌ “မင်္ဂလာရှိတော်မူသော ဘုရားသခင့် ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ဘုန်းကြီးသော ဧဝံဂေလိတရား” ရှိသည့်အပြင် ၎င်းကို သူတစ်ပါးအား ဝေမျှပေးကမ်းနိုင်သော အခွင့်အရေးလည်း ရှိပေသည်။ (၁ တိမောသေ ၁:၁၁) သူသည် ယခုဘဝအသက်တာမှာ အခက်အခဲပြဿနာအမျိုးမျိုး အဖုံဖုံကို မည်သို့ဖြေရှင်းရမည်အကြောင်း သမ္မာကျမ်းစာမှ နားလည်လာသည့်အပြင် လူသားတို့၏ အနာဂတ်အတွက် ဘုရားသခင်သည် ကြီးမြတ်သည့်အဘယ်မျှော်လင့်စရာများ ပြင်ဆင်ပေးထားသည်ကိုလည်း သိရှိလေသည်။ ယင်းသို့သောဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကို သူတစ်ပါးအား ဝေငှပေးပြီး သူတို့၏အာရုံကို သတင်းကောင်း၏ပင်ရင်းအမြစ်ဖြစ်တော်မူသော ယေဟောဝါဘုရားသခင်ထံ စူးစိုက်လာစေရန် ကူညီပေးခြင်းသည် များစွာပျော်ရွှင်စရာပါတကား! ဆာလံ ၁၄၇:၁ တွင် မှုတ်သွင်းခံ ဆာလံဆရာဆိုသကဲ့သို့: “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုချီးမွမ်းကောင်းသည်ဖြစ်၍ ချီးမွမ်းကြလော့။ ငါတို့၏ဘုရားသခင်ကို ထောမနာပြုခြင်းသည် သာယာလျောက်ပတ်သည်ဖြစ်၍—ထောမနာသီချင်းဆိုကြလော့။”
၁၅ ကျွန်ုပ်တို့ဘဝအသက်တာနှင့်ပတ်သက်သော ယေဟောဝါ၏အလိုတော်ကို သိကျွမ်းပြီး ကိုယ်တော်အား ချီးမွမ်းထောမနာပြုမည်ဆိုလျှင် ကျွန်ုပ်တို့အသက်တာသည် အနှစ်သာရနှင့်ပြည့်ဝလာပေမည်။ (ဗျာဒိတ် ၄:၁၀) သင့်အခြေအနေပေးသမျှအတွင်း ကျမ်းစာအမှန်တရားကို အခြားသူတို့အား ဝေငှပေးကမ်းခြင်းလုပ်ငန်းတွင် အတတ်နိုင်ဆုံး ပါဝင်မည်ဆိုပါက စစ်မှန်သောကျေနပ်ရောင့်ရဲမှု သင်ခံစားရပေမည်။ သင့်သားသမီးများသည် ကြီးပြင်း၍ လူလားမြောက်သွားကြသော်လည်း “ဝိညာဏသားသမီးများ” အဖြစ် ကြီးပြင်းလာအောင် သင်ဆက်လက်ကူညီပေးခြင်းအားဖြင့် များစွာပျော်ရွှင်ရပေမည်။ သူတို့သည် ရင့်ကျက်သောခရစ်ယာန်များ ဖြစ်လာသည်ကို သင်တွေ့ရသောအခါ တမန်တော်ပေါလုကဲ့သို့ သင်လည်း ခံစားရပေမည်။ တစ်ချိန်က သူအကူအညီပေးခဲ့သောသူတို့ထံ ပေါလုက ဆိုသည်: “ငါတို့မျှော်လင့်ခြင်းအကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွားခြင်းအကြောင်း၏ ဦးရစ်သရဖူကား အဘယ်သို့သောအကြောင်းအရာနည်း။ သင်တို့သည် ထိုသို့သောအကြောင်းအရာဖြစ်ကြသည်မဟုတ်လော။ . . . သင်တို့သည် ငါတို့၏ဘုန်းအသရေ၊ ငါတို့၏ဝမ်းမြောက်ခြင်းအကြောင်း ဖြစ်ကြသတည်း။”—၁ သက်သာလောနိတ် ၂:၁၉၊ ၂၀။
ပြောင်းလဲလာသည့်အခြေအနေနှင့် အလိုက်အထိုက် နေထိုင်ပါ
၁၆၊ ၁၇။ (က) ပြဿနာကို ရင်ဆိုင်ဖြေရှင်းရာတွင် ကျွန်ုပ်တို့ ဘာကိုရှောင်ကြဉ်အပ်သနည်း။ (ခ) မိမိအိမ်ထောင်ဖက် ဆုံးပါးသွားသည်တိုင်အောင် အသစ်သောစိန်ခေါ်မှုတို့ကို ရင်ဆိုင်ရာတွင် တစ်ကိုယ်တည်းဖြစ်ဖို့မလိုကြောင်း ဘာကကူညီပေးမည်နည်း။
၁၆ အချိန်အတန်ကုန်လွန်လာသောအခါ အများသောသူတို့အနေဖြင့် မိမိတို့သည် ယခင်ကကဲ့သို့ များစွာသောအလုပ်မလုပ်နိုင်တော့သည်ကို သတိပြုမိလာကြသည်။ သူတို့အနေဖြင့် အလိုက်အထိုက်ပြုပြင်ပြောင်းလဲဖို့လိုလာသည်။ ကျန်းမာရေးပြဿနာဖြစ်ခဲ့သော် ဂရုစိုက်ဖို့လိုသည်။ သို့သော်လည်း စိတ်တည်ငြိမ်စွာထားခြင်းသည် ပညာအမြော်အမြင်ရှိရာရောက်မည်။ နေ့စဉ်အသက်တာ၌ ပေါ်လာသောအခွင့်အရေးများကို သတိမပြုမိသည်အထိ ၎င်းတို့အတွက် ပူပင်သောက မဖြစ်ပါနှင့်။ ပြဿနာဆိုသည်မှာ သေချာပေါက်ဖြစ်လာနိုင်သဖြင့် ကျွန်ုပ်တို့နည်းလမ်းရှာကြံပြီး ဖြေရှင်းနိုင်ပါက ထိုသို့ပြုခြင်းသည် ပညာရှိရာကျသည်။ ပူပန်ကြောင့်ကြနေရုံနှင့် မည်သို့မျှ အကျိုးရှိမည်မဟုတ်ပေ။ အခြေအနေတစ်မျိုးတစ်မည် ပြောင်းလဲလာဖို့ မျှော်လင့်နေရုံနှင့်လည်း ထိုအခြေအနေတို့ကို ပြောင်းလဲစေနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ကုန်လွန်ခဲ့သောအခွင့်အရေးတို့ကို လက်မလွတ်အောင် မိမိရရဆုပ်ကိုင်မိဖို့လိုသည်။
၁၇ ဇရာအိုကာလပိုင်းတွင် တစ်ကိုယ်တည်း နေထိုင်ရသည်ရှိသော် အလားတူ အခြေခံမူသည် သင်နှင့်သက်ဆိုင်နိုင်သည်။ သင်၌ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်မင်္ဂလာရှိခဲ့ပါက အဖိုးတန်သည့်အတိတ်က အမှတ်တရအကြောင်းများကို အမြတ်တနိုး သိမ်းထားမည်မှာ ဆိုဖွယ်မရှိ။ သို့ရာတွင် ဘဝဆိုသည်မှာ ရှေ့ဆက်ရမည့်ခရီးဖြစ်သဖြင့် ပြုပြင်ပြောင်းလဲစရာများ ပြုပြင်ရမည့်အချိန်ပင် ဖြစ်သည်။ အသစ်အသစ်သော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သဖြင့် သင့်အသက်တာလမ်းစဉ်သည် ဘုရားသခင်အား ယုံကြည်ကြောင်း ပြသနေမည်ဆိုလျှင် အဆိုပါစိန်ခေါ်မှုများကို သင်တစ်ယောက်တည်းနှင့် ရင်ဆိုင်နေစရာ မလိုတော့ပေ။—ဆာလံ ၃၇:၂၅; သု. ၃:၅၊ ၆။
၁၈-၂၀။ ဇရာအိုကာလပိုင်းဘဝကိုပင် အနှစ်သာရနှင့်ပြည့်ဝနိုင်စေရန် အဘယ်အကြောင်းများက ဖြစ်စေမည်နည်း။
၁၈ လူ့ဘဝတွင် မပျော်ရွှင်သည့်ဘက်ရှိနေသော်လည်း ကျွန်ုပ်တို့ကို ပျော်ရွှင်ကြည်နူးစေသောအရာ မြောက်မြားစွာရှိသည်။ ၎င်းတို့မှာ—မိတ်ကောင်းဆွေမွန်များ၊ သူတစ်ပါးအကျိုးဆောင်နိုင်သော အခွင့်အလမ်းများ၊ အရသာရှိသည့် ချိုမြိန်သော ထမင်းဟင်းလျာ၊ တောက်ပရွှန်းစိုသော နေဝင်ချိန်၊ ကျေးငှက်တို၏ တေးသံသာ စသည်တို့ကို ခံစားနိုင်ခြင်းတို့ဖြစ်သည်။ ထိုမှတစ်ပါး ကျွန်ုပ်တို့၏မျက်မှောက်အခြေအနေသည် အကောင်းဆုံး အပြည့်စုံဆုံး မဖြစ်သော်လည်း များမကြာမီ ဘုရားသခင်သည် လူ့လောကမှ ဆိုးသွမ်းမိုက်မဲမှုတို့ကို အဆုံးသတ်ပြီး လူ့လောကအတွင်းမှ ပူဆွေးဝမ်းနည်းမှု၊ ဆင်းရဲဒုက္ခ၊ နာမကျန်းမှု မှစ၍ သေခြင်းကိုပင် ပယ်ရှင်းတော်မူမည်ဟူသော ဘုရားသခင်၏ကတိတော်ကို ကျွန်ုပ်တို့ရရှိထားကြသည်။—ဗျာဒိတ် ၂၁:၄။
၁၉ လူ့ဘဝနှင့်ပတ်သက်၍ ရုပ်ဝါဒအမြင် ပိုက်ထားကြသူများအနေဖြင့် ဇရာအိုကာလပိုင်းသည် အလွန်တရာမှ အနတ္တဖြစ်ကြောင်းကို တွေ့ကြပေမည်။ ဒေသနာကျမ်းရေးသူက ထိုသို့သောအသက်တာ၏နောက်ဆုံးအကျိုးမှာ “အလုံးစုံတို့သည် အနတ္တသက်သက်ဖြစ်ကြသည်” ဟုရေးသားခဲ့သည်။ (ဒေသနာ ၁၂:၈) သို့သော်လည်း ယုံကြည်ခြင်းရှိသူများ၊ အာဗြဟံနှင့် ဣဇာက်တို့ကဲ့သို့သောသူများနှင့်ပတ်သက်၍မူကား သမ္မာကျမ်းစာက သူတို့သေလွန်သောအခါ သူတို့ “အသက်ကြီးရင့်၍ နေ့ရက်ကာလပြည့်စုံ” ကြသည်ဟုဆိုသည်။ (ကမ္ဘာဦး ၂၅:၈; ၃၅:၂၉) အဘယ်အရာက ယင်းသို့ခြားနားစေသနည်း။ ဤသူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိကြသည်။ သူတို့သည် ဘုရားသခင်ချိန်းချက်တော်မူရာကာလ၌ သေလွန်သူများမှာ တစ်ဖန်အသက်ရှင်ပြန်လာမည်အကြောင်းကို စွဲမြဲစွာ ယုံကြည်ထားကြသည့်ပြင် လူသားအပေါင်းတို့အတွက် ဘုရားသခင့်ဖြောင့်မတ်သောအစိုးရ ထူထောင်ပေးတော်မူမည့်အချိန်ကို သူတို့ စိတ်ထက်သန်စွာ မျှော်လင့်ကြသည်။—ဟေဗြဲ ၁၁:၁၀၊ ၁၉။
၂၀ သင့်အဖို့လည်း အလားတူပင်။ သင့်ပတ်ဝန်းကျင်၌ ကောင်းမြတ်သည့်အရာ မြောက်မြားစွာနှင့်၊ ကျေးကျွန်တော်များအဖို့ ဘုရားသခင်ပြင်ဆင်ပေးထားသည့် တောက်ပသောအနာဂတ်လည်း ရှိပါသည်။ ယခု မျက်မှောက်ပြဿနာ အမျိုးမျိုးကြောင့် ယင်းတို့ကို မမြင်နိုင်အောင် အသင်အခွင့်မပေးပါက သင့်ဘဝသည် အနှစ်သာရပြည့်ဝလာမည်။ နေ့စဉ်နေ့တိုင်းသည်လည်း သင့်အတွက် ကျေနပ်ရောင့်ရဲစရာ ဖြစ်မည်သာမက သင့်ဇရာအိုကာလပိုင်း၌လည်း ထိုသို့ဖြစ်မည်တည်း။
[စာမျက်နှာ ၁၇၆ ပါ ရုပ်ပုံ]
ဘဝအတွေ့အကြုံများ တစ်ထပ်တည်းဖြစ်လာလေလေ ထိုနှစ်ဦး တစ်သားတစ်ကိုယ်တည်း ဖြစ်လေလေ