ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထရ အခန်း ၂၉ စာ. ၂၃၈-၂၄၉
  • မိသားစုဘဝကို အောင်မြင်စေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုဘဝကို အောင်မြင်စေခြင်း
  • သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယောက်ျားနှင့် မိန်းမတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ပုံ
  • လင့်ဝတ်
  • မယားဝတ် ထမ်းဆောင်ခြင်း
  • အိမ်ထောင်အတွင်း သားသမီးများ ရှိအပ်သည့်နေရာ
  • အိမ်ထောင်ရေးပြဿနာများကို အောင်မြင်စွာ ကိုင်တွယ်ခြင်း
  • သင့်မိသားစုဘဝကို ပျော်ရွှင်စေနိုင်ပုံ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ပျော်ရွှင်တဲ့ မိသားစုဘဝကို သင် ပိုင်ဆိုင်နိုင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ရိုသေလေးစားခံရသော လင်ယောက်ျား
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
ထရ အခန်း ၂၉ စာ. ၂၃၈-၂၄၉

အခန်း ၂၉

မိသားစုဘဝကို အောင်မြင်စေခြင်း

၁။ (က) အိမ်ထောင်စု မည်သို့ အစပြုခဲ့သနည်း။ (ခ) အိမ်ထောင်စုနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်မှာ မည်သို့နည်း။

ယေဟောဝါဘုရားသခင်သည် ပထမယောက်ျားနှင့် မိန်းမတို့ကို ဖန်ဆင်းသောအခါ သူတို့နှစ်ဦးကို ဖက်စပ်စေ၍ အိမ်ထောင်စုတစ်ခု ဖြစ်ပေါ်စေတော်မူ၏။ (ကမ္ဘာဦး ၂:၂၁-၂၄; မဿဲ ၁၉:၄-၆) ထိမ်းမြားထားသော ဤမောင်နှံနှစ်ဦး သားသမီးများ မွေးဖွား၍ တိုးပွားစေရန် ရည်ရွယ်တော်မူ၏။ ကလေးများ ကြီးပြင်းလာသောအခါ သူတို့လည်း ထိမ်းမြား၍ ကိုယ့်အိမ်ထောင်ကိုယ်တည်ရန် ဖြစ်သည်။ အချိန်တန်သော် သာယာသောမိသားစုများ မြေတစ်ပြင်လုံးအနှံ့ နေထိုင်လာကြမည်ကို ဘုရားသခင်ရည်ရွယ်ထားတော်မူ၏။ သူတို့သည် ကမ္ဘာကို နေရာအနှံ့ လှပသော ပရဒိသု ဖြစ်စေကြမည်။​—ကမ္ဘာဦး ၁:၂၈။

၂၊ ၃။ (က) အိမ်ထောင်ပျက်ပြားမှုအတွက် ဘုရားသခင်ကို အဘယ်ကြောင့် အပြစ်မတင်နိုင်သနည်း။ (ခ) အောင်မြင်သော အိမ်ထောင်ရေးဘဝရရှိနိုင်ရန် အဘယ်အရာ လိုသနည်း။

၂ သို့သော် ယနေ့ အိမ်ထောင်များ ပြိုကွဲနေ၏။ မပြိုကွဲသေးသည့် အိမ်ထောင်များလည်း မပျော်ရွှင်ကြချေ။ ထို့ကြောင့် တစ်ယောက်သောသူက မေးမည်– ‘အိမ်ထောင်စုကို ဘုရားသခင်ဖန်ဆင်းခဲ့တာမှန်ရင် ဒီထက်ကောင်းမယ်လို့ မမျှော်လင့်သင့်ဘူးလား။’ သို့ရာတွင် အိမ်ထောင်စုပျက်ပြားမှုအတွက် ဘုရားသခင်ကို အပြစ်တင်၍ မရပါ။ ကုန်ထုတ်လုပ်သူတစ်ဦးသည် ပစ္စည်းတစ်မည်ကိုထုတ်ပြီးလျှင် ၎င်း၏ အသုံးပြုပုံဆိုင်ရာ ညွှန်ကြားချက်များပါ ပေးထားမည်။ သို့သော် ဝယ်သူက ညွှန်ကြားချက်အတိုင်း မသုံးသည့်အတွက် ၎င်းပစ္စည်းပျက်သွားလျှင် ကုန်ထုတ်သူ၏အပြစ် ဖြစ်မည်လော။ လုံးဝမဟုတ်။ ၎င်းပစ္စည်းသည် ပထမတန်းစားပင်ဖြစ်ပါစေ၊ ကောင်းစွာမသုံးလျှင် ပျက်မည်သာ။ အိမ်ထောင်စုလည်း ထို့အတူပင်။

၃ ယေဟောဝါဘုရားသခင်သည် အိမ်ထောင်အနေအထိုင်နှင့်ပတ်သက်သော ညွှန်ကြားချက်များကို ကျမ်းစာ၌ ပေးထားသည်။ ထိုညွှန်ကြားချက်များကို အမှုမထားလျှင် မည်သို့ ဖြစ်မည်နည်း။ အိမ်ထောင်အစီအစဉ်သည် စုံလင်လျက်နှင့်ပင် ပြိုကွဲသွားနိုင်သည်။ ထိုအခါ အိမ်သူအိမ်သားတို့သည် မပျော်ရွှင်တော့။ တစ်ဖက်သို့ကြည့်လျှင် ကျမ်းစာပါ လမ်းညွှန်များအတိုင်း လိုက်နာသောအခါ အိမ်ထောင်သာယာ၍ အောင်မြင်မည်။ ထို့ကြောင့် အိမ်သူအိမ်သားအသီးသီးကို ဘုရားသခင် မည်သို့ဖန်ဆင်းခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့အသီးအသီးအား ထမ်းရွက်စေလိုတော်မူသော တာဝန်များအကြောင်းကိုလည်းကောင်း နားလည်ရန် အလွန်အရေးကြီးသည်။

ယောက်ျားနှင့် မိန်းမတို့ကို ဘုရားသခင် ဖန်ဆင်းခဲ့ပုံ

၄။ (က) ယောက်ျားနှင့် မိန်းမစပ်ကြား အဘယ်ခြားနားမှု ရှိသနည်း။ (ခ) ထိုသို့သော ခြားနားမှုကို ဘုရားသခင် အဘယ်ကြောင့် ဖန်ဆင်းထားသနည်း။

၄ ယောက်ျားနှင့် မိန်းမကို တူအောင် ယေဟောဝါ မဖန်ဆင်းခဲ့ကြောင်း လူတိုင်းအသိဖြစ်သည်။ တူသည့်အပိုင်း များစွာရှိသည်မှန်၏။ သို့သော် ကာယပုံပန်းနှင့် လိင်ဆောက်တည်ပုံတို့တွင် သိသာစွာ ခြားနား၏။ စိတ်လှုပ်ရှားမှုဆိုင်ရာ အရည်အသွေးများဘက်တွင်လည်း မတူပါ။ အဘယ်ကြောင့် မတူသနည်း။ ခြားနားသောတာဝန်ကို အချင်းချင်းထမ်းရွက်ပေးနိုင်ရန် အသီးသီးအား ထိုသို့ဖန်ဆင်းထားတော်မူ၍ ဖြစ်သည်။ ယောက်ျားကို ဖန်ဆင်းပြီးနောက် ဘုရားသခင် ဤသို့မိန့်ဆို၏– “ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း။ သူနှင့်တော်သော အထောက်အမ [အဖြည့်အစွက်၊ ကဘ] ကို သူ့ဖို့ ငါလုပ်ဦးမည်။”​—ကမ္ဘာဦး ၂:၁၈။

၅။ (က) မိန်းမကို ယောက်ျားအတွက် “အဖြည့်အစွက်” အဖြစ် မည်သို့ ဖန်တီးထားသနည်း။ (ခ) ပထမဆုံး ထိမ်းမြားခြင်းကို မည်သည့်အရပ်၌ ပြုခဲ့သနည်း။ (ဂ) အိမ်ထောင်မင်္ဂလာသည် တကယ့်သာယာ ချမ်းမြေ့သော အစီအစဉ်တစ်ရပ် အဘယ်ကြောင့် ဖြစ်နိုင်သနည်း။

၅ အဖြည့်အစွက်ဆိုရာမှာ လိုက်ဖက်ညီသောအရာ၊ ပြည့်စုံစေသောအရာ ဖြစ်၏။ ကမ္ဘာကို လူဖြင့် ပြည့်စေ၍ ပြုစုလော့ဟူသော ဘုရားပေးတာဝန် ထမ်းရွက်ရာ၌ လူယောက်ျားအတွက် အထောက်အမအနေနှင့် ကျေနပ်ဖွယ်ကောင်းသော အဖော်အဖက်အဖြစ် မိန်းမကို ဖန်ဆင်းတော်မူခဲ့သည်။ သို့နှင့်ဘုရားသခင်သည် ယောက်ျား၏အစိတ်အပိုင်းတစ်ခုမှ မိန်းမကိုဖန်ဆင်းပြီး ‘လူရှိရာသို့ဆောင်ခဲ့’ ကာ ဧဒင်ဥယျာဉ်တွင် ပထမဆုံးသော ထိမ်းမြားလက်ထပ်ခြင်းကို ပြုလုပ်တော်မူခဲ့သည်။ (ကမ္ဘာဦး ၂:၂၂; ၁ ကောရိန္သု ၁၁:၈၊ ၉) ယောက်ျားနှင့် မိန်းမတို့သည် တစ်ဦးလိုအပ်ရာကို တစ်ဦး ဖြည့်စွက်ပေးနိုင်သောအစွမ်းနှင့်အတူ ဖန်ဆင်းထားခံရသောကြောင့် အိမ်ထောင်မင်္ဂလာသည် သာယာချမ်းမြေ့သော အစီအစဉ်တစ်ရပ် ဖြစ်လာနိုင်သည်။ သူတို့၏ ခြားနားသောအရည်အသွေးတို့သည် တစ်ဦးကိုတစ်ဦး မဲတင်းပေး၏။ လင်နှင့်မယား တစ်ဦးကိုတစ်ဦး နားလည်၍ လေးမြတ်ကာ မိမိတို့ ကျရာတာဝန်နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားလျှင် သာယာချမ်းမြေ့သော အိမ်ထောင်တည်ဆောက်ရာတွင် ကိုယ့်အပိုင်းကဏ္ဍကို ကိုယ်ဖြည့်စွက်ရာရောက်လေသည်။

လင့်ဝတ်

၆။ (က) မည်သူ့ကို အိမ်ထောင်ဦးစီးအဖြစ် ခန့်ထားသနည်း။ (ခ) ၎င်းသည် အဘယ်ကြောင့် တော်လျော်၍ လက်တွေ့ကျသနည်း။

၆ အိမ်ထောင်တစ်ခု၊ သို့မဟုတ် မိသားစုတစ်စုတွင် ဦးစီးမှု လိုသည်။ ယောက်ျားသည် လိုအပ်သော ထိုဦးစီးမှုကို ပေးနိုင်ရန် သာ၍များသောအရည်အချင်းနှင့် ခွန်အားအစွမ်းတို့ဖြင့် ဖန်ဆင်းခြင်းခံရသည်။ ယင်းကြောင့် ကျမ်းစာက– “ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏” ဟူ၍ဆို၏။ (ဧဖက် ၅:၂၃) ၎င်းသည် လက်တွေ့ကျပေသည်။ အကြောင်းမှာ ဦးစီးမှုမရှိလျှင် ပြဿနာနှင့် အရှုပ်အထွေး ဝင်တတ်သည်။ အိမ်ထောင်တစ်ခုတွင် ဦးစီးမှုမဲ့လျှင် စတီရီယာရင် (ပဲ့ကိုင်) ဘီးမပါဘဲ မော်တော်ယာဉ်ကို မောင်းနှင်သည်နှင့် ခြားမည်မဟုတ်။ မိန်းမဖြစ်သူက ဦးစီးမှုကို ယှဉ်ပြိုင်လာလျှင် ကားတစ်စီးတည်းကို ယာဉ်မောင်းနှစ်ဦးက ရှေ့ဘီး တစ်ဖက်စီကို ထိန်းသော စတီရီယာရင်ဘီးတစ်ဘီးစီဖြင့် မောင်းနှင်သကဲ့သို့ ဖြစ်ချေမည်။

၇။ (က) ယောက်ျားဦးစီးဖြစ်ခြင်းကို အမျိုးသမီးအချို့ အဘယ်ကြောင့် မကြိုက်သနည်း။ (ခ) လူတိုင်း အထက်ဦးစီးသူ ရှိသလော။ ဦးစီးမှုဆိုင်ရာ ဘုရားသခင့် အစီအစဉ်သည် အဘယ်ကြောင့် ပညာအမြော်အမြင် ပြည့်ဝသနည်း။

၇ သို့ရာတွင် ယောက်ျားသည် အိမ်ထောင်ဦးစီးဖြစ်ရမည်ဟူသောအချက်ကို အမျိုးသမီးတော်တော်များများက မကြိုက်ပါ။ အဓိကအကြောင်းရင်းတစ်ရပ်မှာ ယောက်ျား အမြောက်အမြားတို့သည် ဦးစီးမှုအာဏာသုံးခြင်းနှင့်ပတ်သက်သော ဘုရားသခင့်ညွှန်ကြားချက်များအတိုင်း မလိုက်ကြ၍ ဖြစ်သည်။ သို့တစေ အဖွဲ့အစည်းတစ်ရပ်သည် ကောင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် တစ်ယောက်ယောက်က ညွှန်ကြားပြီး အပြီးသတ်ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် လိုသည်မှာ လူတကာ အသိအမှတ်ပြုထားသောအချက် ဖြစ်သည်။ ယင်းကြောင့် ကျမ်းစာက ပညာရှိရှိ ဤသို့ဆို၏– “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်၏။ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်။ ခရစ်တော်၏ ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်။” (၁ ကောရိန္သု ၁၁:၃) ဘုရားသခင့်အစီအစဉ်၌ ဘုရားသခင်တစ်ပါးတည်းသာ မိမိအထက်၌ ခေါင်းမရှိ။ ယေရှုခရစ်၊ ယောက်ျားနှင့် မိန်းမတို့အပါအဝင် ကျန်သူတိုင်း အခြားသူများ၏ ညွှန်ကြားမှုကို လက်ခံ၍ ဆုံးဖြတ်သည့်အတိုင်း နာခံကြရန်လိုသည်။

၈။ (က) ယောက်ျားများ ဦးစီးအာဏာ ကျင့်သုံးရာ၌ မည်သူ့နမူနာကို လိုက်ရမည်နည်း။ (ခ) ထိုနမူနာမှ ယောက်ျားများ အဘယ်သင်ခန်းစာ ယူသင့်သနည်း။

၈ သို့ဖြစ်၍ ယောက်ျားများသည် မိမိတို့လင့်ဝတ္တရားကို ထမ်းရွက်နိုင်ရန် ခရစ်တော်၏ ဦးစီးမှုကို လက်ခံရမည်။ ထို့ပြင် ခရစ်တော်သည် မိမိ၏ နောက်တော်လိုက် အသင်းတော်အပေါ် ဦးစီးသည့်နည်းအတိုင်း မိမိတို့မယားများအပေါ် ဦးစီးဦးဆောင် ပြုရမည်။ ခရစ်တော်သည် ကမ္ဘာပေါ်ရှိ မိမိနောက်တော်လိုက်များနှင့် မည်သို့ဆက်ဆံတော်မူသနည်း။ အစဉ်သဖြင့် ကြင်နာထောက်ထားသောနည်းဖြင့် ဖြစ်သည်။ မိမိလမ်းညွှန်မှုကို လက်ခံရာ၌ နှေးကွေးသည်တိုင်အောင် သူတို့အပေါ် ဘယ်တော့မျှ ခက်ထန်စိတ်တိုခြင်း မရှိခဲ့။ (မာကု ၉:၃၃-၃၇; ၁၀:၃၅-၄၅; လုကာ ၂၂:၂၄-၂၇; ယောဟန် ၁၃:၄-၁၅) သူတို့အတွက် မိမိအသက်ကိုပင် စွန့်တော်မူခဲ့သည်။ (၁ ယောဟန် ၃:၁၆) ခရစ်ယာန်ယောက်ျားအနေဖြင့် ခရစ်တော်၏ ပုံသက်သေကို ဂရုတစိုက် သုံးသပ်ပြီး အိမ်သူအိမ်သားများနှင့် ဆက်ဆံရာ၌ ၎င်းအတိုင်း အတတ်နိုင်ဆုံး လိုက်လျှောက်အပ်သည်။ သို့ပြုလျှင် သူသည် နိုင်လိုမင်းထက်ပြု၍ တစ်ကိုယ်ကောင်းဆန်သော၊ မစာနာတတ်သော အိမ်ထောင်ဦးစီးဖြစ်မည်မဟုတ်။

၉။ (က) ဇနီးတော်တော်များများ မည်သို့ ညည်းတွားကြသနည်း။ (ခ) ယောက်ျားများ ဦးစီးအာဏာသုံးစွဲရာ၌ အဘယ်အချက်ကို စိတ်စွဲအပ်သနည်း။

၉ သို့ရာတွင် တစ်ဖက်သို့ ကြည့်ပြန်လျှင် ယောက်ျားများသည် အောက်ပါအချက်ကို စဉ်းစားသင့်သည်– သင်သည် အိမ်ထောင်ဦးစီးပီပီ မပြုမူပါဟု သင့်ဇနီး ညည်းသလော။ သင်သည် အိမ်တွင်းရေး၊ မိသားစု သွားလာလှုပ်ရှားမှု စီစဉ်ခြင်း၊ နောက်ဆုံး ဆုံးဖြတ်ချက်ချခြင်းတို့တွင် ဦးမဆောင်ပါဟု သူမ ပြောသလော။ လင်ယောက်ျားအနေနှင့် ထိုသို့ပြုရန် သင့်အား ဘုရားသခင်တောင်းဆိုတော်မူ၏။ သို့သော် ဦးစီးရာ၌ အခြားအိမ်သူအိမ်သားများ၏ အကြံဉာဏ်၊ သူတို့၏ အကြိုက်တို့ကို နားထောင်ပြီး ၎င်းတို့ကို ထည့်သွင်းစဉ်းစားလျှင် သင့်မြတ်ပေသည်။ လင်ယောက်ျားအနေနှင့် သင်သည် အိမ်ထောင်၌ ပို၍ခက်သောတာဝန်ရှိသည်မှာ သိသာလှပါသည်။ သို့သော် ၎င်းကို တကယ်ကြိုးစား ထမ်းဆောင်လျှင် သင့်ဇနီးသည် သင့်အား အကူအညီ အထောက်အမ ပေးလိုသောစိတ် ပို၍ များလာလိမ့်မည်။​—သု၊ ၁၃:၁၀; ၁၅:၂၂။

မယားဝတ် ထမ်းဆောင်ခြင်း

၁၀။ (က) ဇနီးများ အဘယ်လမ်းစဉ်လိုက်ရန် ကျမ်းစာတိုက်တွန်းသနည်း။ (ခ) မိန်းမများ ကျမ်းစာသြဝါဒကို လိုက်နာရန် ပျက်ကွက်သောအခါ မည်သို့ ဖြစ်တတ်သနည်း။

၁၀ ကျမ်းစာဆိုသည်အတိုင်း မိန်းမသည် မိမိခင်ပွန်းအတွက် အထောက်အမအဖြစ် ဖန်ဆင်းခြင်းခံရသည်။ (ကမ္ဘာဦး ၂:၁၈) ထိုတာဝန်နှင့်အညီ ကျမ်းစာက ဤသို့တိုက်တွန်း၏– “မိန်းမတို့၊ . . . ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။” (ဧဖက် ၅:၂၂) ယနေ့ အမျိုးသမီးများသည် ကျူးကျော်လိုသောစိတ်၊ ယောက်ျားများနှင့် ပြိုင်ဆိုင်လိုသောစိတ် ရှိကြသည်မှာ အဆန်းမဟုတ်တော့။ သို့သော် မိန်းမများသည် ရှေ့တိုးလာပြီး ဦးစီးအာဏာကိုရဖို့ အားထုတ်လာသောအခါ ပြဿနာဖြစ်ရန် သေချာသလောက် ဖြစ်လာတော့သည်။ ယောက်ျားအမြောက်အမြားတို့က ‘အိမ်ထောင်ရေးကို ဒီလောက်တောင် ကြိုးကိုင်ချင်ရင် ကိုင်စမ်းပါစေ၊ လုပ်စမ်းပါစေ’ ဟူ၍ မပြောရုံတစ်မည်သာ ကျန်တော့သည်။

၁၁။ (က) ဇနီးဖြစ်သူသည် ခင်ပွန်း ရှေ့ဆောင်ဦးစီးပြုရန် မည်သို့ထောက်မနိုင်သနည်း။ (ခ) ဇနီးသည် မိမိ၏ ဘုရားပေးတာဝန်ကို ကျေပွန်လျှင် ခင်ပွန်းအား မည်သို့ဖြစ်စေရန် အကြောင်းများသနည်း။

၁၁ သို့ရာတွင် လင်သားဖြစ်သူက ဦးမဆောင်သောကြောင့် သင်သည် ဦးမဆောင်ချင်ဘဲနှင့် ဦးဆောင်နေရသည်ဟု ခံစားရကောင်း ခံစားရမည်။ သို့သော် သူ့အား အိမ်ထောင်ဦးစီးတစ်ယောက်အနေနှင့် သူ့တာဝန် သူထမ်းရွက်စေရန် သင့်အနေနှင့် ကူညီပေးနိုင်ဦးမည်လော။ သူ့ဦးဆောင်မှုကို မျှော်ကိုးကြောင်း သင်တင်ပြသလော။ အကြံဉာဏ်နှင့် လမ်းညွှန်မှုအတွက် သူ့အား မေးမြန်းသလော။ သူ့လုပ်ဆောင်ချက်ကို တစ်နည်းနည်းဖြင့် အထင်သေးခြင်း မပြုမိအောင် သင်ရှောင်ရှားသလော။ သင်သည် အိမ်ထောင်အတွင်း ဘုရားပေးတာဝန်ကို တကယ်ကျေပွန်လျှင် သင့်ခင်ပွန်းလည်း သူ့တာဝန်ကို ထမ်းရွက်လာမည်။​—ကောလောသဲ ၃:၁၈၊ ၁၉။

၁၂။ ဇနီးတို့အနေဖြင့် ခင်ပွန်းဖြစ်သူ၏ အယူအဆများနှင့် မိမိတို့အယူအဆများ ခြားနားနေစေကာမူ ၎င်းတို့ကို ထုတ်ဖော်၍ ကောင်းစွာတင်ပြနိုင်ကြောင်း အဘယ်အဖြစ်က ပြသနည်း။

၁၂ သို့ရာတွင် မိန်းမဖြစ်သူအနေဖြင့် မိမိအယူအဆသည် ခင်ပွန်းသည်၏ အယူအဆနှင့် ခြားနားနေသော်လည်း တိတ်တိတ်နေရမည်ဟု ဆိုလိုသည်မဟုတ်။ သူမ အယူအဆ မှန်နိုင်သည်။ ခင်ပွန်းဖြစ်သူလည်း သူမ ပြောသည့်အချက်ကို နားထောင်လျှင် အိမ်ထောင်အတွက် အကျိုးရှိကောင်း ရှိမည်။ အာဗြဟံ၏ဇနီး စာရာသည် ခင်ပွန်းသည်ကို နာခံမှုရှိသည့်အတွက် ခရစ်ယာန်မိန်းမများ တုပအပ်သော စံနမူနာအဖြစ် အသုံးတော်ခံရ၏။ (၁ ပေတရု ၃:၁၊ ၅၊ ၆) သို့တစေ အိမ်ထောင်ရေးပြဿနာတစ်ခုနှင့်ပတ်သက်၍ ဖြေရှင်းနည်းတစ်ခုကို သူမ အကြံပြုခဲ့သည်။ ၎င်းကို အာဗြဟံ သဘောမတူသောအခါ ဘုရားသခင်က အာဗြဟံအား “သူ၏စကားကို နားထောင်လော့” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၂၁:၉-၁၂) ကိစ္စတစ်ရပ်နှင့်စပ်လျဉ်း၍ ယောက်ျားက အပြီးသတ် ဆုံးဖြတ်လိုက်သောအခါ ၎င်းကို နာခံခြင်းဖြင့် ဘုရားသခင့်ပညတ်ကို ချိုးဖောက်ရာမရောက်လျှင် ဇနီးဖြစ်သူအနေဖြင့် ၎င်းကို ထောက်ခံရမည်ဖြစ်၏။​—တမန်တော် ၅:၂၉။

၁၃။ မယားကောင်းတစ်ယောက်သည် ဘာကိုပြုနေမည်နည်း။ သို့နှင့် မိမိအိမ်ထောင်အပေါ် အဘယ်အကျိုး သက်ရောက်စေမည်နည်း။

၁၃ ဇနီးသည်အနေဖြင့် မိမိတာဝန်ကို ကောင်းစွာထမ်းရွက်စဉ် အိမ်ထောင်အကျိုးကို အမျိုးမျိုးနည်းဖြင့် ပြုစုနိုင်သည်။ ဥပမာ၊ အာဟာရပြည့်ဝသော ထမင်းဟင်းလျာချက်ပြုတ်ခြင်း၊ နေအိမ်သန့်ရှင်းသပ်ရပ်စွာ သိမ်းဆည်းခြင်း၊ သားသမီးများကို တစ်ဖက်တစ်လမ်းမှ သွန်သင်ဆုံးမခြင်း ပြုနိုင်သည်။ အိမ်ထောင်ရှင် အမျိုးသမီးများအနေဖြင့် “ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ . . . ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံသောသူဖြစ်” ရန် ကျမ်းစာတိုက်တွန်းထားသည်။ (တိတု ၂:၄၊ ၅) ထိုဝတ္တရားများကို ကျေပွန်သောမယား၊ မိခင်တို့သည် မိသားစု၏ထာဝရမေတ္တာနှင့် လေးမြတ်မှုကိုရရှိမည်ဖြစ်သည်။​—သု၊ ၃၁:၁၀၊ ၁၁၊ ၂၆-၂၈။

အိမ်ထောင်အတွင်း သားသမီးများ ရှိအပ်သည့်နေရာ

၁၄။ (က) အိမ်ထောင်၌ ကလေးများ၏ နေရာမှန်ကား အဘယ်နည်း။ (ခ) ယေရှု၏ နမူနာမှ ကလေးများ အဘယ်သင်ခန်းစာ ရယူနိုင်သနည်း။

၁၄ ယေဟောဝါသည် ပထမလူသားမောင်နှံတို့အား– “များပြားစွာ မွေးဖွားကြလော့” ဟု မိန့်မှာတော်မူ၏။ (ကမ္ဘာဦး ၁:၂၈) မှန်ပါသည်၊ ကလေးများ မွေးဖွားကြရန် မိန့်မှာတော်မူခြင်း ဖြစ်သည်။ သားသမီးများသည် အိမ်ထောင်အတွက် ကောင်းချီးမင်္ဂလာတစ်ရပ် ဖြစ်လာရန်တည်း။ (ဆာလံ ၁၂၇:၃-၅) သူတို့သည် မိဘတို့၏ ပညတ်နှင့် အမိန့်အောက်၌ရှိသဖြင့် ကလေးတစ်ယောက်၏နေရာကို ကျမ်းစာက ကျွန်၏နေရာနှင့် နှိုင်းယှဉ်ပြထားသည်။ (သု၊ ၁:၈; ၆:၂၀-၂၃; ဂလာတိ ၄:၁) ယေရှုပင်လျှင် ကလေးဘဝ၌ မိဘထံလက်အောက်ခံလျက်နေခဲ့သည်။ (လုကာ ၂:၅၁) မိဘစကားကို နာခံ၍ ပြောသည့်အတိုင်း လုပ်ကိုင်ခဲ့သည်ဟု နားလည်ရသည်။ ကလေးအားလုံး ထိုအတိုင်းသာ ပြုကြမည်ဆိုလျှင် အိမ်ထောင်သာယာမှုကို တကယ်ပင် အထောက်အကူ ပြုပေမည်။

၁၅။ ကလေးများသည် အဘယ်ကြောင့် မကြာခဏ မိဘများ နှလုံးနာစရာ ဖြစ်သနည်း။

၁၅ သို့တစေ ယနေ့ကလေးများသည် အိမ်ထောင်အတွက် ကောင်းချီးတစ်ရပ် ဖြစ်မည့်အစား မိဘတို့နှလုံးနာစရာ ဖြစ်နေ၏။ အဘယ်ကြောင့်နည်း။ မိသားစုနှင့်ဆိုင်သော ကျမ်းစာသွန်သင်ချက်များကို ကလေးများကော၊ မိဘများပါ လိုက်နာရန် ပျက်ကွက်ကြ၍တည်း။ ဘုရားသခင့်ပညတ်နှင့် မူအချို့ကား အဘယ်နည်း။ နောက်စာမျက်နှာများ၌ အချို့ကိုသုံးသပ်ကြည့်ကြပါစို့။ ၎င်းတို့ကို လိုက်နာကျင့်သုံးလျှင် မိသားစုသာယာရေးကို အထောက်အကူ ပြုမည်ဟူသောအချက်ကို သင်သဘောတူ မတူ သုံးသပ်ရင်း ဝေဖန်ကြည့်ပါ။

သင့်ဇနီးကို ချစ်ခင်လေးမြတ်ပါ

၁၆။ လင်ယောက်ျားများ ဘာပြုရန် အမိန့်တော်ရရှိထားသနည်း။ ၎င်းအမိန့်တော်များကို လျောက်ပတ်စွာ မည်သို့လိုက်နာနိုင်သနည်း။

၁၆ ဘုရားသခင့်ပညာတော်ဖြင့် ကျမ်းစာ ဤသို့ဆို၏– “ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။” (ဧဖက် ၅:၂၈-၃၀) ဇနီးသည်များအနေဖြင့် စိတ်ချမ်းသာ ပျော်ရွှင်နိုင်ရေးအတွက် မိမိတို့သည် ချစ်မြတ်နိုးခြင်း ခံရပါသည်ဟူသော ခံစားချက်ရှိရန်လိုကြောင်း တွေ့ ကြုံမှုများက ကြိမ်ဖန်များစွာ သက်သေပြခဲ့ပြီ။ သို့ဖြစ်၍ လင်ယောက်ျားသည် ဇနီးဖြစ်သူအား ယုယကြင်နာမှု၊ အလိုက်သိတတ်မှုနှင့် နှစ်သိမ့်အားပေးမှုမှအစ အထူးအရေးပေးအပ်သည်။ ကျမ်းစာဆိုသည့်အတိုင်း ‘သူ့ကို လေးမြတ်’ ရန်လိုသည်။ မိမိပြုလေရာတိုင်း၌ ဇနီးသည်ကို ထည့်သွင်းစဉ်းစားခြင်းဖြင့် သူ့အား ထိုသို့လေးမြတ်နိုင်သည်။ ဤနည်းအားဖြင့် သူမ၏ လေးစားရိုသေမှုကို ရရှိလိမ့်မည်။​—၁ ပေတရု ၃:၇။

သင့်ခင်ပွန်းကို ရိုသေပါ

၁၇။ ဇနီးဖြစ်သူများ မည်သို့ပြုရန် အမိန့်တော်ရှိသနည်း။ ၎င်းအတိုင်း မည်သို့လိုက်နာနိုင်သနည်း။

၁၇ ဇနီးသည်များကော။ “မိန်းမသည် . . . ကိုယ်ခင်ပွန်းကို [အလွန်] ရိုသေခြင်း ရှိစေလော့” ဟု ကျမ်းစာဆို၏။ (ဧဖက် ၅:၃၃) အဓိကအားဖြင့် ဤသြဝါဒကို နာခံရန် ပျက်ကွက်သောကြောင့် အချို့လင်ယောက်ျားများ မယားဖြစ်သူကို စိတ်ဆိုးကြခြင်း ဖြစ်သည်။ ဇနီးသည်အနေဖြင့် မိမိခင်ပွန်း၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးခြင်း၊ အိမ်ထောင်ရေးပန်းတိုင်များ အရောက်လှမ်းရာ၌ သူနှင့် တစ်စိတ်တစ်သဘောတည်း ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် မိမိခင်ပွန်းကို ရိုသေကြောင်း ပြ၏။ လင်ယောက်ျားအဖို့ ‘အထောက်အမနှင့် အဖြည့်အစွက်’ အဖြစ် မိမိ၏ ကျမ်းပေးတာဝန်ကို ကျေပွန်ခြင်းဖြင့် ခင်ပွန်းသည် မိမိကို ချစ်ရန် လွယ်ကူလာစေမည်။​—ကမ္ဘာဦး ၂:၁၈။

အချင်းချင်း သစ္စာရှိပါ

၁၈။ အိမ်ထောင်ဖက်အချင်းချင်း အဘယ်ကြောင့် သစ္စာရှိရန် လိုသနည်း။

၁၈ ကျမ်းစာက “လင်နှင့်မယားတို့သည် အချင်းချင်း သစ္စာရှိရမည်” ဟုဆို၏။ လင်ယောက်ျားများအား ဤသို့ဆို၏– “သင့်မယားနှင့် ပျော်မွေ့ပါ။ သင်လက်ထပ်ထားသော မိန်းကလေး၌ ရွှင်လန်းမှုကို ရယူပါ။ . . . အခြား မိန်းမတစ်ယောက်အား သင့်မေတ္တာကို အဘယ်ကြောင့်ပေးရမည်နည်း။ အခြားသူတစ်ဦး၏ ဇနီးပိုင်ဆိုင်သော စွဲမက်စရာများကို အဘယ်ကြောင့် မက်မောသနည်း။” (ဟေဗြဲ ၁၃:၄; သု၊ ၅:၁၈-၂၀၊ ယနေ့အင်္ဂလိပ်ဘာသာပြန်) မှန်သည်၊ လင်မယား သစ္စာဖျက်မှုသည် ဘုရားသခင့်ပညတ်တော်နှင့် ဆန့်ကျင်၏; အိမ်ထောင်ရေး ကမောက်ကမ ဖြစ်စေ၏။ “လော်လီဖောက်ပြားမှုသည် အိမ်ထောင်ရေးဘဝကို ပို၍ စိုပြေစေသည်ဟု လူတော်တော်များများ ထင်မှတ်ကြသည်” ဟု အိမ်ထောင်ရေး သုတေသီတစ်ဦးက ဆို၏။ သို့သော် ၎င်းသည် “တကယ့်ပြဿနာများ” အဖြစ်သို့ ရောက်ရှိစေသည်ဟုလည်း ထပ်၍ တင်ပြလိုက်သည်။​—သု၊ ၆:၂၇-၂၉၊ ၃၂။

သင့်ခင်ပွန်း၏ သာယာကြည်နူး မှုကို ရှေ့ထားပါ

၁၉။ အိမ်ထောင်ရှင်များ မေထုန်မှုမှ သာယာပျော်ရွှင်မှုအများဆုံး မည်သို့ရယူနိုင်သနည်း။

၁၉ မိမိ၏ ကာမဂုဏ်သာယာမှုကိုသာ အဓိကထား၍ရှာလျှင် စိတ်ချမ်းမြေ့ပျော်ရွှင်မှုကို မရနိုင်ပါ။ မိမိခင်ပွန်းအလိုဆန္ဒကိုပါ လိုက်လျောမှ ရယူနိုင်သည်။ ကျမ်းစာက ဤသို့ဆို၏– “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်းတူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။” (၁ ကောရိန္သု ၇:၃) ပြုစေခြင်း၊ ပေးခြင်းကို အလေးထား၍ ပြောနေသည်။ သို့ပေးခြင်းဖြင့် ပေးသူလည်း စိတ်ချမ်းမြေ့ ပျော်ရွှင်မှုအစစ်ကို ရရှိ၏။ ခရစ်တော်မိန့်ဆိုသည့်အတိုင်းပင်– “ခံယူခြင်းထက် ပေးကမ်းခြင်း၌ မင်္ဂလာရှိ [ပျော်ရွှင်] သည်။”​—တမန်တော် ၂၀:၃၅၊ သမ။

သားသမီးများအတွက် မိမိကိုယ်ကို အသုံးတော်ခံခြင်း

၂၀။ ကလေးများနှင့်အတူ အလုပ်လုပ်ခြင်းသည် အဘယ်ကြောင့် အရေးကြီးသနည်း။

၂၀ ရှစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက် ဤသို့ဆို၏– “ကျွန်တော့်ဖေဖေဟာ တစ်ချိန်လုံး အလုပ်လုပ်တယ်။ ဘယ်တော့မှ အိမ်မကပ်ဘူး။ ကျွန်တော့်ကို ပိုက်ဆံပေးတယ်။ ကစားစရာ အရုပ်တွေလည်း အများကြီးပေးတယ်။ ဒါပေမဲ့ သူ့ကို တော်တော်နဲ့ မတွေ့နိုင်ဘူး။ သူ့ကို ကျွန်တော်ချစ်တယ်။ သူ တစ်ချိန်လုံး အလုပ်လုပ်မနေရင် သိပ်ကောင်းမှာပဲ။ ဒါမှ သူ့ကို ကျွန်တော် ဒီထက်ပိုပြီး တွေ့နိုင်မှာ။” ‘အိမ်၌ ထိုင်လျက်နေစဉ်၊ လမ်းသွားနေစဉ်၊ အိပ်နေစဉ်၊ အိပ်ရာထစဉ်’ ကလေးများကို သွန်သင်ပါ ဟူသော ကျမ်းစာအမိန့်ကိုသာ မိဘများ လိုက်နာကြလျှင် အိမ်ထောင်စုဘဝ မည်မျှပို၍ ကောင်းမွန်လာမည်တကား! သင့်ကလေးများအတွက် သင့်ကိုယ်ကိုသင် အသုံးတော်ခံခြင်း၊ သူတို့နှင့်အတူ အကျိုးရှိရှိ အချိန်အသုံးပြုခြင်းတို့သည် အိမ်ထောင်သာယာမှုကို အမှန်တကယ် ထောက်ကူသည်။​—တရားဟောရာ ၁၁:၁၉; သု၊ ၂၂:၆။

လိုအပ်သလို ဆုံးမသွန်သင်ခြင်း

၂၁။ ကလေးများကို ဆုံးမခြင်းနှင့်ပတ်သက်၍ ကျမ်းစာ မည်သို့ဆိုသနည်း။

၂၁ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် မိမိလူမျိုးတော်ကို ပဲ့ပြင်သွန်သင်ဆုံးမခြင်းအားဖြင့် မိဘများအတွက် နမူနာကောင်းတစ်ရပ် ထားတော်မူ၏။ ကလေးများသည် ဆုံးမသွန်သင်ခြင်း လိုအပ်၏။ (ဟေဗြဲ ၁၂:၆; သု၊ ၂၉:၁၅) ယင်းအချက်ကို သိမှတ်လျက် ကျမ်းစာ ဤသို့တိုက်တွန်း၏– “အဘတို့၊ ကိုယ်သားသမီးကို . . . [ယေဟောဝါ] ၏အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့။” ဆုံးမခြင်းဟူသည် ရိုက်ခြင်း၊ အခွင့်အရေး ရုပ်သိမ်းခြင်း ပြုသည်အထိ အကျုံးဝင်သည့်တိုင်အောင် မိဘတို့ ကိုယ်ကလေးများကို ချစ်သည့်သာဓကတစ်ရပ် ဖြစ်သည်။ ကျမ်းစာက “သားကိုချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏” ဟုဆို၏။​—ဧဖက် ၆:၄; သု၊ ၁၃:၂၄; ၂၃:၁၃၊ ၁၄။

လူငယ်များ​—လောကီလမ်းစဉ်များကို တွန်းလှန်ပါ

၂၂။ လူငယ်များ အဘယ်တာဝန်ရှိသနည်း။ ၎င်းကိုထမ်းဆောင်ရာ၌ အဘယ်အမှုများ ပါဝင်သနည်း။

၂၂ ဤလောကသည် လူငယ်များ ဘုရားသခင့်ပညတ် ချိုးဖောက်စေရန် အားထုတ်နေ၏။ ထို့ပြင် ကျမ်းစာဆိုသည့်အတိုင်း “မိုက်သောသဘောသည် သူငယ်၏ စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။” (သု၊ ၂၂:၁၅) ထို့ကြောင့် မှန်ရာကို လုပ်ကိုင်နိုင်ရန် တိုက်လှန်ရ၏။ သို့တစေ ကျမ်းစာ ဤသို့ဆို၏– “အသင် သားသမီးများ၊ မိဘကို နာခံရန်မှာ သင့်ခရစ်ယာန် ဝတ္တရားဖြစ်၏။ အကြောင်းမှာ ၎င်းသည် မှန်သောအရာ ဖြစ်၏။” သို့ပြုလျှင် ကြွယ်ဝသောအကျိုး ရရှိမည်။ ထို့ကြောင့် အသင်ကလေးများ၊ ပညာရှိပါ။ “ငယ်ရွယ်ဆဲအချိန်တွင် သင့်ဖန်ဆင်းရှင်ကို သတိရပါ” ဟူသော ဩဝါဒကို နာခံပါ။ မူးယစ်ဆေးဝါးသုံးခြင်း၊ အရက်မူးခြင်း၊ မတရားမေထုန်ပြုခြင်း စသော ဘုရားသခင့်ပညတ်ချိုးဖောက်သည့်အရာများကိုပြုရန် သွေးဆောင်ခြင်းခံရသောအခါ တွန်းလှန်ပါ။​—ဧဖက် ၆:၁-၄; ဒေသနာ ၁၂:၁; သု၊ ၁:၁၀-၁၉၊ ယနေ့အင်္ဂလိပ်ဘာသာပြန်။

ကျမ်းစာအတူ ဖတ်ရှုလေ့လာခြင်း

၂၃။ မိသားစုလိုက် အတူတကွ ကျမ်းစာဖတ်ခြင်းမှ အဘယ်အကျိုးများ ခံစားရမည်နည်း။

၂၃ အိမ်သားတစ်ဦး ကျမ်းစာသွန်သင်ချက်များကို ဖတ်ရှုလေ့လာ၍ ကျင့်သုံးလျှင် မိသားစု ပျော်ရွှင်မှုကို ထောက်ကူလိမ့်မည်။ သို့သော် အိမ်သားအားလုံး၊ လင်မယား၊ ကလေးမကျန် ထိုသို့ပြုလျှင် မည်မျှ မင်္ဂလာရှိသော အိမ်ထောင်ဖြစ်မည်တကား! ယေဟောဝါဘုရားသခင်ကို ဝတ်ပြုနိုင်ရန် အိမ်သားချင်း ကူညီသည်နှင့်အမျှ ပွင့်လင်းသော ပြောဆိုဆက်သွယ်မှုနှင့်အတူ ယုယခင်တွယ် ရင်းနှီးသော ဆက်ဆံရေး ဖြစ်ပေါ်လာမည်။ ထို့ကြောင့် အတူတကွ ကျမ်းစာဖတ်ရှုလေ့လာခြင်းကို မိသားစုအကျင့်တစ်ခု ဖြစ်စေပါ!​—တရားဟောရာ ၆:၄-၉; ယောဟန် ၁၇:၃။

အိမ်ထောင်ရေးပြဿနာများကို အောင်မြင်စွာ ကိုင်တွယ်ခြင်း

၂၄။ အိမ်ထောင်ဖက်ချင်း အဘယ်ကြောင့် တစ်ဦးအမှားကို တစ်ဦး ခွင့်လွှတ်အပ်သနည်း။

၂၄ အများအားဖြင့် ပျော်ရွှင်သောမိသားစုပင် ရံဖန်ရံခါ ပြဿနာများ ရှိမည်။ ကျွန်ုပ်တို့အားလုံး မစုံလင်၊ အမှားပြုတတ်၍ ဖြစ်သည်။ ကျမ်းစာက “ငါတို့ရှိသမျှသည် အနည်းနည်းအားဖြင့် [အကြိမ်များစွာ၊ ကဘ] မှောက်မှား” ကြသည်ဟုဆို၏။ (ယာကုပ် ၃:၂၊ သမ) ထို့ကြောင့် အိမ်ထောင်ဖက်အနေဖြင့် တစ်ဖက်သားကို ခြောက်ပြစ်ကင်း ဖြစ်ရမည်ဟု မမျှော်လင့် မတောင်းဆိုအပ်။ အချင်းချင်း အမှားများကို သည်းခံအပ်သည်။ ထို့ကြောင့် အပြစ်ဆိုဖွယ်မရှိ သာယာချမ်းမြေ့သော အိမ်ထောင်မင်္ဂလာကို မမျှော်လင့်သင့်ပေ။ မစုံလင်သူများ မတတ်နိုင်သည့်အရာတစ်ခု ဖြစ်သောကြောင့်တည်း။

၂၅။ အိမ်ထောင်ရေးပြဿနာများကို မေတ္တာဖြင့် မည်သို့ဖြေရှင်းအပ်သနည်း။

၂၅ လင်နှင့်မယားတို့သည် တစ်ဦးကိုတစ်ဦး စိတ်တိုစေသောအရာများကို ကြိုးစား၍ ရှောင်ရှားလိုပေမည်။ သို့သော် မည်မျှပင် ကြိုးစားစေကာမူ တစ်ဖက်သား စိတ်မကောင်းအောင် တစ်ခါတစ်ရံ ပြုမိဦးမည်။ သို့ ဖြစ်လျှင် ပြဿနာများကို မည်သို့ကိုင်တွယ်သင့်သနည်း။ ကျမ်းစာသြဝါဒမှာ ဤသို့ဖြစ်၏– “မေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။” (၁ ပေတရု ၄:၈) မေတ္တာရှိသော အိမ်ထောင်ဖက်သည် တစ်ဖက်သား၏ အမှားဟောင်းတို့ကို ပြန်၍ ဖော်နေမည်မဟုတ်ကြောင်း ဆိုလိုသည်။ မေတ္တာက ဤသို့ပြောသည်နှင့်မခြားပါ– ‘မေမှားမိပြီ။ မောင်လဲ တစ်ခါတလေ မှားတာပဲ။ ဒါကြောင့် မေ့အမှားကို မောင်ခွင့်လွှတ်လိုက်မယ်။ မောင့်အပြစ်ကိုလဲ မေခွင့်လွှတ်နိုင်တယ်။’​—သု၊ ၁၀:၁၂; ၁၉:၁၁။

၂၆။ အခက်အခဲများ ပေါ်ပေါက်လာလျှင် အဘယ်အရာက ပြေလည်ရန် ထောက်ကူမည်နည်း။

၂၆ ဇနီးမောင်နှံတို့သည် ကိုယ့်အမှားကိုယ် ဝန်ခံပြီး ပြုပြင်ရန် ဝန်မလေးလျှင် အငြင်းအခုံနှင့် နာကြည်းစရာ အကြောင်းများစွာ ရှောင်ရှားနိုင်သည်။ မိမိတို့ ရည်မှန်းချက်သည် ပြဿနာ ပြေလည်ရေး ဖြစ်သင့်သည်။ စကားနိုင်လုရန် မဟုတ်။ သင့်ခင်ပွန်း မှားနေစေကာမူ ကြင်နာစွာ ပြုခြင်းဖြင့် ပြဿနာကို လွယ်ကူစွာ ပြီးငြိမ်းစေပါ။ ကိုယ်က မှားနေလျှင် စိတ်နှိမ့်ချလျက် အပြစ်ခွင့်လွှတ်ရန် တောင်းပန်ပါ။ မရွှေ့ဆိုင်းပါနှင့်; ပြဿနာကို မဆိုင်းမတွ ဖြေရှင်းလိုက်ပါ။ “အမျက်မပြေဘဲ နေမဝင်စေနှင့်။”​—ဧဖက် ၄:၂၇။

၂၇။ အဘယ်ကျမ်းစာသြဝါဒကိုလိုက်လျှင် အိမ်ထောင်ရှင်များ မိမိတို့ပြဿနာများကို ပြေလည်စေနိုင်မည်နည်း။

၂၇ အထူးသဖြင့် သင်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်လျှင် “ကိုယ့်အမှုအရေးများကိုသာ ဂရုမပြုဘဲ တစ်ပါးသူ အမှုအရေးများကိုလည်း ဂရုပြုကြလော့” ဟူသော စည်းမျဉ်းကို လိုက်နာရန် လိုသည်။ (ဖိလိပ္ပိ ၂:၄၊ သမ) “သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ ခြင်း၊ စိတ်ရှည်ခြင်းများကို ဝတ်ဆင်ကြလော့။ တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်း သည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ အရှင်ဘုရားသည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။ စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထိုအရာအပေါင်းတို့အပေါ်၌ ထပ်ဆင့်၍ ဝတ်ဆင်ကြလော့” ဟူသော ကျမ်းစာအမိန့်ကို နာခံရန် လိုသည်။​—ကောလောသဲ ၃:၁၂-၁၄၊ သမ္မာ။

၂၈။ (က) ကွာရှင်းခြင်းသည် အိမ်ထောင်ရေးပြဿနာ ဖြေရှင်းနည်း ဖြစ်သလော။ (ခ) နောက်အိမ်ထောင်ပြုခွင့်ရစေသည့် ကွာရှင်းခြင်းအတွက် တစ်ခုတည်းသောအကြောင်းရင်းမှာ အဘယ်အရာဖြစ်သည်ဟု ကျမ်းစာဆိုသနည်း။

၂၈ ယနေ့ မောင်နှံအများတို့သည် မိမိတို့ပြဿနာကို ဖြေရှင်းရာ၌ ဘုရားသခင့်နှုတ်ကပါဌ်တော်မှ ဩဝါဒအကူအညီကိုမယူဘဲ ကွာရှင်းလိုကြ၏။ ပြဿနာဖြေရှင်းသည့်အနေနှင့် ကွာရှင်းကြခြင်းကို ဘုရားသခင် နှစ်သက်သလော။ မနှစ်သက်ပါ။ (မာလခိ ၂:၁၅၊ ၁၆) ထိမ်းမြားခြင်းကို ရာသက်ပန်အစီအစဉ်ဖြစ်စေရန် ရည်ရွယ်တော်မူခဲ့သည်။ (ရောမ ၇:၂) လင်မယားကွာရှင်း၍ နောက်အိမ်ထောင်ပြုခွင့် ရှိစေသော အကြောင်းပြချက်တစ်ခုတည်းသာ ကျမ်းစာခွင့်ပြုထားသည်။ ၎င်းမှာ လင်မယား သစ္စာဖျက်မှုပင် ဖြစ်သည်။ လင်မယား သစ္စာပျက်ခဲ့လျှင် အပြစ်မဲ့ အိမ်ထောင်ဖက်က ကွာမကွာ ဆုံးဖြတ်နိုင်သည်။​—မဿဲ ၅:၃၂။

၂၉။ (က) သင့်အိမ်ထောင်ဖက်သည် သင်နှင့်အတူ ခရစ်ယာန်ဝတ်ပြုရေးတွင် မပါဝင်လျှင် သင်မည်သို့ပြုသင့်သနည်း။ (ခ) မည်သို့ဖြစ်လာနိုင်စရာ အကြောင်းရှိသနည်း။

၂၉ သင့်အိမ်ထောင်ဖက်က သင်နှင့်အတူ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို မဖတ်ရှု မလေ့လာလိုသည်သာမက သင့်ခရစ်ယာန်လုပ်ငန်းကိုပင် အတိုက်အခံပြုလျှင် မည်သို့နည်း။ ခွဲနေခြင်းကို ပြဿနာ အလွယ်တကူဖြေရှင်းနည်းအဖြစ် မယူမှတ်ဘဲနှင့် ဆက်လက်နေထိုင်သွားရန် ကျမ်းစာက သင့်အား တိုက်တွန်းနေဆဲပင်။ သင့်နေထိုင်ပုံနှင့်ပတ်သက်၍ ကျမ်းစာအဆိုအမိန့်များကို လိုက်နာကျင့်သုံးခြင်းဖြင့် သင့်အိမ်တွင်းအခြေအနေ တိုးတက်အောင် တတ်နိုင်သ၍ ပြုလုပ်ပါ။ အချိန်တန်လျှင် သင်၏ခရစ်ယာန်အကျင့်အကြံကြောင့် သင့်အိမ်ထောင်ဖက်ကို မိမိဘက်ပါလာအောင် ဆွဲဆောင်နိုင်ဖို့အကြောင်း ရှိသည်။ (၁ ကောရိန္သု ၇:၁၀-၁၆; ၁ ပေတရု ၃:၁၊ ၂) သင့်စိတ်ရှည်မှုကြောင့် ဤသို့အကျိုးဖြစ်ထွန်းလာမည်ဆိုလျှင် သင့်အဖို့ ကြီးမားသော ကောင်းချီးဖြစ်မည်တကား!

၃၀။ မိဘများ သားသမီးများအတွက် အဘယ်ကြောင့် ကောင်းသော စံနမူနာပြသရန် အရေးကြီးသနည်း။

၃၀ ယနေ့ အိမ်တွင်းရေးပြဿနာအများမှာ ကလေးများနှင့်ပတ်သက်နေသည်။ သင့်အိမ်ထောင်၌ ထိုသို့ဖြစ်လျှင် မည်သို့ပြုနိုင်သနည်း။ ဦးဦးဆုံး မိဘအနေနှင့် သင်သည် ကောင်းသောနမူနာကို ပြရမည်။ အကြောင်းမှာ ကလေးများသည် သင့်အပြောထက် သင့်အလုပ်ကို လိုက်လိုသောသဘော ပိုရှိ၍ ဖြစ်သည်။ သင့်အပြောနှင့်အလုပ် မတူလျှင် ကလေးများ ချက်ချင်းမြင်တတ်ကြ၏။ ထို့ကြောင့် သင့်ကလေးများအား ကောင်းမြတ်၍ ခရစ်ယာန်အသက်တာ ပီသစွာနေထိုင်စေလိုလျှင် သင်ကိုယ်တိုင် ပုံစံကောင်း ပြရပေမည်။​—ရောမ ၂:၂၁၊ ၂၂။

၃၁။ (က) မိဘ၏ ဆုံးမသြဝါဒကို နာခံခြင်းအတွက် ကလေးများ အဘယ်သာ၍အရေးကြီးသောအကြောင်းကို သိရှိရန် လိုသနည်း။ (ခ) မတရားမေထုန်ကို မြစ်တားသည့် ဘုရားသခင့်ပညတ်ကို လိုက်နာလျှင် ပညာရှိရာရောက်ကြောင်း အရွယ်ဝင်စ သင့်ကလေးများအား မည်သို့နားလည်စေနိုင်သနည်း။

၃၁ ကလေးများနှင့် ဆင်ခြင်ဆွေးနွေးရန်လည်း လိုသည်။ ‘သား၊ မတရားမေထုန်လုပ်တာကို ဖေဖေမလိုလားဘူး၊ ဘာဖြစ်လို့လဲဆိုတော့၊ ဒါဟာ မှားတယ်’ ဟု လူငယ်များအား ပြောရုံနှင့် မလုံလောက်ပါ။ မတရားမေထုန် စသောအရာများ မှားသည်ဟုပြောသူမှာ သူတို့၏ ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း သူတို့အား နားလည်စေသင့်သည်။ (ဧဖက် ၅:၃-၅; ၁ သက်သာလောနိတ် ၄:၃-၇) သို့သော် ထိုမျှနှင့်လည်း မလုံလောက်သေးပါ။ ဘုရားသခင့်ပညတ်ကို အဘယ်ကြောင့် နာခံသင့်သည်၊ နာခံလျှင် မည်သို့အကျိုးရမည်ကိုပါ သိမြင်စေရန် ကူညီပေးဖို့လိုသည်။ ဥပမာ၊ ယောက်ျားတစ်ယောက်၏ သုတ်ပိုးနှင့် မိန်းမတစ်ယောက်၏မျိုးဥ တွေ့ဆုံရာမှ အံ့သြဖွယ် ကလေးတစ်ယောက် ဖြစ်လာပုံကို ကလေးများအား ပြောပြပြီးနောက် ဤသို့မေးနိုင်သည်– ‘အံ့ဩစရာကောင်းတဲ့ ဒီမွေးဖွားမှုကိုဖြစ်စေတဲ့ ဖန်ဆင်းရှင်ဟာ ဘုရားပေးမွေးဖွားခြင်းသတ္တိကို လူတွေ ဘယ်ပုံဘယ်နည်းနဲ့သုံးရင် အကောင်းဆုံးဖြစ်မယ်ဆိုတာကို သိတယ်လို့ မင်းတို့မထင်ဘူးလား။’ (ဆာလံ ၁၃၉:၁၃-၁၇) သို့မဟုတ် ‘တို့ဖန်ဆင်းရှင်ကြီးဟာ တို့ဘဝကို မပျော်အောင် ဥပဒေတစ်ခုခု ထုတ်ပြန်လိမ့်မယ်လို့များ မင်းတို့ ထင်သလား။ အဲဒီလိုထင်မယ့်အစား သူ့ရဲ့ပညတ်တွေကို လိုက်နာရင် တို့ပျော်ရွှင်ဖို့ မကောင်းဘူးလား’ ဟူ၍လည်း မေးနိုင်သည်။

၃၂။ (က) သင့်ကလေး၏အမြင်သည် ဘုရားသခင့်အမြင်နှင့် ခြားနားနေလျှင် သင် မည်သို့သဘောထားသင့်သနည်း။ (ခ) ကျမ်းစာအဆို အမိန့်တို့သည် ပညာနှင့်ပြည့်ဝကြောင်း သင့်ကလေး သဘောပေါက်စေရန် မည်သို့ကူညီပေးနိုင်သနည်း။

၃၂ ထိုသို့သောမေးခွန်းများမေးလျှင် မွေးဖွားခြင်းဆိုင်ရာအင်္ဂါများ အသုံးပြုပုံနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်များအပေါ် သင့်ကလေးက သုံးသပ်ဆင်ခြင်လာမည်။ သင်ဖြစ်စေလိုသည့်ပုံစံအတိုင်း သူတို့ ဖြစ်မလာလျှင် စိတ်မဆိုးပါနှင့်။ သင့်ကလေး၏ လူမျိုးဆက်သည် ကျမ်းစာပါ ဖြောင့်မတ်သော သွန်သင်ချက်များမှ အလှမ်းဝေးစွာ ရောက်ရှိနေကြောင်း နားလည်ပါ။ သူ့လူမျိုးဆက်၏ စာရိတ္တပျက်အကျင့်များ၏ ပညာမဲ့ပုံကိုမြင်အောင် သူ့ကို ပြသပါ။ လိင်ဆိုင်ရာ စာရိတ္တပျက်ရာမှ အဖေမပေါ်ကလေးများ မွေးခြင်း၊ ကာလသားရောဂါရရှိခြင်း စသည့် ဒုက္ခမှုများနှင့်ပတ်သက်၍ တိကျသောဥပမာများကို ပြသပြောဆိုနိုင်သည်။ သို့ပြုလျှင် ကျမ်းစာ၏ အဆိုအမိန့်များသည် ဆင်ခြင်တုံတရားနှင့်ညီကြောင်း၊ မှန်ကန်ကြောင်း သူသဘောပေါက်လာမည်။

၃၃။ ကမ္ဘာ့ပရဒိသုတွင် ထာဝရအသက်ရှင်ခြင်းဟူသော ကျမ်းစာအခြေခံသည့် မျှော်လင့်ခြင်းကို ပိုက်ထားလျှင် အိမ်ထောင်ရေး အောင်မြင်မှုအတွက် အဘယ်ကြောင့် အထောက်အကူ ဖြစ်နိုင်သနည်း။

၃၃ အထူးသဖြင့် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းဟူသော ကျမ်းစာကို အခြေခံသည့်မျှော်လင့်ချက်ကို ပိုက်ထားပါက မိသားစုဘဝ အောင်မြင်နိုင်လိမ့်မည်။ အဘယ်ကြောင့်နည်း။ ကျွန်ုပ်တို့သည် ဘုရားသခင့်စနစ်သစ်တွင် တကယ်နေထိုင်လိုလျှင် ထိုအချိန်တွင် နေထိုင်မည့်ပုံစံအတိုင်း ယခုပင် နေထိုင်ရန် ကြိုးစားကြမည်ဖြစ်သောကြောင့်ပင်။ သို့ဖြစ်၍ ယေဟောဝါဘုရားသခင့် သွန်သင်လမ်းပြမှုကို နီးနီးကပ်ကပ် လိုက်နာမည်ဖြစ်သည်။ သို့ပြုလျှင် ဘုရားသခင်သည် ထာဝရအသက်နှင့် ရွှင်လန်းမှုအပြင် မကုန်ဆုံးနိုင်သော အနာဂတ်ချမ်းမြေ့မှုတို့ဖြင့် ကျွန်ုပ်တို့၏ လောလောဆယ်ပျော်ရွှင်မှုကို အထွတ်အထိပ်သို့ ရောက်ရှိစေတော်မူမည်ဖြစ်သတည်း။​—သု၊ ၃:၁၁-၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ