ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကက စာ. ၁၇၁-စာ. ၁၇၅
  • ဖန်ဆင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဖန်ဆင်းခြင်း
  • ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးဖန်ဆင်းခြင်းမှတ်တမ်း—ယင်းကို သင်ယုံကြည်စိတ်ချနိုင်သလော
    သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါး ရှိ၏လော
  • ဘုရားသခင်တစ်ပါးရှိကြောင်း သိနိုင်ပုံ
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
  • ဖန်ဆင်းခြင်း
    နိုးလော့!—၂၀၁၄
  • ဖန်ဆင်းခြင်းတွင် သန့်ရှင်းသောစွမ်းအားတော်၏လုပ်ဆောင်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
ကက စာ. ၁၇၁-စာ. ၁၇၅

ဖန်ဆင်းခြင်း

အဓိပ္ပာယ်သတ်မှတ်ချက်– သမ္မာကျမ်းစာရှင်းလင်းချက်အရ၊ ဖန်ဆင်းခြင်းဟူသည်မှာ အခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်များနှင့် ကမ္ဘာပေါ်မှအခြေခံသက်ရှိအားလုံးအပါအဝင် စကြဝဠာကို အနန္တတန်ခိုးရှင်ဘုရားသခင်တီထွင်၍ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်။

ဤခေတ်သစ်သိပ္ပံလောက၌ ဖန်ဆင်းခြင်းကိုယုံလျှင် ဆင်ခြင်ဉာဏ်ရှိရာကျမည်လော

“စကြဝဠာ၏သဘာဝနိယာမတရားများသည် တိကျလှရကား ကျွန်ုပ်တို့အနေနှင့် အာကာသယာဉ်တစ်စင်းတည်ဆောက်ပြီး လပေါ်သို့စေလွှတ်ရာ၌လည်းကောင်း၊ ပျံသန်းချိန်ကို စက္ကန့်ပိုင်း၏အစိတ်အပိုင်းအထိ တိကျစွာချိန်ကိုက်ရာ၌လည်းကောင်း အခက်အခဲမရှိချေ။ ထိုနိယာမတရားများကို တစ်ဦးတစ်ယောက် ချမှတ်ခဲ့ခြင်းဖြစ်ရမည်။”​—အမေရိကန်အာကာသယာဉ်မှူးများကို လသို့လွှတ်ရာ၌ များစွာပါဝင်လုပ်ဆောင်ခဲ့သူ ဝင်နာဗော်န်ဘရောင်းကို ကိုးကားသည်။

ရုပ်ပိုင်းစကြဝဠာ– သင်သည် အချိန်တိကျမှန်ကန်သောနာရီတစ်လုံးကို တွေ့ရသောအခါ ဖုန်မှုန့်များ လေတိုက်ရာပါလွင့်စင်ရာမှ တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်လာသည်ဟုဆိုမည်လော။ ဉာဏ်ရှင်တစ်ပါး တီထွင်ခဲ့၍သာဖြစ်ရမည်။ ထို့ထက်သာ၍ခန့်ညားကြီးကျယ်သော “နာရီ” ရှိပေသည်။ ကျွန်ုပ်တို့၏နေအဖွဲ့အစည်းထဲမှဂြိုဟ်များအပြင် စကြဝဠာတစ်ခုလုံးရှိကြယ်တာရာများလည်း လူတီထွင်ထုတ်လုပ်သောနာရီအများထက်ပို၍တိကျမှန်ကန်သောနှုန်းဖြင့် ရွေ့လျားလျက်နေသည်။ ကျွန်ုပ်တို့၏နေအဖွဲ့အစည်းတည်ရာဂလက်ဆီတွင် ကြယ်ဘီလီယံ၁၀၀ ပါဝင်သည်။ နက္ခတ္တဗေဒပညာရှင်များက စကြဝဠာအတွင်း ထိုသို့သော ဂလက်ဆီဘီလီယံ၁၀၀ရှိသည်ဟုခန့်မှန်းကြသည်။ နာရီတစ်လုံးသည် ဉာဏ်ပါသောတီထွင်မှုဖြစ်ကြောင်း သက်သေပြသည်မှန်လျှင် ထို့ထက်အဆပေါင်းများစွာသာ၍ကြီးမားပြီး နက်နဲရှုပ်ထွေးသောစကြဝဠာကြီးသည် ပို၍ပင်သာဓကထူနိုင်သည်တကား! ၎င်း၏တီထွင်သူမှာ “မိုးကောင်းကင်ကိုဖန်ဆင်း၍ ကြက်တော်မူထသော [“စစ်မှန်သောဘုရားသခင် ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်း သမ္မာကျမ်းစာဖော်ပြ၏။”​—ဟေရှာ. ၄၂:၅; ၄၀:၂၆; ဆာ. ၁၉:၁။

ကမ္ဘာဂြိုဟ်– သင်သည် လွင်တီးခေါင်သဲကန္တာရတစ်ခုကိုဖြတ်ကျော်စဉ် စားနပ်ရိက္ခာအပြင် အစစအရာရာနှင့် ပြည့်စုံသောအိမ်တစ်ဆောင်ကိုတွေ့လျှင် ထိုအိမ်သည် ပေါက်ကွဲတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆမည်လော။ သို့ယူဆမည်မဟုတ်။ အတော်ပင်ဉာဏ်ကောင်းသောပုဂ္ဂိုလ်တစ်ဦးက ဆောက်လုပ်ခဲ့ကြောင်း နားလည်ပေမည်။ ကျွန်ုပ်တို့၏နေစကြဝဠာအဖွဲ့အစည်းအတွင်း ကမ္ဘာမှလွဲ၍ အခြားအဘယ်ဂြိုဟ်ပေါ်မှာမျှ သက်ရှိအရာများကို သိပ္ပံပညာရှင်များ မတွေ့ရသေးချေ။ လက်ရှိအထောက်အထားများအရ အခြားဂြိုဟ်များသည် လွင်တီးခေါင်ဖြစ်ကြ၏။ ကမ္ဘာဟူသောစာအုပ်၌ဆိုသည့်အတိုင်း ကမ္ဘာမှာမူ “စကြဝဠာထဲမှအံ့ဖွယ်၊ တစ်မူထူးသောဂြိုဟ်တစ်လုံး” ဖြစ်ပေသည်။ (နယူးယောက်မြို့၊ ၁၉၆၃၊ အာသာဘေစယ်၊ စ. ၁၀) နေနှင့်ကမ္ဘာအကွာအဝေးမှာ လူသားများအသက်ရှင်နိုင်ရန် တော်သင့်သောအကွာအဝေးဖြစ်၏။ နေကိုလှည့်၍ပတ်သောအရှိန်မှာလည်း အတော်ဖြစ်၍ ပတ်လမ်းပေါ်မြဲနေနိုင်၏။ ကမ္ဘာ့ဝန်းကျင်လေထုသည်လည်း အခြားနေရာမှလေထုနှင့်မတူ တစ်မူထူးခြားပြီး ဓာတ်ငွေ့အချိုးအဆ သင့်လျော်မှန်ကန်သဖြင့် သက်ရှိများဆက်လက်တည်မြဲနိုင်၏။ နေမှအလင်း၊ လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်၊ မြေဆီမြေနှစ်ထဲမှရေနှင့်ဓာတ်သတ္ထုများပေါင်းစပ်ကာ ကမ္ဘာ့သက်ရှိများအတွက် အစာထုတ်လုပ်သည်မှာ အံ့ဖွယ်ပင်။ ဤအရာများအားလုံးသည် လေဟာပြင်ထဲမှ အထိန်းအချုပ်မရှိသောပေါက်ကွဲမှုကြောင့် ပေါ်ပေါက်လာခြင်းလော။ သိပ္ပံသတင်းက ဤသို့ဝန်ခံ၏– “ဤမျှထူးကဲတိကျသောအခြေအနေများသည် ကြုံသလိုဖြစ်ပေါ်လာဖို့အလွန်ခဲယဉ်းဟန်ရှိသည်။” (၁၉၇၄၊ ဩဂုတ် ၂၄ နှင့် ၃၁၊ စ. ၁၂၄) သမ္မာကျမ်းစာက “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကိုတည်ဆောက်သောသူကား ဘုရားသခင်ပေတည်း” ဟု မှတ်ချက်ချသည်မှာ လျောက်ပတ်လှပေသည်။​—ဟေဗြဲ ၃:၄။

လူ့ဦးနှောက်– ခေတ်သစ်ကွန်ပျူတာများမှာ အားသွန်ခွန်စိုက် သုတေသနပြုခြင်းနှင့် ဂရုတစိုက်ပြုစုသောအင်ဂျင်နီယာပညာမှ ပေါက်ဖွားလာသောအရာဖြစ်သည်။ “သူ့အလိုအလျောက်ဖြစ်” လာသည်မဟုတ်။ လူ့ဦးနှောက်ကော။ လူ့ဦးနှောက်သည် တိရစ္ဆာန်ဦးနှောက်နှင့်မတူ၊ ကလေးဘဝ၏ပထမနှစ်အတွင်း အရွယ်သုံးဆဖြစ်လာသည်။ ဦးနှောက်၏လုပ်ဆောင်ပုံမှာ ယခုတိုင် သိပ္ပံပညာရှင်များနားမလည်နိုင်သော နက်နဲလျှို့ဝှက်ချက်တစ်ရပ်ဖြစ်သည်။ လူသားများ၌ မွေးကတည်းက ရှုပ်ထွေးသောဘာသာစကားများသင်ကြားနိုင်စွမ်း၊ အလှအပကိုအာရုံခံစားနိုင်စွမ်း၊ တေးစပ်ဆိုနိုင်စွမ်း၊ အသက်၏ဇာစ်မြစ်နှင့်ဘဝအဓိပ္ပာယ်ကို စူးစမ်းနိုင်စွမ်းပါရှိလာသည်။ ဦးနှောက်ခွဲစိတ်ကုဆရာဝန် ရောဘတ်ဝိုက် က ဤသို့ပြောကြားခဲ့သည်– “လူ့ဉာဏ်မမီ၊ ယုံရခက်လှတဲ့ ဦးနှောက်နဲ့စိတ်ဆက်သွယ်မှုကို တီထွင်ဖန်တီးတဲ့ ဉာဏ်ထွတ်ခေါင်ရှင်တစ်ပါးရှိတယ်လို့ဝန်ခံရုံကလွဲလို့ ကျွန်တော့်မှာ တခြားရွေးချယ်စရာမရှိတော့ပါဘူး။” (၁၉၇၈၊ စက်တင်ဘာလထုတ် စာရှုသူအတွက်အကျဉ်းချုပ်၊ စ. ၉၉) ဤအံ့ဖွယ်သည် သားအိမ်အတွင်း သေးငယ်သော မျိုးအောင်ဆဲလ်တစ်ခုမှဖြစ်ပေါ်လာသည်။ ကျမ်းရေးဆရာဒါဝိဒ်က ပြောင်မြောက်သောထိုးထွင်းဉာဏ်ဖြင့် ယေဟောဝါအား ဤသို့လျှောက်ဆိုခဲ့သည်– “ကိုယ်တော်သည် ကျွန်တော်အား ကြောက်လန့်အံ့သြဖွယ်နည်းဖြင့် ဖန်ဆင်းတော်မူသောကြောင့် ကိုယ်တော်ကိုကျွန်တော်ချီးမွမ်းမည်။ ကျွန်တော်၏စိုးလ်ကောင်းစွာသိသည့်အတိုင်း ကိုယ်တော့်လုပ်ငန်းတော်သည် ထူးဆန်းလှပါ၏။”​—ဆာ. ၁၃၉:၁၄၊ ကဘ။

သက်ရှိဆဲလ်– သက်ရှိဆဲလ်တစ်ခုကို တစ်ခါတစ်ရံ “ရိုးရိုး” သက်ရှိဟုခေါ်တတ်ကြသည်။ သို့သော် ဧကဆဲလ်သက်ရှိတစ်ကောင်သည် အစာဖမ်းစားခြင်း၊ ချေဖျက်ခြင်း၊ မစင်စွန့်ခြင်း၊ နေအိမ်ဆောက်ခြင်းနှင့် လိင်ဆက်ဆံခြင်းပြုနိုင်သည်။ လူ့ခန္ဓာဆဲလ်တစ်ခုစီကို မြို့ရိုးရှိသောမြို့တစ်မြို့နှင့်နှိုင်းယှဉ်ခဲ့ကြပေသည်။ မြို့တွင်း၌ ငြိမ်ဝပ်ပိပြားရေးထိန်းသိမ်းသောဗဟိုအစိုးရ၊ စွမ်းအင်ထုတ်လုပ်သောစက်ရုံ၊ ပရိုတင်းထုတ်လုပ်သောစက်ရုံ၊ ရှုပ်ထွေးသောသယ်ယူပို့ဆောင်ရေးစနစ်၊ အဝင်ကြပ်မတ်သောအစောင့်များရှိပေသည်။ လူ့ခန္ဓာသည် ဆဲလ်ပေါင်း ထရီလျံ ၁၀၀ (၁၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀) ဖြင့်ဆောက်တည်ထားသည်။ ဆာလံ ၁၀၄:၂၄ (သက) ပါစကားသည် ဆီလျော်လှပေ၏– “အို [“ယေဟောဝါ၊” ကဘ]၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသောအရာတို့သည် များလှပါ၏။ ဉာဏ်ပညာတော်ဖြင့် ထိုအရာအပေါင်းကို ဖန်ဆင်းတော်မူပါ၏။”

ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ကိုသုံးလျက် သက်ရှိအမျိုးမျိုးကိုပြုလုပ်ခဲ့သည်ဟုယူဆနိုင်ရန် သမ္မာကျမ်းစာက လမ်းဖွင့်ထားသလော

က. ၁:၁၁၊ ၁၂ (သမ္မာ) က မြက်ပင်နှင့်သစ်ပင်များကို “အမျိုးအလိုက်” ပေါက်ဖွားစေရန်ပြုလုပ်တော်မူကြောင်း ဆိုထားသည်။ အခန်းငယ် ၂၁၊ ၂၄၊ ၂၅ က ပင်လယ်သတ္တဝါ၊ ငှက်သတ္တဝါနှင့်ကုန်းသတ္တဝါများကို “အမျိုးအလိုက်” ဖန်ဆင်းတော်မူကြောင်း ထပ်လောင်းတင်ပြသည်။ အခြေခံကျသောအမျိုးတစ်မျိုးက နောက်တစ်မျိုးသို့ကူးပြောင်းသွားဖို့အကြောင်း မရှိချေ။

လူနှင့်ပတ်သက်၍ ကမ္ဘာဦး ၁:၂၆ ၌ ဘုရားသခင်က “ငါတို့ပုံသဏ္ဌာန်နှင့်တညီတသဏ္ဌာန်တည်း လူကိုဖန်ဆင်းကြစို့” ဟု မိန့်တော်မူကြောင်းဆိုထားသည်။ ထို့ကြောင့် လူသည် ဘုရားသခင်နှင့်တူသောအရည်အသွေးများပိုင်ဆိုင်မည်ဖြစ်သည်။ တိရစ္ဆာန်မှဆင့်ပွားလာသောစရိုက်များကိုပိုင်ဆိုင်ရန်မဟုတ်။ ကမ္ဘာဦး ၂:၇ က ဤသို့ထပ်၍ဆို၏– “ထိုနောက် ထာဝရအရှင်ဘုရားသခင်သည် [တည်ဆဲသက်ရှိတစ်မျိုးမျိုးမှမဟုတ်ဘဲ] မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။” ဤတွင် ဆင့်ကဲဖြစ်စဉ်သဘော လုံးဝမပါချေ။ အသစ်သောဖန်ဆင်းခြင်းအကြောင်းပြောနေခြင်းဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တည်ရှိသောသက်ရှိအမျိုးသန်းပေါင်းများစွာရှိသမျှကို ဖန်ဆင်းတော်မူခဲ့သလော

ကမ္ဘာဦးကျမ်း အခန်းကြီး ၁ က “အမျိုးအလိုက်” ဖန်ဆင်းတော်မူသည်ဟုသာဆို၏။ (က. ၁:၁၂၊ ၂၁၊ ၂၄၊ ၂၅၊ သမ္မာ) နောဧလက်ထက် ကမ္ဘာချီရေလွှမ်းမိုးခြင်းအတွက် ပြင်ဆင်ရာ၌ ဘုရားသခင်က ကုန်းသတ္တဝါနှင့်လေသတ္တဝါများ “အမျိုးအလိုက်” တစ်မျိုးစီ သင်္ဘောထဲသို့ဆောင်သွားရန် ညွှန်ကြားတော်မူခဲ့၏။ (က. ၇:၂၊ ၃၊ ၁၄၊ သမ) ဗီဇအရ၊ “အမျိုး” ထဲမှမျိုးကွဲများစွာပေါက်ဖွားလာနိုင်သည်။ ထို့ကြောင့် ခွေးအမျိုးအစား ၄၀၀ ကျော်၊ မြင်းအမျိုးအစား ၂၅၀ ကျော်ရှိသည်ဟုသိရသည်။ မျိုးကွဲချင်းစပ်၍ရသောမျိုးပြားအားလုံးသည် ကမ္ဘာဦးကျမ်း၏ “အမျိုး” တစ်မျိုးတည်းတွင်အကျုံးဝင်သည်။ ထို့နည်းတူ၊ ဆူဒန်နိုင်ငံရှိ ခုနစ်ပေမြင့် ဒင်္ကာလူမျိုးမှအစ၊ လေးပေလေးလက်မမျှသာရှိသော ပစ်ဂမီလူပုအဆုံး၊ အရှေ့တိုင်းသား၊ အာဖရိကတိုက်သား၊ အိန္ဒိယဥရောပမျိုးနွယ်အားလုံး မူလမောင်နှံနှစ်ပါး အာဒံနှင့်ဧဝတို့မှ ပေါက်ဖွားလာကြသည်ချည်းဖြစ်၏။​—က. ၁:၂၇၊ ၂၈; ၃:၂၀။

အဘယ်အကြောင်းကြောင့် သက်ရှိများ၏ခန္ဓာဆောက်တည်ပုံ၌ အခြေခံတူညီချက်များရှိသနည်း

ဘုရားသခင်သည် “အလုံးစုံတို့ကို . . . ဖန်ဆင်းတော်မူ” ၏။ (ဧ. ၃:၉) သို့ဖြစ်၍ ရှိသမျှတို့သည် ဖန်တီးတီထွင်ရှင်တစ်ပါးတည်းရှိသည်။

“အရာခပ်သိမ်းသည် ကိုယ်တော် [ကမ္ဘာပေါ် ယေရှုခရစ်ဖြစ်လာသော ဘုရားသခင့်တစ်ပါးတည်းသောသားတော်] အားဖြင့်ပေါ်လာ၏။ ကိုယ်တော်နှင့်ကင်း၍ပေါ်လာသောအရာတစ်စုံတစ်ခုမျှမရှိချေ။” (ယော. ၁:၃၊ သမ) ထို့ကြောင့် ဖန်ဆင်းခြင်းလုပ်ငန်း၌ ယေဟောဝါ၏အသုံးတော်ခံ ပြောင်မြောက်သောဗိသုကာဆရာကြီးသည်လည်း တစ်ပါးတည်းသာဖြစ်သည်။​—သု. ၈:၂၂၊ ၃၀၊ ၃၁၊ သမ။

စကြဝဠာကိုပြုလုပ်ရာ၌အသုံးပြုသောကုန်ကြမ်းသည် အဘယ်ကလာသနည်း

ဒြပ်ဝတ္ထုသည် သိပ်သည်းကျစ်လစ်သောစွမ်းအင်စုတစ်မျိုးဖြစ်ကြောင်း သိပ္ပံပညာရှင်များ သိရှိခဲ့ကြလေပြီ။ နျူကလီးယားလက်နက်ပေါက်ကွဲမှုက သာဓကဖြစ်သည်။ ရူပနက္ခတ္တဗေဒပညာရှင် ဂျိုးဇစ် ခလက်ဇက် က ဤသို့ပြော၏– “စွမ်းအင်ကို ဒြပ်ဝတ္ထုအဖြစ်သို့ကူးပြောင်းစေခြင်းအားဖြင့် အခြေခံအမှုန်အားလုံးလိုလို၊ သို့မဟုတ် အားလုံးကို ဖန်ဆင်းနိုင်သည်။”​—စကြဝဠာ (ဘော့စတွန်မြို့၊ ၁၉၇၆)၊ အတွဲ ၁၁၊ စ. ၁၇။

ထိုစွမ်းအင်အဘယ်ကလာသနည်း။ သမ္မာကျမ်းစာက “ထိုအရာ [ကြယ်နှင့်ဂြိုဟ်] တို့ကို အဘယ်သူဖန်ဆင်းသနည်း” ဟုမေးပြီးနောက် ယေဟောဝါဘုရားသခင်နှင့်ပတ်သက်၍ ဤသို့ဆို၏– “ခွန်အားကြီး၍ တန်ခိုး [“မဟာစွမ်းအင်၊” ကဘ] နှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှမပေါ်ဘဲမနေရ။” (ဟေရှာ. ၄၀:၂၆) ထို့ကြောင့် ဘုရားသခင်ကိုယ်တော်တိုင်၊ စကြဝဠာဖန်ဆင်းရာ၌လိုအပ်သော “မဟာစွမ်းအင်” အားလုံး၏ပင်ရင်းအမြစ်ဖြစ်တော်မူ၏။

ရုပ်ပိုင်းဆိုင်ရာဖန်ဆင်းရာခြောက်ရက်သည် လွန်ခဲ့သော အနှစ် ၆,၀၀၀ မှ ၁၀,၀၀၀ အတွင်း၌လော

ထိုသို့သောကောက်ချက်သည် ဖြစ်ရပ်မှန်နှင့်မညီညွတ်ချေ။ (၁) မြောက်ကမ္ဘာလုံးခြမ်းတွင် တိမ်ရှင်းသောည၌ အန်ဒရိုမီဒါတာရာ နက်ဗျူလာမှလာသောအလင်းကိုတွေ့နိုင်သည်။ ထိုအလင်းသည် ကမ္ဘာသို့ရောက်အောင် နှစ်ပေါင်း ၂,၀၀၀,၀၀၀ လိုသည်။ သို့ဖြစ်၍ စကြဝဠာသက်တမ်းသည် အနည်းဆုံး အနှစ်သန်းနှင့်ချီ၍ရှိပြီဖြစ်ကြောင်းပြနေသည်။ (၂) ကမ္ဘာ့ကျောက်ဆောင်များအတွင်းရှိ ရေဒီယိုသတ္တိကြွယိုယွင်းခြင်း၏အဆုံးဒြပ်များက ကျောက်လွှာစုအချို့သည် အနှစ်ဘီလီယံများစွာ မလှုပ်မရှားရှိခဲ့ပြီဖြစ်ကြောင်း သက်သေပြ၏။

ကမ္ဘာဦး ၁: ၃-၃၁ သည် ဒြပ် သို့မဟုတ် ကောင်းကင်ကြယ်တာရာများ၏မူလဖန်ဆင်းခြင်းအကြောင်း ပြောနေခြင်းမဟုတ်။ တည်ရှိပြီဖြစ်သောကမ္ဘာကို လူသားများနေထိုင်နိုင်ရန် ပြင်ဆင်မွမ်းမံခြင်းအကြောင်းကို ဖော်ပြနေခြင်းသာ။ ထိုပြင်ဆင်မှု၌ အခြေခံအပင်များ၊ ရေ၊ လေ၊ ကုန်းသတ္တဝါများနှင့် ပထမလူမောင်နှံတို့ကိုဖန်ဆင်းခြင်း အကျုံးဝင်သည်။ ထိုအရာအားလုံးကို ခြောက် “ရက်” အတွင်း ဖန်ဆင်းတော်မူသည်ဟုဆိုပါသည်။ သို့ရာတွင် “ရက်” ဟူ၍ပြန်ဆိုသောဟေဗြဲစကားလုံးသည် အဓိပ္ပာယ်အကွဲကွဲအပြားပြားရှိသည်။ ‘ကြာမြင့်သောအချိန်။ ထူးခြားသောဖြစ်ရပ်တစ်ခု ဖြစ်ပျက်သောကာလ’ ဟူ၍လည်းဆိုလိုသည်။ (ဓမ္မဟောင်းကျမ်းစကားများလေ့လာချက် ဂရန်း ရက်ပစ်စ်မြို့၊ မစ်ရှဂင်ပြည်နယ်၊ ၁၉၇၈၊ ဒဗ္ဗလျူ. ဝီလ်စင်၊ စ. ၁၀၉) တစ် “ရက်” လျှင် အနှစ်ထောင်ပေါင်းများစွာ ဟူသောသဘောဖြင့် ထိုအသုံးအနှုန်းကိုသုံးနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ