အပိုင်း ၃
ဘုရားသခင်တစ်ပါးရှိကြောင်း သိနိုင်ပုံ
၁၊ ၂။ ဘုရားသခင်ရှိမရှိပိုင်းဖြတ်ရာ၌ ကျွန်ုပ်တို့အားမည်သည့်မူက ထောက်ကူသနည်း။
ဘုရားသခင်ရှိသလော၊ မရှိသလောပိုင်းဖြတ်နိုင်သောနည်းတစ်နည်းမှာ အောက်ပါခိုင်မာသေချာသောမူကို ကျင့်သုံးခြင်းဖြစ်သည်၊ ပြုလုပ်ထားသည့်အရာသည် ပြုလုပ်သူလိုအပ်၏။ ပြုလုပ်ထားသောအရာသည် ပိုမိုရှုပ်ထွေးနက်နဲလေလေ ပြုလုပ်သူသည် ပိုမိုကျွမ်းကျင်သူဖြစ်လေလေပင်။
၂ ဥပမာ၊ သင့်အိမ်ထဲကိုကြည့်လိုက်ပါ။ စားပွဲများ၊ ကုလားထိုင်များ၊ ခုံများ၊ ခုတင်များ၊ အိုးများ၊ ဒယ်များ၊ ပန်းကန်များနှင့် အခြားစားသောက်ပစ္စည်းများသည် နံရံများ၊ ကြမ်းပြင်များနှင့် မျက်နှာကြက်များကဲ့သို့ ပြုလုပ်သူလိုအပ်သည်။ ယင်းတို့သည်အမှန်မှာ သာမန်အရာမျှသာဖြစ်သည်။ သာမန်အရာမျှပင် ပြုလုပ်သူလိုအပ်လျှင် ရှုပ်ထွေးနက်နဲသောအရာများသည် ပြုလုပ်သူဉာဏ်ကြီးရှင်ပို၍ပင် မလိုအပ်ပေလော။
ကျွန်ုပ်တို့၏ အံ့မခန်းဖွယ်စကြဝဠာ
၃၊ ၄။ ဘုရားသခင်တည်ရှိကြောင်းကို သိရှိရန် စကြဝဠာသည် ကျွန်ုပ်တို့အားမည်သို့ ထောက်ကူသနည်း။
၃ နာရီတစ်လုံးသည် ပြုလုပ်သူလိုအပ်သည်။ ရာစုတစ်ခုပြီးတစ်ခု နေနှင့်ယင်းကိုစက္ကန့်ပိုင်းအထိ တိကျမှန်ကန်စွာဂြိုဟ်များ လည်ပတ်နေသည့် ပိုမိုရှုပ်ထွေးသော အနန္တနေအဖွဲ့အစည်းကိုကော မည်သို့ဆိုမည်နည်း။ ကျွန်ုပ်တို့နေထိုင်သော အံ့မခန်းဖွယ်ကြယ်မှုန်စုဖြစ်သည့် ကြယ်သန်းပေါင်း ၁၀၀,၀၀၀ ကျော်ပါဝင်သည့် နဂါးငွေ့တန်းကောမည်သို့နည်း။ ညပိုင်းတွင်သင်ရပ်တန့်၍ နဂါးငွေ့တန်းကို ငေးမျှော်ကြည့်ဖူးသလော။ သင်အံ့သြမိသလော။ သို့ဖြစ်လျှင်၊ ကျွန်ုပ်တို့၏နဂါးငွေ့တန်းကဲ့သို့ အရေအတွက်မသိသည့် ကြယ်မှုန်စုသန်းထောင်ပေါင်းများစွာပါဝင်သည့် အံ့ဖွယ်ကျယ်ပြောလှသည့် စကြဝဠာကြီးကို စဉ်းစားကြည့်လိုက်ပါ။ ကောင်းကင်အဖွဲ့အစည်းသည် လှုပ်ရှားမှုတွင် ရာစုနှစ်ချီလျက် တိကျလွန်းလှသောကြောင့်လည်း ယင်းတို့ကို တိကျသောနာရီများပမာ ခိုင်းနှိုင်းခဲ့ကြပြီ။
၄ သာမန်ဖြစ်သောနာရီတစ်လုံးသည် ပြုလုပ်သူရှိကြောင်းတင်ပြလျှင် အတိုင်းအဆမရှိ ပိုမိုရှုပ်ထွေးသော၊ အံ့မခန်းဖွယ်စကြဝဠာသည် ပုံစံတီထွင်သူနှင့် ပြုလုပ်သူတည်ရှိကြောင်းကို ပြသနေသည်။ ထို့ကြောင့်ပင် သမ္မာကျမ်းစာက ကျွန်ုပ်တို့အား ‘အထက်သို့မျှော်ကြည့်ကြလော့’ ဟုဖိတ်ခေါ်ကာ “ဤအရာတို့ကို အဘယ်သူဖန်ဆင်းသနည်း” ဟုမေးသည်။ အဖြေမှာ “ထိုသူ [ဘုရားသခင်] သည်သူတို့အလုံးအရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့်ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့်ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲမနေရ” ဟူ၍ဖြစ်သည်။ (ဟေရှာယ ၄၀:၂၆) ထို့ကြောင့်၊ စကြဝဠာတည်ရှိရခြင်းသည် မျက်မြင်မရ၊ ထိန်းချုပ်ထားသူ၊ ဉာဏ်ကြီးရှင် ဘုရားသခင်ကြောင့်သာဖြစ်သည်။
ပြိုင်ဘက်မရှိသောမြေကြီးပုံစံ
၅-၇။ မြေကြီးသည် ပုံစံထုတ်လုပ်သူရှိကြောင်း ယင်းနှင့်စပ်လျဉ်း၍ မည်သည့်အချက်က တင်ပြသနည်း။
၅ သိပ္ပံပညာရှင်များသည် မြေကြီးကိုလေ့လာလေလေ ယင်းသည်လူနေထိုင်ရန်အတွက် သူမတူထူးခြားစွာ ပုံစံထုတ်လုပ်ထားကြောင်း သိလာလေလေဖြစ်သည်။ ယင်းသည် အလင်းရောင်နှင့် အပူကိုရရှိရန် နေမှအကွာအဝေးအနေတော်ပင်ဖြစ်သည်။ တစ်နှစ်လျှင်တစ်ကြိမ် ယင်းသည် တိမ်းစောင်းမှုအနေတော်ဖြင့် နေကိုပတ်ကာ မြေကြီးဒေသအများတွင် ရာသီဥတုများကို ဖြစ်ပေါ်စေသည်။ မြေကြီးကိုယ်နှိုက်သည်လည်း မိမိ၏ဝင်ရိုးပေါ်တွင် ၂၄ နာရီတစ်ကြိမ်ကျလည်ပတ်ခါ အလင်းနှင့်အမှောင် ပုံမှန်အချိန်များကို ဖြစ်ပေါ်စေသည်။ ယင်းတွင် ကျွန်ုပ်တို့ရှူရှိုက်ရန်နှင့် လဟာပြင်မှ အန္တရာယ်ရှိသည့်ရောင်ခြည်များမှ ကာကွယ်မှုရရန် ဓာတ်ငွေ့များအနေတော် ပေါင်းစပ်ထားသည့် လေထုရှိသည်။ ယင်းတွင် အစားအစာစိုက်ပျိုးနိုင်ရန် အရေးပါသောရေနှင့် မြေသြဇာလည်းရှိသည်။
၆ ပေါင်းစပ်လုပ်ဆောင်လျက်ရှိသော ထိုအရာများနှင့် အခြားအရာများမရှိဘဲ အသက်ရှင်နိုင်မည်မဟုတ်ချေ။ ယင်းတို့အားလုံးသည် မတော်တဆဖြစ်ခြင်းလော။ Science News စာစောင်က “ထိုသို့သောအရာများနှင့် တိကျမှန်ကန်သောအခြေအနေများသည် အမှတ်မဲ့ဖြစ်ပေါ်လာရန် ခဲယဉ်းပုံရသည်” ဟုဆိုထားသည်။ မှန်သည်၊ အမှတ်မဲ့ဖြစ်ပေါ်မလာနိုင်ပါ။ ယင်းတို့သည် ထိပ်တန်းပုံစံထုတ်လုပ်သူ၏ ရည်ရွယ်ချက်ဖြင့်ထုတ်လုပ်မှုဖြစ်သည်။
၇ အကယ်၍သင်သည် ကောင်းမွန်သောအိမ်တစ်လုံးသို့ဝင်လျက် ထိုတွင် အစားအစာများ ရက်ရောစွာသိုလှောင်ထားကာ အပူနှင့် လေအေးစနစ်များရှိပြီး ရေရရှိရန်အတွက်လည်း တပ်ဆင်ထားသည်ကို မြင်တွေ့ရလျှင် သင်မည်သို့ကောက်ချက်ချမည်နည်း။ သူ့ဟာသူဖြစ်လာသည်ဟု ဆိုမည်လော။ ဆိုမည်မဟုတ်ချေ၊ ဉာဏ်ပညာရှိသော သူတစ်ဦးသည် ပုံစံထုတ်လုပ်ပြီး ဂရုတစိုက်ဖြင့်ပြုလုပ်ထားကြောင်း သင်အမှန်ပင် ကောက်ချက်ချပေမည်။ ကမ္ဘာကိုလည်း ထိုတွင်နေထိုင်သူများ လိုအပ်ချက်ကိုဖြည့်စွက်နိုင်ရန် ဂရုတစိုက်ဖြင့်ပုံစံထုတ်လုပ်၊ ပြုလုပ်ထားကာ မည်သည့်အိမ်ထက်မဆို ပိုမိုရှုပ်ထွေး၊ သာလွန်လေသည်။
၈။ ဘုရားသခင်သည် ကျွန်ုပ်တို့အားမေတ္တာပါပါ ဂရုစိုက်ကြောင်း ပြသသည့် မြေကြီးနှင့်စပ်လျဉ်း၍ အခြားအဘယ်အရာရှိသေးသနည်း။
၈ ထို့ပြင်၊ အသက်ရှင်ရာတွင် ပျော်ရွှင်မှုကို ထပ်လောင်းစေသည့် အရာများစွာကို သုံးသပ်ကြည့်ပါ။ လူသားများနှစ်သက်သော ရနံ့သင်းထုံနေသည့် လှပသောရောင်စုံပန်း အမျိုးမျိုးကိုကြည့်လိုက်ပါ။ ကျွန်ုပ်တို့ကို အရသာရှိစေလှသည့် အစာအမျိုးမျိုးလည်းရှိသည်။ မျက်စိကိုကြည်နူးစေသော သစ်တောများ၊ တောင်များ၊ ရေကန်များနှင့် အခြားဖန်ဆင်းရာများလည်းရှိသည်။ ကျွန်ုပ်တို့၏ဘဝပျော်ရွှင်မှုကို တိုးပွားစေသည့် လှပသောနေဝင်ဆည်းဆာကော မည်သို့ဆိုမည်နည်း။ တိရစ္ဆာန်လောကတွင်လည်း ခွေးကလေးများ၊ ကြောင်ကလေးများနှင့် အခြားတိရစ္ဆာန်ငယ်ကလေးများ၏ ဆော့ကစားသည့်အပြုအမူနှင့် ချစ်စရာအသွင်အပြင်များကြောင့် ကျွန်ုပ်တို့ မရွှင်လန်းပေလော။ အသက်ရှင်ရန် မရှိမဖြစ်မဟုတ်သော်လည်း ရွှင်လန်းဖွယ်စိတ်လှုပ်ရှားစရာများစွာကို ကမ္ဘာကပေးထားသည်။ ဤအရာများက လူတို့ကိုထည့်သွင်းစဉ်းစားလျက် မေတ္တာဖြင့်မြေကြီးကိုပုံစံထုတ်ထားကြောင်း တင်ပြကာ ကျွန်ုပ်တို့သည်အသက်ရှင်ရုံသာမဟုတ်ဘဲ ဘဝကိုပျော်မွေ့ရန်အတွက်ဖြစ်သည်။
၉။ မြေကြီးကိုမည်သူဖန်ဆင်းပြီး အဘယ်ကြောင့်ယင်းကိုပြုလုပ်ရသနည်း။
၉ ထို့ကြောင့်၊ လျောက်ပတ်သောကောက်ချက်မှာ ဤအရာခပ်သိမ်းကို ပေးတော်မူရှင်သည် ယေဟောဝါဘုရားသခင်ဖြစ်ကြောင်း ကျမ်းရေးသူဆိုသကဲ့သို့ အသိအမှတ်ပြုရန်ဖြစ်သည်– “ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။” အဘယ်ရည်ရွယ်ချက်အတွက်နည်း။ ဘုရားသခင်ကို ဤသို့ဖော်ပြပြီးသူအဖြေပေးခဲ့သည်– “မြေကြီးကိုပြုပြင်ဖန်ဆင်း၍ အမြဲတည်စေတော်မူသောအရှင်၊ အချည်းနှီးဖန်ဆင်းသည်မဟုတ်၊ သတ္တဝါနေစရာဖို့ဖန်ဆင်းတော်မူ . . . ၏။”—ဟေရှာယ ၃၇:၁၆; ၄၅:၁၈။
အံ့ဖွယ်သက်ရှိဆဲလ်
၁၀၊ ၁၁။ သက်ရှိဆဲလ်တစ်ခုသည် အဘယ်ကြောင့်ဤမျှ အံ့ဖွယ်ဖြစ်ရသနည်း။
၁၀ သက်ရှိအရာများကောမည်သို့နည်း။ ယင်းတို့လည်း ပြုလုပ်သူ မလိုအပ်ပေလော။ ဥပမာ၊ သက်ရှိဆဲလ်အနည်းငယ်၏ အံ့ဖွယ်ကဏ္ဍများကို သုံးသပ်ကြည့်ပါ။ သူ၏စာအုပ် Evolution: A Theory in Crisis, တွင် မော်လီကျူးဆိုင်ရာဇီဝဗေဒပညာရှင် မိုက်ကယ် ဒဲန်တန်က “ယနေ့မြေကြီးပေါ်ရှိ သက်ရှိများတွင် အရိုးရှင်းဆုံး ဘက်တီးရီးယားဆိုင်ရာဆဲလ်များပင် အလွန်အမင်းရှုပ်ထွေးသော အရာများဖြစ်သည်။ အသေးငယ်ဆုံးဘက်တီးရီးယားဆိုင်ရာဆဲလ်များသည် မယုံကြည်နိုင်လောက်အောင် သေးငယ်သော်လည်း . . . တစ်ခုစီသည် ရှုပ်ထွေးသောမော်လီကျူးဆိုင်ရာ ယန္တရား၏ ကောင်းစွာပုံစံထုတ်လုပ်ထားသည့် အစိတ်အပိုင်းပေါင်းထောင်ချီပါဝင်သည့် သေးငယ်လှသော စက်ရုံတစ်ခုအမှန်ပင်ဖြစ်သည်၊ . . . လူတို့တည်ဆောက်ခဲ့သော မည်သည့်စက်ရုံထက်မဆို ပိုမိုရှုပ်ထွေးကာ သက်မဲ့လောကတွင် လုံးဝပြိုင်ဘက်မရှိဖြစ်သည်။”
၁၁ ဆဲလ်တစ်ခုစီတွင်ရှိသော ဗီဇနှင့်စပ်လျဉ်း၍ သူဤသို့ဆိုသည်– “DNA ၏အကြောင်းအရာ သိုလှောင်နိုင်စွမ်းသည် အခြားစနစ်များထက် များစွာသာလွန်သည်၊ ယင်းသည်မည်မျှတတ်စွမ်းနိုင်သနည်းဟူမူ လူကဲ့သို့ရှုပ်ထွေးသော အစိတ်အပိုင်းကိုဖော်ပြရန် တစ်ဂရမ်၏သန်းတစ်ထောင်ပုံတစ်ပုံသာသာပင် မလေးချေ . . . အသက်ယန္တရားမော်လီကျူး၏တတ်စွမ်းမှု၊ ရှုပ်ထွေးမှုနှင့်ယှဉ်လိုက်လျှင် ကျွန်ုပ်တို့၏အတိုးတက်ဆုံး [ထုတ်လုပ်မှု] ပင် ခနော်ခနဲ့ဖြစ်သွားသည်။ ကျွန်ုပ်တို့ နှိမ့်ချခံလိုက်ရသည်။”
၁၂။ သိပ္ပံပညာရှင်တစ်ဦးသည် ဆဲလ်၏မူလနှင့်စပ်လျဉ်း၍ မည်သို့ဆိုသနည်း။
၁၂ ဒဲန်တန်ကဆက်လက်၍ “အရိုးရှင်းဆုံးဆဲလ်၏ရှုပ်ထွေးမှုသည် မည်မျှကြီးမားသနည်းဟူမူ ယင်းကိုယုတ္တိမတန်သောဖြစ်ရပ်ကြောင့် ရုတ်တရက်ဖြစ်ပေါ်လာသည်ဟု ယူဆရန်မဖြစ်နိုင်ချေ။” ၎င်းတွင် ပုံစံရေးဆွဲသူနှင့် ပြုလုပ်သူတစ်ဦးရှိရန်လိုအပ်သည်။
ကျွန်ုပ်တို့၏ မယုံနိုင်ဖွယ်ဦးနှောက်
၁၃၊ ၁၄။ ဦးနှောက်သည် သက်ရှိဆဲလ်ထက် အဘယ်ကြောင့်ပို၍ အံ့သြဖွယ်ဖြစ်သနည်း။
၁၃ ဤသိပ္ပံပညာရှင်ကဆက်၍ “ရှုပ်ထွေးမှုတွင် ဆဲလ်တစ်ခုစီသည် နို့တိုက်သတ္တဝါ၏ ဦးနှောက်နှင့်နှိုင်းယှဉ်သောအခါ ဘာမှမဟုတ်တော့ချေ။ လူ့ဦးနှောက်တွင် အာရုံကြောဆဲလ်သန်းပေါင်း တစ်သောင်းခန့်ပါဝင်သည်။ အာရုံကြောတစ်ခုစီသည် ဦးနှောက်တွင်းရှိ အခြားအာရုံကြောများနှင့် အဆက်အသွယ်ပြုလုပ်သော ဆက်သွယ်ရေးအမျှင် တစ်သောင်းမှ တစ်သိန်းအထိရှိသည်။ လူ့ဦးနှောက်တွင် ဆက်သွယ်ထားမှုစုစုပေါင်း သန်းပေါင်းသန်းတစ်ထောင်ရှိသည်” ဟုပြောသည်။
၁၄ ဒဲန်တန်ကဆက်၍ဆိုသည်– “အကယ်၍ ဦးနှောက်ထဲမှ ဆက်သွယ်ထားမှုတစ်ရာပုံတစ်ပုံကို သီးခြားဖွဲ့စည်းလျှင်ပင် မြေကြီးပေါ်ရှိ ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးစနစ်အားလုံးထက် ပိုမိုကြီးမားသော စနစ်ဖြစ်နေပေမည်။” ထို့နောက် သူကဤသို့မေးသည်။ “ထိုသို့သောအစီအစဉ်စနစ်များကို အမှတ်တမဲ့ဖြစ်ပေါ်စေနိုင်ပါမည်လော။” အဖြေမှာ မဖြစ်ပေါ်နိုင်ကြောင်းထင်ရှားသည်။ ဦးနှောက်ကို ဂရုတစိုက်ပုံစံထုတ်လုပ်သူနှင့် ပြုလုပ်သူရှိရမည်။
၁၅။ ဦးနှောက်နှင့်ပတ်သက်၍ အခြားသူများသည် အဘယ် ကောက်ချက်များချကြသနည်း။
၁၅ လူ့ဦးနှောက်သည် အတိုးတက်ဆုံးကွန်ပျူတာများကိုပင် ရိုးရိုးလေးဖြစ်သွားစေသည်။ သိပ္ပံစာရေးဆရာ မော်တန် ဟန့်က ဤသို့ဆိုသည်– “ကျွန်ုပ်တို့၏တက်ကြွသောအမှတ်သညာသည် ခေတ်ပေါ်ကြီးမားသော သုတေသနကွန်ပျူတာများထက် အဆသန်းထောင်ပေါင်းများစွာပိုမို၍ အချက်အလက်များကို သိုမှီးထားသည်။ ထို့ကြောင့်ဦးနှောက်ခွဲစိတ်ကုဆရာဝန် ရောဘတ် ဂျေ၊ ဝှိုက်ကဤသို့ကောက်ချက်ချသည်။ “ကျွန်တော့်အနေနဲ့ လူတွေနားလည်ဖို့အလှမ်းဝေးတဲ့ မယုံနိုင်ဖွယ်ဦးနှောက်နဲ့စိတ်ဆက်သွယ်မှုကို ပုံစံထုတ်လုပ်ဖြစ်ပေါ်စေတဲ့ ဉာဏ်ကြီးရှင်တစ်ဦး တည်ရှိနေတာကို အသိအမှတ်ပြုရုံကလွဲပြီး တခြားမရှိတော့ဘူး။ . . . ဒါတွေအားလုံးဟာ အမြော်အမြင်ရှိရှိအစပြုခဲ့ပြီး တစ်ဦးဦးကအဲဒါကိုဖြစ်ပေါ်စေတယ်ဆိုတာ ကျွန်တော်ယုံကိုယုံရတယ်။” ထိုပုဂ္ဂိုလ်သည် ဂရုစိုက်သောသူလည်းဖြစ်ရမည်။
သူမတူထူးခြားသည့်သွေးစနစ်
၁၆-၁၈။ (က) သွေးစနစ်သည် မည်သို့သောနည်းလမ်းများတွင် သူမတူထူးခြားသနည်း။ (ခ) ကျွန်ုပ်တို့မည်သည့် ကောက်ချက်ချသင့်သနည်း။
၁၆ အာဟာရနှင့်အောက်စီဂျင်ကို ပို့ဆောင်ကာ ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးသော သူမတူထူးခြားသည့် သွေးစနစ်ကိုလည်း သုံးသပ်ပါ။ ဤစနစ်တွင် အဓိကပါဝင်သည့် သွေးနီဥဆဲလ်များနှင့်စပ်လျဉ်း၍ ABC’s of the Human Body စာအုပ်ကဤသို့ဆိုသည်– “သွေးတစ်စက်တည်းတွင် သီးခြားသွေးဆဲလ်ပေါင်း သန်း ၂၅၀ ကျော်ပါဝင်သည်။ . . . ကိုယ်ခန္ဓာတွင်ယင်းတို့သန်းပေါင်း ၂၅ သန်းပါဝင်ကာ ဖြန့်လိုက်ပါက တင်းနစ်ကစားကွင်းလေးခုကို ဖုံးအုပ်နိုင်သည်။ . . . စက္ကန့်တိုင်းတွင် ဆဲလ်အသစ်သုံးသန်းနှုန်းဖြင့် ပြန်လည်အစားထိုးသည်။”
၁၇ သွေးစနစ်၏နောက်အစိတ်အပိုင်းဖြစ်သော သွေးဖြူဥဆဲလ်များနှင့်စပ်လျဉ်း၍ ဤသို့ဆက်၍ပြောပြသည်– “သွေးနီဥဆဲလ်သည် တစ်မျိုးသာရှိသော်လည်း သွေးဖြူဥဆဲလ်များသည် ပုံစံအမျိုးမျိုးဖြင့်လာကာ တစ်မျိုးစီသည် ကိုယ်ခန္ဓာတိုက်ပွဲတွင် ခြားနားစွာ တိုက်ခိုက်နိုင်စွမ်းရှိပေသည်။ ဥပမာ၊ တစ်မျိုးသည် ဆဲလ်အသေများကို ဖျက်ဆီးပစ်သည်။ အခြားအမျိုးအစားများသည် ဗိုင်းရပ်ဆန့်ကျင်ပဋိပစ္စည်းများကို ထုတ်လုပ်ကာ မျိုးခြားပစ္စည်းများကို အဆိပ်ပြေစေခြင်း သို့မဟုတ် ဘက်တီးရီးယားများကို ဝါးမျို၊ ချေဖျက်လိုက်ခြင်းများကိုပြုသည်။”
၁၈ မည်မျှအံ့သြဖွယ်၊ အဆင့်မြင့်မားစွာ ဖွဲ့စည်းထားသော စနစ်ပါတကား။ အစီအစဉ်ကျနစွာတပ်ဆင်ထား၍ စေ့စေ့စပ်စပ်ကာကွယ်ထားသည့် မည်သည့်အရာမဆိုတွင် အမှန်ပင်အလွန်အမြော်အမြင်ရှိ၍ ဂရုစိုက်သော ဖွဲ့စည်းရှင်ဖြစ်သည့် ဘုရားသခင်ရှိရပေမည်။
အခြားအံ့ဖွယ်များ
၁၉။ မျက်စိကိုလူလုပ်ကိရိယာများနှင့် နှိုင်းယှဉ်သောအခါ အသို့နည်း။
၁၉ လူ့ကိုယ်ခန္ဓာတွင် အခြားအံ့ဖွယ်များရှိသည်။ တစ်ခုမှာမျက်စိဖြစ်ပြီး မည်မျှအဆင့်မြင့်မားစွာ ပုံစံထုတ်လုပ်ထားသနည်းဟူမူ မည်သည့်ကင်မရာမှ ပုံတူမပြုလုပ်နိုင်ချေ။ နက္ခတ္တဗေဒပညာရှင် ရောဘတ် ဂျက်စ်ထရိုက– “မျက်စိကိုပုံစံထုတ်လုပ်ထားကြောင်း ထင်ရှားသည်။ မည်သည့်မှန်ပြောင်းပုံစံထုတ်လုပ်သူမှ သာလွန်နိုင်မည်မဟုတ်ချေ” ဟုဆိုသည်။ Popular Photography စာစောင်ကဤသို့ဆိုသည်။ “လူ့မျက်စိသည် ဖလင်ထက်အသေးစိတ်ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် မြင်တွေ့ရသည်။ ၎င်းတို့သည် အတိုင်းအတာသုံးမျိုးဖြင့်မြင်ကာ ကျယ်ပြန့်လှသော ရှုထောင့်မှဖြစ်၍ လိမ်ကောက်ခြင်းမရှိဘဲ အဆက်မပြတ်ရွေ့ရှားနေသည်။ . . . ကင်မရာကိုလူ့မျက်စိဖြင့် နှိုင်းယှဉ်ခြင်းသည် မျှတသောပုံဥပမာမဟုတ်ချေ။ လူ့မျက်စိသည်လူ့လက်ဖြစ် မည်သည့်ပစ္စည်း၊ ကွန်ပျူတာ သို့မဟုတ် ကင်မရာထက်မဆို များစွာသာလွန်သော ပကတိမဟုတ်သော ဉာဏ်ပညာ၊ အချက်အလက်စွမ်းရည်၊ အမြန်နှုန်း၊ လုပ်ဆောင်ပုံနည်းပါဝင်သည့် မယုံနိုင်ဖွယ် အဆင့်မြင့်ကွန်ပျူတာနှင့် ပို၍တူသည်။
၂၀။ လူ့ခန္ဓာ၏အခြားအံ့ဖွယ်ရာများကား အဘယ်နည်း။
၂၀ ကျွန်ုပ်တို့လုပ်ဆောင်စရာမလိုဘဲ ရှုပ်ထွေးသောကိုယ်ခန္ဓာအစိတ်အပိုင်းများအားလုံး ပူးပေါင်းလုပ်ဆောင်ပုံကိုလည်း စဉ်းစားကြည့်ပါ။ ဥပမာ၊ ကျွန်ုပ်တို့သည် မိမိတို့ဝမ်းဗိုက်ထဲသို့ အစာရေစာအမျိုးမျိုးထည့်သွင်းကြသည်။ သို့တိုင်ခန္ဓာသည် ယင်းတို့ကိုအဆင့်ဆင့်လုပ်ဆောင်သွားကာ စွမ်းအင်ကိုထုတ်လုပ်ပေးသည်။ မော်တော်ကားဓာတ်ဆီတိုင်ကီထဲသို့ အရာအမျိုးမျိုးထည့်ကာ မည်မျှအထိ ယင်းသွားနိုင်မည်ကို ကြည့်ပါ။ မြတ်နိုးဖွယ်ကလေးကိုဖြစ်ပေါ်စေသည့် အံ့ဖွယ်မွေးဖွားခြင်းရှိသေးကာ ကိုးလထဲနှင့် သူ၏မိဘများပုံတူထွက်လာသည်။ ရှုပ်ထွေးသောဘာသာစကားကို ပြောဆိုရန် သင်ယူနိုင်သည့် ငယ်ရွယ်သည့် ကလေးတစ်ဦး၏စွမ်းရည်ကောအသို့နည်း။
၂၁။ ခန္ဓာကိုယ်၏အံ့ဖွယ်များကို သုံးသပ်သောအခါ ကျိုးကြောင်းဆင်ခြင်တတ်သူများ မည်သို့ပြောကြသနည်း။
၂၁ မှန်သည်၊ လူ့ခန္ဓာအတွင်းရှိ ရှုပ်ထွေးသောဖန်ဆင်းရာများက ကျွန်ုပ်တို့ကိုအံ့မခန်းဖွယ်များနှင့် ပြည့်စေသည်။ မည်သည့်အင်ဂျင်နီယာမှ ယင်းတို့ကိုပုံတူ မထုတ်လုပ်နိုင်ပေ။ ယင်းတို့သည် ကြက်ကန်းဆန်အိုးတိုးခြင်းမျှသာလော။ မဟုတ်သည်မှာသေချာသည်။ သို့အစား၊ လူ့ခန္ဓာ၏အံ့ဖွယ်လက္ခဏာများကို သုံးသပ်လိုက်သောအခါ ဆင်ခြင်တတ်သူများသည် ဆာလံဆရာကဲ့သို့ဆိုပေမည်– “အကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော်မူသောအမှုတို့သည် အံ့သြဖွယ်ဖြစ် . . . ပါ၏။”—ဆာလံ ၁၃၉:၁၄။
ဗိသုကာချုပ်
၂၂၊ ၂၃။ (က) ဖန်ဆင်းရှင်တည်ရှိမှုကို ကျွန်ုပ်တို့အဘယ်ကြောင့် အသိအမှတ်ပြုသင့်သနည်း။ (ခ) ဘုရားရှင်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက မည်သို့မှန်ကန်စွာဆိုသနည်း။
၂၂ သမ္မာကျမ်းစာက– “အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ဘုရားသခင်ပေတည်း” ဟုဖော်ပြထားသည်။ (ဟေဗြဲ ၃:၄) မည်သည့်အိမ်မဆို၊ မည်မျှရိုးရိုးလေးဖြစ်ပါစေ ဆောက်လုပ်သူရှိရမည်၊ သို့ဖြစ်လျှင် မြေကြီးပေါ်တွင် များလှစွာသော သက်ရှိအမျိုးမျိုးအပါအဝင် ပိုမိုရှုပ်ထွေးသော စကြဝဠာသည်လည်း ဆောက်လုပ်သူရှိရမည်။ လေယာဉ်များ၊ ရုပ်မြင်သံကြားများနှင့် ကွန်ပျူတာစသည်တို့ကို တီထွင်သူရှိကြောင်း ကျွန်ုပ်တို့အသိအမှတ်ပြုလျှင် ထိုသို့သောအရာများကိုပြုလုပ်ရန် လူများအား ဦးနှောက်ပေးသည့် ပုဂ္ဂိုလ်တည်ရှိကြောင်းကိုလည်း ကျွန်ုပ်တို့ အသိအမှတ် မပြုသင့်ပေလော။
၂၃ သမ္မာကျမ်းစာက ကိုယ်တော်အား “မိုးကောင်းကင်ကိုဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့်မြေကြီးထဲကဖြစ်သမျှတို့ကို ခင်းကျင်းတော်မူထသော၊ မြေကြီးပေါ်မှာရှိသောသူတို့အား အသက်ကို . . . ပေးတော်မူသောဘုရားသခင် [“ယေဟောဝါ၊” ကဘ]” ဟုခေါ်ထားသည်။ (ဟေရှာယ ၄၂:၅) သမ္မာကျမ်းစာ မှန်ကန်စွာဆိုသည်မှာ– “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။”—ဗျာဒိတ် ၄:၁၁။
၂၄။ ဘုရားသခင်တည်ရှိကြောင်း ကျွန်ုပ်တို့မည်သို့ သိရှိနိုင်သနည်း။
၂၄ မှန်သည်၊ ဘုရားသခင်ရှိကြောင်းကို ကိုယ်တော်ဖန်ဆင်းခဲ့သည့် အရာများအားဖြင့် ကျွန်ုပ်တို့သိရှိနိုင်သည်။ “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။”—ရောမ ၁:၂၀။
၂၅၊ ၂၆။ အရာတစ်ခုကိုအလွဲအသုံးပြုသည့်အတွက် ယင်းသည်ပြုလုပ်သူမရှိကြောင်း အဘယ်ကြောင့်ငြင်းခုံဖွယ်မဟုတ်သနည်း။
၂၅ ပြုလုပ်ထားသည့်အရာတစ်ခုကို အလွဲသုံးသည့်အတွက် ယင်းကိုပြုလုပ်သူမရှိဟု မဆိုလိုချေ။ လေယာဉ်တစ်စင်းကို ခရီးသည်တင်လေယာဉ်အဖြစ် ငြိမ်းချမ်းသောရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သည်။ သို့သော်ယင်းကို ဗုံးကြဲလေယာဉ်အဖြစ် ဖျက်ဆီးမှုအတွက်လည်း အသုံးပြုနိုင်သေးသည်။ ယင်းကိုသေမင်းတမန်အဖြစ်အသုံးပြုသည့်အတွက် ၎င်းကိုပြုလုပ်သူမရှိဟုမဆိုလိုချေ။
၂၆ အလားတူပင်၊ လူများသည် ဆိုးသွမ်းလာလေ့ရှိသည့်အတွက် သူတို့ကိုပြုလုပ်သူမရှိ၊ ဘုရားသခင်မရှိဟု မဆိုလိုချေ။ ထို့ကြောင့်၊ သမ္မာကျမ်းစာက မှန်ကန်စွာပင် ဤသို့သုံးသပ်ထားသည်– “သင်တို့သည် ဖောက်ပြန်ကြသည်တကား။ အိုးထိန်းသမားကို အိုးမြေကဲ့သို့ မှတ်ရမည်လော။ လုပ်အပ်သောအရာသည် လုပ်တတ်သောသူကိုရည်မှတ်၍ ‘ဤသူသည် ငါ့ကိုမလုပ်’ ဟုဆိုရမည်လော။ ဖန်ဆင်းအပ်သောအရာသည် ဖန်ဆင်းတတ်သောသူကိုရည်မှတ်၍ ‘ဤသူ၌ ပညာအတတ်မရှိ’ ဟုဆိုရမည်လော။”—ဟေရှာယ ၂၉:၁၆။
၂၇။ ဆင်းရဲဒုက္ခနှင့်စပ်လျဉ်း၍ မေးခွန်းကို ဘုရားသခင်ဖြေကြားရန် အဘယ်ကြောင့်ကျွန်ုပ်တို့ မျှော်လင့်နိုင်သနည်း။
၂၇ ဖန်ဆင်းရှင်သည် မိမိပြုလုပ်ခဲ့သည့် အံ့ဖွယ်ရှုပ်ထွေးမှုအားဖြင့် မိမိ၏ဉာဏ်ပညာကို ပြသတော်မူခဲ့ပြီ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအမှန်ပင် ဂရုစိုက်ကြောင်း မြေကြီးအားနေထိုင်ရန် အနေတော်ဖြစ်အောင် ပြုလုပ်ခြင်း၊ ကျွန်ုပ်တို့၏ခန္ဓာနှင့်စိတ်များကို အံ့ဖွယ်ပြုလုပ်ထားခြင်း၊ ကျွန်ုပ်တို့ခံစားနိုင်ရန် ကောင်းမြတ်သည့်အရာများစွာ ပြုလုပ်ပေးခြင်းအားဖြင့် ပြသခဲ့သည်။အောက်ပါကဲ့သို့သောမေးခွန်းများ၏ အဖြေကိုကိုယ်တော်ဖော်ပြခြင်းဖြင့် အလားတူဉာဏ်ပညာနှင့် ဂရုစိုက်မှုကိုအမှန်ပင်ပြသပေမည်။ ဘုရားရှင်သည် အဘယ်ကြောင့်ဒုက္ခဆင်းရဲကို ခွင့်ပြုရသနည်း။ ယင်းတို့ကိုကိုယ်တော် ဘာလုပ်မည်နည်း။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ကာကွယ်ပေးသောလေထုအပါအဝင် မြေကြီးသည် ဂရုစိုက်တော်မူသည့်ဘုရားသခင်က ကျွန်ုပ်တို့အတွက် ပုံစံထုတ်လုပ်ထားသော ထူးခြားသည့် အိမ်တစ်လုံးဖြစ်သည်
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
ဘဝကို ကျွန်ုပ်တို့ ပြည့်ပြည့်ဝဝပျော်မွေ့နိုင်ရန် မြေကြီးကို မေတ္တာပါပါဖြင့် ပြုလုပ်ထားသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
‘ဦးနှောက်တစ်ခုတွင် မြေကြီးပေါ်ရှိ ဆက်သွယ်ရေးစနစ် အားလုံးထက် ပိုမိုသောချိတ်ဆက်မှုများ ပါဝင်သည်။’—မော်လီကျူးဆိုင်ရာ ဇီဝဗေဒပညာရှင်
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
“မျက်စိကို ပုံစံထုတ်လုပ်ထားကြောင်း ထင်ရှားသည်။ မည်သည့် မှန်ပြောင်းပုံစံထုတ်လုပ်သူမှ သာလွန်နိုင်မည်မဟုတ်ချေ။”—နက္ခတ္တဗေဒပညာရှင်