သက္ကရာဇ်နေ့စွဲများ
အဓိပ္ပာယ်သတ်မှတ်ချက်– သက္ကရာဇ်နေ့စွဲများသည် အခြင်းအရာဖြစ်ပျက်သောအချိန်ကို မှတ်သားသည်။ သမ္မာကျမ်းစာ၌ ပုဂ္ဂိုလ်များ၏သက်တမ်း၊ မင်းအချို့စိုးစံရာကာလ စသောမှတ်သားဖွယ်ဖြစ်ရပ်များဆိုင်ရာ သက္ကရာဇ်များကို ဖော်ပြထားသည်။ အာဒံဖန်ဆင်းခံရသည့်အချိန်အထိ နောက်ကြောင်းပြန်သည့် တစ်ခုတည်းသောပြည့်စုံသည့်သက္ကရာဇ်စဉ်ပါဝင်သည်။ သမ္မာကျမ်းစာသက္ကရာဇ်စဉ်သည် ဘုရားသခင့်ရည်ရွယ်ချက်ကိုပြည့်စုံစေသော အရေးပါအခြင်းအရာများဖြစ်ပျက်မည့်အချိန်ကိုလည်း ကြို၍ထောက်ပြသည်။ ကမ္ဘာတစ်လွှား လူကြိုက်များသောဂရက်ဂရီပြက္ခဒိန်ကို ၁၅၈၂ ခုရောက်မှ သုံးလာကြသည်။ ရှေးသမိုင်းဖြစ်ရပ်များဆိုင်ရာသက္ကရာဇ်များနှင့်ပတ်သက်၍ လောကီပညာရှင်များ သဘောကွဲလွဲကြ၏။ သို့ရာတွင် ဗာဗုလုန်ကျဆုံးသောသက္ကရာဇ် ဘီ.စီ.အီး. ၅၃၉၊ ထိုမှတစ်ဆင့်၊ ဂျူးများပြည်ပြန်သောသက္ကရာဇ် ဘီ.စီ.အီး. ၅၃၇ စသောသက္ကရာဇ်တို့သည် အတည်ပြုပြီးဖြစ်သည်။ (ဧဇ. ၁:၁-၃) ထိုသက္ကရာဇ်များကိုမူတည်လျှင် ကျမ်းစာပါရှေးဟောင်းနှောင်းဖြစ်များ၏သက္ကရာဇ်များကို ခေတ်ပြက္ခဒိန်နည်းဖြင့် ဖော်ထုတ်နိုင်ပေသည်။
ကမ္ဘာပေါ်လူသားရောက်လာသည်မှာ သမ္မာကျမ်းစာဆိုသည့်အတိုင်း အနှစ်ထောင်လောက်သာမဟုတ်၊ အနှစ်သန်းပေါင်းများစွာရှိပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များ သက်သေပြခဲ့ပြီလော
သိပ္ပံပညာရှင်များသုံးသောသက်တမ်းတွက်နည်းများမှာ ယူဆချက်များပေါ် ဆောက်တည်ထားပြီး ထိုယူဆချက်များသည် အသုံးဝင်သော်လည်း များသောအားဖြင့် အလွန်အမြီးအမောက်မတည့်သောရလဒ်များ ရစေနိုင်သည်။ ထို့ကြောင့် သိပ္ပံပညာရှင်များပေးသောသက္ကရာဇ်များကို အမြဲလိုလိုပြန်လည်ပြင်ဆင်ရသည်။
၁၉၈၂၊ မတ်လ ၁၈ ရက်နေ့ထုတ် သိပ္ပံပညာရှင်သစ်၌ ဤသို့ဖတ်ရသည်– “‘မနှစ်တုန်းကပဲ ကျွန်တော်ဟိုလိုပြောခဲ့ပါလားဆိုတာကိုပြန်တွေးပြီး ခေါင်းနားပန်းကြီးခဲ့မိတယ်။’ လွန်ခဲ့သောသောကြာနေ့၊ တော်ဝင်အဖွဲ့ညနေစောင်းဟောပြောပွဲ၌ ရစ်ချပ်လီကီက လေးစားအပ်သောပရိသတ်ကြီးရှေ့ ထိုသို့ပြောကြားခဲ့သည်။ ထိုဟောပြောပွဲသို့ သူတက်ရောက်ခဲ့ခြင်းမှာ မကြာသေးမီက မိမိ၏ လူသားဖန်တီးခြင်း ဟူသော ဘီဘီစီရုပ်မြင်သံကြားအခန်းဆက်တစ်ခု၌ အားမာန်နှင့်ထောက်ခံခဲ့သော လူတကာယုံကြည်ချက်မှာ ‘အဓိကကျသောအပိုင်းတော်တော်များများတွင် မှားကောင်းမှားမည်’ ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံရန် ဖြစ်သည်။ အထူးသဖြင့်၊ လူသား၏ရှေးအကျဆုံးသောဘိုးဘေးဘီဘင်သည် ရုပ်မြင်သံကြားတွင် မိမိအင်တိုက်အားတိုက်အဆိုသွင်းထောက်ခံခဲ့သူထက် အနှစ်သန်းပေါင်း ၁၅ မှ ၂၀ ပို၍အသက်ငယ်နေသည်ကို သူယခုသိမြင်ခဲ့လေပြီ။”—စ. ၆၉၅။
အခါအားလျော်စွာ အသစ်အသစ်သောသက်တမ်းတွက်နည်းများ ပေါ်ပေါက်လာ၏။ သို့သော် ၎င်းတို့ မည်မျှအထိအားထားလောက်သနည်း။ ၎င်းတို့အနက် တစ်ခုဖြစ်သော အပူကြောင့်အလင်းတောက်ခြင်း တွက်နည်းနှင့်ပတ်သက်၍ ဗြိတိန်စွယ်စုံကျမ်းသစ် (၁၉၇၆၊ ကျမ်းကြီး၊ အတွဲ ၅၊ စ. ၅၀၉) က ဤသို့ဆို၏– “ယခုအချိန်၌ အပူကြောင့်အလင်းတောက်ခြင်းတွက်နည်းသည် မျှော်လင့်ချက်ဖြင့်သာ ပြည့်ဝနေသည်။ အောင်မြင်မှုဖြင့်မဟုတ်။” သိပ္ပံ (၁၉၈၁၊ ဩဂုတ် ၂၈၊ စ. ၁၀၀၃) ကလည်း အေမီနိုအက်ဆစ် ရေဆီမစ်ဒြပ်ပေါင်းဖြစ်စေခြင်း တွက်နည်းအရ၊ သက်တမ်း ၇၀,၀၀၀ နှစ်ရှိသောအရိုးစုတစ်ခုသည် ရေဒီယိုသတ္တိကြွတွက်နည်းအရ၊ နှစ်ပေါင်း ၈,၃၀၀ သို့မဟုတ် ၉,၀၀၀ သာရှိသည်ကိုတွေ့ရကြောင်း တင်ပြ၏။
ခေတ်စားသိပ္ပံ (၁၉၇၉၊ နိုဝင်ဘာလ၊ စ. ၈၁) က ရူပဗေဒပညာရှင် ရောဘတ်ဂျင်ထရီအနေနှင့် “ရေဒီယိုသတ္တိကြွယိုယွင်းခြင်းနည်းဖြင့် တွက်ချက်ပိုင်းဖြတ်သောသက်တမ်းအားလုံး မှားချင်မှားနေမည်ဖြစ်ကြောင်း၊—နှစ်အနည်းငယ်သာမဟုတ်၊ အကြီးအကျယ်လွဲမှားခြင်းဖြစ်နိုင်သည်ဟု ယုံကြည်ကြောင်း” တင်ပြ၏။ ယင်းဆောင်းပါးက သူ၏တွေ့ရှိချက်ကိုထောက်၍ “ကမ္ဘာပေါ်တွင် လူသားသွားလာခဲ့သောအချိန်သည် အနှစ် ၃ ဒသမ ၆ သန်းမရှိ၊ ထောင်ဂဏန်းအနည်းငယ်လောက်သာတည်ရှိဟန်တူသည်” ဟု မှတ်ချက်ချရတော့မည်ဖြစ်ကြောင်း ရေးသားထားသည်။
သို့တစေ၊ ကမ္ဘာ့သက်တမ်းသည် လူ့သက်တမ်းထက် အဆပေါင်းများစွာရှည်လျားကြောင်း သိပ္ပံပညာရှင်များယုံကြည်ကြသည် ဟူသောအချက်ကို သတိပြုသင့်သည်။ သမ္မာကျမ်းစာက ယင်းအချက်ကိုမကန့်ကွက်ချေ။
သမ္မာကျမ်းစာပါ ရေလွှမ်းမိုးမှုအကြိုခေတ်ကလူတို့၏သက်တမ်းများသည် ယနေ့ကျွန်ုပ်တို့သုံးသောနည်းဖြင့် တွက်သလော
သူတို့၏ “နှစ်” သည် ကျွန်ုပ်တို့၏လနှင့်ညီမျှသည်ဟုယူလျှင် ဧနုတ်သည် ခုနစ်နှစ်အရွယ်တွင် ဖခင်ဖြစ်လာပြီး ကာဣနန်လည်း ငါးနှစ်အရွယ်တွင် သားတစ်ယောက်ရလေပြီ။ (က. ၅:၉၊ ၁၂) ဘယ်နည်းနှင့်မျှမဖြစ်နိုင်။
ရေလွှမ်းမိုးခြင်းဆိုင်ရာအသေးစိတ်သက္ကရာဇ်စဉ်က ထိုစဉ်ကနှစ်နှင့်လများ၏အရှည်ကိုပြသည်။ ကမ္ဘာဦး ၇:၁၁၊ ၂၄ ကို ၈:၃၊ ၄ နှင့်နှိုင်းယှဉ်သောအခါ ဒုတိယလ ၁၇ ရက်နေ့မှ သတ္တမလ ၁၇ ရက်နေ့အထိ၊ ငါးလတာသည် ရက်ပေါင်း ၁၅၀၊ သို့မဟုတ် ရက် ၃၀ စီရှိသောငါးလနှင့်ညီမျှကြောင်းသိရသည်။ “ဒသမလ” အကြောင်းကို တိတိကျကျပြောပြီးနောက်ပိုင်း အခြားအချိန်ပိုင်းများအကြောင်းကိုလည်း ဆက်လက်ညွှန်းဆိုသည့်နောက်မှသာ နောက်တစ်နှစ်အကြောင်းကိုဖော်ပြသည်။ (က. ၈:၅၊ ၆၊ ၈၊ ၁၀၊ ၁၂-၁၄) သူတို့၏တစ်နှစ်သည် ရက် ၃၀ စီရှိသောလပေါင်း တစ်ဆယ့်နှစ်လရှိသည်မှာသိသာသည်။ ရှေးအချိန်ကတည်းက လကိုအတိအကျလိုက်သော သူတို့၏လပြက္ခဒိန်ကို နေနှစ်၏အတိုင်းအရှည်နှင့်ကိုက်အောင် အခါအားလျော်စွာ ညှိလာခဲ့ကြပေသည်။ ဣသရေလလူမျိုးများ ရာသီပွဲတော်များကို ရက်စွဲအတိအကျလိုက်၍ကျင်းပကြသည်ကိုထောက်၍ ထိုအချက်ကိုသိနိုင်သည်။ ထိုသို့ညှိယူမှသာ ရာသီပွဲတော်များသည် အစဉ်သဖြင့်ရာသီနှင့်လိုက်ဖက်မည်ဖြစ်သည်။—ဝတ်. ၂၃:၃၉။
လူကိုထာဝစဉ်အသက်ရှင်ဖို့ ဘုရားသခင်ဖန်ဆင်းခဲ့ကြောင်း သတိရပါ။ အာဒံ့အပြစ်ကြောင့်သာလူသေရသည်။ (က. ၂:၁၇; ၃:၁၇-၁၉; ရော. ၅:၁၂) ရေလွှမ်းမိုးခြင်းမတိုင်မီကလူတို့သည် စုံလင်ခြင်းနှင့်ပို၍နီးကပ်သဖြင့် ယနေ့ကျွန်ုပ်တို့ထက် ပို၍အသက်ရှည်၏။ သို့သော် သူတို့ယောက်တိုင်း အနှစ်တစ်ထောင်အတွင်း သေရသည်ချည်းပင်။
ယေဟောဝါသက်သေများက ၁၉၁၄ တွင် ဘုရားသခင့်နိုင်ငံတော်တည်ထောင်ခဲ့ပြီဟု အဘယ်ကြောင့်ဆိုကြသနည်း
သာဓကနှစ်ရပ်ကထိုနှစ်ကိုထောက်ပြပါသည်။ (၁) သမ္မာကျမ်းစာသက္ကရာဇ်စဉ်နှင့် (၂) ၁၉၁၄ ခုနှစ်နောက်ပိုင်းပရောဖက်ပြုချက်ကိုပြည့်စုံစေသောအဖြစ်အပျက်များ။ ဤတွင် သက္ကရာဇ်စဉ်ကိုသာ ကျွန်ုပ်တို့သုံးသပ်မည်။ ပရောဖက်ပြုချက်ပြည့်စုံချက်အကြောင်းကိုမူ “နောက်ဆုံးကာလ” ဟူသော အဓိကခေါင်းစဉ်ကိုကြည့်ပါ။
ဒံယေလ ၄:၁-၁၇၊ (သမ္မာ) ကိုဖတ်ပါ။ အခန်းငယ် ၂၀-၃၇ က ဤပရောဖက်ပြုချက်သည် နေဗုခဒ်နေဇာပေါ် တစ်ကြိမ်ပြည့်စုံခဲ့ကြောင်းပြ၏။ သို့ရာတွင် သာ၍ကြီးသောပြည့်စုံချက်တစ်ရပ်ရှိသေးကြောင်းကိုလည်းပြ၏။ မည်သို့သိနိုင်သနည်း။ အခန်းငယ် ၃ နှင့် ၁၇ က နေဗုခဒ်နေဇာဘုရင်အား ဘုရားသခင် ပေးတော်မူသောထိုအိပ်မက်မှာ ဘုရားသခင့်နိုင်ငံတော်နှင့်လည်းကောင်း၊ ထိုနိုင်ငံကို “ပေးလိုသောသူအားပေးသဖြင့် နှိမ့်ချသူကိုပင်ချီးမြှင့်” မည်ဟူသောကတိတော်နှင့်လည်းကောင်း ပတ်သက်ကြောင်းပြဆိုပေသည်။ သမ္မာကျမ်းစာတစ်အုပ်လုံးက ယေဟောဝါ၏ရည်ရွယ်ချက်မှာ မိမိ၏သားတော်ယေရှုခရစ်အား မိမိကိုယ်စားလှယ်တော်အဖြစ် လူသားများပေါ် အုပ်စိုးစေရန်ဖြစ်ကြောင်း ပြဆို၏။ (ဆာ. ၂:၁-၈; ဒံ. ၇:၁၃၊ ၁၄; ၁ ကော. ၁၅:၂၃-၂၅; ဗျာ. ၁၁:၁၅; ၁၂:၁၀) ယေရှုနှင့်ပတ်သက်သောသမ္မာကျမ်းစာဖော်ပြချက်အရ ယေရှုသည် ‘အနှိမ့်ချဆုံးသောသူ’ ဖြစ်ကြောင်းသိနိုင်သည်။ (ဖိ. ၂:၇၊ ၈; မ. ၁၁:၂၈-၃၀) သို့ဖြစ်၍ ပရောဖက်ပြုချက်နှင့်ဆိုင်ရာ ဤအိပ်မက်က လူသားများပေါ်အုပ်ချုပ်ခွင့်အာဏာကို သားတော်အား ယေဟောဝါအပ်နှင်းမည့်အချိန်ကို တင်ကြိုပြညွှန်နေခြင်းဖြစ်ပေသည်။
ဤစပ်ကြားကာလတွင်ဘာဖြစ်မည်နည်း။ သစ်ပင်နှင့်၎င်း၏အမြစ်ဖြင့်ပုံဆောင်သော လူသားပေါ်အုပ်စိုးခြင်းသည် “တိရစ္ဆာန်စိတ်သဘောနှင့်ပြည့်စုံ” လျက်နေမည်ဖြစ်သည်။ (ဒံ. ၄:၁၆) သားရဲလက္ခဏာရှိသောအစိုးရများက လူ့ရာဇဝင်ကိုစိုးမိုးလျက်နေမည်ဖြစ်၏။ ယခုခေတ်၌ ဝက်ဝံသည် ရုရှား၊ လင်းယုန်သည် အမေရိကန်၊ ခြင်္သေ့သည် ဗြိတိန်၊ နဂါးသည် တရုတ်နိုင်ငံကို အသီးသီးပုံခိုင်းကြသည်။ သမ္မာကျမ်းစာလည်း လောကီအစိုးရများနှင့် စာတန့်လက်အောက်ရှိ ကမ္ဘာချီလူ့အုပ်ချုပ်ရေးစနစ်တစ်ခုလုံးကို သားရဲများဖြင့်ပုံခိုင်း၏။ (ဒံ. ၇:၂-၈၊ ၁၇၊ ၂၃; ၈:၂၀-၂၂; ဗျာ. ၁၃:၁၊ ၂) စနစ်ဆုံးခန်းကိုပြသောပရောဖက်ပြုချက်၌ ယေရှုမိန့်ဆိုသည့်အတိုင်း၊ “တစ်ပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလမပြည့်စုံမီတိုင်အောင် ယေရုရှလင်မြို့ကိုခြေနှင့်နင်းကြလိမ့်မည်။” (လု. ၂၁:၂၄) “ယေရုရှလင်မြို့” ၌နန်းစံသောဘုရင်များသည် “ထာဝရဘုရား၏ နိုင်ငံတော်ရာဇပလ္လင်ပေါ်မှာ” ထိုင်သည်ဟုဆိုသောကြောင့် ထိုမြို့သည် ဘုရားသခင့်နိုင်ငံတော်ကို ကိုယ်စားပြု၏။ (၁ ရာ. ၂၈:၄၊ ၅; မ. ၅:၃၄၊ ၃၅) ထို့ကြောင့် သားရဲများဖြင့်ပုံခိုင်းသော တစ်ပါးအမျိုးသားအစိုးရများသည် ဘုရားသခင့်နိုင်ငံတော်၏လူ့ရေးလူ့ရာစီမံကွပ်ကဲပိုင်ခွင့်ကို “ခြေနှင့်နင်း” လျက်ကျူးကျော်ပြီး စာတန့်လက်ကိုင်တုတ်အဖြစ် ကိုယ်တိုင်စိုးမိုးကြမည်ဖြစ်သည်။—လုကာ ၄:၅၊ ၆ နှင့်နှိုင်းယှဉ်။
နိုင်ငံတော်ကိုယေရှုခရစ်အား ယေဟောဝါမအပ်နှင်းမီ ထိုအစိုးရများအားမည်မျှတာရှည်စွာ စိုးမိုးခွင့် ပေးတော်မူမည်နည်း။ ဒံယေလ ၄:၁၅ က “ခုနစ်နှစ်” ဟုဆို၏။ (အခန်းငယ် ၁၆၊ သမ အရ၊ “ကာလခုနစ်ခု။” သမ္မာ အရ၊ “ခုနစ်နှစ်”) သမ္မာကျမ်းစာအရ၊ ပရောဖက်ပြုချက်ဆိုင်ရာကာလကို တွက်ချက်ရာ၌ တစ်ရက်ကိုတစ်နှစ်အဖြစ်ယူသည်။ (ယေဇ. ၄:၆; တော. ၁၄:၃၄) သို့ဖြစ်၍ ‘ရက်ပေါင်း’ မည်မျှပါဝင်သနည်း။ ဗျာဒိတ် ၁၁:၂၊ ၃ က ၄၂ လ (၃ နှစ်ခွဲ) ကို အရက် ၁,၂၆၀ အဖြစ်ရေတွက်ကြောင်း ရှင်းလင်းစွာတင်ပြပေသည်။ ခုနစ်နှစ်သည် ၎င်း၏နှစ်ဆ သို့မဟုတ် အရက် ၂,၅၂၀ ဖြစ်မည်။ ‘တစ်ရက်ကိုတစ်နှစ်’ ဟူသောစည်းမျည်းကိုလိုက်လျှင် အနှစ် ၂,၅၂၀ ကိုရလိမ့်မည်။
အဘယ်အချိန်မှစ၍ “ခုနစ်နှစ်” ကိုရေတွက်သနည်း။ ပုံဆောင်သောဘုရားသခင့်နိုင်ငံတော်၏နောက်ဆုံးဘုရင် ဇေဒကိကို ဗာဗုလုန်လူတို့က ယေရုရှလင်မြို့ရှိနန်းပလ္လင်ပေါ်မှဖယ်ရှားသည့်နောက်မှရေတွက်၏။ (ယေဇ. ၂၁:၂၅-၂၇) ဘီ.စီ.အီး. ၆၀၇ ခုတွင် ဂျူးတို့၏အချုပ်အခြာအာဏာ၏နောက်ဆုံးအစအနသည် ပျောက်ပျက်ခဲ့လေသည်။ ထိုအချိန်၌ ဗာဗုလုန်လူတို့ခန့်ခဲ့သော ဂျူးဘုရင်ခံ ဂေဒလိသည် လုပ်ကြံခံခဲ့ရပြီဖြစ်၏။ ကြွင်းသောဂျူးတို့သည်လည်း အီဂျစ်သို့တိမ်းရှောင်ခဲ့ကြလေပြီ။ (ယေရမိအခန်းကြီး ၄၀-၄၃) အားထားလောက်သောသမ္မာကျမ်းစာသက္ကရာဇ်စဉ်အရ၊ ဂျူးတို့သုံ့ပန်းဘဝမှ ပြည်ပြန်ရာနှစ်၊ ဘီ.စီ.အီး. ၅၃၇ ခု မတိုင်မီ အနှစ် ၇၀ က ထိုအခြင်းအရာများဖြစ်ပျက်ခဲ့သည်။ ဆိုလိုသည်မှာ ဘီ.စီ.အီး. ၆၀၇၊ အောက်တိုဘာလဆန်းတွင် ဖြစ်ပျက်ခဲ့သည်။ (ယေ. ၂၉:၁၀; ဒံ. ၉:၂; နောက်ထပ်အသေးစိတ်သိလိုလျှင် “နိုင်ငံတော်လာပါစေသော” (လိပ်) စာအုပ်၊ စာမျက်နှာ ၁၈၆-၁၈၉ ကိုရှု။)
သို့ဖြစ်လျှင် ၁၉၁၄ ခုရောက်အောင်မည်သို့တွက်ချက်သနည်း။ အထက်ပါကားချပ်တင်ပြသည့်အတိုင်း ဘီ.စီ.အီး. ၆၀၇၊ အောက်တိုဘာလဆန်းမှစ၍ အနှစ် ၂,၅၂၀ ကိုရေတွက်လျှင် ၁၉၁၄၊ အောက်တိုဘာလဆန်းသို့ဆိုက်ရောက်၏။
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
“ကာလခုနစ်ခု” ကိုတွက်ချက်ခြင်း
“ကာလခုနစ်ခု” = ၇ × ၃၆၀ = ၂,၅၂၀ နှစ်
ကျမ်းစာ၏တစ် “ကာလ” (ဝါ) နှစ် = ၁၂ × ၃၀ ရက် = ၃၆၀ (ဗျာ. ၁၁:၂၊ ၃; ၁၂:၆၊ ၁၄)
“ကာလခုနစ်ခု” ၏ပြည့်စုံချက်၌ တစ်ရက်သည် တစ်နှစ်နှင့်ညီမျှ၏။ (ယေဇ. ၄:၆; တော. ၁၄:၃၄)
ဘီ.စီ.အီး. ၆၀၇၊ အောက်တိုဘာလဆန်းမှ ဘီ.စီ.အီး. ၆၀၇၊ ဒီဇင်ဘာလ ၃၁ အထိ = ၁/၄ နှစ်
ဘီ.စီ.အီး. ၆၀၆၊ ဇန်နဝါလ ၁ မှ ဘီ.စီ.အီး. ၁၊ ဒီဇင်ဘာလ ၃၁ အထိ = ၆၀၆ နှစ်
စီ.အီး. ၁၊ ဇန်နဝါရီလ ၁ မှ စီ.အီး. ၁၉၁၃၊ ဒီဇင်ဘာလ ၃၁ အထိ =၁၉၁၃ နှစ်
၁၉၁၄၊ ဇန်နဝါရီလ ၁ မှ ၁၉၁၄၊ အောက်တိုဘာ လဆန်း အထိ = ၃/၄ နှစ်
စုစုပေါင်း ၂,၅၂၀ နှစ်
ထိုအချိန်တွင်ဘာဖြစ်ခဲ့သနည်း။ ယေဟောဝါသည် ကောင်းကင်၌ဘုန်းပွင့်ပြီဖြစ်သော မိမိသားတော်ယေရှုခရစ်အား လူသားများပေါ်အုပ်စိုးခွင့်အပ်နှင်းတော်မူသည်။—ဒံ. ၇:၁၃၊ ၁၄။
သို့မှန်လျှင် ကမ္ဘာပေါ် ဆိုးသွမ်းမှုအဘယ်ကြောင့်ဤမျှများပြားလျက်ရှိနေသေးသနည်း။ ခရစ်တော်နန်းတက်သည့်နောက် စာတန်နှင့်သူ၏နတ်ဆိုးများကို ကောင်းကင်မှမြေကြီးသို့ပစ်ချခဲ့လေသည်။ (ဗျာ. ၁၂:၁၂) ဘုရင်ခရစ်တော်သည် ယေဟောဝါ၏အချုပ်အခြာအာဏာတော်နှင့် မိမိ၏မေရှိယအဖြစ်ကိုငြင်းပယ်သူတို့အား ချက်ချင်းဖျက်ဆီးတော်မမူခဲ့။ သို့ပြုမည့်အစား၊ ကြိုတင်မိန့်တော်မူသည့်အတိုင်း ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းတစ်ရပ်ဆောင်ရွက်ရန်ဖြစ်သည်။ (မ. ၂၄:၁၄) ဘုရင်အဖြစ် ကိုယ်တော်တိုင်ကြပ်မတ်လျက် လူမျိုးအားလုံးကိုခွဲခြားတော်မူ၏။ ဖြောင့်မတ်သူတို့အား ထာဝရအသက်ရှင်ခွင့်ကိုပေး၍ လူဆိုးအား သေခြင်း၌ ထာဝရဖြတ်တောက်ခြင်းအဖြစ်သို့ပို့တော်မူမည်။ (မ. ၂၅:၃၁-၄၆) စပ်ကြားကာလ၌ “နောက်ဆုံးကာလ” အတွက်ကြိုဟောထားသည့် အလွန်ခက်ခဲသောအခြေအနေများ လွှမ်းမိုးလျက်နေလိမ့်မည်။ “နောက်ဆုံးကာလ” ဟူသောခေါင်းစဉ်၌ ဖော်ပြသည့်အတိုင်း ၁၉၁၄ မှစ၍ ထိုအခြင်းအရာများ ထင်ရှားပေါ်လွင်လျက်ရှိလေပြီ။ ၁၉၁၄ တွင်အသက်ရှင်သောလူမျိုးဆက်ထဲမှ နောက်ဆုံးပုဂ္ဂိုလ်များမကွယ်လွန်မီ လက်ရှိလောကဆိုးဇာတ်သိမ်းရာ “ကြီးစွာသောဒုက္ခ” အပါအဝင် ကြိုဟောခဲ့သမျှအရာများဖြစ်ပျက်လိမ့်မည်။—မ. ၂၄:၂၁၊ ၂၂၊ ၃၄။
အဘယ်အခါ ဤလောကဆိုး ဆုံးခန်းတိုင်မည်နည်း
ယေရှုဤသို့ဖြေကြားခဲ့သည်– “ထိုနေ့ရက်အချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်တို့မသိ။ သားတော်လည်းမသိ။ ခမည်းတော်တစ်ပါးတည်းသာသိတော်မူ၏။” သို့သော် အောက်ပါအတိုင်းလည်းမိန့်တော်မူ၏– “ငါအမှန်ဆိုသည်ကား ယခုရှိသောလူတို့ [“လူမျိုးဆက်၊” ကဘ။ နောက်ဆုံးကာလ၏ “နိမိတ်” စတင်ဖြစ်ပေါ်ချိန်၌ အသက်ရှင်နေသူများ] မလွန်မသွားမီ ထိုအကြောင်းအရာအလုံးစုံဖြစ်ကြလိမ့်မည်။”—မ. ၂၄:၃၆၊ ၃၄၊ သမ္မာ။
ထို့ပြင်၊ ဗျာဒိတ် ၁၂:၁၂ က၊ ၁၉၁၄ ခု ယေရှုခရစ်လက်တော်အတွင်း နိုင်ငံတော်တည်ထောင်သည့်နောက်၌ ဖြစ်ပျက်မည့်အခြင်းအရာများအကြောင်း ရေးသားပြီးနောက် ထပ်ဆင့်၍ဤသို့တင်ပြ၏– “ကောင်းကင်နှင့်ကောင်းကင်သားတို့ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား မာရ်နတ်သည် မိမိကာလတစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသောဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ဆင်းလေပြီ။”