မိစ္ဆာပရောဖက်
အဓိပ္ပာယ်သတ်မှတ်ချက်– မိမိတို့ကြွေးကြော်သောသတင်းသည် လူ့ထက်သာလွန်သူထံမှလာသည်ဟုဆိုသော်လည်း ဘုရားစစ်ထံမှမဟုတ်၊ ဗျာဒိတ်အလိုတော်နှင့်လည်းမညီညွတ်ပါက ထိုသတင်းကိုကြွေးကြော်သောသူများ၊ အဖွဲ့အစည်းများသည် မိစ္ဆာပရောဖက်ပင်တည်း။
ပရောဖက်အစစ်နှင့်အတုကို မည်သို့ဝေခွဲနိုင်သနည်း
ပရောဖက်စစ်တို့သည် မိမိတို့ယေရှုကိုယုံကြည်ကြောင်း လူသူသိစေကြသည်။ သို့သော် ယေရှုနာမတော်ဖြင့် ဟောပြောပါသည်ဟုဆိုရုံနှင့်မလုံလောက်ပါ
၁ ယော. ၄:၁-၃၊ သမ္မာ– “ချစ်သူတို့၊ ဝိညာဉ် [“မှုတ်သွင်းခံမြွက်ဆိုချက်၊” ကဘ] တိုင်းကို မယုံကြနှင့်။ [“မှုတ်သွင်းခံမြွက်ဆိုချက်များ”] သည် ဘုရားသခင်နှင့်စပ်ဆိုင်သည် [“ဘုရားသခင်ထံတော်မှလာသည် မလာသည်၊” ကဘ] ကို စုံစမ်းကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကထဲသို့ထွက်သွားကြပြီ။ ဘုရားသခင်၏ [“မှုတ်သွင်းခံမြွက်ဆိုချက်များ”] ကိုအဘယ်သို့သိနိုင်သနည်းဟူမူကား၊ ယေရှုခရစ်သည် လူ့ဇာတိဖြင့်ကြွလာတော်မူပြီဟုဝန်ခံသော [“မှုတ်သွင်းခံမြွက်ဆိုချက်”] တိုင်းသည် ဘုရားသခင် [“ထံတော်မှလာ”၊ ကဘ] ၏။ ယေရှုကိုဝန်မခံသော [“မှုတ်သွင်းခံမြွက်ဆိုချက်များ”] မည်သည်ကား ဘုရားသခင်နှင့်မစပ်ဆိုင်။”
မ. ၇:၂၁-၂၃– “သခင် သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကိုဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား သခင် သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် [“နာမတော်ဖြင့်၊” ကဘ] ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ . . . ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အား အတည့်အလင်းငါပြောမည်။”
ပရောဖက်စစ်တို့သည် ဘုရားသခင့်နာမတော်ဖြင့် မြွက်ဆိုကြ၏။ သို့တစေ၊ကိုယ်တော်ကို ကိုယ်စားပြုပါသည်ဟုဆိုရုံနှင့်မလုံလောက်
တရား. ၁၈:၁၈-၂၀၊ သမ္မာ– “သူတို့အမျိုးသားချင်းတို့အထဲမှ သင် [မောရှေ] နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍ ထိုပရောဖက်နှုတ်၌ ငါ့စကားကိုသွင်းထားသဖြင့် ငါမှာထားသမျှကို သူတို့အား ဆင့်ဆိုရလိမ့်မည်။ ထိုပရောဖက်သည် ငါ့နာမနှင့်ဟောပြောသောငါ့စကားများကို အကြင်သူသည် နားမထောင်ဘဲနေအံ့၊ ထိုသူကို ငါအပြစ်ပေးမည်။ ငါမမှာထားဘဲ၊ ငါ့နာမနှင့်ရဲရင့်စွာဟောပြောသောပရောဖက်၊ အခြားဘုရားတို့၏နာမနှင့် ဟောပြောသောပရောဖက်မူကား၊ အသေသတ်ခြင်းကိုခံရမည်။” (ယေရမိ ၁၄:၁၄; ၂၈:၁၁၊ ၁၅ တို့နှင့်နှိုင်း။)
ယေရှုက “ငါသည် ကိုယ့်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ ငါ့ခမည်းတော်သည် ငါ့အားသွန်သင်တော်မူသည်အတိုင်း ငါဟောပြောသည်” ဟု မိန့်တော်မူ၏။ (ယော. ၈:၂၈၊ သမ္မာ) “ခမည်းတော်၏နာမတော်နှင့် ငါရောက်လာ [သည်]” ဟု မိန့်တော်မူ၏။ (ယော. ၅:၄၃၊ သမ) “ကိုယ့်အလိုအလျောက်ဟောပြောသူသည် ကိုယ့်ဂုဏ်ကိုရှာ၏” ဟူ၍လည်းမိန့်တော်မူ၏။—ယော. ၇:၁၈၊ သမ။
ပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက ဘုရားသခင်ကိုကိုယ်စားပြုသည်ဟုအမည်ခံသော်လည်း ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကိုမသုံးလို၊ မိမိတို့ထင်မြင်ယူဆချက်များကိုသာ မြွက်ဆိုလေ့ရှိပါက အထက်ပါပရောဖက်စစ်၏အရေးပါသောအရည်အချင်းနှင့်ညီညွတ်မည်လော။
“ကြီးစွာသောနိမိတ်လက္ခဏာ” နှင့် “အံ့ဖွယ်သောအမှု” တို့ကိုပြုလုပ်နိုင်စွမ်းရှိသည်တိုင်အောင် ပရောဖက်စစ်ဖြစ်ကြောင်း သက်သေပြချက် ဟုတ်ချင်မှဟုတ်မည်
မ. ၂၄:၂၄– “ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင်လှည့်ဖြားလောက်အောင် ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။”
၂ သက် ၃:၉၊ ၁၀၊ သက– “ထိုအဓမ္မလူ၏လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးကိုလည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်လည်းကောင်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတရား၌မွေ့လျော်သောစိတ်ကိုမခံမယူကြ။”
တစ်ဖက်သို့ကြည့်လျှင် မောရှေသည် ယေဟောဝါ၏ညွှန်ကြားချက်အရ အံ့ဖွယ်အမှုများကိုပြုခဲ့ပေသည်။ (ထွ. ၄:၁-၉) ယေဟောဝါသည် ယေရှုအားလည်း အံ့ဖွယ်အမှုများပြုနိုင်စွမ်းကို ပေးတော်မူခဲ့သည်။ (တ. ၂:၂၂) သို့သော် သူတို့ကိုဘုရားသခင်စေလွှတ်ကြောင်း အံ့ဖွယ်အမှုများကသာ သက်သေပြသည်မဟုတ်။
ပရောဖက်စစ်တို့ဟောပြောချက်သည် ဖြစ်ပျက်လာသည်။ သို့ရာတွင် မည်သည့်အချိန်မည်သည့်နည်းဖြင့် ဖြစ်ပျက်လာမည်ကိုကား သူတို့သိချင်မှသိမည်
ဒံ. ၁၂:၉– “ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှုကုန်ရသည်ကာလတိုင်အောင် ပိတ်၍တံဆိပ်ခတ်ထားလျက်ရှိ၏။”
၁ ပေ. ၁:၁၀၊ ၁၁– “ပရောဖက်တို့သည် . . . ခရစ်တော်ခံတော်မူရသောဆင်းရဲကိုလည်းကောင်း၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသောဘုန်းစည်းစိမ်ကိုလည်းကောင်း၊ . . . ဝိညာဉ်သည် သက်သေခံနှင့်သောအခါ၊ အဘယ်မည်သောသူကိုလည်းကောင်း၊ အဘယ်သို့သောအချိန်ကာလကိုလည်းကောင်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ၏။”
၁ ကော. ၁၃:၉၊ ၁၀– “ယခုမူကား၊ ငါတို့သည် မစုံမလင် သိတတ်ကြ၏။ ပရောဖက်ဉာဏ်နှင့် မစုံမလင် ဟောတတ်ကြ၏။ စုံလင်ခြင်းသို့ရောက်သောအခါမူကား မစုံလင်သမျှတို့သည် ကွယ်ပျောက်ကြလိမ့်မည်။”
သု. ၄:၁၈– “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။”
တမန်တော်များနှင့် ကနဦးခရစ်ယာန်တပည့်တော်တို့သည် မှားယွင်းသောမျှော်လင့်ချက်များရှိခဲ့ကြသော်လည်း သမ္မာကျမ်းစာက သူတို့ကို “မိစ္ဆာပရောဖက်” အဖြစ် စာရင်းမသွင်းလိုက်ပါ။—လုကာ ၁၉:၁၁; ယောဟန် ၂၁:၂၂၊ ၂၃; တမန်တော် ၁:၆၊ ၇ တို့ကိုရှု။
ပရောဖက်နာသန်က ယေဟောဝါ၏ဝတ်ပြုရေးအတွက် အိမ်တော်ဆောက်လိုသောဆန္ဒရှိသည့်အတိုင်း ပြုပါဟု ဒါဝိဒ်အား တိုက်တွန်းခဲ့သည်။ သို့ရာတွင် နောက်ပိုင်း၌ ယေဟောဝါက နာသန်အား ဒါဝိဒ်ထံသွား၍၊ အိမ်တော်ကိုဆောက်လုပ်မည့်သူမှာ သင်မဟုတ်ဟု အကြောင်းကြားစေတော်မူသည်။ ယေဟောဝါသည် စောစောပိုင်းက နာသန်ပြောခဲ့သည့်စကားကြောင့် သူ့ကိုပယ်တော်မမူခဲ့။ နာသန်သည် ယေဟောဝါ၏အလိုတော်ကို ရှင်းလင်းစွာသိရှိလာသောအခါ နှိမ့်ချစွာအမှားပြင်ခဲ့သောကြောင့် ယေဟောဝါလည်း သူ့ကို ဆက်လက်၍ အသုံးပြုတော်မူပေသည်။—၅ ရာ. ၁၇:၁-၄၊ ၁၅။
ပရောဖက်စစ်၏ကြွေးကြော်ချက်များသည် စစ်မှန်သောဝတ်ပြုရေးကိုထွန်းကားစေသည့်ပြင် ဘုရားသခင့်ဗျာဒိတ်အလိုတော်နှင့်လည်း ညီညွတ်ပေသည်
တရား. ၁၃:၁-၄– “သင်တို့တွင်ပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သောသူသည်ပေါ်လာ၍ သင်တို့မသိသောအခြားတစ်ပါးသောဘုရားကိုဆည်းကပ်၍ဝတ်ပြုကြစို့ဟုပြောဆိုလျက် နိမိတ်လက္ခဏာအံ့ဖွယ်သောအမှုကိုပေး၍ ထိုနိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုသည်ပြည့်စုံသော်လည်း၊ ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သောသူတို့၏စကားကိုနားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်သည် မချစ်သည်ကို သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် စုံစမ်းတော်မူ၏။ သင်တို့၏ဘုရားသခင် ထာဝရဘုရားနောက်တော်သို့လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကိုနားထောင်လျက် ဝတ်ပြု၍ကိုယ်တော်၌ဆည်းကပ်မှီဝဲရကြမည်။”
သမ္မာကျမ်းစာက “လောကနှင့်မိတ်ဖွဲ့သောသူတို့သည်” ဘုရားသခင့်ရန်သူဖြစ်သည်ဟုဆိုသောကြောင့် လောကီရေးရာများ၌ ပါဝင်လုပ်ဆောင်ကြရန် မိမိ၏အသင်းသားများကို တိုက်တွန်းသောဓမ္မဆရာများသည် စစ်မှန်သောဝတ်ပြုရေးထွန်းကားစေရန် ပြုရာရောက်မည်လော။ (ယာ. ၄:၄၊ သက; ၁ ယော. ၂:၁၅-၁၇) ဘုရားစစ်က “ငါသည် [“ယေဟောဝါ၊” ကဘ] ဖြစ်ကြောင်းကို [တိုင်းနိုင်ငံတို့] သိရကြလိမ့်မည်” ဟုမိန့်တော်မူ၏။ သမ္မာကျမ်းစာကလည်း “ဘုရားသခင်သည် မိမိနာမအဖို့ တစ်ပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကိုနုတ်ယူ” မည်ဟုဆို၏။ သို့သော်၊ ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို မသုံးလျှင်လည်းအရေးမကြီးဟု ဆိုသောဘာသာရေးအဖွဲ့တို့သည် အထက်ပါဗျာဒိတ်အလိုတော်နှင့်အညီ ပြုရာရောက်သလော။ (ယေဇ. ၃၈:၂၃; တ. ၁၅:၁၄) ယေရှုသည် နောက်တော်လိုက်များအား ဘုရားသခင့်နိုင်ငံတော်အတွက်ဆုတောင်းရန် သင်ကြားတော်မူခဲ့သည်။ သမ္မာကျမ်းစာကလည်း မြေကြီးသားတို့ကိုအားမကိုးနှင့်ဟု သတိပေးထားသည်ဖြစ်ရာ လူ့အုပ်ချုပ်ရေးကိုယုံကြည်စိတ်ချပါဟု လူတို့အားတိုက်တွန်းသောဓမ္မဆရာများ၊ နိုင်ငံရေးအဖွဲ့များသည် ပရောဖက်စစ်ဖြစ်ကြသလော။—မ. ၆:၉၊ ၁၀; ဆာ. ၁၄၆:၃-၆; ဗျာဒိတ် ၁၆:၁၃၊ ၁၄ နှင့်နှိုင်း။
ပရောဖက်စစ်နှင့်ပရောဖက်တုတို့အား၊ သူတို့နှင့်သူတို့၏နောက်လိုက်များအသက်တာတွင်သီးပွင့်သော အသီးအပွင့်များဖြင့် ခွဲခြားနိုင်သည်
မ. ၇:၁၅-၂၀– “အတွင်း၌ကြမ်းတမ်းသောတောခွေးဖြစ်လျက် သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာပရောဖက်တို့ကို သတိနှင့်ရှောင်ကြလော့။ ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။ . . . ကောင်းသောအပင်သည် ကောင်းသောအသီး၊ မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏အကျင့်ကိုထောက်သော် သူတို့၏သဘောကိုသိရကြလိမ့်မည်။”
သူတို့၏အသက်တာ၌ အဘယ်လက္ခဏာရပ်များထင်ရှားလျက်ရှိသနည်း။ “ဇာတိပကတိအကျင့်များ . . . မူကား၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကြူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း (“နတ်ဝိဇ္ဇာအတတ်ကိုလိုက်စားခြင်း၊” ကဘ)၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပျော်ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။ ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေမခံရကြ။ ဝိညာဉ်တော်၏အကျိုး [“အသီး၊” ကဘ] မူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”—ဂလ. ၅:၁၉-၂၃၊ သမ္မာ; ၂ ပေတရု ၂:၁-၃ ကိုလည်းရှု။
ယေဟောဝါသက်သေများသည် အယူဝါဒပိုင်း၌ မမှားခဲ့ပေလော
ယေဟောဝါသက်သေတို့သည် မှုတ်သွင်းခံပရောဖက်များဟူ၍ အမည်မခံပါ။ သူတို့မှားခဲ့ဖူးသည်။ ယေရှုခရစ်၏တမန်တော်များကဲ့သို့ မှားယွင်းသောမျှော်လင့်ချက်များ ပိုက်ခဲ့ဖူးသည်။—လု. ၁၉:၁၁; တ. ၁:၆။
သမ္မာကျမ်းစာ၌ ခရစ်တော်ရောက်ရှိခြင်းဆိုင်ရာအချိန်အကြောင်း ရေးသားဖော်ပြထားရာ ယေဟောဝါသက်သေများသည် ၎င်းအချက်အလက်များကို စိတ်ဝင်တစား လေ့လာသုံးသပ်ခဲ့ကြသည်။ (လု. ၂၁:၂၄; ဒံ. ၄:၁၀-၁၇) ယေရှုလည်း လက္ခဏာရပ်များစွာပါဝင်သော နိမိတ်တစ်ခုအကြောင်းမိန့်ဆိုခဲ့သည်။ ယင်းသည် စာတန့်စနစ်ဆိုးဆုံးခန်းကို အရှင်လတ်လတ်မြင်တွေ့မည့်လူမျိုးဆက်ကိုထောက်ပြသောပရောဖက်ပြုချက်နှင့် ဆက်စပ်လျက်ရှိမည်ဖြစ်သည်။ (လု. ၂၁:၇-၃၆) ယေဟောဝါသက်သေတို့သည် ထိုနိမိတ်ကိုပြည့်စုံစေသော သက်သေသာဓကများကို ထောက်ပြခဲ့ကြပေသည်။ တစ်စုံတစ်ခုသောအချိန်ပိုင်းကုန်ဆုံးသောအခါ ဘာဖြစ်မည်နှင့်ပတ်သက်၍ အထင်လွဲမှားခဲ့ကြသည်မှန်၏။ သို့ရာတွင် ယုံကြည်ခြင်းလက်လွှတ်လိုက်ခြင်း၊ ယေဟောဝါ၏ရည်ရွယ်တော်မူချက်ဖြစ်မြောက်သည့်အချိန်ကို သတိနှင့်မစောင့်ဆိုင်းတော့ဘဲနေခြင်း တည်းဟူသောအမှားများကိုမပြုခဲ့ကြပါ။ မိမိတို့စဉ်းစားဉာဏ်ထဲ၌ ယေရှု၏အောက်ပါသြဝါဒကို အဆက်မပြတ် ဦးထိပ်ထားခဲ့ကြပေသည်။ “သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။”—မ. ၂၄:၄၂။
အမြင်လွဲ၍အမှားပြင်ခဲ့ရသောကိစ္စများသည် သူတို့သိမြင်ဖြန့်ချိခဲ့သည့် အရေးပါသမ္မာကျမ်းစာအမှန်တရားများနှင့်ယှဉ်လျှင် သေးငယ်သည့်ကိစ္စများဖြစ်ပါသည်။ ထိုအရေးပါအမှန်တရားများအနက် အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ယေဟောဝါသည် တစ်ပါးတည်းသောဘုရားမှန်ဖြစ်သည်။ ယေရှုခရစ်သည် သုံးပါးတစ်ဆူဘုရား၏တစ်စိတ်တစ်ပိုင်းမဟုတ်ဘဲ ဘုရားသခင့်တစ်ပါးတည်းသောသားတော်ဖြစ်သည်။ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကိုယုံကြည်မှသာ အပြစ်မှကယ်တင်ခြင်းရနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ဦးမဟုတ်၊ ယေဟောဝါ၏တက်ကြွသောစွမ်းအားဖြစ်၍ စစ်မှန်သောဝတ်ပြုသူများအသက်တာ၌ ၎င်း၏အသီးများ အထင်အရှားရှိရမည်။ လူ့စိုးလ်သည် ရှေးတိတ္ထိများအဆိုအတိုင်း မသေနိုင်သောအရာမဟုတ်၊ သေတတ်သည်။ အနာဂတ်အသက်အတွက်မျှော်လင့်ချက်မှာ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ ဘုရားသခင် ဆိုးသွမ်းမှုကိုခွင့်ပြုလာခဲ့ခြင်းမှာ စကြဝဠာအချုပ်အခြာအာဏာဆိုင်ရာငြင်းခုံမှုကြောင့်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သည် လူသားတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်သည်။ ၁၉၁၄ ခုမှစ၍ ကျွန်ုပ်တို့သည် ကမ္ဘာ့ဆိုးသွမ်းသောစနစ်၏နောက်ဆုံးနေ့ရက်များအတွင်း အသက်ရှင်လျက်ရှိသည်။ သစ္စာရှိခရစ်ယာန် ၁၄၄,၀၀၀ သာ ကောင်းကင်၌ ခရစ်တော်နှင့်အတူ ဘုရင် ယဇ်ပုရောဟိတ်များပြုကြမည်ဖြစ်ပြီး နာခံသူ ကျန်လူသားတို့မှာမူ ပရဒိမြေကြီးပေါ်မှာ ထာဝရအသက်ကိုရယူကြမည်။
ယေဟောဝါသက်သေများ၏အယူဝါဒများနှင့်ပတ်သက်၍ သုံးသပ်အပ်သောအခြားအချက်မှာ– သူတို့၏သွန်သင်ချက်များသည် လူတို့၏သီလကိုမြှင့်တင်ခဲ့သလော။ သူတို့၏သွန်သင်ချက်များကို ခံယူကျင့်သုံးသူများသည် ရပ်ကွက်၌ ရိုးသားသူများအဖြစ် ထင်ရှားသလော။ ထိုသွန်သင်ချက်များကိုကျင့်သုံးသောကြောင့် အိမ်ထောင်ရေးအပေါ် ကောင်းကျိုးသက်ရောက်သလော။ ယေရှုက မိမိတပည့်များသည် အချင်းချင်းမေတ္တာရှိကြသောကြောင့် လူတို့အလွယ်တကူဝေခွဲနိုင်မည်ဟုမိန့်တော်မူ၏။ (ယော. ၁၃:၃၅) ဤအရည်အသွေးသည် ယေဟောဝါသက်သေတို့ဘောင်၌ အထင်အရှားတည်ရှိသလော။ အဖြစ်မှန်များကိုသာကြည့်ပါလေ။
တစ်စုံတစ်ယောက်က ဤသို့ပြောလျှင်—
‘ကျွန်တော့်ရဲ့ဓမ္မဆရာက ယေဟောဝါသက်သေတွေဟာ မိစ္ဆာပရောဖက်တွေပဲလို့ပြောတယ်’
ဤသို့ပြန်ပြောနိုင်သည်– ‘ကျွန်တော်မေးပါရစေ။ မိတ်ဆွေရဲ့ဓမ္မဆရာက ကျွန်တော်တို့သက်သေခံတွေ ကျမ်းစာထဲမှာပါတဲ့အတိုင်း ဘာကိုယုံ၊ ဘာကိုလုပ်လို့ ကျမ်းစာအရ မိစ္ဆာပရောဖက်တွေဖြစ်တယ်ဆိုပြီး ပြောခဲ့သလား။ . . . မိစ္ဆာပရောဖက်အကြောင်းကို သမ္မာကျမ်းစာက ဘယ်လိုပြောသလဲဆိုတာ ကျွန်တော်ထောက်ပြပါရစေ။ (ထို့နောက် စာမျက်နှာ ၂၂၁-၂၂၅ ပါ အချက်တစ်ခုနှစ်ခုကိုသုံးပါ။)’
သို့မဟုတ် ဤသို့ဆိုနိုင်သည်– ‘ဒီစွပ်စွဲချက်ဟာ သေးသေးဖွဲဖွဲမဟုတ်တော့ကာ ခိုင်လုံတဲ့သာဓကရပ် အတိအကျပြဖို့လိုမယ်ဆိုတာ မိတ်ဆွေသဘောတူမှာပဲ။ မိတ်ဆွေရဲ့ဓမ္မဆရာက သာဓကတစ်ခုခုကိုထောက်ပြသလား။ (အိမ်ရှင်က သက်သေခံများ မည်သို့မည်ပုံ “အနာဂတ်ဟော” ခဲ့သော်လည်း ဖြစ်မလာကြောင်း ညွှန်းဆိုလျှင် စာမျက်နှာ ၂၂၃၊ ၂၂၄ အောက်ပိုင်းမှ ၂၂၆ အပေါ်ပိုင်းပါအကြောင်းများကိုသုံးပါ။)’
အဖြေနောက်တစ်မျိုး– ‘တစ်ယောက်ယောက်က မိတ်ဆွေကို ဒီလိုစွပ်စွဲလို့ရှိရင် မိတ်ဆွေလဲ ယုတ်စွအဆုံး ကိုယ့်အနေအထား၊ ကိုယ့်အမြင်ကို ရှင်းလင်းတင်ပြချင်မှာပဲ။ ဟုတ်တယ်မဟုတ်လား။ . . . ဒါကြောင့် ကျမ်းစာကိုထောက်ပြီးတင်ပြပါရစေ . . . ။’