ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ပက စာ. ၂၇၂-စာ. ၂၈၁ ပိုဒ်. ၄
  • ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း
  • သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့”
  • “ယေရှုအကြောင်း သက်သေခံခြင်း”
  • “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း”
  • အဘယ်ကြောင့် “ခရစ်တော်” နောက် လိုက်ရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ဘုရားသခင့်နိုင်ငံတော် အုပ်စိုးပြီ
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
ပက စာ. ၂၇၂-စာ. ၂၈၁ ပိုဒ်. ၄

ကျွန်ုပ်တို့ကြွေးကြော်ရမည့် သတင်း

ယေဟောဝါသည် ကျွန်ုပ်တို့အား တာဝန်နှင့် ကြီးမားလှသောအခွင့်ထူးတစ်ရပ်ကို ပေးအပ်ထားကာ ဤသို့မိန့်ဆိုသည်– “သင်တို့သည် ငါ၏သက်သေဖြစ် [ပြီး] . . . ငါသည်ဘုရားသခင်ဖြစ်၏။” (ဟေရှာ. ၄၃:၁၂၊ သမ္မာ) ကျွန်ုပ်တို့သည် ယုံကြည်သူသက်သက်မျှသာမဟုတ်ကြပါ။ ဘုရားသခင့်မှုတ်သွင်းခံစကားတော်တွင်ပါရှိသည့် အရေးကြီးသော အမှန်တရားကို အများရှေ့သက်သေခံသည့် သက်သေခံများဖြစ်ကြသည်။ ကျွန်ုပ်တို့ခေတ်တွင် ဟောပြောရန် ယေဟောဝါ ကျွန်ုပ်တို့အား တာဝန်ပေးထားသည့် သတင်းတရားကား အဘယ်အရာနည်း။ ယင်းသည် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် မေရှိယနိုင်ငံတော်အပေါ် အာရုံစူးစိုက်သည်။

“ဘုရားသခင်ကိုကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့”

ခရစ်ယာန်ခေတ်မတိုင်မီ ကြာမြင့်စွာအချိန်ကတည်းက ယေဟောဝါသည် သစ္စာရှိအာဗြဟံအား “လူမျိုးအပေါင်းတို့” မိမိတို့ကိုယ်ကို ကောင်းချီးပေးရန်အတွက် အစီအစဉ်တစ်ရပ်ကို မိန့်ဆိုခဲ့သည်။ (က. ၂၂:၁၈) လူသားအားလုံးအပေါ် တင်ရှိနေသည့် အခြေခံလိုအပ်ချက်နှင့်စပ်လျဉ်း၍ “ဘုရားသခင်ကိုကြောက်ရွံ့ ၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း” ဟုရေးသားရန်လည်း ရှောလမုန်ကို မှုတ်သွင်းတော်မူခဲ့သည်။ (ဒေ. ၁၂:၁၃) သို့သော် နိုင်ငံခပ်သိမ်းတွင် နေထိုင်ကြသောလူတို့သည် ဤအရာများကို မည်သို့သင်ယူနိုင်ကြမည်နည်း။

ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ယုံကြည်ကြသူအချို့ အမြဲရှိလာခဲ့သော်လည်း သတင်းကောင်းကို လူခပ်သိမ်းတို့ထံ အမှန်ရောက်ရှိစေရမည့် ကမ္ဘာချီ အင်တိုက်အားတိုက်သက်သေခံခြင်းကို “သခင်ဘုရား၏နေ့” အတွက် သီးသန့်ထားကြောင်း သမ္မာကျမ်းစာက ဖော်ပြသည်။ ယင်းကို ၁၉၁၄ ခုနှစ်တွင် စတင်ခဲ့သည်။ (ဗျာ. ၁:၁၀) ထိုအချိန်နှင့်ပတ်သက်၍ အရေးကြီးသောကြွေးကြော်ချက်ကို ဗျာဒိတ် ၁၄:၆၊ ၇ က “အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား” ကောင်းကင်တမန်ညွှန်ကြားမှုအောက် လုပ်ဆောင်မည်ဖြစ်ကြောင်း ကြိုပြောခဲ့သည်။ သူတို့ ဤသို့တိုက်တွန်းခံရကြမည်– “ဘုရားသခင်ကိုကြောက်ရွံ့ ၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့။” ဤသတင်းတရားကို ဟောပြောရန်မှာ ဘုရားသခင့်အလိုတော်ဖြစ်သည်။ ထိုလုပ်ငန်းတွင် ပါဝင်ရခြင်းအခွင့်ထူးကို ကျွန်ုပ်တို့ရရှိထားကြပါသည်။

‘စစ်မှန်သောဘုရားသခင်။’ “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏” ဟု ယေဟောဝါ ကြေညာခဲ့သည့်အချိန်သည် ဘုရားအဖြစ်တော်အရေးကိစ္စ အငြင်းပွားခဲ့ကြသည့် အခြေအနေတွင်ဖြစ်ခဲ့သည်။ (ဟေရှာ. ၄၃:၁၀) ဟောပြောရမည့် ထိုသတင်းတရားမှာ လူတို့သည် ဘာသာတရားတစ်ခုရှိသင့်ကြောင်း သို့မဟုတ် ဘုရားတစ်ဆူကိုယုံကြည်စေရေးမျှသာမဟုတ်ချေ။ သို့အစား ကောင်းကင်နှင့်မြေကြီး၏ဖန်ဆင်းရှင်သည် တစ်ဆူတည်း စစ်မှန်သောဘုရားသခင်ဖြစ်တော်မူကြောင်း သင်ယူရန်အခွင့်အလမ်း သူတို့အား ပေးဖို့လိုအပ်သည်။ (ဟေရှာ. ၄၅:၅၊ ၁၈၊ ၂၁၊ ၂၂; ယော. ၁၇:၃) တစ်ဆူတည်း စစ်မှန်သော ဘုရားသခင်သည်သာ အနာဂတ်ကို ယုံကြည်စိတ်ချစွာ တင်ကြိုပြောနိုင်သည်။ အတိတ်တွင် ပြည့်စုံခဲ့သည့် ယေဟောဝါ၏နှုတ်ကပါဌ်စကားက ကိုယ်တော်ကတိထားရာအားလုံး အနာဂတ်တွင် ပြည့်စုံလာမည်ကို ယုံကြည်စိတ်ချရန် ခိုင်မာသောအခြေခံဖြစ်ကြောင်း ညွှန်ပြရန်မှာ ကျွန်ုပ်တို့၏အခွင့်ထူးဖြစ်ပေသည်။—ယောရှု ၂၃:၁၄; ဟေရှာ. ၅၅:၁၀၊ ၁၁။

ကျွန်ုပ်တို့သက်သေခံသည့် လူများစွာတို့သည် အခြားဘုရားများကို ဝတ်ပြုကြသည် သို့မဟုတ် အဘယ်ဘုရားကိုမျှ ဝတ်မပြုကြောင်း ပြောဆိုကြသည်။ နားထောင်လာစေရန် အပြန်အလှန် စိတ်ဝင်စားမည့်အရာတစ်ခုခုဖြင့် စတင်ဖို့လိုအပ်ပေမည်။ တမန်တော် ၁၇:၂၂-၃၁ တွင် မှတ်တမ်းတင်ထားသည့် နမူနာမှ ကျွန်ုပ်တို့ အကျိုးရရှိနိုင်ပါသည်။ တမန်တော်ပေါလုသည် လိမ္မာပါးနပ်မှုရှိသော်လည်း ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသည့် ဖန်ဆင်းရှင် ဘုရားသခင်ထံ လူသားအားလုံး စာရင်းရှင်းရမည်ကို ရှင်းလင်းစွာ ပြောဆိုခဲ့ကြောင်း သတိပြုပါ။

ဘုရားသခင့်နာမတော်ကို သိရှိစေခြင်း။ စစ်မှန်သောဘုရားသခင်ကို အမည်နာမဖြင့် ခွဲခြားဖော်ပြရန် မပျက်ကွက်ပါနှင့်။ မိမိ၏နာမတော်ကို ယေဟောဝါ ချစ်မြတ်နိုးတော်မူ၏။ (ထွ. ၃:၁၅; ဟေရှာ. ၄၂:၈) ထိုနာမတော်ကို လူတို့သိရှိစေရန် ကိုယ်တော်အလိုရှိတော်မူ၏။ မိမိ၏ ထူးမြတ်သောနာမတော်ကို အကြိမ်ပေါင်း ၇,၀၀၀ ထက်မက သမ္မာကျမ်းစာ၌ ထည့်သွင်းစေတော်မူခဲ့သည်။ ယင်းကို လူတို့သိကျွမ်းလာစေရန်မှာ ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။—တရား. ၄:၃၅။

လူသားထုတစ်ရပ်လုံး၏ အနာဂတ်အသက်တာအလားအလာမှာ ယေဟောဝါကိုသိရှိခြင်းနှင့် ကိုယ်တော်အား ယုံကြည်မှုဖြင့်ခေါ်ခြင်းအပေါ် တည်မှီသည်။ (ယောလ ၂:၃၂; မာလ. ၃:၁၆; ၂ သက်. ၁:၈) သို့တိုင် လူအများစုသည် ယေဟောဝါကို မသိရှိကြပေ။ ထိုအထဲတွင် သမ္မာကျမ်းစာ၏ဘုရားသခင်ကို ဝတ်ပြုပါသည်ဟု ဆိုကြသောသူ အတော်များများပါဝင်သည်။ သူတို့တွင် သမ္မာကျမ်းစာရှိပြီး ယင်းကိုဖတ်ကြသည့်တိုင် ခေတ်သစ် ဘာသာပြန်ကျမ်းများစွာမှ ဖယ်ထုတ်ထားသောကြောင့် ဘုရားသခင်၏ ကိုယ်ပိုင်နာမတော်ကို သူတို့မသိရှိသေးဘဲဖြစ်နိုင်သည်။ ယေဟောဝါ ဟူသည့်နာမတော်နှင့်ပတ်သက်သည့် လူအချို့ရင်းနှီးနေသည့်အရာမှာ ယင်းကို အသုံးမပြုကြနှင့်ဟု သူတို့၏ဘာသာရေးခေါင်းဆောင်များက မှာထားချက်သာဖြစ်သည်။

ဘုရားသခင့်နာမတော်နှင့် လူတို့ကို မည်သို့ကျွမ်းဝင်စေနိုင်မည်နည်း။ ယင်းနာမတော်ကို သမ္မာကျမ်းစာ၌ ဖြစ်နိုင်ပါက သူတို့၏ကိုယ်ပိုင်ကျမ်းစာတွင် ပြသခြင်းထက် ထိရောက်သောနည်းမရှိပါ။ ဘာသာပြန်ကျမ်းအချို့တွင် ထိုနာမတော်သည် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ပါရှိသည်။ အခြားကျမ်းများတွင်မူ ဆာလံ ၈၃:၁၈ သို့မဟုတ် ထွက်မြောက်ရာ ၆:၃-၆ တွင်သာ တွေ့ရှိနိုင်ပေသည်၊ သို့မဟုတ် ထွက်မြောက်ရာ ၃:၁၄၊ ၁၅ သို့မဟုတ် ၆:၃ ၏အောက်ခြေမှတ်ချက်တွင် တွေ့ ရှိနိုင်ပေမည်။ မူရင်းဘာသာစကားတွင် ဘုရားသခင်၏ကိုယ်ပိုင်နာမတော် ပါဝင်သောအခါ ဘာသာပြန်ကျမ်းများစွာတို့တွင် “သခင်” နှင့် “ဘုရားသခင်” ဟူသည့် အစားထိုးအသုံးအနှုန်းများကို ကွဲပြားသည့်ပုံနှိပ်ပုံစံစာလုံးဖြင့် ဖော်ပြကြသည်။ ခေတ်သစ် ဘာသာပြန်သူများသည် ဘုရားသခင့်ကိုယ်ပိုင်နာမတော်ကို လုံးလုံး ချန်လှပ်ထားခဲ့သည့်နေရာမျိုးတွင် ဖြစ်ပျက်ခဲ့သည့်အရာကို လူတို့အားဖော်ပြပေးရန် ဘာသာပြန်ကျမ်းဟောင်းတစ်အုပ်ကို အသုံးပြုဖို့လိုအပ်ပေမည်။ နိုင်ငံအချို့တွင် မြင့်မြတ်သောနာမတော်ကို ဘာသာရေးဓမ္မသီချင်းများတွင် သို့မဟုတ် ပြည်သူ့အဆောက်အအုံပေါ်ရှိ ကမ္ပည်းစာတို့တွင် ထောက်ပြပေးနိုင်ပေသည်။

အခြားတစ်ပါးသော ဘုရားများအား ဝတ်ပြုကိုးကွယ်ကြသူများကိုပင်လျှင် ကမ္ဘာသစ်ဘာသာပြန်ကျမ်း ရှိ ယေရမိ ၁၀:၁၀-၁၃ ကို ထိရောက်စွာ အသုံးပြုနိုင်ပေသည်။ ယင်းတွင် ဘုရားသခင်၏ နာမတော်ကိုသာမက ကိုယ်တော်သည် မည်သူဖြစ်ကြောင်းကိုပါ ရှင်းလင်းစွာ ဖော်ပြထားသည်။

ခရစ်ယာန်ဘောင် ပြုသကဲ့သို့ ယေဟောဝါဟူသည့် နာမတော်ကို “ဘုရားသခင်” နှင့် “သခင်” အစရှိသည့် အမှတ်တံဆိပ်နောက်ကွယ်တွင် ဖုံးမထားပါနှင့်။ စကားလက်ဆုံစပြောတိုင်း နာမတော်အား အသုံးပြုရမည်ဟု မဆိုလိုပါ။ စိတ်စွန်းကွက်မှုကြောင့် လူအချို့သည် ဆွေးနွေးမှုကို ဖြတ်ပစ်ကြပေမည်။ သို့သော် စကားလက်ဆုံပြောဖို့အတွက် အခြေချပြီးနောက် မြင့်မြတ်သောနာမတော်ကို အသုံးပြုဖို့ မဝံ့မရဲမဖြစ်ပါနှင့်။

သမ္မာကျမ်းစာတွင် ဘုရားသခင်၏ ကိုယ်ပိုင်နာမတော်ကို အသုံးပြုမှုသည် “သခင်” နှင့် “ဘုရားသခင်” ဟူသည့် ဂုဏ်ပုဒ်များကို အသုံးပြုသည့် အကြိမ်စုစုပေါင်းထက် ပို၍အသုံးပြုထားသည်မှာ မှတ်သားထိုက်ပေသည်။ သို့ဖြစ်သည့်တိုင် ကျမ်းရေးသူများသည် ဝါကျတိုင်းတွင် မြင့်မြတ်သောနာမတော်ကို ထည့်သွင်းဖို့ မကြိုးစားခဲ့ကြပေ။ ၎င်းကို အရှိကိုအရှိအတိုင်း၊ ဖန်တီးမှုမရှိဘဲ တလေးတစား ရေးသားခဲ့ကြသည်။ ယင်းသည် လိုက်လျှောက်ရန် စံနမူနာကောင်းတစ်ခုဖြစ်သည်။

အမည်နာမဖြင့် ခွဲခြားပြထားသောပုဂ္ဂိုလ်။ ဘုရားသခင်၌ ကိုယ်ပိုင်နာမရှိသည်ဟူသည့်အချက်က အရေးပါသောအမှန်တရားဖြစ်သော်လည်း ယင်းသည် အစမျှသာဖြစ်သည်။

ယေဟောဝါအား ချစ်မြတ်နိုးပြီး ကိုယ်တော့်အား ယုံကြည်မှုဖြင့်ခေါ်ရန် ကိုယ်တော်သည် အဘယ်သို့သောဘုရားသခင်မျိုးဖြစ်ကြောင်း လူတို့သိရှိဖို့လိုသည်။ ယေဟောဝါသည် မောရှေအား မိမိနာမတော်ကို သိနာတောင်ပေါ်တွင် သိရှိစေရာ၌ “ယေဟောဝါ” ဟူသောစကားလုံးကို ထပ်တလဲလဲပြောရုံမျှထက်မက ပြုခဲ့သည်။ မိမိ၏ထူးခြားထင်ရှားသော ဂုဏ်ရည်တော်အချို့ကို အာရုံစိုက်စေတော်မူခဲ့သည်။ (ထွ. ၃၄:၆၊ ၇) ယင်းသည် ကျွန်ုပ်တို့အတွက် တုပရန် စံနမူနာတစ်ရပ် ဖြစ်ပေသည်။

သင်သည် စိတ်ဝင်စားခါစ လူသစ်များကို သက်သေခံနေသည်ဖြစ်စေ၊ အသင်းတော်တွင် ဟောပြောချက်ပေးနေသည်ဖြစ်စေ နိုင်ငံတော်ကောင်းချီးများအကြောင်းကို ဟောပြောသည့်အခါ ထိုကတိတော်များပြုရှင် ဘုရားသခင်နှင့်ပတ်သက်၍ အဘယ်အရာကို ဖော်ပြကြောင်း ထောက်ပြပေးပါ။ ကိုယ်တော့်ပညတ်တော်များကို ရည်ညွှန်းသည့်အခါ ယင်းတို့တွင် ထင်ဟပ်ပေါ်လွင်သည့် မေတ္တာတော်နှင့် ဉာဏ်ပညာတော်ကို အလေးပေးတင်ပြပါ။ ဘုရားသခင့်တောင်းဆိုချက်များက ကျွန်ုပ်တို့ကို အခက်အခဲမရောက်စေဘဲ ကျွန်ုပ်တို့အကျိုးအတွက် စီမံထားကြောင်း ရှင်းလင်းစေပါ။ (ဟေရှာ. ၄၈:၁၇၊ ၁၈; မိ. ၆:၈) ယေဟောဝါ၏ တန်ခိုးပြသမှုတစ်ခုစီသည် ကိုယ်တော့်ဥပဓိရုပ်၊ စံနှုန်းများ၊ ရည်ရွယ်တော်မူချက်တို့နှင့်ပတ်သက်၍ တစ်ခုခုအား ထုတ်ဖော်ပြပုံကို ပြသပါ။ ယေဟောဝါသည် မိမိ၏ဂုဏ်ရည်တော်များကို ထင်ရှားစေသည့်နည်းတွင် တင်ပြခဲ့သော ဟန်ချက်ညီမှုကို အာရုံစူးစိုက်စေပါ။ လူတို့သည် ယေဟောဝါနှင့်ပတ်သက်သော သင့်ကိုယ်ပိုင်ခံစားပြောဆိုချက်များကို ကြားသိစေပါ။ ယေဟောဝါကိုချစ်သည့် သင့်မေတ္တာက အခြားသူများအား ထိုမေတ္တာမျိုးဖြစ်ပေါ်ရန် စေ့ဆော်ပေးနိုင်ပါသည်။

ကျွန်ုပ်တို့ခေတ်အတွက် ဤအရေးကြီးသတင်းသည် လူသားအားလုံး ဘုရားသခင်ကို ကြောက်ရွံ့ကြရန် တိုက်တွန်းသည်။ ကျွန်ုပ်တို့ပြောဆိုရာဖြင့် ယင်းသို့သော ဘုရားရေးရာကြောက်ရွံ့ခြင်းကို လှုံ့ဆော်ပေးရန် ကြိုးစားသင့်သည်။ ဤကြောက်ရွံ့ခြင်းသည် အကျိုးဖြစ်ထွန်းစေတတ်သော ကြောက်ရွံ့ခြင်း၊ ယေဟောဝါအား ကြောက်ရွံ့ရိုသေခြင်း၊ ကိုယ်တော်အားကြည်ညိုလေးစားခြင်း ဖြစ်သည်။ (ဆာ. ၈၉:၇) ယင်းတွင် ယေဟောဝါသည် တရားသူကြီးချုပ်ဖြစ်ပြီး ကျွန်ုပ်တို့၏ အနာဂတ်အသက်တာ အလားအလာများသည် ကိုယ်တော့်နှစ်သက်မှုကို ရရှိခြင်းအပေါ် မူတည်ကြောင်း အသိအမှတ်ပြုခြင်းပါဝင်သည်။ (လု. ၁၂:၅; ရော. ၁၄:၁၂) ထို့ကြောင့် ထိုသို့သောကြောက်ရွံ့ခြင်းသည် ကိုယ်တော်အား အလွန်ချစ်မြတ်နိုးသည့်မေတ္တာနှင့် ကိုယ်တော့်စိတ်တော်နှင့်တွေ့လိုသည့် ပြင်းပြသောစိတ်ဆန္ဒတို့ဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားသည်။ (တရား. ၁၀:၁၂၊ ၁၃) ထို့အပြင် ဘုရားရေးရာကြောက်ရွံ့ခြင်းက မကောင်းသည့်အရာကို မုန်းတီးရန်၊ ဘုရားသခင့်ပညတ်တော်များကို နာခံရန်နှင့် ကိုယ်တော့်အား နှလုံးအပြည့်ဖြင့် ဝတ်ပြုရန် လှုံ့ဆော်ပေးသည်။ (တရား. ၅:၂၉; ၅ ရာ. ၂၈:၉; သု. ၈:၁၃) တစ်ဖက်က လောက၌ရှိသောအရာများကိုချစ်ရင်း အခြားတစ်ဖက်မှ ဘုရားသခင့်အမှုတော်ကိုဆောင်ဖို့ ကြိုးစားခြင်းမျိုးကို မပြုမိစေရန် ကာကွယ်ပေးသည်။—၁ ယော. ၂:၁၅-၁၇။

ဘုရားသခင့်နာမတော်—“ခိုင်ခံ့သောရဲတိုက်။” ယေဟောဝါအား အမှန်တကယ် သိရှိလာကြသောသူတို့သည် ကြီးမားသောကာကွယ်မှုကို ခံစားကြရသည်။ ယင်းက ကိုယ်တော့်နာမတော်ကို သူတို့အသုံးပြုကြသောကြောင့် သို့မဟုတ် ကိုယ်တော့်ဂုဏ်ရည်တော်များမှအချို့ကို စာရင်းဖော်ပြနိုင်ရုံကြောင့် မဟုတ်ချေ။ ယေဟောဝါကိုယ်တော်တိုင်အား သူတို့ ယုံကြည်ကိုးစားကြသောကြောင့် ဖြစ်သည်။ သူတို့နှင့်စပ်လျဉ်း၍ သုတ္တံ ၁၈:၁၀ က ဤသို့ဆိုသည်– “ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။”

ယေဟောဝါကို ယုံကြည်ကိုးစားကြဖို့ အခြားသူများအား တိုက်တွန်းရန် အခွင့်အရေးများကို ကောင်းစွာအသုံးချပါ။ (ဆာ. ၃၇:၃; သု. ၃:၅၊ ၆) ထိုသို့သော ယုံကြည်ကိုးစားမှုက ယေဟောဝါနှင့် ကိုယ်တော်၏ကတိတော်များကို ယုံကြည်ကြောင်း တင်ပြသည်။ (ဟေဗြဲ ၁၁:၆) ကိုယ်တော်သည် စကြဝဠာအချုပ်အခြာအာဏာရှင်ဖြစ်ကြောင်း သိရှိကြခြင်း၊ ကိုယ်တော့်နည်းလမ်းတော်များကို ချစ်မြတ်နိုးခြင်းနှင့် စစ်မှန်သောကယ်တင်ခြင်းသည် ကိုယ်တော့်ထံမှသာ လာနိုင်ကြောင်း အပြည့်အဝ ယုံကြည်ကြခြင်းကြောင့် လူတို့သည် ‘ယေဟောဝါ၏နာမတော်ကို ခေါ်’ ကြသောအခါ ကယ်တင်ခြင်းခံရမည်ဟု ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား အာမခံထားသည်။ (ရော. ၁၀:၁၃၊ ၁၄) အခြားသူများအား သွန်သင်စဉ် ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုးကို ဘဝကဏ္ဍအသီးသီးနှင့် ဆက်စပ်တည်ဆောက်သွားရန်ကူညီပါ။

များစွာသောလူတို့သည် မခံမရပ်နိုင်အောင်ဖိစီးသော ကိုယ်ရေးကိုယ်တာ ပြဿနာများကို ရင်ဆိုင်ကြရသည်။ သူတို့သည် ထွက်ပေါက်မမြင်ဘဲဖြစ်ပေမည်။ ယေဟောဝါ၏ နည်းလမ်းတော်များကို သင်ယူရန်၊ ကိုယ်တော့်အား ယုံကြည်ကိုးစားရန်နှင့် မိမိတို့သင်ယူခဲ့ရာကို ကျင့်သုံးရန် သူတို့ကိုအားပေးတိုက်တွန်းပါ။ (ဆာ. ၂၅:၅) ဘုရားသခင့်အကူအညီအတွက် စိတ်အားထက်သန်စွာ ဆုတောင်းပြီး ကိုယ်တော့်ကောင်းချီးများအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ရန် အားပေးပါ။ (ဖိ. ၄:၆၊ ၇) သမ္မာကျမ်းစာ၌ရှိသည့် အချို့သောပြောဆိုချက်များကို ဖတ်ရှုခြင်းအားဖြင့်သာမက မိမိတို့၏ဘဝအသက်တာတွင် ကိုယ်တော့်ကတိတော်များ၏ပြည့်စုံချက်ကို တွေ့ကြုံခံစားရခြင်းဖြင့်ပါ ယေဟောဝါကို သိရှိလာကြသောအခါ ယေဟောဝါ၏နာမတော် ကိုယ်စားပြုသည့်အရာကို အမှန်နားလည်ခြင်းနှင့်အတူ လုံခြုံမှုကို သူတို့စတင်ခံစားရမည်။—ဆာ. ၃၄:၈; ယေ. ၁၇:၇၊ ၈။

စစ်မှန်သောဘုရားသခင် ယေဟောဝါအား ကြောက်ရွံ့ခြင်းနှင့် ကိုယ်တော့်ပညတ်တော်များကို စောင့်ရှောက်ခြင်းတို့၏ ဉာဏ်ပညာရှိမှုကို နားလည်တန်ဖိုးထားလာစေရန် လူတို့အား ကူညီပေးဖို့ အခွင့်အရေးတိုင်းကို ထိရောက်စွာ အသုံးချပါ။

“ယေရှုအကြောင်း သက်သေခံခြင်း”

ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို့ ကိုယ်တော်မတက်ကြွသွားမီ ယေရှုခရစ်သည် မိမိတပည့်တော်များအား ညွှန်ကြားချက်များပေးကာ ဤသို့မိန့်တော်မူသည်– “မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်။” (တ. ၁:၈) ကျွန်ုပ်တို့ခေတ်ရှိ ဘုရားသခင်၏ သစ္စာရှိကျေးကျွန်များကို “ယေရှုအကြောင်း သက်သေခံသောသူများ” အဖြစ် ဖော်ပြကြသည်။ (ဗျာ. ၁၂:၁၇) ထိုသက်သေခံခြင်းအမှုတွင် သင်မည်မျှ လုံ့လစိုက်ထုတ်လုပ်ဆောင်နေသနည်း။

ယေရှုကိုယုံကြည်ပါသည်ဟု ရိုးသားစွာ ပြောဆိုကြသော လူများစွာတို့သည် ကိုယ်တော်၏ လူသားဘဝမတိုင်မီအသက်တာနှင့်ပတ်သက်၍ ဘာမျှမသိကြချေ။ မြေကြီးပေါ်ရှိချိန်က ကိုယ်တော်သည် အမှန်ပင်လူသားတစ်ဦးဖြစ်ကြောင်း သူတို့သဘောမပေါက်ကြချေ။ ဘုရားသခင်၏သားတော်ဖြစ်ခြင်းသည် ဘာကိုဆိုလိုကြောင်းလည်း နားမလည်ကြချေ။ ဘုရားသခင့်ရည်ရွယ်တော်မူချက်၏ ပြည့်စုံမှုတွင် ကိုယ်တော့်အခန်းကဏ္ဍကို အနည်းငယ်သာ သိရှိကြသည်။ ယခု ကိုယ်တော်ပြုလုပ်နေသည့်အရာကို မသိကြသည့်အပြင် အနာဂတ်တွင် ကိုယ်တော်ပြုလုပ်ပေးမည့်အရာသည် မိမိတို့၏အသက်တာကို မည်သို့အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သူတို့နားမလည်ကြချေ။ ယေဟောဝါသက်သေများသည် ယေရှုကို မယုံကြည်ကြဟုပင် မှားယွင်းစွာ ထင်မှတ်နိုင်သည်။ ဤကိစ္စရပ်များနှင့်ပတ်သက်သည့် အမှန်တရားကို သိရှိစေရန် ကြိုးပမ်းအားထုတ်ရေးမှာ ကျွန်ုပ်တို့၏အခွင့်ထူးပင်ဖြစ်သည်။

သမ္မာကျမ်းစာ၌ ဖော်ပြထားသည့် ယေရှုကဲ့သို့သော ပုဂ္ဂိုလ်မျိုး အမှန်တကယ် အသက်ရှင်ခဲ့ကြောင်းကို မယုံကြည်ကြသည့် လူအချို့ ရှိနေကြဆဲပင်။ အချို့က ယေရှုကို ကြီးမြတ်သော လူသားတစ်ဦးအဖြစ်မျှသာ ရှုမြင်ကြသည်။ အများကမူ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟူသည့် အယူအဆကို ငြင်းပယ်ကြသည်။ ထိုသို့သောလူတို့အလယ် “ယေရှုအကြောင်း သက်သေခံ” ရာတွင် ကြိုးစားအားထုတ်မှု၊ စိတ်ရှည်မှုနှင့် လိမ္မာပါးနပ်မှု များစွာလိုအပ်သည်။

နားထောင်နေသူများသည် မည်သို့ပင်ရှုမြင်ကြပါစေ သူတို့သည် ဘုရားသခင်ပြင်ဆင်ပေးသည့် ထာဝရအသက်ကိုရလိုလျှင် ယေရှုခရစ်အား သိကျွမ်းခြင်းအသိပညာကို ဆည်းပူးဖို့လိုအပ်သည်။ (ယော. ၁၇:၃) ဘုရားသခင့်အလိုတော်မှာ အသက်ရှင်သူမှန်သမျှ ‘ယေရှုခရစ်သည် သခင်ဖြစ်ကြောင်း လူသိရှင်ကြား အသိအမှတ်ပြု’ ရမည်ဖြစ်ကာ ကိုယ်တော့်အာဏာတော်ကို ဝန်ခံရမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ (ဖိ. ၂:၉-၁၁) ထို့ကြောင့် စိတ်ဓာတ်ပြင်းထန်ပြီး မှားယွင်းသော ထင်မြင်ချက်များ သို့မဟုတ် ဗြောင်ကျကျ စိတ်စွန်းကွက်မှု ရှိကြသည့်လူတို့နှင့် တွေ့ကြုံရင်ဆိုင်ကြရသည့်အခါ ဤအရေးကိစ္စကို ကျွန်ုပ်တို့ မရှောင်ထွက်သွားနိုင်ကြပါ။ အခြေအနေအချို့တွင် အခြားသူများထံ အစပြုသွားရောက်ချိန်တွင်ပင် ယေရှုခရစ်အကြောင်း လွတ်လပ်စွာ ဟောပြောနိုင်ခွင့်ရသည်ကိုထောက်၍ ကိုယ်တော့်အကြောင်း မှန်ကန်စွာ အစပြုတွေးတောရန် နားထောင်နေသူများအား ကူညီပေးသည့်မှတ်ချက်များကို သတိရှိရှိ ပြုလုပ်ဖို့လိုပေမည်။ နောက်လာမည့်လည်ပတ်မှုများအတွက် အကြောင်းအရာ၏ နောက်ထပ်အချက်အလက်များအား နိဒါန်းပျိုးနည်းများကိုလည်း စဉ်းစားထားရန်လိုပေမည်။ သို့သော် လူတစ်ဦးနှင့် အိမ်တွင်းကျမ်းစာသင်အံမှု မကျင်းပမချင်း အရာအားလုံးကို ဆွေးနွေးရန်မူကား ဖြစ်နိုင်မည်မဟုတ်ပေ။—၁ တိ. ၂:၃-၇။

ဘုရားသခင့်ရည်ရွယ်တော်မူချက်တွင် ယေရှု၏အရေးပါသောအခန်းကဏ္ဍ။ ယေရှုသည် “လမ်းခရီး” ဖြစ်ပြီး ‘ကိုယ်တော်ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်’ နိုင်သောကြောင့် ယေရှုခရစ်ကို မယုံကြည်ဘဲ ဘုရားသခင်လက်ခံသည့် ဆက်ဆံရေးရရှိရန် မဖြစ်နိုင်ကြောင်း နားလည်ရန် လူတို့ကို ကူညီပေးဖို့လိုသည်။ (ယော. ၁၄:၆) မိမိ၏သားဦးထံ ယေဟောဝါ အပ်နှင်းပေးထားသည့် အရေးပါသော အခန်းကဏ္ဍကို လူတစ်ဦးသဘောမပေါက်ပါက သမ္မာကျမ်းစာကို နားလည်နိုင်မည်မဟုတ်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ယေဟောဝါသည် ထိုသားတော်ကို မိမိ၏ရည်ရွယ်တော်မူချက် အကောင်အထည်ပေါ်ရေးတွင် အဓိကပုဂ္ဂိုလ်အဖြစ်ထားသောကြောင့်ဖြစ်သည်။ (ကော. ၁:၁၇-၂၀) သမ္မာကျမ်းစာပရောဖက်ပြုချက်များက ဤအချက်ပေါ် မူတည်နေပေသည်။ (ဗျာ. ၁၉:၁၀) စာတန်၏ပုန်ကန်မှုနှင့် အာဒံ၏အပြစ်ကြောင့် ပေါ်ပေါက်လာခဲ့သည့် ပြဿနာများအားလုံးကို ယေရှုခရစ်အားဖြင့် ဖြေရှင်းရန်စီမံထားသည်။—ဟေဗြဲ ၂:၅-၉၊ ၁၄၊ ၁၅။

လူတစ်ဦးသည် ခရစ်တော်၏ကဏ္ဍကို နားလည်ရန် လူသားများသည် သနားစရာကောင်းသော အခြေအနေမှ မိမိတို့ဘာသာ မရုန်းထွက်နိုင်ကြောင်း အသိအမှတ်ပြုရမည်။ ကျွန်ုပ်တို့အားလုံး အပြစ်နှင့်မွေးဖွားလာခဲ့ကြသည်။ ယင်းက ကျွန်ုပ်တို့၏အသက်တာအတွင်း နည်းမျိုးစုံဖြင့် ထိခိုက်ပေမည်။ သို့သော် ယင်းက အနှေးနှင့်အမြန် သေစေသည်။ (ရော. ၃:၂၃; ၅:၁၂) ထိုအချက်ကို သင်သက်သေခံနေသူများနှင့်အတူ ဆင်ခြင်သုံးသပ်ပါ။ ထို့နောက် ယေဟောဝါသည် ယေရှုခရစ်၏ ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်သောသူတို့အတွက် အပြစ်နှင့်သေခြင်းမှ လွတ်မြောက်စေရန် မေတ္တာပါစွာ စီမံပေးထားကြောင်း ညွှန်ပြပေးပါ။ (မာ. ၁၀:၄၅; ဟေဗြဲ ၂:၉) ယင်းက သူတို့အတွက် စုံလင်မှုဖြင့် ထာဝစဉ်အသက်ရှင်နိုင်ရန် လမ်းဖွင့်ပေးသည်။ (ယော. ၃:၁၆၊ ၃၆) အခြားအဘယ်နည်းဖြင့်မျှ မဖြစ်နိုင်ပါ။ (တ. ၄:၁၂) သွန်သင်သူတစ်ဦးအနေနှင့် တစ်ဦးချင်းကိုဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ ဤအချက်များကို ပြောပြရုံပြောပြခြင်းမပြုပါနှင့်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်အဖြစ် ခရစ်တော်၏ကဏ္ဍကို ကျေးဇူးတင်သည့်စိတ်ဖြစ်ပေါ်စေရန် နားထောင်နေသူများအား ကြင်နာစိတ်ရှည်စွာ တည်ဆောက်ပေးပါ။ ဤပြင်ဆင်ပေးမှုကို ကျေးဇူးတင်လေးမြတ်ခြင်းက လူတစ်ဦး၏သဘောထား၊ အကျင့်အကြံနှင့် ဘဝပန်းတိုင်များအပေါ် အကျိုးများစွာ သက်ရောက်စေနိုင်ပါသည်။—၂ ကော. ၅:၁၄၊ ၁၅။

မှန်ပါသည်၊ ယေရှုသည် မိမိ၏အသက်ကို ယဇ်ပူဇော်ခြင်းဖြင့် တစ်ကြိမ်တည်း ပေးဆက်ခဲ့သည်။ (ဟေဗြဲ ၉:၂၈) သို့ရာတွင် ယခု သူသည် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် တက်တက်ကြွကြွ ထမ်းဆောင်နေသည်။ ယင်းက အဘယ်အရာကို ဆိုလိုကြောင်း အခြားသူများအား နားလည်စေရန်ကူညီပါ။ မိမိတို့ပတ်ဝန်းကျင်ရှိ အကြင်နာမဲ့သည့်လူတို့ကြောင့် စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျမှု၊ ဝေဒနာခံစားရမှု သို့မဟုတ် ပြဿနာများကို သူတို့တွေ့ ကြုံခံစားနေရပါသလော။ ယေရှုသည် လူသားတစ်ဦးဖြစ်ခဲ့စဉ်က ဤအရာအားလုံးကို တွေ့ ကြုံခံစားခဲ့ရသည်။ ကျွန်ုပ်တို့ မည်သို့ခံစားရသည်ကို ကိုယ်တော်သိတော်မူသည်။ မစုံလင်မှုကြောင့် ဘုရားသခင့်ကရုဏာတော် လိုအပ်သည်ဟု ကျွန်ုပ်တို့ခံစားရပါသလော။ ယေရှု၏ ယဇ်သကာအပေါ်အခြေပြု၍ ဘုရားသခင့်ခွင့်လွှတ်မှုကို ကျွန်ုပ်တို့ တောင်းခံပါက ယေရှုသည် ‘ခမည်းတော်အပါးတွင် အမှုဆောင်’ အဖြစ် လုပ်ဆောင်တော်မူမည်။ ကိုယ်တော်သည် ထောက်ထားစာနာစွာဖြင့် ‘ကျွန်ုပ်တို့အဖို့ အသနားတော်ခံတော်မူ၏။’ (၁ ယော. ၂:၁၊ ၂; ရော. ၈:၃၄) ယေရှု၏ယဇ်သကာအပေါ် အခြေပြု၍ ယဇ်ပုရောဟိတ်မင်းအဖြစ် ကိုယ်တော်အမှုဆောင်ခြင်းအားဖြင့် တော်မှန်သောအချိန်တွင် အကူအညီရရန် ယေဟောဝါ၏ “ကျေးဇူးပလ္လင်တော်သို့” ကျွန်ုပ်တို့ တိုးဝင်ချဉ်းကပ်နိုင်ကြသည်။ (ဟေဗြဲ ၄:၁၅၊ ၁၆) ကျွန်ုပ်တို့သည် မစုံလင်ကြသော်လည်း ယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုပေးသည့်အကူအညီသည် ကျွန်ုပ်တို့အား ဘုရားသခင့်အမှုတော်ကို ကြည်လင်သည့်သြတ္တပ္ပစိတ်ဖြင့် ထမ်းဆောင်စေနိုင်ပါသည်။—ဟေဗြဲ ၉:၁၃၊ ၁၄။

ထို့အပြင် ခရစ်ယာန်အသင်းတော်၏ ဦးခေါင်းဖြစ်ရန် ဘုရားသခင်သတ်မှတ်ပေးခြင်းခံရသူအဖြစ် ကြီးမားသောအာဏာကို ယေရှုကျင့်သုံးတော်မူသည်။ (မ. ၂၈:၁၈; ဧ. ၁:၂၂၊ ၂၃) ထိုအကြောင်းများကြောင့် ဘုရားသခင့်အလိုတော်နှင့်အညီ လိုအပ်သောလမ်းညွှန်ချက်ကို ကိုယ်တော်စီမံပေးသည်။ အခြားသူများကို သွန်သင်ပေးသည့်အခါ လူသားမဟုတ်ဘဲ ယေရှုခရစ်သည်သာ အသင်းတော်၏ဦးခေါင်းဖြစ်ကြောင်း နားလည်စေပါ။ (မ. ၂၃:၁၀) စိတ်ဝင်စားသူများနှင့် သင်အစပြုဆက်သွယ်ချိန်မှစ၍ သူတို့ကို “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ပြင်ဆင်ပေးသည့် အကြောင်းအရာတို့၏အကူအညီဖြင့် သမ္မာကျမ်းစာကိုလေ့လာသည့် ဒေသခံအသင်းတော်၏ အစည်းအဝေးများသို့ ဖိတ်ခေါ်ပါ။ ယေရှု၏ဦးစီးမှုကို သူတို့သတိပြုမိစေရန် ‘ကျေးကျွန်’ သည် အဘယ်သူဖြစ်ကြောင်းသာမက သခင်သည် အဘယ်သူဖြစ်ကြောင်းကိုပါ ရှင်းပြပါ။ (မ. ၂၄:၄၅-၄၇၊ သမ) အကြီးအကဲများနှင့် သူတို့ကို မိတ်ဆက်ပေးကာ သူတို့ပြည့်မီရမည့် ကျမ်းဆိုင်ရာအရည်အချင်းများကို ရှင်းပြပါ။ (ဧ. ၄:၁၆; ၁ တိ. ၃:၁-၇; တိ. ၁:၅-၉) အကြီးအကဲများသည် အသင်းတော်ကို မပိုင်ဆိုင်ကြသော်လည်း ယေရှုခရစ်၏ခြေတော်ရာအတိုင်း လျှောက်လှမ်းရန် ကျွန်ုပ်တို့အား သူတို့ကူညီပေးကြကြောင်း ရှင်းပြပါ။ (တ. ၂၀:၂၈; ၁ ပေ. ၅:၂၊ ၃) ခရစ်တော်၏ဦးစီးမှုအောက် လုပ်ကိုင်နေသည့် စနစ်တကျစီစဉ်ဖွဲ့စည်းထားသော ကမ္ဘာချီအသင်းအပင်းရှိကြောင်း ဤစိတ်ဝင်စားသူများအား တွေ့ မြင်စေပါ။

ကိုယ်တော်မသေမီ အချိန်တိုလေးတွင် ယေရုရှလင်မြို့ထဲ ယေရှုဝင်ရောက်သွားသောအခါ ကိုယ်တော့်တပည့်တော်များက ကိုယ်တော်အား “[ယေဟောဝါ၏နာမ၌] ကြွလာတော်မူသောရှင်ဘုရင်” အဖြစ် တစ်ခဲနက်ကြွေးကြော်ကြကြောင်း ခရစ်ဝင်ကျမ်းများမှနေ၍ ကျွန်ုပ်တို့လေ့လာသိရှိရသည်။ (လု. ၁၉:၃၈) လူတို့သည် သမ္မာကျမ်းစာကို ပို၍နက်နက်ရှိုင်းရှိုင်း လေ့လာကြသည်နှင့်အမျှ ယခုတွင်ပင် ယေဟောဝါသည် လူမျိုးအသီးသီးတို့အပေါ် အကျိုးသက်ရောက်သည့် အုပ်စိုးခွင့်အာဏာတော်ကို ယေရှုအား အပ်နှင်းပေးခဲ့ကြောင်း သူတို့သိရှိလာကြသည်။ (ဒံ. ၇:၁၃၊ ၁၄) အသင်းတော်၌ ဟောပြောချက်ပေးသည့်အခါဖြစ်စေ၊ သင်အံမှုများ ကျင်းပသည့်အခါဖြစ်စေ ယေရှု၏အုပ်ချုပ်မှုသည် ကျွန်ုပ်တို့အားလုံးအတွက် အဘယ်အဓိပ္ပာယ်ရှိသင့်ကြောင်းကို တန်ဖိုးထားလေးမြတ်ရန် တည်ဆောက်ပေးပါ။

ယေရှုခရစ်သည် ဘုရင်ဖြစ်သည်ကို ကျွန်ုပ်တို့အမှန်တကယ် ယုံမယုံ၊ ကိုယ်တော်၏အုပ်ချုပ်မှုကို ကျွန်ုပ်တို့ လိုလိုလားလား လက်အောက်ခံမခံကို ကျွန်ုပ်တို့၏အသက်ရှင်နေထိုင်ပုံက ဖော်ပြပေးကြောင်း အလေးပေးဖော်ပြပါ။ ယေရှုသည် ဘုရင်အဖြစ် ဘိသိက်ပေးခြင်းခံရပြီးနောက် မိမိ၏နောက်တော်လိုက်များအား ပေးခဲ့သည့်လုပ်ငန်းကို ပေါ်လွင်စေပါ။ (မ. ၂၄:၁၄; ၂၈:၁၈-၂၀) ဘဝတွင် ဦးစားထားရာများနှင့်စပ်လျဉ်း၍ အံ့သြဖွယ်တိုင်ပင်ဖက် ယေရှုသည် အဘယ်သို့ဆိုထားကြောင်း ဆွေးနွေးပါ။ (ဟေရှာ. ၉:၆၊ ၇; မ. ၆:၁၉-၃၄) ငြိမ်းချမ်းရေးမင်းသား မိန့်တော်မူခဲ့သည့် မိမိ၏နောက်တော်လိုက်များ သက်သေထင်ရှားပြကြမည့် စိတ်ဓာတ်ကို အာရုံစိုက်စေပါ။ (မ. ၂၀:၂၅-၂၇; ယော. ၁၃:၃၅) အခြားသူများသည် သူတို့လုပ်သင့်သလောက် လုပ်နေမနေကို သင့်သဘောဖြင့် မစီရင်မဆုံးဖြတ်မိရန် သတိထားပြီး၊ ခရစ်တော်၏ဘုရင်အဖြစ်ကို လက်အောက်ခံခြင်းနှင့်စပ်လျဉ်း၍ သူတို့၏လုပ်ရပ်များက ဘာကိုတင်ပြနေကြောင်း သုံးသပ်ဖို့ အားပေးပါ။ ထိုသို့သင်အားပေးသည့်အတိုင်း အသင်လည်း ထပ်တူလုပ်ဆောင်ဖို့လိုကြောင်း အသိအမှတ်ပြုပါ။

ခရစ်တော်ကို အုတ်မြစ်အဖြစ်ချခြင်း။ သမ္မာကျမ်းစာက ခရစ်ယာန်တပည့်တစ်ဦးဖြစ်စေခြင်းလုပ်ငန်းကို အုတ်မြစ်ဖြစ်သူ ယေရှုခရစ်အပေါ် ထပ်ဆင့်တည်ဆောက်ခြင်းနှင့် နှိုင်းယှဉ်ပြထား၏။ (၁ ကော. ၃:၁၀-၁၅) ယင်းကိုပြီးမြောက်အောင်မြင်စေရန် ကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း ယေရှုအားသိရှိလာစေရန် လူတို့ကိုကူညီပေးပါ။ သင့်ကို သူတို့၏ခေါင်းဆောင်အဖြစ် မရှုမှတ်မိစေရန် သတိပြုပါ။ (၁ ကော. ၃:၄-၇) ယေရှုခရစ်ကို အာရုံစိုက်ရန် ညွှန်ကြားပါ။

ကောင်းစွာအုတ်မြစ်ချထားပါက ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ‘ခြေရာကို အနီးကပ်လိုက်လျှောက်စေခြင်းငှာ’ ပုံသက်သေထားတော်မူခဲ့ကြောင်း သင်သားများ နားလည်ကြမည်။ (၁ ပေ. ၂:၂၁) ယင်းအပေါ် တည်ဆောက်သွားရန် ခရစ်ဝင်ကျမ်းများကို မှန်ကန်သည့်သမိုင်းရာဇဝင်အဖြစ်သာမက လိုက်လျှောက်ရန်စံနမူနာအဖြစ်ပါ ဖတ်ရှုသွားရန် သင်သားများကို အားပေးပါ။ ယေရှုတွင် ထူးခြားပေါ်လွင်ခဲ့သည့် အရည်အချင်းများနှင့် သဘောထားများကို နှလုံးသွင်းကာ လိုက်နာဖို့ အကူအညီပေးပါ။ မိမိခမည်းတော်အပေါ် ယေရှုမည်သို့သဘောထားကြောင်း၊ သွေးဆောင်မှုများနှင့် စမ်းသပ်မှုများကို မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊ ဘုရားသခင်အား နာခံမှု မည်သို့တင်ပြခဲ့ကြောင်းနှင့် အခြေအနေအမျိုးမျိုးအောက်ရှိ လူသားများနှင့် မည်သို့ပြုမူဆက်ဆံခဲ့ကြောင်းကို ဂရုစိုက်ကြည့်ရန် အားပေးပါ။ မိမိအသက်တာအား ယေရှုပြည့်နှက်စေခဲ့သော လုပ်ဆောင်မှုကို အလေးပေးတင်ပြပါ။ ထို့နောက် ဘဝတွင် ဆုံးဖြတ်စရာများ၊ စမ်းသပ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာသည့်အခါ သင်သားသည် မိမိကိုယ်ကိုမိမိ ဤသို့မေးပေမည်– ‘ဤအခြေအနေတွင် ယေရှု အဘယ်အရာ လုပ်ဆောင်မည်နည်း။ ကျွန်ုပ်၏လမ်းစဉ်က ကျွန်ုပ်အတွက် ကိုယ်တော်ပြုလုပ်ပေးခဲ့ရာကို လျော်ကန်သောကျေးဇူးတင်လေးမြတ်စိတ် တင်ပြရာကျပါမည်လော။’

အသင်းတော်တွင် သင်ဟောပြောသည့်အခါ သင့်ညီအစ်ကိုများသည် ယေရှုကို ယုံကြည်ထားကြသောကြောင့် ကိုယ်တော့်ထံ အထူးအာရုံစိုက်စရာမလိုပါဟု ကောက်ချက်မချလိုက်ပါနှင့်။ ထိုယုံကြည်ခြင်းအပေါ် တည်ဆောက်မည်ဆိုပါက သင်ပြောဆိုသည့်အရာသည် ပို၍အဓိပ္ပာယ်ရှိပါလိမ့်မည်။ အစည်းအဝေးများအကြောင်း ပြောဆိုသည့်အခါ အသင်းတော်၏ဦးခေါင်းဖြစ်သူ ယေရှု၏အခန်းကဏ္ဍနှင့် ဆက်စပ်ပေးပါ။ လယ်ကွင်းဓမ္မအမှုအကြောင်း ဆွေးနွေးသည့်အခါ ဓမ္မအမှုကို ယေရှုဆောင်ရွက်ခဲ့ချိန် တင်ပြခဲ့သည့်စိတ်ဓာတ်ကို အာရုံစိုက်စေပြီး ဘုရင်ယေရှုခရစ်သည် လူတို့ကို အသက်ရှင်လွတ်မြောက်သွားရန် ကမ္ဘာသစ်ထဲသို့ စုသိမ်းနေသည်ဟူသည့်အသိဖြင့် ယင်းကိုတင်ဆက်ပါ။

ယေရှုနှင့်ပတ်သက်သည့် အခြေခံအချက်အလက်များကို လေ့လာရုံထက်မက ပိုလိုအပ်ကြောင်း သိသာထင်ရှားပါသည်။ လူတို့သည် စစ်မှန်သောခရစ်ယာန်များဖြစ်လာရန် ကိုယ်တော့်ကို ယုံကြည်ကြောင်း တင်ပြရမည်ဖြစ်ပြီး အမှန်တကယ်ချစ်မြတ်နိုးရမည်။ ထိုသို့သောမေတ္တာက သစ္စာရှိရှိနာခံရန် လှုံ့ဆော်သည်။ (ယော. ၁၄:၁၅၊ ၂၁) ယင်းက လူတို့ကို ဒုက္ခဆင်းရဲမှုအောက်တွင် ယုံကြည်ခြင်းခိုင်မြဲရန်၊ မိမိတို့၏နေ့စဉ်ဘဝအသက်တာတွင် ခရစ်တော်၏ခြေတော်ရာများ၌ ဆက်၍လျှောက်လှမ်းရန်၊ အခိုင်အမာ ‘အမြစ်စွဲ၍ တိုက်မြစ်ချ’ သော ရင့်ကျက်သည့်ခရစ်ယာန်များအဖြစ် သက်သေထူရန် စွမ်းဆောင်ပေးနိုင်သည်။ (ဧ. ၃:၁၇၊ သမ) ယင်းသို့သောလမ်းစဉ်က ယေရှုခရစ်၏ ဘုရားသခင်နှင့် ခမည်းတော်ဖြစ်သော ယေဟောဝါ၏ဘုန်းတော်ကို ထင်ရှားစေပါသည်။

“နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း”

မိမိရောက်ရှိနေခြင်းနှင့် အစီအစဉ်စနစ်အဆုံး၏နိမိတ်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရာ၌ ယေရှုဤသို့ကြိုဟောခဲ့သည်– “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ ပြီးမှ အဆုံးသည်ဖြစ်လတ္တံ့။”—မ. ၂၄:၁၄။

တိတိကျကျဆိုပါက ထိုသို့ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးရန်ဖြစ်သော ဤသတင်းကား အဘယ်အရာနည်း။ ၎င်းမှာ “နိုင်ငံတော်တည်ထောင်ပါစေသော” ဟု ဘုရားသခင်ထံဆုတောင်းရန် ကျွန်ုပ်တို့အား ယေရှုသင်ပေးခဲ့သည် နိုင်ငံတော်အကြောင်းဖြစ်သည်။ (မ. ၆:၁၀) အုပ်ချုပ်မှုအာဏာသည် ယေဟောဝါထံတော်မှလာပြီး ဘုရင်ဖြစ်သော ခရစ်တော်ထံအပ်နှင်းထားသောကြောင့် “ငါတို့သခင် [ယေဟောဝါ] ၏နိုင်ငံတော်၊ ထိုသခင်၏ခရစ်တော့်နိုင်ငံတော်” အဖြစ် ဗျာဒိတ် ၁၁:၁၅ က ဖော်ပြသည်။ သို့ရာတွင် ကျွန်ုပ်တို့ခေတ်တွင် ကြွေးကြော်ရမည်ဟု ယေရှုဆိုခဲ့သော သတင်းတရားသည် ပထမရာစု၌ ကိုယ်တော့်တပည့်တော်များ ဟောပြောခဲ့ရာထက် သာ၍ကျယ်ပြန့်သည်ကို သတိပြုပါ။ လူတို့အား သူတို့ဤသို့ဆိုသည်– “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်ထောင်သောအချိန်နီးပြီ။” (လု. ၁၀:၉) ထိုအချိန်က ဘုရင်အဖြစ်ဘိသိက်ပေးခြင်းခံရသူ ယေရှုသည် သူတို့အလယ်တွင်ရှိခဲ့သည်။ သို့သော် ဘုရားသခင့်ရည်ရွယ်တော်မူချက်ပြည့်စုံမှုတွင် နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုတစ်ခုကို ကမ္ဘာချီကြေညာမည်ဟု မဿဲ ၂၄:၁၄ ၌ ယေရှုကြိုဟောခဲ့သည်။

ဤတိုးတက်မှုပြရူပါရုံကို ပရောဖက်ဒံယေလအား ပေးခဲ့သည်။ “လူသားနှင့်တူသောသူတစ်ဦး” ယေရှုခရစ်သည် “အသက်ကြီးသူ” ယေဟောဝါဘုရားသခင်ထံတော်မှ “အသီးသီးအခြားခြား ဘာသာစကားကိုပြောသော လူအမျိုးမျိုးတို့သည် ကိုယ်တော်ကို ဝတ်ပြုကိုးကွယ်စေခြင်းငှာ နိုင်ငံနှင့်တကွဘုန်းအသရေ၊ အာဏာစက်” ကိုခံယူနေကြောင်း သူတွေ့ မြင်ခဲ့သည်။ (ဒံ. ၇:၁၃၊ ၁၄) စကြဝဠာတစ်ခုလုံးအတွက် အရေးပါသည့် ထိုအဖြစ်အပျက်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်၌ ဖြစ်ပျက်ခဲ့သည်။ ယင်းနောက် မာရ်နတ်နှင့်သူ၏နောက်လိုက်များကို ကမ္ဘာမြေကြီးသို့ ချပစ်လိုက်လေသည်။ (ဗျာ. ၁၂:၇-၁၀) အစီအစဉ်စနစ်ဟောင်းသည် ယင်း၏နောက်ဆုံးနေ့ရက်များထဲသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် ယင်းသည် လုံးလုံးဖယ်ရှားမခံရမီ ယေဟောဝါ၏မေရှိယဘုရင်သည် ယခု ကိုယ်တော့်ကောင်းကင်ပလ္လင်မှနေ၍ အုပ်စိုးနေကြောင်း ကမ္ဘာချီကြွေးကြော်နေသည်။ အရပ်ရပ်ရှိလူတို့အား သတိပေးကြေညာနေသည်။ သူတို့၏တုံ့ပြန်မှုက “လူတို့နိုင်ငံအပေါ်” ၌အုပ်စိုးနေသူအဖြစ် အကြီးမြင့်ဆုံးအရှင်အပေါ် သူတို့၏သဘောထားကို သက်သေထင်ရှားပြစေသည်။—ဒံ. ၄:၃၂။

ထိုထက်မကသောအရာများ လာရန်ရှိသေးသည်မှာ မှန်ပါသည်! “နိုင်ငံတော်တည်ထောင်ပါစေ” ဟု ကျွန်ုပ်တို့ဆုတောင်းနေကြဆဲဖြစ်သော်လည်း ဘုရားသခင့်နိုင်ငံတော်တည်ထောင်မှုသည် အနာဂတ်တွင်ရှိသေးသည့် သဘောဖြင့်ကား မဟုတ်ချေ။ သို့အစား ကောင်းကင်နိုင်ငံတော်သည် ဒံယေလ ၂:၄၄၊ ၄၅ နှင့် ဗျာဒိတ် ၂၁:၂-၄ ပါပရောဖက်ပြုချက်များ ပြည့်စုံရန် ပြတ်ပြတ်သားသား လုပ်ဆောင်မည့်သဘောဖြင့်ဖြစ်သည်။ ၎င်းက ကမ္ဘာမြေကြီးကို ဘုရားသခင်နှင့်လူသားအချင်းချင်းကို ချစ်မြတ်နိုးသည့် လူတို့ဖြင့်ပြည့်နေသည့် ပရဒိသုအဖြစ် ပြောင်းလဲပေးမည်။ “နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်း” ကို ကျွန်ုပ်တို့ဟောပြောသောအခါ ထိုအနာဂတ်မျှော်လင့်ချက်များကို ညွှန်ပြကြသည်။ သို့သော် ယေဟောဝါသည် မိမိ၏သားတော်ထံ အုပ်ချုပ်မှုအာဏာကို အပြည့်အဝ အပ်နှင်းပေးထားပြီးဖြစ်ကြောင်းကိုလည်း ယုံကြည်စိတ်ချစွာ ကျွန်ုပ်တို့ကြေညာကြသည်။ နိုင်ငံတော်အကြောင်းကို သင်သက်သေခံသည့်အခါ ဤသတင်းကောင်းကို အလေးအနက်ပြုတင်ပြပါသလော။

နိုင်ငံတော်အကြောင်းရှင်းပြပေးခြင်း။ ဘုရားသခင့်နိုင်ငံတော်ကြေညာသည့် ကျွန်ုပ်တို့၏တာဝန်ကို မည်သို့ကျေပွန်စေနိုင်မည်နည်း။ စကားလက်ဆုံပြောဆိုမှုများအား အကြောင်းအရာအမျိုးမျိုးကိုအခြေပြုကာ စတင်ခြင်းအားဖြင့် စိတ်ဝင်စားမှုကို နှိုးဆွပေးပေမည်၊ သို့သော် ကျွန်ုပ်တို့၏သတင်းသည် ဘုရားသခင့်နိုင်ငံတော်အကြောင်းဖြစ်ကြောင်း ဆောလျင်စွာ အထင်အရှားဖော်ပြပေးသင့်သည်။

ဤလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခုတွင် နိုင်ငံတော်ကိုရည်ညွှန်းသော ကျမ်းချက်များကို ဖတ်ပြ သို့မဟုတ် ကိုးကားပြရသည်။ နိုင်ငံတော်ကို ရည်ညွှန်းသောအခါ ယင်းသည် အဘယ်အရာဖြစ်သည်ကို သင့်ပရိသတ်နားလည်ကြောင်း သေချာစေပါ။ ဘုရားသခင့်နိုင်ငံတော်သည် အစိုးရတစ်ခုဖြစ်သည်ဟု ပြောပြရုံထက်မက ပို၍လိုအပ်ပေမည်။ အချို့သောသူတို့အတွက် မမြင်နိုင်သောတစ်စုံတစ်ရာကို အစိုးရတစ်ခုအဖြစ် တွေးကြည့်ရန် ခက်ခဲပေမည်။ သူတို့နှင့်အတူ နည်းလမ်းမျိုးစုံဖြင့် ကျိုးကြောင်းဆင်ခြင်နိုင်ပေမည်။ ဥပမာ၊ ကမ္ဘာ့ဆွဲငင်အားကို မမြင်နိုင်ပါ၊ သို့သော် ၎င်းသည် ကျွန်ုပ်တို့အသက်တာအပေါ် အလွန်တန်ခိုးပါသော အကျိုးသက်ရောက်မှုရှိစေသည်။ ကျွန်ုပ်တို့သည် ဆွဲငင်အားနိယာမကို ပြုလုပ်ဖန်တီးသောအရှင်ကို မမြင်နိုင်ကြပါ၊ သို့သော် ကိုယ်တော်တွင် ကြီးမားသောတန်ခိုးရှိကြောင်း သိသာထင်ရှားပါသည်။ သမ္မာကျမ်းစာက ကိုယ်တော်အား “ထာဝရဘုရင်” အဖြစ် ရည်ညွှန်းသည်။ (၁ တိ. ၁:၁၇၊ ကဘ) သို့မဟုတ် ကျယ်ပြောသော နိုင်ငံတစ်နိုင်ငံတွင် လူများစွာတို့သည် မိမိတို့နိုင်ငံ၏မြို့တော်သို့ မရောက်ဖူးကြကြောင်း သို့မဟုတ် မိမိတို့၏အုပ်စိုးရှင်ကို ပုဂ္ဂိုလ်ချင်း မတွေ့ဖူးကြကြောင်း ပြောဆိုနိုင်ပေမည်။ သူတို့သည် ၎င်းအကြောင်းများကို သတင်းဆက်သွယ်ရေးမှတစ်ဆင့် သိရှိကြသည်။ အလားတူပင်၊ ဘာသာစကားပေါင်း ၂,၂၀၀ ကျော်ဖြင့် ထုတ်ဝေထားသည့် သမ္မာကျမ်းစာက ဘုရားသခင့်နိုင်ငံတော်အကြောင်း ကျွန်ုပ်တို့အား ပြောပြပေသည်; ၎င်းက အာဏာတော်နှင့်တကွ အပ်နှင်းထားခံရသူနှင့် နိုင်ငံတော်က လုပ်ဆောင်ပေးမည့်အရာကို ကျွန်ုပ်တို့အား သိရှိစေသည်။ အခြားမည်သည့်ပုံမှန်ထုတ်ဂျာနယ်ထက်မဆို ပို၍ဘာသာစကားပေါင်းများစွာဖြင့်ထုတ်ဝေသည့် ကင်းမျှော်စင်သည် အရှေ့မျက်နှာဖုံးပေါ်တွင် ဖော်ပြထားသည့်အတိုင်းပင် “ယေဟောဝါ၏နိုင်ငံတော်ကို ကြေညာခြင်း” ကို သစ္စာနှံလုပ်ဆောင်သည်။

နိုင်ငံတော်သည် အဘယ်အရာဖြစ်ကြောင်းကို လူတို့နားလည်ဖို့ကူညီပေးရန် အစိုးရများထံမှ ဆောင်ရွက်ပေးစေလိုသည့် ဤအရာအချို့ကို ဖော်ပြပေးနိုင်ပါမည်– စီးပွားရေးဆိုင်ရာ အာမခံချက်၊ ငြိမ်းချမ်းရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ လူမျိုးစုအားလုံးကို မျက်နှာမလိုက်ဘဲ ဆက်ဆံရေး၊ ပညာရေးနှင့် ကျန်းမာရေး။ ဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကသာ ဤအရာများနှင့် လူသားတို့၏ အခြားမှန်ကန်သောစိတ်ဆန္ဒရှိရှိသမျှကို အပြည့်အဝ ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ဖော်ပြပေးပါ။—ဆာ. ၁၄၅:၁၆။

လူတို့တွင် ဘုရင်ယေရှုခရစ်အုပ်စိုးမည့် နိုင်ငံတော်၏ လက်အောက်ခံသူများဖြစ်လိုသည့်ဆန္ဒရှိလာရန် လှုံ့ဆော်ပေးဖို့ ကြိုးပမ်းပါ။ ကောင်းကင်ဘုရင်အနေနှင့် ကိုယ်တော်လုပ်ဆောင်မည့်အရာ၏ ကြိုတင်မြင်ကွင်းအဖြစ် ဆောင်ရွက်ခဲ့သည့် အံ့ဖွယ်အမှုများကို ထောက်ပြပေးပါ။ ကိုယ်တော်ဖော်ပြခဲ့သည့် နှစ်ခြိုက်ဖွယ်ကောင်းသော အရည်အသွေးများကို မကြာခဏ ပြောဆိုပါ။ (မ. ၈:၂၊ ၃; ၁၁:၂၈-၃၀) ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် မိမိ၏အသက်ကို စွန့်လွှတ်ခဲ့ကြောင်း၊ ထို့နောက် ဘုရားသခင်က မသေနိုင်သော ကောင်းကင်အသက်တာသို့ ကိုယ်တော့်ကို ထမြောက်စေခဲ့ကြောင်း ရှင်းပြပေးပါ။ ထိုကောင်းကင်မှနေ၍ ဘုရင်အဖြစ် ကိုယ်တော်အုပ်ချုပ်မည်ဖြစ်သည်။—တ. ၂:၂၉-၃၅။

ယခု ဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်မှ အုပ်ချုပ်နေပြီဖြစ်ကြောင်း အလေးပေးပြောဆိုပါ။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု၏ အထောက်အထားအဖြစ် လူအများစု မျှော်လင့်ကြသည့်အခြေအနေများကို သူတို့မမြင်ကြကြောင်း နားလည်စေပါ။ ထိုအချက်ကို အသိအမှတ်ပြုပြီး ယင်းနှင့်ပတ်သက်သည့် အထောက်အထားဖြစ်မည်ဟု ယေရှုခရစ် ပြောဆိုခဲ့ရာကို သူတို့သိမသိ မေးမြန်းပါ။ မဿဲ အခန်းကြီး ၂၄၊ မာကု အခန်းကြီး ၁၃ သို့မဟုတ် လုကာ အခန်းကြီး ၂၁ ရှိ ပေါင်းစပ်နိမိတ်၏ အသွင်အပြင်အချို့ကို ပေါ်လွင်စေပါ။ ထို့နောက် ကောင်းကင်တွင် ခရစ်တော်နန်းတင်ခံရခြင်းက ကမ္ဘာပေါ်တွင် ထိုအခြေအနေများ အဘယ်ကြောင့် ရောက်လာရကြောင်း မေးမြန်းပါ။ ဗျာဒိတ် ၁၂:၇-၁၀၊ ၁၂ ကို အာရုံစိုက်စေပါ။

ဘုရားသခင့်နိုင်ငံတော်သည် ယခုတွင် အဘယ်အရာလုပ်ဆောင်နေကြောင်း လက်တွေ့အထောက်အထားအဖြစ် မဿဲ ၂၄:၁၄ ကိုဖတ်ပြပြီး ယခုဖြစ်ပျက်နေသည့် ကမ္ဘာချီ ကျမ်းစာပညာရေးအစီအစဉ်ကို ဖော်ပြပေးပါ။ (ဟေရှာ. ၅၄:၁၃) ယေဟောဝါသက်သေများ အကျိုးကျေးဇူးရရှိသည့် ကျောင်းအမျိုးမျိုးနှင့်ပတ်သက်၍—အားလုံးကျမ်းစာအပေါ်အခြေပြုကာ အခမဲ့ဖြစ်သည်ကို လူတို့ကိုပြောပြပါ။ ကျွန်ုပ်တို့၏တစ်အိမ်မှတစ်အိမ် ဓမ္မအမှုအပြင် နိုင်ငံပေါင်း ၂၃၀ ကျော်တို့တွင် လူတစ်ဦးစီနှင့် မိသားစုများကို အခမဲ့ အိမ်တွင်းကျမ်းစာသင်ပေးနေကြောင်း ရှင်းပြပေးပါ။ ယင်း၏လက်အောက်ခံများအတွက်သာမက ကမ္ဘာနှင့်အဝန်း လူတို့အတွက်ပါ ထိုကဲ့သို့သော ကျယ်ပြန့်သည့်ပညာရေးအစီအစဉ်ကို အဘယ်လူသားအစိုးရက စီမံပေးနိုင်သနည်း။ ဤသို့သောပညာရေးက လူတို့၏ဘဝအသက်တာကို မည်သို့အကျိုးသက်ရောက်စေကြောင်း အထောက်အထားတွေ့မြင်ရန် ယေဟောဝါသက်သေများ၏ နိုင်ငံတော်ခန်းမသို့လာရန်၊ အစည်းအဝေးများနှင့် စည်းဝေးကြီးများကို တက်ရောက်ရန်၊ လူတို့ကိုဖိတ်ခေါ်ပါ။—ဟေရှာ. ၂:၂-၄; ၃၂:၁၊ ၁၇; ယော. ၁၃:၃၅။

သို့ရာတွင် မိမိ၏ဘဝအသက်တာသည် မည်သို့အကျိုးသက်ရောက်ခံရကြောင်း အိမ်ရှင်နားလည်သဘောပေါက်မည်လော။ သင်လည်ပတ်ရသည့်ရည်ရွယ်ချက်သည် ဘုရားသခင့်နိုင်ငံတော်၏ လက်အောက်ခံများဖြစ်သည့် အသက်တာကိုရွေးချယ်သူများအားလုံးအတွက် ဖွင့်ပေးထားသောအခွင့်အရေးကို ဆွေးနွေးရန်ဖြစ်ကြောင်း လိမ္မာပါးနပ်စွာ ထောက်ပြနိုင်သည်။ မည်သို့အားဖြင့်နည်း။ ယခုပင် ဘုရားသခင်တောင်းဆိုရာများကို သင်ယူကာ ယင်းနှင့်အညီသက်ရှင်နေထိုင်ခြင်းအားဖြင့်ဖြစ်သည်။—တရား. ၃၀:၁၉၊ ၂၀; ဗျာ. ၂၂:၁၇။

နိုင်ငံတော်ကို ရှေးဦးထားရန် အခြားသူများကို ကူညီပေးပါ။ လူတစ်ဦး နိုင်ငံတော်သတင်းတရားကို လက်ခံပြီးနောက်တွင်ပင် ထိုသူချရမည့် ဆုံးဖြတ်ချက်များရှိသည်။ သူ၏ဘဝအသက်တာ၌ ဘုရားသခင့်နိုင်ငံတော်ကို အဘယ်မျှ အရေးကြီးရာအဖြစ် ဦးစားထားမည်နည်း။ ယေရှုက မိမိတပည့်တော်များအား “နိုင်ငံတော် . . . ကို ရှေ့ဦးရှာကြ” ရန် တိုက်တွန်းခဲ့သည်။ (မ. ၆:၃၃) ထိုသို့လုပ်ဆောင်ရန် ခရစ်ယာန်ချင်းများကို မည်သို့ကူညီပေးနိုင်မည်နည်း။ ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေကောင်းချမှတ်ကာ ရရှိနိုင်သည့်အခွင့်အရေးများကို ဆွေးနွေးပြောဆိုခြင်းအားဖြင့် ဖြစ်သည်။ တစ်ခါတစ်ရံ အခြားသူများ လုပ်ဆောင်နေသည့်အရာကို ဖော်ပြရန် အချို့သောဖြစ်နိုင်ခြေများကို လူတစ်ဦး ဆင်ခြင်စဉ်းစားထားခြင်းရှိမရှိ မေးမြန်းကာ အတွေ့အကြုံများဝေမျှခြင်းအားဖြင့် ဖြစ်သည်။ ယေဟောဝါအားချစ်သည့် လူတစ်ဦး၏မေတ္တာကို နက်ရှိုင်းလာစေရန် သမ္မာကျမ်းစာမှတ်တမ်းများကို ဆွေးနွေးခြင်းအားဖြင့်ဖြစ်သည်။ တကယ့်နိုင်ငံတော်ဖြစ်မှုကို ဖိပြောပေးခြင်းအားဖြင့်ဖြစ်သည်။ နိုင်ငံတော်ကြွေးကြော်ခြင်းလုပ်ငန်းသည် အမှန်တကယ် မည်မျှအရေးကြီးကြောင်း အလေးအနက်တင်ပြပေးခြင်းအားဖြင့် ဖြစ်သည်။ ကောင်းကျိုးအများဆုံးဖြစ်လေ့ရှိသည့်အရာမှာ အဘယ်အမှုဆောင်ရွက်ရန်လိုအပ်ကြောင်း လူတို့အား ပြောပြခြင်းဖြင့်သာမက ယင်းကိုလုပ်ဆောင်လိုစိတ်ရှိရန် သူတို့ကိုလှုံ့ဆော်ပေးခြင်းအားဖြင့် ဖြစ်သည်။

ကျွန်ုပ်တို့အားလုံး ကြွေးကြော်ရမည့် အလွန်အရေးကြီးသောသတင်းတရားသည် ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်နှင့် နိုင်ငံတော်တို့အပေါ် အဓိကအာရုံစိုက်ရမည်မှာ ယုံမှားဖွယ်မရှိချေ။ ယင်းတို့နှင့်စပ်လျဉ်းသည့် ဤအလွန်အရေးပါသော အမှန်တရားများကို ကျွန်ုပ်တို့၏လူထုရှေ့သက်သေခံခြင်းတွင်၊ ကျွန်ုပ်တို့၏အသင်းတော်များတွင်နှင့် ကျွန်ုပ်တို့၏ဘဝအသက်တာများတွင် အလေးအနက်တင်ပြသင့်သည်။ ၎င်းကို ကျွန်ုပ်တို့လုပ်ဆောင်သည့်အခါ ကျွန်ုပ်တို့၏ သီအိုကရက်တစ်ဓမ္မအမှုကျောင်းပညာရေးမှ အမှန်ပင် အကျိုးရရှိနေကြောင်း ပြသရာကျသည်။

လူခပ်သိမ်းကြားဖို့ လိုသည့်အရာမှာ . . .

  • ယေဟောဝါသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်း။

  • ယေဟောဝါသည် တစ်ဆူတည်းသော မှန်သောဘုရားသခင် ဖြစ်ကြောင်း။

  • ယေဟောဝါသည် ထူးခြားထင်ရှားသော မေတ္တာတော်၊ သာလွန်ထူးကဲလှသော ဉာဏ်ပညာတော်၊ ပြည့်ဝစုံလင်သော တရားမျှတမှုနှင့် အနန္တတန်ခိုးတော်ရှိသော ဘုရားသခင်ဖြစ်ကြောင်း။

  • ကျွန်ုပ်တို့ပြုလုပ်ရာအတွက် ယေဟောဝါထံ ကျွန်ုပ်တို့စာရင်းရှင်းရကြမည်ဖြစ်ကြောင်း။

ယေဟောဝါအား ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်ခြင်းသည် . . .

  • ကိုယ်တော်အားချစ်သည့်မေတ္တာဖြင့် လှုံ့ဆော်ခံရသင့်သည်။

  • လောကရှိအရာများကိုလည်း ချစ်သည့်နှလုံးမှမဟုတ်ဘဲ ပြည့်ဝစုံလင်သည့်နှလုံးမှ လာသင့်သည်။

  • ကိုယ်တော်နှင့်မျက်နှာသာခံစားရသော ဆက်ဆံရေးသည် ကျွန်ုပ်တို့အတွက် မည်မျှတန်ဖိုးရှိကြောင်း ထင်ရှားပြသင့်သည်။

လူတို့နားလည်ရန် ကူညီပေးပါ . . .

  • ယေရှုခရစ်အားဖြင့်သာ ဘုရားသခင် နှစ်သက်သည့် ဆက်ဆံရေးရရှိနိုင်ကြောင်း။

  • ယေရှုခရစ်ကို ယုံကြည်မှသာလျှင် အပြစ်နှင့်သေခြင်းမှ လွတ်မြောက်နိုင်ကြောင်း။

  • ဘုရားသခင့်အလိုတော်မှာ ယေရှုကို သခင်အဖြစ် အသိအမှတ်ပြုကြသူအားလုံး ကိုယ်တော်အား သခင် ဟုခေါ်ဆိုရုံမျှသာပြုရန်မဟုတ်ဘဲ ကိုယ်တော့်ပညတ်တော်များကို စောင့်ရှောက်ရန် ဖြစ်ကြောင်း။

  • ယေရှုခရစ်နှင့်ပတ်သက်၍ ကျမ်းစာ ပြောဆိုရာသည် မှန်ကန်သော်လည်း ကိုယ်တော့်အကြောင်း ခရစ်ယာန်ဘောင်၏ သွန်သင်ချက်များစွာတို့သည် အဖြစ်မှန်များကို တလွဲတချော်ဖြစ်စေကြောင်း။

သင့်ကိုယ်သင် ဤသို့မေးစမ်းကြည့်ပါ–

  • ခန့်အပ်ခံ အသင်းတော်၏ဦးခေါင်းဖြစ်သူ ယေရှုခရစ်၏ အခန်းကဏ္ဍကို ကောင်းစွာပိုင်းခြားသိမြင်ကြောင်း ကျွန်ုပ် ထင်ရှားပြပါသလော။

  • ကျွန်ုပ်၏အသက်တာတွင် ဖြစ်သင့်သည့်အတိုင်း ခရစ်တော်၏ယဇ်ပူဇော်သကာအပေါ် တန်ဖိုးထားလေးမြတ်မှုသည် တန်ခိုးပါသည့် လှုံ့ဆော်ပေးရာအကြောင်းရင်းတစ်ရပ်ဖြစ်သလော။

  • ကျွန်ုပ်၏လုပ်ရပ်များနှင့် သဘောထားများကို ဘုရားသခင့်သားတော်ချမှတ်ခဲ့သည့် ပုံသက်သေနှင့် မည်သို့ပို၍ပြည့်ပြည့်ဝဝ ညီညွတ်စေနိုင်မည်နည်း။

လူတို့ကိုကြားသိစေပါ . . .

  • ယခု ထိုဘုရားသခင့်နိုင်ငံတော်သည် ကောင်းကင်မှနေ၍ အုပ်ချုပ်လျက်ရှိပြီး များမကြာမီ လူ့အုပ်ချုပ်မှုအားလုံးနေရာတွင် အစားဝင်လိမ့်မည်ဖြစ်ကြောင်း။

  • ထိုဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကြီးကို ဘုရားသခင်နှင့် မိမိတို့၏လူသားချင်းကို ချစ်မြတ်နိုးသည့်လူတို့ဖြင့် ပြည့်နှက်နေသည့် ပရဒိသုအဖြစ် ပြောင်းလဲပေးလိမ့်မည် ဖြစ်ကြောင်း။

  • ထိုဘုရားသခင့်နိုင်ငံတော်တစ်ခုတည်းကသာ လူသားအားလုံး၏ အကျိုးပြုသောဆန္ဒများကို အပြည့်အဝ ဖြည့်ဆည်းပေးမည် ဖြစ်ကြောင်း။

  • ယခုပင် ဘုရားသခင့်နိုင်ငံတော်ကို ကျွန်ုပ်တို့လက်အောက်ခံလိုမခံလို ကျွန်ုပ်တို့လုပ်ဆောင်ရာဖြင့် တင်ပြကြကြောင်း။

သင့်ကိုယ်သင် ဤသို့မေးစမ်းကြည့်ပါ–

  • ကျွန်ုပ်၏ဘဝလမ်းစဉ်က နိုင်ငံတော်ကို ရှေးဦးစွာရှာကြောင်း ဖော်ပြပါသလော။

  • ယင်းကို ပို၍အပြည့်အဝလုပ်ဆောင်ရန် ကျွန်ုပ်ပြုလုပ်နိုင်သည့် ပြုပြင်စရာများရှိသလော။

  • အခြားသူများအား နိုင်ငံတော်ကို ရှေးဦးစွာရှာလိုသည့်ဆန္ဒပေါ်ပေါက်လာစေရန် အဘယ်အရာကို ကျွန်ုပ်ပြုလုပ်နိုင်မည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ