ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yp အခန်း ၅ စာ. ၄၂-၄၉
  • မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ
  • လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာကအဖြေရှာပေး
  • ‘ခင်ဗျားဟာ ကျုပ်အမေရင်း/အဖေရင်းမဟုတ်ဘူး’
  • ဝေမျှတတ်ပါ၊ အလျှော့ပေးတတ်ပါ
  • မမျှမတဆက်ဆံခံရခြင်းပြဿနာကို ရင်ဆိုင်ခြင်း
  • သည်းခံခြင်းတရားအကျိုးပွား
  • အောင်မြင်သော မိခြားဖခြားအိမ်ထောင်များမှ လူငယ်များ
  • မိထွေးပထွေး မိသားစုနဲ့ ငါဘယ်လို စခန်းသွားရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • မိထွေးပထွေးမိသားစုများအောင်မြင်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • မိထွေးပထွေးမိသားစုများ၏ထူးခြားသောအခက်အခဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အိမ်ထောင်စုအေးချမ်းငြိမ်သက်မှုကို ထိန်းသိမ်းပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး . . .တာသွားသည့်အဖြေ
yp အခန်း ၅ စာ. ၄၂-၄၉

အခန်း ၅

မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ

“ဖေဖေ ရီတာနဲ့လက်ထပ်တဲ့နေ့ဟာ ကျွန်မဘဝမှာအဆိုးဆုံးနေ့ဖြစ်ခဲ့တယ်။”ရှိမ်းဤသို့ဇာတ်ကြောင်းပြန်သည်။ “ကျွန်မဒေါပွခဲ့တယ်။ မေမေ့ပေါ်သစ္စာဖောက်ရကောင်းလားဆိုပြီး ဖေဖေ့ကိုဒေါပွခဲ့တယ်။ မေမေကျွန်မတို့ကိုပစ်ပြီး ဥပဒေသင်တန်းသွားဆင်းရကောင်းလားဆိုပြီးမေမေ့ကိုဒေါပွခဲ့တယ်။ ရီတာရဲ့ကလေးနှစ်ကောင်ကိုလည်းဒေါပွတယ်။ ကျွန်မအိမ်ထဲလာပြီးနေကြတော့မှာကိုး။...ကျွန်မဒေါအပွဆုံးသူဟာ ရီတာပဲ။...သူ့ကိုကျွန်မမုန်းခဲ့တယ်။ ပြီးတော့လူကိုမမုန်းသင့်ဘူးဆိုတာကျွန်မသိတော့၊ ကျွန်မကိုကျွန်မလည်းဒေါပွခဲ့တယ်။”—လင်းဒါခရေဗင်ရေးသားသော—နောက်အိမ်ထောင်—ညီညွတ်သောပုံစံသစ်များ။

မိဘတစ်ဦး နောက်အိမ်ထောင်ပြုလိုက်သောအခါ သင့်မိဘနှစ်ပါးပြန်ပေါင်းဖို့မျှော်လင့်ချက် ပျက်သုဉ်းရလေသည်။ သင့်ရင်ထဲ၌မလုံခြုံမှု၊ သစ္စာအဖောက်ခံရခြင်းနှင့်သဝန်ကြောင်ခြင်းဖြစ်ပေါ်ခံစားစေနိုင်သည်။

ချစ်သောမိဘတစ်ဦးသေဆုံး၍မျှမကြာသေး၊ ကျန်ရစ်သောမိဘက နောက်အိမ်ထောင်ပြုလျှင် နာကြည်းမှုအထူးခံစားရသည်။ ဆယ့်ခြောက်နှစ်အရွယ်မစ်စီက အောက်ပါအတိုင်းဝန်ခံသည်၊ “မေမေဆုံးသွားတဲ့အတွက် ဘဝကိုကျွန်မနာကြည်းလာမိတယ်။ ဖေဖေရဲ့ဇနီးလောင်းဟာ မေမေ့နေရာကိုလုတယ်လို့ကျွန်မထင်မိတယ်။ ဒါကြောင့်သူ့ကို ကျွန်မစိမ်းစိမ်းကားကားကြီးဆက်ဆံခဲ့တယ်။” ကိုယ့်မိဘရင်းကိုသစ္စာရှိသဖြင့်၊ မိထွေးပထွေးတစ်ဦးပေါ်မေတ္တာထားလာမိလျှင် အပြစ်ရှိသလိုလိုပင် မလုံမလဲဖြစ်တတ်ကြပေသည်။

ထို့ကြောင့်လည်း၊ လူငယ်များစွာ မိမိတို့၏နာကြည်းမှုကို အဖျက်လမ်းစဉ်ဖြင့် ဖြေသိမ့်ကြသည်မှာအဆန်းမဟုတ်။ အချို့ဆိုလျှင်မိဘ၏နောက်အိမ်ထောင်ကိုဖြိုခွဲဖို့ပင်ကြံစည်ကြသည်။သို့သော်၊သင့်ဖခင် (မိခင်) ရင်းနှင့်သင့်မိထွေး (ပထွေး) တို့သည်ဘုရားသခင့်ရှေ့သစ္စာကျိန်ဆိုခဲ့ပြီဖြစ်ကြောင်းသတိရပါ။“[ထို့ကြောင့်]ဘုရားသခင်ဖက်စပ်၍ထမ်းပိုးတင်တော်မူသောအရာကိုလူ[သို့မဟုတ်ကလေး]မခွဲမခွာစေနှင့်။” (မဿဲ၁၉:၆) သူတို့ကိုကွဲအောင်သင်ပြုနိုင်သည်ပဲထား၊ယင်းအကြောင်းကြောင့်သင့်မိရင်းဖရင်းပြန်ပေါင်းမည်မဟုတ်။

တစ်ချိန်လုံးမိထွေး (ပထွေး) နှင့်တိုက်ခိုက်နေလျှင်လည်း အဓိပ္ပာယ်မရှိ။ နယပုံပြင် ၁၁:၂၉ ကဤသို့သတိပေး၏– “မိမိအိမ်ကိုနှောင့်ယှက်သောသူသည် လေကိုအမွေခံရလိမ့်မည်။” ဘာမျှအရာမရောက်ဟု ဆိုလိုသည်။ ဆယ့်ငါးနှစ်အရွယ်ဂယ်ရီသည် မိထွေးကိုမလိုမုန်းတီးလာခဲ့သည်ဖြစ်ရာ၊ နောက်ဆုံးသော် အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားလေသည်။ ရလဒ်ကားအဘယ်နည်း။ မိထွေးကဂယ်ရီ၏ဖခင်အား သူ့ကိုဖြစ်စေ၊ သမီးကိုဖြစ်စေ၊ ရွေးပါတော့ဟုဆိုလာသည်။ အဆုံး၌၊ ဂယ်ရီသည် မိခင်ရင်းနှင့်ပြန်၍ နေထိုင်ရလေသည်—သူ့မိခင်ရင်းလည်း နောက်အိမ်ထောင်ပြုပြီးဖြစ်သည်။

မေတ္တာကအဖြေရှာပေး

မိဘနောက်အိမ်ထောင်ပြုသည့်ပြဿနာကို အောင်မြင်စွာရင်ဆိုင်စေနိုင်သော လျှို့ဝှက်ချက်ကားအဘယ်နည်း။ ၁ ကောရိန္သု ၁၃:၄-၈ ဖော်ပြပါကျင့်စဉ်ဆိုင်ရာမေတ္တာကို ကျင့်သုံးခြင်းပင်ဖြစ်သည်–

မေတ္တာသည် “ကိုယ်အကျိုးကိုမရှာတတ်။” ဆိုလိုသည်မှာ ‘ကိုယ့်ကောင်းစားရေးကိုမရှာ၊ သူ့ကောင်း စားရေးကိုရှာ’ ခြင်းဖြစ်သည်။ (၁ ကောရိန္သု၁၀:၂၄) မိဘတစ်ဦးကနောက်အိမ်ထောင်ဖက်လိုအပ်သည်ဟု ဆုံးဖြတ်လျှင် သင်စိတ်ဆိုးရမည်လော။

“မေတ္တာသည်သဝန်မတို။” (ကဘ) အများအားဖြင့်လူငယ်တို့သည် မိမိ၏မိဘမေတ္တာကို အခြားအဘယ်သူနှင့်မျှမမျှဝေချင်။ သို့သော် သင့်မိဘ၏မေတ္တာ ကုန်ခန်းသွားမည်ကို စိုးရိမ်ရန်မလိုပါ။ မေတ္တာသည် တိုးပွားများပြားလာနိုင်သည်။ (၂ ကောရိန္သု ၆:၁၁-၁၃ နှိုင်းယှဉ်။) သင့်မွေးမိခင်ဖခင်သည် သင့်အပေါ်မြတ်နိုးမှု တရွဲသားမျှမပြယ်ဘဲနှင့် မိမိ၏အသစ်သောကြင်ယာပေါ် မေတ္တာလွှမ်းခြုံနိုင်ပေသည်။ သင်သည်နှလုံးသားတံခါးကိုဖွင့်ပြီးမိထွေး (ပထွေး) ကိုလက်ဆင့်ကမ်းကြိုဆိုမည်လော။ ယင်းသို့ပြုသည့်အတွက်၊ ကွယ်လွန်ခဲ့သောမိဘပေါ် သစ္စာမဲ့ရာမရောက်ပါ။

မေတ္တာသည် “မလျောက်ပတ်စွာမကျင့်တတ်။”လိင်မတူသည့်ညီအစ်ကိုမောင်နှမသစ်နှင့်အတူနေထိုင်သောအခါသီလဆိုင်ရာဖိစီးမှုကိုခံရဖွယ်အကြောင်းရှိသည်။သတင်းအရ၊မိခြားဖခြားအိမ်ထောင်၂၅ရာခိုင်နှုန်းအတွင်းတရားမဝင်လိင်ဆက်ဆံမှုဖြစ်ပွားကြောင်းသိရှိရသည်။

ဒေးဗစ်၏မိခင် နောက်အိမ်ထောင်ပြုသဖြင့် ဒေးဗစ်၌မိခြားဖခြားညီအစ်မ လေးယောက်ရှိလာပြီဖြစ်၍ သူဤသို့ဆို၏၊ “လိင်နဲ့ပတ်သက်တဲ့ခံစားချက်ကို စိတ်ထဲမှာပိတ်ကာတားဆီးဖို့ လိုလာပါတယ်။” မလိုအပ်သောရင်းနှီးမှုမျိုးကိုလည်း သတိနှင့်ရှောင်ရှားရန်လိုသည်။ မိမိဝတ်ပုံစားပုံကြောင့်ဖြစ်စေ၊ အပြုအမူ ကြောင့်ဖြစ်စေ အခြားသူ၏ရာဂစိတ်ကိုမဆွမိရန်လည်းဆင်ခြင်ရမည်။—ကောလောသဲ ၃:၅။

မေတ္တာသည် “ဘာမဆိုခံရပ်နိုင်သည်။...အရာရာမှာသည်းခံနိုင်သောအစွမ်းကိုပေးသည်။ ”(ချားလ်စ်ဘီဝီလျံ၏ဘာသာပြန်) တစ်ခါတစ်ရံ၊ ဘယ်လိုမှနာကြည်းစိတ်ကို မဖြေဖျောက်နိုင်ဘဲရှိသည်ကိုတွေ့ရ၏! မာလာဝန်ခံသည်–“ကျွန်မဟာအိမ်မှာအံမဝင်ဂွင်မကျဘူးလို့ခံစားရတယ်။ ဒီလောကထဲမမွေးလာရင်တောင်ကောင်းမယ်ဆိုပြီး မေမေ့ကိုပြောခဲ့မိတယ်။” မာလာသည်ပုန်ကန်၍ အိမ်မှထွက်ပြေးခဲ့သည်။ သို့သော်ယခုသူက “အကောင်းဆုံးကတော့ သည်းခံခြင်းပါပဲ” ဟူ၍ဆိုသည်။ သင်လည်းထို့နည်းတူ သည်းခံပါက၊ အချိန်တန်သော်၊ တစ်ချိန်ကခံစားခဲ့သည့် ဝမ်းနည်းကြေကွဲမှု၊ စိတ်ထွေမှုနှင့်နာကြည်းမှုတို့သည် ပျောက်ပြယ်သွားပါလိမ့်မည်။

‘ခင်ဗျားဟာ ကျုပ်အမေရင်း/အဖေရင်းမဟုတ်ဘူး’

မိထွေးပထွေး၏ဆုံးမမှုကိုခံရသည်မှာလွယ်သည့်ကိစ္စမဟုတ်။မိထွေးပထွေးကမိမိအားတစ်ခုခိုင်းလာသောအခါ၊‘အသာနေစမ်းပါ။ခင်ဗျားကြီးဟာကျုပ်အမေရင်း/အဖေရင်းမှမဟုတ်တာ’ဆိုပြီးဟောက်လိုက်ချင်သည်။သို့သော်၁ ကောရိန္သု၁၄:၂၀ပါမူကိုသတိရပါ။“အတွေးအခေါ်ဘက်၌ကြီးပြင်းလာပါ။”—ဝီလျံဘက်ပြန်ဆိုသောယနေ့ဘာသာဖြင့်ပြန်ဆိုသောသမ္မာကျမ်းစာ။

မိထွေးပထွေး၏ဆုံးမခြင်းအခွင့်အာဏာကိုလက်ခံခြင်းကသင်သည်‘အတွေးအခေါ်ဘက်ကြီးပြင်း’ပြီဖြစ်ကြောင်းသက်သေထူသည့်နည်းတစ်ရပ်ပင်ဖြစ်သည်။ သူသည်မိရင်းဖရင်းတစ်ဦး၏တာဝန်ကိုထမ်းရွက်နေသည်ဖြစ်၍ လေးစားထိုက်ပေသည်။ (သု. ၁:၈။ ဧဖက် ၆:၁-၄) ကျမ်းစာခေတ်က ဧသတာသည် မိဘသေဆုံးသည့် နောက်၌မွေးစားဖခင်၊ သို့မဟုတ်၊ “အထိန်း” (ကဘ) ဖြစ်သူမော်ဒကဲ၏စောင့်ရှောက်မှုအောက် ကြီးပြင်းလာခဲ့သည်။ မော်ဒကဲသည် ဖခင်ရင်းမဟုတ်သော်လည်း၊ဧသတာအား‘အမိန့်ပေး’ နိုင်သည်။ ဧသတာသည်လူလားမြောက်ခဲ့သော်လည်းမော်ဒကဲ၏အမိန့်ကိုနာခံပေသည်။ (ဧသတာ ၂:၇၊ ၁၅၊ ၁၇၊ ၂၀) အမှန်အားဖြင့်၊မိထွေးပထွေး၏ဆုံးမမှုသည်အများအားဖြင့်သင့်အပေါ်ထားရှိသောမေတ္တာစေတနာ၏သရုပ်သကန်ဖြစ်ပေသည်။—သု. ၁၃:၂၄။

သို့တိုင်၊ မကျေမချမ်းသည့်ကိစ္စပေါ်ပေါက်လာမည်မှာမလွဲပါ။သို့ဖြစ်လျှင်၊ကောလောသဲ၃:၁၃တိုက်တွန်းသည့်အတိုင်းပြုလုပ်ခြင်းဖြင့်သင့်ကိုသင်‘လူကြီး’ပီသကြောင်းသက်သေထူပါ။“တစ်ယောက်၌တစ်ယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊အချင်းချင်းသည်းခံ၍အပြစ်ကိုလွှတ်ကြလော့။”

ဝေမျှတတ်ပါ၊ အလျှော့ပေးတတ်ပါ

၁၅ နှစ်အရွယ်ဂျယ်မီသည် မိခင်နှင့်နှစ်ဦးတည်းနေထိုင်စဉ်၊ ကိုယ့်အခန်းနှင့်ကိုယ်ဖြစ်ပြီး အဖိုးတန်အဝတ်အစားလှလှလည်းရှိခဲ့သည်။ သို့သော် မိခင်နောက်အိမ်ထောင်ပြုလိုက်သဖြင့် ကလေးလေးယောက်အိမ်ထောင် ဖြစ်လာသောအခါ အခြေအနေမတူတော့ချေ။ “ခုများဆိုကျွန်မဟာ ဘုံပျောက်ခဲ့ရပြီ။ ဘာမဆိုသူများနဲ့ဝေမျှရတယ်” ဟုညည်းသည်။

အကြီးဆုံး သို့မဟုတ် တစ်ဦးတည်းသောကလေးဆိုသည့်ရာထူးကိုပါ စွန့်ချင်စွန့်ရမည်။ သင်သည်သားဖြစ်လျှင်၊ အချိန်ကြာမြင့်စွာအိမ်၏ယောက်ျားဘသားဖြစ်ခဲ့ပေမည်—ယခုမူသင့်ပထွေးကို နေရာဖယ်ပေးရတော့မည်။ သင်သည်သမီးဖြစ်လျှင်၊ သင်နှင့်သင့်မိခင်သည် ညီအစ်မကဲ့သို့ဖြစ်ချင်ဖြစ်ခဲ့မည်၊ တစ်ခန်းတည်းပင် အတူအိပ်ခဲ့ပေမည်။ ယခုမူ၊ ပထွေးကြောင့် အခန်းထဲမှနေရာဖယ်၍ထွက်ခဲ့ရချေပြီ။

သမ္မာကျမ်းစာက “လူအပေါင်းတို့ရှေ့၌ သင်တို့၏ [အကျိုးအကြောင်းနှင့် ညီညွတ်သောစိတ်သဘော၊ ကဘ] ကိုထင်ရှားစေကြလော့” ဟုအကြံပြု၏။ (ဖိလိပ္ပိ ၄:၅) မူရင်းစကားလုံး၏အနက်မှာ “လိုက်လျောခြင်း” ကိုဆိုလို ပြီး၊ မိမိရပိုင်ခွင့်ရှိသမျှကို မရမနေတောင်းဆိုခြင်းမပြုသောသူ၏ စိတ်ဓာတ်မျိုးကိုတင်ပြနေသည်။ ထို့ကြောင့်၊ လိုက်လျောတတ်ပါ။ အလျှော့ပေးပါ။ သင့်အခြေသစ်အနေသစ်ကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးပါ။ ဇာတ် ဟောင်းကိုပြန်မကပါနှင့်။ (ဒေသနာ ၇:၁၀) မိခြားဖခြားညီအစ်ကိုမောင်နှမတို့နှင့် အေးအတူ၊ ပူအမျှ၊ ဝေမျှနေထိုင်တတ်ပါ။ အပြင်လူအဖြစ်မမှတ်ပါနှင့်။ (၁ တိမောသေ ၆:၁၈) တစ်ယောက်ကို တစ်ယောက်ညီရင်းအစ်ကိုမောင်ရင်းနှမကဲ့သို့အမြန်ဆုံးယူမှတ်နိုင်လေလေ တစ်ဦးပေါ်တစ်ဦးခံစားချက်သဘောထားလည်း တိုးတက်ကောင်းမွန်လာမည်။ အသစ်သောအိမ်ဦးစီးနှင့်ပတ်သက်၍ဆိုရလျှင်၊ သူ့ကိုမငြိုငြင်ပါနှင့်။ အိမ်ထောင်ဝတ္တရားများကို သူလည်းဝိုင်း၍သယ်ပိုးပေးနေသည့်အတွက်ဝမ်းသာပါလေ။

မမျှမတဆက်ဆံခံရခြင်းပြဿနာကို ရင်ဆိုင်ခြင်း

မိန်းကလေးတစ်ဦးက၊ မိမိပထွေးမိမိတို့အပေါ်မှာလည်း မေတ္တာထားပါသည်ဟု ဝန်ခံပြီးနောက်၊ ဆက်၍ဆိုပါသည်– “ဒါပေမဲ့ခြားနားချက်ကတော့ရှိတာပေါ့။ သူ့သားရင်းသမီးရင်းလည်း ကျွန်မတို့နဲ့တရွယ်ထဲဖြစ်ပေမဲ့၊ ကျွန်မတို့အပေါ်မှာဆိုရင် တောင်းဆိုချက်ပိုများတယ်။ ပိုပြီးဒဏ်ခတ်ဆုံးမတယ်။ နားလည်မှု ပိုပြီးလျော့နည်းတယ်။ အဲဒါဟာ ကျွန်မတို့အခဲမကျေနိုင်တဲ့ အပိုင်းပဲပေါ့။”

အများအားဖြင့်၊ မိထွေးပထွေးတစ်ဦး၊ မယားပါ (လင်ပါ) သားသမီးတစ်ဦးပေါ်ခံစားပုံသည် မိမိ၏သွေးရင်းသားရင်းသားသမီးပေါ်ခံစားပုံနှင့် မတူကြောင်းသိမှတ်ပါလေ။ သွေးသားဆက်နွယ်မှုကအဓိက အကြောင်းရင်းမဟုတ်။ သူတို့ချင်းအတူနေထိုင်ခဲ့သည့် အတွေ့အကြုံကြောင့် ဖြစ်သည်။ ကုန်ကုန်ပြော ရလျှင်၊ သွေးရင်းသားရင်းမိဘသော်မှ သားသမီးတစ်ယောက်ယောက်ကို အခြားကလေးများထက်ပို၍ ချစ်တတ်သည်မဟုတ်ပေလော။ (ကမ္ဘာဦး ၃၇:၃) သို့ရာတွင်၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းစပ်ကြား အရေးကြီးသောခြားနားမှုတစ်ရပ်ရှိသည်။ လူချင်းမှန်သော်လည်း ပင်ကိုယ်စရိုက်ချင်း၊ လိုအပ်ချက်ခြင်း ခြားနားကြသည်။ ထို့ကြောင့်၊ ငါ့မိထွေးပထွေးငါ့ကိုတခြားကလေးတွေနဲ့ တန်းတူညီမျှဆက်ဆံသလားဆိုပြီး အပူလွန်နေမည့်အစား သင်၏လိုအပ်ရာများကို သူအားထုတ်၍ဖြည့်စွက်ပေးနေသလား ဆိုသည်ကိုသာသုံးသပ်ကြည့်ပါ။ ဖြည့်စွက်မပေးဟု ထင်ရလျှင်၊ သူနှင့်သင်ဆွေးနွေးဖို့အကြောင်း ရှိလာသည်။

သင့်မိခြားဖခြားညီအစ်ကိုမောင်နှမများနှင့်လည်း အငြင်းပွားဖို့အကြောင်းရှိသည်။ သူတို့လည်း မိခြားဖခြားအိမ်ထောင်အခြေအနေမျိုးနှင့် အံဝင်ဂွင်ကျဖို့ မနည်းကြိုးစားနေရကောင်းနေရမည်ဆိုသည်ကို ဘယ်တော့မျှမမေ့ပါနှင့်။ တို့အိမ်ထဲကျူးကျော်ပြီးဝင်လာရကောင်းလားဆိုပြီး သင့်အပေါ်ဒေါပွလျှင်ပင် ဒေါပွနေကြမည်။ ထို့ကြောင့်အတတ်နိုင်ဆုံး၊ အကြင်နာတရားထားပါ။ သူတို့ကသင့်ကိုတစ်ပြားမတန်ဆက်ဆံလျှင်၊ ‘အဆိုးကိုအကောင်းဖြင့်အောင်ပါ။’ (ရောမ ၁၂:၂၁) မောင်နှမရင်းချာများသော်မှ တစ်ခါတစ်ရံအတိုက်အခံဖြစ်တတ်ကြသည်မှာ အဆန်းမဟုတ်ပါလေ။—အခန်း ၆ ရှု။

သည်းခံခြင်းတရားအကျိုးပွား

“အမှု၏အဆုံးသည် အစထက်သာ၍ကောင်း၏။ သည်းခံတတ်သောသဘောရှိသောသူသည် မာနကြီးသောသူထက်သာ၍ကောင်း၏။” (ဒေသနာ ၇:၈) သာမန်အားဖြင့်၊ နောက်အိမ်ထောင်သားချင်း သက်သောင့်သက်သာ ဆက်ဆံပေါင်းသင်းလာသည်အထိ အချင်းချင်းယုံကြည်လာဖို့ဆိုလျှင် နှစ်များစွာအချိန်ယူရသည်။ “ထိုမျှကြာညောင်းမှသာ၊ ခြားနားသောအကျင့်စရိုက်များနှင့်တန်ဖိုးစံနှုန်းများရောပြွမ်းသွားကာလက်တွေ့ကျသောဘဝလမ်းစဉ်ဖြစ်လာနိုင်သည်။ ထို့ကြောင့်၊ စိတ်ရှည်ပါ။“လက်ငင်းမေတ္တာ” “လက်ငင်းအိမ်ထောင်ရေးဘဝ” ချက်ချင်းရဖို့မမျှော်လင့်ပါနှင့်။

သောမတ်စ်၏မိခင် နောက်အိမ်ထောင်ပြုသောအခါ၊ သောမတ်စ်တစ်ယောက် ယုတ်စွအဆုံး၊ မနေတတ်မထိုင်တတ် ဖြစ်ခဲ့ရှာသည်။ သောမတ်စ်မိခင်၌ကလေးလေးယောက်၊ သူနှင့်အိမ်ထောင်ပြုသောအမျိုးသားသည်ကလေးသုံးယောက်ရှိသည်။“ကျွန်တော်တို့ရန်ဖြစ်ကြ၊ စကားများကြနဲ့ဖရိုဖရဲဖြစ်ခဲ့ကြတယ်။ စိတ်အဆင်းရဲကြီးဆင်းရဲခဲ့ကြတယ်”ဟူ၍သောမတ်စ်ကရေးသားခဲ့သည်။နောက်ဆုံးဘယ်လိုအောင်မြင်ခဲ့ကြသနည်း။“ကျမ်းစာမူများကို ကျင့်သုံးတဲ့အခါကစ ပြဿနာပြေလည်လာတယ်။ အမြဲတမ်းချက်ချင်းလက်ငင်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ ဘုရားသခင်ရဲ့ဝိညာဉ်တော်အသီးတွေကို အသုံးပြုလာသည်နှင့် အခြေအနေအရပ်ရပ်လည်း ပြေပြစ်ချောမောလာပါတယ်။”—ဂလာတိ ၅:၂၂၊ ၂၃။

ကျွန်ုပ်တို့မေးမြန်းသည့် အောက်ပါလူငယ်များ၏တွေ့ကြုံမှုများက၊ သမ္မာကျမ်းစာမူများကို မှီဝဲဆည်းကပ်ခြင်းသည် မိခြားဖခြားအိမ်ထောင်ကို အောင်မြင်စေနိုင်ကြောင်း သာဓကပြပေသည်။

အောင်မြင်သော မိခြားဖခြားအိမ်ထောင်များမှ လူငယ်များ

မေးမြန်းသူ– ခင်ဗျားပထွေးရဲ့အဆုံးအမကို ခင်ဗျားခံရတဲ့အခါမှာ စိတ်ဆိုးမာန်ဆိုးဖြစ်တာမျိုးမရှိအောင် ဘယ်လိုရှောင်ကြဉ်သလဲ။

လင်း– ကျွန်တော့်မေမေနဲ့ပထွေးကျွန်တော့်ကိုဆုံးမတဲ့အခါတက်ညီလက်ညီရှိကြတယ်။တစ်ခုခုဖြစ်တဲ့အခါ၊နှစ်ဦးစလုံးတစ်သဘောထဲဆုံးဖြတ်ပြီးလုပ်ကြပါတယ်။ဒါကြောင့်ကျွန်တော်အရိုက်ခံရတဲ့အခါမှာ၊သူတို့နှစ်ယောက်စလုံးရဲ့အဆုံးအမဆိုတာသိရပါတယ်။

လင်းဒါ– အစောပိုင်းမှာ၊ တကယ်ခံရခက်တယ်။ “ရှင့်မှာဘာအာဏာရှိလို့ ကျွန်မကိုဒီလိုလာပြောတာလဲ” ဆိုတဲ့သဘော ကျွန်မမှာရှိတယ်လေ။ ဒါပေမဲ့ နောက်တော့ကျွန်မက ‘မိဘကိုရိုသေပါ’ ဆိုတဲ့ကျမ်းစာဆုံးမစကားကို ပြန်တွေးမိတယ်။ သူဟာကျွန်မအဖေရင်းမဟုတ်သည်တိုင်အောင်၊ ဘုရားသခင့်ရှေ့မှာသူဟာ ကျွန်မဖေဖေပါပဲလေ။

ရော်ဘင်– မေမေချစ်တဲ့လူတစ်ယောက်ကို ကျွန်တော်ကစိတ်ဆိုးရင် မေမေစိတ်ထိခိုက်မှာပဲဆိုတာကို ကျွန်တော်သဘောပေါက်မိတယ်။

မေးမြန်းသူ– နှီးနှောပြောဆိုမှုကောင်းအောင် ဘာကအထောက်အကူပြုသလဲ။

လင်း– ကိုယ့်ပထွေးလုပ်တဲ့အလုပ်အပေါ် ကိုယ်ကလဲစိတ်ဝင်စားရမယ်။ ကျွန်တော့်အနေနဲ့၊ ပထွေးကို အလုပ်မှာဝင်ကူတယ်။ အတူအလုပ်လုပ်ရင်းသူနဲ့ ကျွန်တော်စကားဖောင်ဖောင်ပြောတယ်။ ဒီတော့သူ့သဘောကိုမြင်တတ်လာတယ်။ တစ်ခါတလေများဆိုရင်၊ သူနဲ့အတူ၊ ထိုင်ရုံထိုင်ပြီးဘာမှမပြောဘဲနေပါတယ်။

ဗလဲရီ– ကျွန်မနဲ့ကျွန်မမိထွေး အချိန်တော်တော်များများယူပြီး အတူနေကြတယ်။ ဒါကြောင့်သူ့သဘောကို အတွင်းကျကျနားလည်လာတယ်။ ကျွန်မတို့နှစ်ယောက်ဟာ အရင်းနှီးဆုံးမိတ်ဆွေဖြစ်လာကြတယ်။

ရော်ဘင်– ဖေဖေဆုံးတဲ့နောက်တစ်နှစ်မှာပဲ၊ မေမေနောက်အိမ်ထောင်ပြုခဲ့တယ်။ ကျွန်တော်ဟာ ပထွေးအနားကိုမကပ်ဘူး။ ဖေဖေနေရာကို အစားထိုးမှာကိုမလိုလားတဲ့အတွက်ကြောင့်ပေါ့။ ဖေဖေဆုံးခဲ့တဲ့အတွက် ကျွန်တော်ဝမ်းနည်းနေတဲ့ခံစားချက်ပြေပျောက်ပြီး ပထွေးနဲ့နီးကပ်လာနိုင်အောင် မစတော်မူပါဆိုပြီး ဘုရားသခင်ထံကျွန်တော်အဆက်မပြတ် ဆုတောင်းတယ်။ တောင်းပြီးရင်းပြန်တောင်းတယ်။ ယေဟောဝါတကယ်ပဲ ကျွန်တော့်ရဲ့ဆုတောင်းချက်ကိုနားညောင်းခဲ့တယ်။

မေးမြန်းသူ– ပိုမိုရင်းနှီးလာအောင် ဘယ်လိုလုပ်သလဲ။

ဗလဲရီ– တစ်ခါတလေကျွန်မမိထွေးကို ရုပ်ရှင်ကြည့်ဖို့ခေါ်တယ်—ကျွန်မတို့နှစ်ယောက်ထဲ။ ဒါမှမဟုတ်ကျွန်မ အိမ်ပြင်ထွက်တဲ့အခါ၊ သူ့အတွက်ပန်းတွေ၊ သို့မဟုတ်၊ ပန်းအိုးတစ်ခုဝယ်ပေးတယ်။ သူ့ကိုကျွန်မသတိရတယ်ဆိုတဲ့သဘောပေါ့။ သူလည်းဒါကိုတကယ်တန်ဖိုးထားတယ်။

အဲရစ်– သူနဲ့ကိုယ်နှစ်ယောက်စလုံး ကြိုက်တတ်တဲ့ဟာလေးကိုရှာယူရပါတယ်။ ကျွန်တော်နဲ့ကျွန်တော့်ပထွေး အကျိုးတူအကြောင်းတူတစ်ခုထဲရှိတယ်။ ဒါကတော့၊ ပထွေးဟာကျွန်တော့်မေမေနဲ့ လက်ထပ်ထားပြီး ကျွန်တော်တို့တစ်အိမ်ထဲနေတယ်ဆိုတာပါပဲ။ ဘယ်အချိန်ဟာ အထောက်အကူအပြုဆုံးအချိန်လဲဆိုတော့၊ သူစိတ်ပါဝင်စားတဲ့သမ္မာကျမ်းစာပေါ် ကျွန်တော်လဲစိတ်ဝင်စားလာတဲ့အချိန်လို့ဆိုရမှာပဲ။ ကျွန်တော်ဟာ ယေဟောဝါနဲ့ရင်းနှီးလာတာနဲ့အမျှ၊ ပထွေးနဲ့လဲပိုလို့ ရင်းနှီးလာတယ်။ ခုဆိုရင်၊ ကျွန်တော်တို့နှစ်ယောက်မှာ တကယ့်ကိုအကျိုးတူ၊ အကြောင်းတူရှိလာပါတယ်။

မေးမြန်းသူ– ခင်ဗျားကိုယ်တိုင် ဘာအကျိုးခံစားရသလဲ။

ရော်ဘင်– မေမေနဲ့ပဲနေတဲ့အခါ၊ ကျွန်တော်ပုန်ကန်တတ်တယ်။ အလိုလိုက်ထားတော့မိုက်ခဲ့တယ်ပေါ့။ ဘာမဆိုကျွန်တော့်အလိုပဲဖြစ်ရမယ်။ ခုဆိုရင်၊ တခြားလူတွေကိုထောက်စာလာတတ်ပါပြီ။ ပြီးတော့အရင်လောက်လဲအတ္တမဆန်တော့ဘူး။

လင်း– ကျွန်တော့်ပထွေးကျွန်တော့်ကို လူကြီးပီပီတွေးခေါ်တတ်အောင်သင်ခဲ့ပါတယ်။လက်မှုပညာတတ်မြောက်အောင်၊လက်နှစ်ဘက်ကိုအသုံးချတတ်အောင်သင်ပေးခဲ့ပါတယ်။အခက်အခဲကြုံလို့တစ်ယောက်ယောက်ရဲ့အကူအညီကိုလိုအပ်တဲ့အခါ၊သူအမြဲကျွန်တော့်အနားမှာရှိတယ်။တကယ်ပါပဲ။သူဟာအကောင်းဆုံးဖခင်ဖြစ်ပါတယ်။

ဆွေးနွေးရန်မေးခွန်းများ

◻လူငယ်အများသည် မိမိတို့မိဘများနောက်အိမ်ထောင်ပြုကြသောအခါ မည်သို့ခံစားကြရသနည်း။ အဘယ်ကြောင့်နည်း။

◻ခရစ်ယာန်မေတ္တာဖြင့်ပြုမူခြင်းသည် လူငယ်တစ်ဦးအား ပြဿနာရင်ဆိုင်နိုင်ရန် မည်သို့ထောက်ကူသနည်း။

◻သင်သည် မိထွေးပထွေး၏ဆုံးမခြင်းကို နာခံရမည်လော။

◻လိုက်လျော၊ ဝေမျှတတ်ခြင်းသည် အဘယ်ကြောင့်အရေးကြီးသနည်း။

◻မိခြားဖခြားညီအစ်ကိုမောင်နှမတို့နှင့် တန်းတူညီတူဆက်ဆံခံရဖို့ မျှော်လင့်သင့်သလော။ မျက်နှာလိုက်ကာ ဆက်ဆံခံရသည်ဟုထင်လျှင် သင်မည်သို့ပြုမည်နည်း။

◻မိထွေးပထွေးနှင့်သင့်မြတ်အောင် အဘယ်အရာများပြုလုပ်နိုင်သနည်း။

[စာမျက်နှာ ၄၅ ပါအကျဉ်းဖော်ပြချက်]

“ဖေဖေရဲ့ဇနီးလောင်းဟာမေမေ့နေရာကိုလုတယ်လို့ကျွန်မထင်မိတယ်။ ဒါကြောင့်သူ့ကို ကျွန်မစိမ်းစိမ်းကားကား ကြီးဆက်ဆံခဲ့တယ်”

[စာမျက်နှာ ၄၃ ပါရုပ်ပုံ]

မိဘတစ်ဦးနောက်အိမ်ထောင်ပြုသောအခါ ဒေါသ၊ မလုံခြုံမှုနှင့် သဝန်တိုမှုတို့ကိုဖြစ်ပွားစေတတ်သည်

[စာမျက်နှာ ၄၆ ပါရုပ်ပုံ]

မိထွေးပထွေး၏ ဆုံးမမှုကို ကြိုက်ကြလေ့မရှိ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ