မိထွေးပထွေးမိသားစုများ၏ထူးခြားသောအခက်အခဲများ
သာယာသောမိထွေးပထွေးမိသားစုများဖြစ်နိုင်! မည်သို့နည်း
ကမ္ဘာ့ဒေသအသီးသီးတွင် မိထွေးပထွေးမိသားစုသည် တွေ့လေ့တွေ့ထဖြစ်သည့် အိမ်ထောင်စုမျိုးဖြစ်လာပေပြီ။ သို့တိုင် မိထွေးပထွေးမိသားစုများတွင်ထူးခြားသောအခက်အခဲများရှိကြသည်။ အခက်ခဲဆုံးကား သားသမီးပြုစုပျိုးထောင်ခြင်းဖြစ်သည်မှာ ယုံမှားသံသယမရှိချေ။ သို့ရာတွင် နောက်ဆောင်းပါးနှစ်ခုက ဖော်ပြသည့်အတိုင်းမိထွေးပထွေးမိသားစုဝန်းကျင်တွင် သားသမီးများကိုအောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ကြောင်း တွေ့ ရှိရမည်။
အစဉ်အလာအားဖြင့် မိထွေးပထွေးတို့ကို အဆိုးဘက်မှရှုမြင်ခဲ့ကြပြီ။ ကျွန်ုပ်တို့ငယ်စဉ်က ရက်စက်သောမိထွေးလက်တွင် အကြီးအကျယ်ဒုက္ခခံခဲ့ရသော စင်ဒရဲလားကလေးပုံပြင်ကို လူများစွာ ကြားခဲ့ဖူးကြပြီ။ ဥရောပမှကလေးများလည်း စနှိုးဝှိုက်နှင့် လူပုလေးခုနစ်ယောက်ကလေးပုံပြင်ကို သင်ကြရသည်။ စနှိုးဝှိုက်၏မိထွေးမှာ ယုတ်မာသောစုန်းမတစ်ဦးဖြစ်နေချေသည်!
ဤကဲ့သို့သောကလေးပုံပြင်များသည် မိထွေးပထွေးမိသားစုများအကြောင်း တိတိကျကျဖော်ပြသလော။ မိထွေးပထွေးအားလုံး ဤမျှဆိုးသွမ်းသလော။ မဆိုးပါ။ အများစုမှာ အိမ်ထောင်ပြုခြင်းကြောင့် ပိုင်ဆိုင်လာသော ကလေးများ၏အကောင်းဆုံးအကျိုးကိုသာ လိုလားကြပါသည်။ သို့ရာတွင် မိထွေးပထွေးမိသားစုဘဝတွင် ဖြစ်တတ်သော အခက်အခဲအချို့ကို သူတို့ရင်ဆိုင်ကြရမည်။
ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာအခက်အခဲများ
ပထမအိမ်ထောင်ပျက်ရခြင်းမှာ အိမ်ထောင်ဖက်တို့မရင့်ကျက်သောကြောင့် ဖြစ်လေ့ရှိသည်။ ဒုတိယအိမ်ထောင်၌မူ ကလေးများကိုကိုင်တွယ်ပုံကြောင့် ဆက်ဆံရေးတင်းမာနိုင်ပေသည်။ ပေါင်းစပ်ထားသည့်မိသားစု ၁၀ ခုအနက် ၄ ခုမကမှာ ပထမငါးနှစ်အတွင်း ကွာရှင်းမှုဖြင့်အဆုံးသတ်ခဲ့ကြသည်ဟု မှတ်တမ်းအချို့ကဖော်ပြသည်။
ကြင်စဦးတို့အနေဖြင့် လင်ပါမယားပါကလေးတို့၌ဖြစ်ပေါ်နေသော စိတ်ဗယောက်ဗယက်ဖြစ်ခြင်း၊ သစ္စာရှိခြင်းနှင့်ပတ်သက်၍ စိတ်ဒွိဟဖြစ်ရခြင်းနှင့် မိထွေးပထွေးရောက်လာခြင်းကြောင့် မနာလို၊ ခံပြင်းခြင်းတို့ကို သတိမပြုမိဘဲရှိပေမည်။ မိထွေး သို့မဟုတ် ပထွေးသည် မိမိတို့၏မိခင်ရင်း သို့မဟုတ် ဖခင်ရင်း၏မေတ္တာကို အစားထိုးယူလိုက်ပြီဟု သူတို့ထင်မှတ်ကြပေမည်။ ထို့ပြင် အိမ်ထောင်ဖက်တစ်ဦး၏စွန့်ပစ်ခြင်းကိုခံရသော မိဘရင်းအနေဖြင့် မိမိ၏သားသမီးများက ယခင်အိမ်ထောင်ဖက်ကိုဆက်၍တွယ်တာနေခြင်းကို နားလည်ဖို့ခက်ပေမည်။ လူငယ်တစ်ဦးက “အမေ၊ အဖေကအမေ့အပေါ်ရက်စက်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမဲ့ ကျွန်တော့်အပေါ်ကောင်းတယ်!” ဟုဆိုခြင်းဖြင့် ဖခင်ရင်းနှင့်ကောင်းသောဆက်ဆံရေးရှိခြင်းကို ရှင်းပြဖို့ကြိုးစားခဲ့သည်။ ယင်းသည် ရိုးဖြောင့်သောဖော်ပြချက်ဖြစ်သော်လည်း မိခင်ဖြစ်သူအား ကလေးအဖေကို ခါးခါးသီးသီးနာကြည်းစရာဖြစ်စေနိုင်သည်။
ပထွေးဖြစ်သူတစ်ဦးက ဤသို့ဝန်ခံခဲ့သည်– “ကျွန်တော့်ရဲ့မယားပါကလေးတွေကို ထိန်းရတာနဲ့ပတ်သက်တဲ့ အခက်အခဲအားလုံးကိုရင်ဆိုင်ဖို့ ကျွန်တော်အသင့်မရှိတာအမှန်ပဲ။ အခုကျွန်တော်သူတို့အမေနဲ့လက်ထပ်လိုက်ပြီဆိုတော့ ကျွန်တော်ဟာ သူတို့အဖေပဲလို့ယူဆထားတယ်။ အဲဒါရှင်းရှင်းလေးပဲ! သူတို့ရဲ့အဖေအရင်းကို ကလေးတွေတွယ်တာတယ်ဆိုတာ ကျွန်တော်နားမလည်ခဲ့လို့ အမှားအများကြီးလုပ်မိတယ်။”
အထူးသဖြင့် ဆုံးမပဲ့ပြင်မှုပေးသည့်ကိစ္စတွင် တင်းမာမှုများဖြစ်ပေါ်နိုင်သည်။ ကလေးများသည် မေတ္တာပါသောဆုံးမပဲ့ပြင်မှုလိုအပ်ကြသော်လည်း မိဘအရင်းထံမှလာသော ဆုံးမပဲ့ပြင်မှုကိုပင် ပုန်ကန်လေ့ရှိကြသည်။ မိထွေး သို့မဟုတ် ပထွေးကဆုံးမလျှင် ပိုခံရခက်မည်တကား! အများအားဖြင့် ယင်းသို့ဆုံးမပဲ့ပြင်ပေးခံရသည့်အခါ မယားပါကလေးက “ခင်ဗျားဟာကျွန်တော့်အဖေအရင်းမှမဟုတ်တာ” ဟုဆိုပေမည်။ ထိုစကားများသည် စေတနာရှိသောမိထွေး သို့မဟုတ် ပထွေးအတွက် မည်မျှစိတ်ထိခိုက်စရာဖြစ်မည်တကား!
ပေါင်းစပ်ထားသည့် မိသားစုတစ်ခုရှိကလေးများကို အောင်မြင်စွာပြုစုပျိုးထောင်နိုင်ပါမည်လော။ အောင်မြင်သောမိထွေးပထွေးမိသားစုတစ်ခု ဖြစ်လာစေရန် မိထွေးပထွေးတို့သည် အပြုသဘောပါသည့်ကဏ္ဍမှပါဝင်ဆောင်ရွက်ပေးနိုင်ပါမည်လော။ ဘုရားသခင့်မှုတ်သွင်းခံနှုတ်မြွက်စကားတော် သမ္မာကျမ်းစာ၌ပါသော အကြံပေးချက်တို့ကို အားလုံးလိုက်နာကြမည်ဆိုလျှင် ဖြစ်နိုင်ပါသည်ဟု ထိုမေးခွန်းနှစ်ခုစလုံးကိုဖြေဆိုနိုင်၏။
[စာမျက်နှာ ၃ ပါ ရုပ်ပုံ]
“ခင်ဗျားဟာကျွန်တော့်အဖေအရင်းမှမဟုတ်တာ!”